← Chapters

လုံချန်၏ အခက်အခဲများ (၂)

Vol. 14 Ch. 185

လုံချန်၏ အခက်အခဲများ (၂)

Vol. 14 Ch. 185

တရားရေး အဖွဲ့ဝင်များ၏ ဆုံးဖြတ်ချက်ကို မကျေနပ်သည့် ချင်ချူးမူသည် သူမ၏ ဘိုးဘေး ပေးအပ်လိုက်သည့် အဆောင်ကို သုံးကာ လုံချန်အား ဖမ်းချုပ်ထားသည့် ကျိမျိုးနွယ်ဝင်များနှင့် ကျိယင်တို့ကို သွေးအေးစွာ သတ်ဖြတ်ခဲ့သည်။

သူမသည် မူလသူတော်စင် တစ်ဦး၏ အရှိန်အဝါဖြင့် အကျိုးဆက်များကို ရှောင်လွှဲနိုင်လိမ့်မည်ဟု ခန့်မှန်း ထားခဲ့သော်လည်း ကံဆိုးစွာပင် ထိုအရာက လုံလောက်သည်ထက် ပိုနေခဲ့သည်။ တရားရေး အဖွဲ့ဝင်များသည် လူသတ်မှု၊ ဥပဒေ လွန်ဆန်မှုတို့ဖြင့် ချင်ချူးမူကို စွဲချက်တင်ခဲ့သည်။ သူမ ဖမ်းဆီးခံရသည့် အပြင် ကျင့်ကြံခြင်းပါ ချိပ်ပိတ်ခံခဲ့ရသည်။

ထိုအချိန်တွင်ပင် လုံချန်းယုသည် ကျောက်စိမ်းပြားကို ချေမွှကာ ဘိုးဘေးဖြစ်သူကို လှမ်းခေါ်ခဲ့သည်။ မကြာခင်မှာပင် ကောင်းကင်ဗိုလ်ချုပ် ဆင်းသက်လာခဲ့သည်။ သူသည် မြင့်မားသော သြဇာအာဏာနှင့် လွှမ်းမိုးမှု အရှိန်အဝါကို သုံးကာ ခြိမ်းခြောက်လျှက် ပြဿနာများကို အသံတိတ် ဖြေရှင်းရန် ကြိုးပမ်းခဲ့သည်။ သူ့အား အာခံရန် ကြိုးပမ်းသူ အားလုံးမှာ နှုတ်ပိတ်ခံခဲ့ရသည်။

ကောင်းကင်ဗိုလ်ချုပ်၏ ကြိုးပမ်းမှုက အားလုံးနီးပါး အဆင်ပြေ ချောမွေ့ခဲ့သော်လည်း ပြီးဆုံးခါနီးတွင်ပင် လုံချန်အား အငြိုးထားသည့် တရားရေး အဖွဲ့သား တစ်ယောက်က အဆင့်မြင့် အရာရှိ တစ်ဦးကို လျှို့ဝှက်စွာ လှမ်းခေါ်ခဲ့သည်။ ဤသို့ဖြင့် ပြဿနာများမှာ ပိုမို ပေါက်ကွဲထွက်ကုန်တော့၏။

လူသတ်မှု...

အာဏာ အလွဲသုံးစား လုပ်မှု...

ယခု၌ ထိုစွပ်စွဲချက်များမှာ ချင်ချူးမူ တစ်ယောက်တည်းနှင့်သာ သက်ဆိုင်ခြင်း မဟုတ်တော့ချေ။ လုံထျန်းယုနှင့် ဘုမသိ ဘမသိ ပါဝင်လာသော ကောင်းကင်ဗိုလ်ချုပ်တို့ကိုပါ တစ်နွယ်ငင် တစ်စင်ပါ ရစ်ပတ်နေခဲ့ပြီ ဖြစ်တော့သည်။

တရားရေး အဖွဲ့၏ အဆင့်မြင့် ခေါင်းဆောင် တစ်ယောက် ရောက်ရှိလာခြင်းနှင့် အတူ ချင်ချူးမူ၊ လုံထျန်းယုနှင့် သူမ၏ ဘိုးဘေးတို့ အားလုံးမှာ ဖမ်းချုပ်ခံခဲ့ရသည်။ သေဒဏ်များ ချမှတ်ခံခဲ့ရသည်။

