လုံချန်၏ အခက်အခဲများ (၃)
Vol. 14 Ch. 186
စုမေ့က အလျှင်အမြန်ပင် ရှောင်ပိုင်ကို ရပ်တန့်ရန် အမိန့်ပေးလိုက်သည်။ ဝေ့ဝူယင်သည် နတ်မြင်းပျံ၏ ကျောထက်ရှိ လူကို လှမ်းကြည့်လိုက်၏။ ချက်ချင်းပင် မည်သူဖြစ်သည်ကို သူ မှတ်မိလိုက်သည်။
တရားရေး အဖွဲ့၏ လက်ထောင် ခေါင်းဆောင် ကျိုးရန်...
သူက အရပ်ရှည်ပြီး သန်မာ ထွားကြိုင်းသည့် လူသားမျိုးနွယ် တစ်ယောက် ဖြစ်သည်။ အသားအရေက ခပ်မှောင်မှောင် ဆိုသော်လည်း ရိပ်သင်ခြင်း မရှိသည့် မျက်နှာထက်၌ အမွေးအမျှင်များက ခန့်ညားထည်ဝါမှုကို မြှင့်တင်ပေးနေသည်။
“ကောင်းကင်မိုးကြိုး သွေးမျိုးဆက်...”
ရှောင်ပိုင်အား ကြည့်ရင်း ကျိုးရန်၏ မျက်လုံးများက တဝင်းဝင်း တောက်ပသွားသည်။
“ဟဟ... ကျုပ် ကံကောင်းထောက်မစွာနဲ့ မိုးကြိုးသွေးဆေး အချို့ကို ဖော်စပ်နိုင်ခဲ့တယ်လေ”
ဝေ့ဝူယင်က အနည်းငယ် ရယ်မောရင်း ပြန်ဖြေလိုက်သည်။ သို့သော်လည်း ထိုသက်တောင့်သက်သာ ပုံစံကပင် ကျိုးရန်၏ နှလုံးသားကို အရှိန် ခပ်ပြင်းပြင်း တုန်ခါသွားစေခဲ့သည်။
“ကံကောင်းလို့... ကံကောင်းလို့... အဆင့်ခုနစ် အထွတ်အထိပ်ဆေးလုံးကို ကံကောင်းရုံပြီး ဖော်စပ်နိုင်တာ တဲ့လား”
ကျိုးရန်က စိတ်ထဲမှ ရေရွတ်ရင်း ခေါင်းခါလိုက်သည်။ ကံကောင်းရန် အတွက် ထိုမျှ လွယ်ကူပါက သူ ကိုယ်တိုင်လည်း ကံကောင်းချင်သည်။
“ဒါနဲ့ လက်ထောက် ခေါင်းဆောင်ကျိုး... ဘာကိစ္စကြောင့် ဒီကို ရောက်လာရတာလဲ မသိဘူး”
ဝေ့ဝူယင်၏ အသံက အတွေးထဲတွင် နစ်မြုပ်နေသည့် ကျိုးရန်ကို ပြန်လည် နိုးထလာစေ၏။
“ကောင်းကင် ဧကရာဇ်ဝေ့... ဒါက ဒီလိုပါ”
သူ အစပျိုးလိုက်ရင်း အဖြစ်အပျက် မှန်သမျှကို ရှင်းပြလိုက်သည်။ ဝေ့ဝူယင်သည် ထိုအကြောင်းအရာများကို စုမေ့ထံမှ ကြားခဲ့ပြီး ဖြစ်သော်လည်း ငြိမ်သက်စွာပင် နောက်တစ်ခေါက် နားထောင်နေလိုက်၏။ ထိုစုံစမ်းရေး အဖွဲ့ လက်ထောက်ခေါင်းဆောင်ထံမှ အချက်အလက်များက ပိုမို တိကျမှုရှိကာ အထူးသဖြင့် စုမေ့ စုံစမ်းမရသည့် လင်းကျိရန်၏ ဒဏ်ရာ အခြေအနေများပင် ပါဝင်လာခဲ့သည်။
သူမ၏ မူလယင် အမတေမှာ လုံးဝ ထုတ်ယူခြင်း ခံထားရကာ ကျင့်ကြံခြင်း အခြေခံမှာလည်း ပျက်ရွင်းနေသည်။ သူမ၏ အသိစိတ် ပင်လယ်မှာလည်း ပြင်းစွာ ထိခိုက်ထား၏။ မူလယင် အမတေ ပျက်စီးသွားခြင်းကြောင့် သူမမှာ ဘယ်တော့မှ ကလေး ရနိုင်တော့မည် မဟုတ်ချေ။
“ကျွန်တော် ဒီကို လာရတဲ့ အကြောင်းရင်းက နာ့ရှင်းရီဆိုတဲ့ မိန်းကလေးကြောင့်ပါ... သူက ကောင်းကင် ဧကရာဇ်ဝေ့ရဲ့ ဇနီးပါဆိုပြီး အခိုင်အမာ ပြောနေတယ်... နောက်ပြီး ကွပ်မျက်ခံရမယ့် ချင်ချူးမူကလည်း အတူတူပဲ တဲ့... အဲဒါ...”