ချင်ချူးမူ၏ ဘိုးဘေး မူလအင်ပါယာ သူတော်စင် ပင်လျှင် သေဒဏ်များကို ခေတ္တဆိုင်းငံ့ပေးရန်နှင့် ပြန်လည် စစ်ဆေးပေးရန် မေတ္တာရပ်ခံရုံမှ လွဲ၍ ဘာမျှ မတတ်နိုင်ခဲ့။

ချင်ချူးမူ မွှေးသော မီးက အတော်လေး ကြီးမားလှပြီး သက်သေသက္ကာယများမှာလည်း ငြင်းချက်ထုတ် မရအောင် ခိုင်မာလှသည်။ ဒုတိယ အကြိမ်မြောက် စုံစမ်းစစ်ဆေးမှုကလည်း သူမ သေဒဏ်ထိုက်သည် ဟုသာ အဖြေထွက်ခဲ့သည်။ အထူးသဖြင့် နိမ့်ကျသော ဂုဏ်ထူးဆောင် တပည့် တစ်ယောက် အတွက် သူမ ကျူးလွန်ခဲ့သည့်အရာများက လက်မခံနိုင်အောင် လွန်ကဲလှသည်။

လုံချန်မှာ ထိုအရာအားလုံးကို စောင့်ကြည့်ရုံမှ တစ်ပါး ဘာမှ မတတ်နိုင်ခဲ့။ သူ၏ လက်စွပ်ထဲရှိ ဝိညာဥ်မှာလည်း လက်မှိုင်ချ နေရသည်။ သူ့တွင် ဂိုဏ်းအားတန်ပြန် တိုက်ခိုက်ရန် လုံလောက်သည့် ခွန်အား မရှိသလို အားထားမှီခိုစရာ နောက်ခံလည်း မရှိချေ။

ကံကောင်းစွာပင် လုံထျန်းယုနှင့် သူမ၏ ဘိုးဘေးတို့မှာမူ သေဒဏ်များမှ လွတ်မြောက်သွားခဲ့သည်။ သို့သော်လည်း လုံထျန်းယုသည် ပြစ်မှု ကျူးလွန်စေရန် အားပေးမှုဖြင့် စစ်ငရဲအလွှာတွင် ဆယ်စုနှစ် သုံးခုစာ အကျဥ်းချ ခံရမည် ဖြစ်သည်။ ထို့အတူပင် သူမ၏ ဘိုးဘေးမှာလည်း အာဏာ အလွဲသုံးစား ပြုလုပ်မှု၊ လူသတ် ကျူးလွန်မှုတို့ဖြင့် နှစ်ပေါင်း သုံးရာအထိ ဖမ်းချုပ်ခံရပေလိမ့်မည် ဖြစ်သည်။

...

"ကမ္မတန်ဖိုး ကုန်ဆုံးသွားတဲ့ အခါမှာ လူတွေက ဒီလို ကံကြမ္မာမျိုးတွေ ကြုံရတတ်လား...”

ဝေ့ဝူယင် ခပ်လေးလေး သက်ပြင်းချလိုက်မိ၏။ သူသည် ချင်ချူးမူနှင့် ကောင်းမွန်သည့် ဆက်ဆံရေး တစ်ခု တည်ဆောက်ထားနိုင်ခဲ့သည့်တိုင် လုံချန်က ကန့်လန့်ခံနေရာ လုံလောက်သည့် အမှတ်တစ်ခုကိုတော့ ဘယ်တုန်းကမှ မရောက်ရှိခဲ့ပါချေ။ အရှင်းလင်းဆုံး ပြောရလျှင် ချင်ချူးမူ သေဒဏ်ပေးခံရသည့် ကိစ္စအား ဝင်ရောက်စွက်ဖက်စရာ အကြောင်း သူတွင် မရှိချေ။

“ခု ချင်ချူးမူကရော သေသွားပြီလား”

ဝေ့ဝူယင်က တည်ငြိမ်စွာ ရပ်နေသည့် စုမေ့ဘက်သို့ လှည့်ကာ မေးလိုက်၏။

“မသေသေးဘူး...”

စုမေ့က ခေါင်းခါလိုက်၏။ သူမ၏ မျက်လုံးထဲတွင်မူ အနည်းငယ် စိတ်အနှောက်အယှက်ဖြစ်သည့် အရိပ်အယောင်များ ထွက်ပေါ်နေသည်။

“မကွပ်မျက်ရသေးခင် အချိန်မှာ နာ့ရှင်းရီက ထအော်ခဲ့တယ်... သူက အရှင်ဝေ့ရဲ့ ဇနီး ဖြစ်တယ် ဆိုပြီးတော့”

“နောက်ပြီး... ချင်ချူးမူလည်း အတူတူပဲ တဲ့”

“ဘယ်လို...”