“သူက ငါ့မိန်းမ မဟုတ်ပါဘူး”
ဝေ့ဝူယင်က ကြားဖြတ်ကာ ပြောလိုက်သည်။ ကျိုးရန်မှာ ဖိအားများ ပြေလျော့သွားဟန်ဖြင့် အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။ သူက ကျေးဇူးတင်စကား ပြောရန် ဟန်ပြင်လိုက်စဥ်မှာပင် ဝေ့ဝူယင်က စကားဆက် လိုက်သည်။
“မဟုတ်သေးဘူး လို့ ပြောရင် ပိုမှန်လိမ့်မယ်”
“မ... မဟုတ်သေးဘူး...”
ကျိုးရန်မှာ စကားများပင် ထစ်ငေါ့သွား၏။
“ကောင်းကင် ဧကရာဇ်ဝေ့... မဟုတ်သေးဘူး ဆိုတာက ဘာကို ဆိုလိုတာလဲ”
“ထားလိုက်ပါ...”
ဝေ့ဝူယင်က ပြုံးရင်း ခေါင်းခါလိုက်သည်။ ထို့နောက် သူက စုမေ့ဘက်သို့ လှည့်ကာ တိုင်ပင် လိုက်သည်။
“ကောက်ချက် မချခင် အခြေအနေကို ငါတို့ အရင်ဆုံး သွားကြည့်သင့်တယ် ထင်တယ်နော်”
စုမေ့မှာ များများစားစား မပြောချေ။ ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။ အကယ်၍ ဝေ့ဝူယင်က သွားကြည့်သင့်သည် ဆိုလျှင် ထိုအရာက အမှန်တကယ် သွားကြည့်သင့်၍ ဖြစ်သည်၊။
ဖရူး...
စုမေ့ထံမှ အချက်ပြမှုကို ရရှိသည်နှင့် ရှောင်ပိုင်သည် ပြင်းထန်သော နှာမှုတ်သံ တစ်ခုကို ထုတ်လွှတ်လိုက်၏။ ထို့နောက် ၎င်းမှာ ပြင်းထန်သော အရှိန်အဟုန်နှင့် အတူ အနက်ရောင် လျှပ်စီးတန်း အသွင်ကို ပြောင်းလဲကာ ကောင်းကင်အလွှာအောက်သို့ ထိုးဆင်းသွားလေတော့သည်။
...
ထိုအချိန် စစ်တောင်ထွတ်ရှိ ပစ်ဒဏ်စီရင်ခြင်း ကွင်းပြင်တွင်...