‌ဝေ့ဝူယင်မှာ တဒင်္ဂမျှ ဆွံ့အသွား၏။ ထို့နောက်တွင်မူ သူ ပြုံးကာ ခေါင်းခါလိုက်မိတော့သည်။

နာ့ရှင်းရီ... ထိုကောင်မလေးက အလွန် ဉာဏ်ကောင်းလွန်းလှသည်။ ဝေ့ဝူယင်သည် အနန္တကုန်းမြေတိုက်ကြီးတွင် ရှိစဥ်က သူမအား သူ့ဇနီးမယား ဖြစ်လာရန် တစ်ခါ ကမ်းလှမ်းခဲ့ဖူးသည်။ ယခုတွင်မူ သူမမှာ ထိုအခွင့်အရေး ဆုပ်ကိုင်ကာ ပိုင်နိုင်စွာ အသုံးနေခဲ့ပြီ ဖြစ်သည်။

အသက် လေးဆယ် မပြည့်သေးသည့် အဂ္ဂိရတ် ဧကရာဇ်၊ ထာဝရ မင်းသားလေးဟု ကျော်ကြားသူ၊ ကောင်းကင်ဧကရာဇ် အဆင့် တပည့်... မည်သူက သူ့မိန်းမကို သတ်ရဲမည်နည်း။

“အဲဒီနောက်မှာ တရား‌ရေး အဖွဲ့က ချင်ချူးမူရဲ့ ပြစ်ဒဏ်ကို တုန့်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တယ်... အသေအချာ ပြန်လည် စစ်ဆေးပြီးမှ စီရင်ချက် ပြန်ချမယ်တဲ့... ကြည့်ရတာ သူတို့က ချင်ချူးမူနဲ့ အရှင်ဝေ့ တကယ် ပတ်သက်လား မပတ်သက်ဘူးလား ဆိုတာ မကြာခင် လာစုံစမ်းမယ့်တဲ့ပုံ ရှိတယ်”

စုမေ့က တည်ငြိမ်စွာပင် ဆက်ပြောလိုက်သည်။ ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်လိုက်၏။

“သူတို့က ငါ့နာမည်ကို ဆွဲထည့်မှတော့ ငါ့ဘက်ကလည်း အကျိုးအမြတ် အချို့ကို ရအောင် ပြန်ယူရမှာပေါ့”

ထို့နောက် သူ ထိုင်ရာမှ ထရပ်ကာ အကြောအခြင်ဆန့်လိုက်သည်။ ထို့နောက် ခန္ဓာကိုယ်ရှိ အဝတ်အစားများကို ချွတ်ကာ အနက်‌ရောင် ဝတ်စုံ တစ်ခုအား ပြောင်းလဲ ဆင်မြန်းလိုက်သည်။ ချက်ချင်းပင် သူ၏ ခန္ဓာကိုယ် အရှိန်အဝါက တောက်ပလာကာ နှိုင်းယှဥ်၍ မရနိုင်သည့် ဧကရာဇ် တစ်ပါးအလား ပြောင်းလဲသွားသည်။

ထိုဝတ်စုံမှာ ကြယ်တာရာ တတိယ အဆင့် ရတနာ ဝတ်စုံတစ်ခု ဖြစ်သည်။ သာမန် ကြယ်တာရာ အမြုတေ အဆင့်သုံး ကျင့်ကြံသူများ ပင်လျှင် ၎င်းကို ဝယ်ယူရန် မတတ်နိုင်ကြချေ။

“ဪ ဒါနဲ့ စောစောက နင်ပြောတဲ့ အထဲမှာ လုံချန်က မိန်းမ အသစ် နှစ်ယောက် ထပ်ရထားတယ်ဆိုတာ ပါတယ်... သူတို့က ဘယ်သူတွေလဲ”

စုမေ့မှာ ဝေ့ဝူယင်၏ ဝတ်စုံကို အထူးတလှယ် အံ့သြနေဟန် မရပဲ တည်ငြိမ်စွာပင် ပြန်ဖြေ လိုက်သည်။