ပစ်ဒဏ်စီရင်ခြင်း ကွင်းပြင်သည် စစ်တောင်ထွတ်၏ ပထမ အလွှာတွင် တည်ရှိပြီး လူသောင်းနှင့်ချီ ဝင်ဆံ့သည် အထိ ကျယ်ဝန်းသည်။ ထိုကွင်းပြင်၏ အလယ်ဗဟိုတွင် ကိုးဆယ့်ကိုးပေ မြင့်မားသော မျှော်စင်တစ်ခုနှင့် ခေါင်းဖြတ်စက် တစ်ခုတို့ ရှိသည်။
မရေမတွက်နိုင်အောင် များပြားသော လူများသည် ပစ်ဒဏ်စီရင်ခြင်း ကွင်းပြင်တွင် စုရုံး ရောက်ရှိနေကြသည်။ မျှော်စင်ထက်တွင်မူ ပုံရိပ်အချို့ ရှိနေခဲ့၏။ ထိုအထဲမှ အချို့မှာ တရားရေး အဖွဲ့သားများ ဖြစ်ပြီး အချို့မှာ ဂိုဏ်းမှ တပည့်များ၊ အကြီးအကဲများ ဖြစ်သည်။ ထိုအထဲ၌ မူလ အင်ပါယာ သူတော်စင် တစ်ပါး ပါဝင်နေကာ သူမမှာ ချင်ချူးမူ၏ ဘိုးဘေး ချင်လင်းကျူးပင် ဖြစ်သည်။
တရားရေး အဖွဲ့၏ ခေါင်းဆောင် ပေ့မင်သည် ချင်ချူးမူ အနားတွင် တိတ်တဆိတ်ပင် စောင့်ဆိုင်းနေခဲ့သည်။ သူမသည် အရပ်ရှည်ကာ အေးစက်သည့် ထိပ်တန်း အလှရှင် တစ်ယောက် ဖြစ်သည်။ သူမသည် အမည်းရောင် ဆံပင်များနှင့် နက်မှောင်သော မျက်လုံးများကို ပိုင်ဆိုင်ထားသည်။ အထူးသဖြင့် နှုတ်ခမ်းထက်၌ တည်ရှိနေသည့် မှဲ့နက်လေးက သူမအား တမူထူးခြားကာ ဆွဲဆောင်မှု ရှိစေသည်။
သူမနှင့် မလှမ်းမကမ်း တရားရေး အဖွဲ့သားများ၏ အလယ်တွင်မူ... လုံထျန်းယုနှင့် သူမ၏ အဆင့် ဘိုးဘေး ဂျားဗင်တို့မှာ ကျင့်ကြံခြင်းများ ချိပ်ပိတ်ကာ လက်ပြန်ကြိုးများ တုပ်ခံထားရသည်။ ဂျားဗင်သည် နက်မှောင်သော အသားအရည်၊ ခရမ်းရောင် မျက်လုံးနှင့် ဆံပင်များကို ပိုင်ဆိုင်ထားသည့် နတ်ဆိုးမျိုးနွယ် တစ်ယောက် ဖြစ်သည်။
သူ၏ သွင်ပြင်လက္ခဏာများထဲ၌ အထင်ရှားဆုံးကား လေမတိုက်ပဲ လှုပ်ရှားနေသည့် မုတ်ဆိတ်ရှည် လှိုင်းကြီးများပင်။
တစ်ချိန်တည်း၌ လုံထျန်းယုမှာမူ လွန်ခဲ့သည့် သုံးနှစ်ကျော်ခန့်က ကဲ့သို့ ကလေးမလေး တစ်ဦး မဟုတ်တော့ချေ။
ဖွံ့ဖြိုးစ ဆယ်ကျော်သက် တစ်ဦး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူမ၏ အနက်ရောင် ဆံပင်ရှည်များထဲတွင် ခရမ်းရောင် လှိုင်းတစ်ချို့က ဖောက်ဝင်နေ၏။ ထို့အတူပင် သူမ၏ အနက်ရောင် မျက်ဝန်းများမှာလည်း ခရမ်းရောင် အငွေ့အသက်ဖြင့် ရောယှက်နေသည်။ သူမ၏ ချောမွေ့ကြည်လင်သော အသားအရည်က ကျောက်စိမ်းကဲ့သို့ ကြည်လင်နေကာ သူမ၏ ရင်သားများမှာလည်း လက်တစ်ဆုပ်စာခန့် ဖွံ့ဖြိုးနေခဲ့ပြီ ဖြစ်၏။
ဗေဒင်မေးစရာ မလိုချေ။ နောက်ထပ် နှစ်အနည်းငယ်ခန့် အချိန်ပေးသည်နှင့် သူမမှာ ယောက်ျားတိုင်း၏ နှလုံးသားကို ကိုင်လှုပ်နိုင်သည့် ပြစ်မျိုးမှဲ့မထင် အလှရှင် တစ်ဦး မလွဲမသွေပင် ဖြစ်လာပေလိမ့်မည်။
သူမနှင့် မလှမ်းမကမ်း၌ ဝေ့ဝူယင် မြင်မြင်ချင်း မှတ်မိလိမ့်မည့် ပုံရိပ်တစ်ခုလည်း ရှိနေပေသေးသည်။ သူသည် စိုးရိမ်သော မျက်ဝန်းများနှင့် လုံထျန်းယုကို စိုက်ကြည့်နေပေသည်။
လေးနှစ်နီးပါးခန့် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည့်တိုင် သူမသည် ခါတိုင်း ကဲ့သို့ပင် ထူးခြားနေဆဲ ဖြစ်သည်။ အနီရောင် ချယ်သထားသည့် နှုတ်ခမ်းပါးများ၊ ဖြောင့်စင်းနေသည့် နှာတံနှင့် ပြီးပြည့်စုံသည့် ခန္ဓာကိုယ် အကွေ့အကောက်များ...