“ရှောင်ပင်းဆိုတာက မူလ ဒြပ်စင် တောင်ထွတ်ရဲ့ ကမ္ဘာ့ရွေးချယ်ခံ တပည့်ပါ... သူက ရေခဲကို အထူးပြုပြီး ကျင့်ကြံတယ်... ဟောင်ယုကလည်း မူလဒြပ်စင် တောင်ထွတ်က ကမ္ဘာရွေးချယ်ခံ တပည့်ပဲ... ဒါပေမဲ့ သူကတော့ မီး ကျင့်ကြံသူ... သူတို့ နှစ်ယောက်စလုံးက မျိုးနွယ်ကြီးတွေက လာကြတဲ့လူတွေ ဖြစ်ပြီး ကမ္ဘာဗိုလ်ချုပ် အဆင့် နောက်ခံတွေကို ပိုင်ဆိုင်ထားကြတယ်... သတင်းတွေ အရဆို သူတို့ နှစ်ယောက်က လွန်ခဲ့တဲ့ သုံးနှစ်အတွင်း ကျိမျိုးနွယ် ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူတွေ မလှုပ်ရှားနိုင်အောင် လုံချန်နဲ့ ပတ်သက်ပြီး မလှုပ်ရှားနိုင်အောင် ဖိအားပေးထားခဲ့ကြတယ် တဲ့”

ဝေ့ဝူယင်က ခေါင်းညိတ်လိုက်ရင်း အဂ္ဂိရတ် ခန်းမထဲမှ ထွက်ခွာလာခဲ့၏။  စုမေ့က ငြိမ်သက်စွာပင် သူ့နောက်မှ လိုက်လာခဲ့၏။

မကြာခင်မှာပင် သူတို့ နှစ်ယောက်မှာ ကောင်းကင်နန်းတော် အဝဆီသို့ ရောက်ရှိလာခဲ့သည်။

“ဪ... ဒါနဲ့ ကျူးဟိုင် အခြေအနေရော...”

“လွန်ခဲ့တဲ့ နှစ်လတည်းက သူ ‌အကုန် ပြန်ကောင်းသွားပြီ... ခုလောလောဆယ် သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးကို ခရီးထွက်ဖို့ ကိစ္စအတွက် သူ ပြင်ဆင်နေတယ်”

“အင်း...”

ဝေ့ဝူယင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ နဂါးသွေး ဇာတိဝိညာဥ်၏ အသွင်ပြောင်းလဲမှု ဖြစ်စဥ်မှာ အလုံးစုံ အောင်မြင်ခဲ့ပြီး ဖြစ်သည်။ အကယ်၍ သူသာ ဆန္ဒရှိပါက ကြယ်တာရာ ကပ်ဘေးကို ဆင့်ခေါ်ကာ အဆင့်တက်ရန် ကြိုးစားနိုင်နေပြီ ဖြစ်သည်။

ကြယ်တာရာ အမြုတေ အဆင့်သို့ ရောက်ရှိပါက အဂ္ဂိရတ် အမျိုးအစား ကြယ်တာရာ အင်အားကို သူ အသုံးပြုလာနိုင်တော့မည် ဖြစ်သည်။ ထိုအခါ သူ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ပါး ဖြစ်လာလိမ့်မည်လား။

ဝေ့ဝူယင် အနည်းငယ် စိတ်လှုပ်ရှား သွား၏။ သုံးလွှာ ကြယ်တာရာ နယ်မြေကြီး၏ နှစ်ထောင်ချီ သမိုင်းအတွင်း၌ ထာဝရ ဧကရာဇ် တစ်ပါးတည်းသာလျှင် ထိုအဆင့်ကို ရောက်ရှိခဲ့ပေသည်။ ထို့အပြင် သူသည်လည်း အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

“ဟူး...”

ကောင်းကင်နန်းတော် အပြင်ဘက်သို့ ထွက်လိုက်သည်နှင့် အလွန် ကြီးမားလှသော အနက်ရောင် အရိပ်ကြီး တစ်ခုမှာ သူတို့ အရှေ့သို့ ထိုးကျလာသည်။

၎င်းကား ဂိုဏ်းသို့ ရောက်ရောက်ချင်း ဝေ့ဝူယင် လက်ခံရရှိခဲ့သည့် ကောင်းကင် နတ်မြင်းပျံ ပေါက်စလေး ဖြစ်သည်။ ထိုစဥ်က ၎င်းမှာ အဖြူစွတ်စွတ် ဖြစ်သော်လည်း ယခုတွင်မူ လျှပ်စီးကြောင်းများ ကဲ့သို့ သူ၏ ခန္ဓာကိုယ် အနှံ့တွင် အနက်စင်းများ ဖြစ်ပေါ်နေခဲ့ပြီ ဖြစ်သည်။

၎င်း၏ အရပ်မှာလည်း မီတာ ခြောက်ဆယ်ခန့် မကတော့။ နောက်ထပ် မီတာ နှစ်ဆယ်ခန့်ပါ ထပ်ပေါင်း ကြီးထွားလာခဲ့သည်။ ထို့အပြင် ၎င်း၏ မျက်လုံးများမှာ အနက်‌ရောင် လျှပ်စီးများဖြင့် ဝင်းလက်နေကာ ထွက်သက်တိုင်း၌ ပါဝင်လာသော လျှပ်စီး အရိပ်အငွေ့ အချို့မှာလည်း လေထုကိုပင် ကပ်ညိတွယ် နေတတ်သည်။

လွန်ခဲ့သည့် သုံးနှစ်အတွင်း၌ ဝေ့ဝူယင်သည် ပိုကေ၏ အကြံပေးချက် အတိုင်း အဆင့်ခုနစ် ထိပ်တန်း မိုးကြိုးသွေးဆေးများ ဖော်စပ်ကာ ၎င်း၏ ငုပ်လျှိုးနေသည့် သွေးမျိုးဆက် နိုးထလာအောင် ကူညီပေးခဲ့သည်။ ယခုဆိုလျှင် ၎င်း၏ အမြန်နှုန်းမှာ သာမန် ကြယ်တာရာ အမြုတေ အလယ်ဆင့် (အဆင့်လေး၊ ငါးနှင့် ခြောက်) တို့ မမှီနိုင်သည် အထိပင် မြန်ဆန်နေခဲ့ပြီ ဖြစ်၏။ တိုက်ခိုက်ရေး စွမ်းရည်နှင့် ပတ်သက်၍လည်း ကြယ်တာရာ အမြုတေ အဆင့်နှစ်နှင့် အောက်အဆင့်များမှာ သူ၏ ပြိုင်ဘက် မဟုတ်တော့ချေ။

“ရှောင်ပိုင်...”

စုမေ့က ရှေ့သို့ အနည်းငယ် တိုးလိုက်ရင်း ကောင်းကင်နတ်မြင်းပျံ၏ ခေါင်းကို ကြင်နာစွာ ပွတ်သပ်ပေး လိုက်သည်။ သူမသည် ပိုင်လင်ကို သတိရသည့် အနေဖြင့် ထိုနာမည်ကို ကိုယ်တိုင်ကိုယ်ကျ ပေးထားခြင်း ဖြစ်သည်။

ရှောင်ပိုင်မှာ စုမေ့၏ ပွတ်သပ်ပေးမှုကို ပျော်ရွှင်နေဟန် ရ၏။ ဝေ့ဝူယင် ထိုမြင်ကွင်းကို ကြည့်ရင်း ပြုံးလိုက်၏။ ကြည့်ရသည်က လွန်ခဲ့သည့် သုံးနှစ်အတွင်း စုမေ့နှင့် ထိုကောင်လေး၏ ရင်းနှီးမှုက အတိုင်းအတာ တစ်ခု အထိ တိုးတက်လာခဲ့ဟန် ရသည်။

တစ်ချက် ခုန်ပျံလိုက်ရုံဖြင့် ရှောင်ပိုင်၏ ကျောထက်သို့ သူတို့ နှစ်ဦး ရောက်ရှိလာခဲ့သည်။ စုမေ့သည် ရှေ့တွင် ထိုင်ကာ မောင်းနှင်သူ နေရာကို ယူ၏။

ဘုန်း...

ဝေ့ဝူယင်တို့ ကျောပေါ်သို့ ရောက်ရှိသည်နှင့် ရှောင်ပိုင်သည် မိုးခြိမ်းသံကို ထုတ်လွှတ်ကာ လျှပ်စီးကြောင်း တစ်ခု၏ အလျင်နှင့် စတင် လှုပ်ရှားတော့သည်။ သူ ကောင်းကင်အလွှာကို ထိုးဖောက်ရန် ဟန်ပြင်လိုက်စဥ်မှာပင် မီတာတစ်ရာခန့် ကြီးမားသော အခြား ကောင်းကင် နတ်မြင်းပျံကြီး တစ်ကောင် ပေါ်လာခဲ့သည်။

“ကောင်းကင် ဧကရာဇ်ဝေ့...”

***

All Chapters