သူမမှာ ရှန်းလင်မှ လွဲ၍ မည်သူ ဖြစ်နိုင်တော့မည်နည်း။
ပြစ်ဒဏ်စီရင်ခြင်း ကွင်းပြင်၏ အခြားတစ်ဖက်တွင်မူ လုံချန် ရှိနေခဲ့သည်။ သူ၏ မျက်လုံးများက တည်ငြိမ်နေပုံ ရသည့်တိုင် အဆုံးမရှိ သတ်ဖြတ်လိုခြင်းများနှင့် ပြည့်နှက်နေသည်။ သူ၏ နံဘေးတွင်မူ နာ့ရှင်းရီ၊ လျဲ့ယု၊ ဝူပိုင်ကျိုး၊ ဟောင်ယုနှင့် ရှောင်ပင်းတို့ ရှိနေခဲ့သည်။
ဟောင်ယုသည် အနီရောင် ဆံပင်၊ သွေးရောင် မျက်လုံးများကို ပိုင်ဆိုင်ထားသည့် အသက်ရှူ မှားလောက်အောင် လှသော မိန်းကလေး တစ်ယောက် ဖြစ်သည်။ ငွေရောင် ဆံပင်များကို ပိုင်ဆိုင်ထာသည့် ရှောင်ပင်း၏ အလှကလည်း ဟောင်ယုထက် နည်းနည်းလေးမျှ မလျော့ချေ။
“ရှင်းရီ... နင်တို့က သူ့ဇနီးတွေဆိုတာ သေချာလား...”
ဟောင်ယုက နာ့ရှင်းရီ အနားသို့ ကပ်ရင်း မဝံ့မရဲနှင့် မေးလိုက်၏။ ရှောင်ပင်းက အ,ရန်ကော ဆိုသည့် အကြည့်မျိုးဖြင့် ဟောင်ယုကို ကြည့်လိုက်သည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... အဲဒါက သက်သက် အချိန်ဆွဲထားတဲ့ သဘောပဲ ရှိတာ”
တွေးကြည့်ရုံဖြင့်ပင် ထိုအရာက သိသာလှ၏။ ကောင်းကင်ဧကရာဇ်ဝေ့သည် အဂ္ဂိရတ် ဧကရာဇ် တစ်ပါး ဖြစ်ပြီး မဟာ အင်ပါယာ သူတော်စင်တစ်ပါးနှင့် ဂိုဏ်း၏ ကျောထောက်နောက်ခံကို ရရှိထားသူ ဖြစ်သည်။ သူသည် အဋ္ဌမ အလွှာရှိ ကောင်းကင် နန်းတော်တွင်သာ စံမြန်းကာ အပြင်လောကသို့ သိပ်မထွက်တတ်သည့်တိုင် သူ၏ ရုပ်ရည်နှင့် ယောက်ျားပီသမှုမှာလည်း ဂိုဏ်းအတွင်းရှိ မိန်းကလေးများ အကြားတွင် အလွန် ရေပန်းစားသည်။
ထိုကဲ့သို့ အဖက်ဖက်မှ ပြည့်စုံသော ယောက်ျားတစ်ယောက်၏ ဇနီးမယားများမှာ အဘယ်ကြောင့် လုံချန် နံဘေးတွင် လာရောက် ဒုက္ခခံပါမည်နည်း။
ဟောင်ယုနှင့် ရှောင်ပင်းတို့၏ စကားများကို နားထောင်ရင်း လုံချန်က လက်သီးကို တင်းတင်းဆုပ်လိုက်၏။
“ငါဘာကြောင့် ဒီလောက်တောင် အားနည်းရတာလဲ... ငါ့မှာ ခွန်အား လုံလုံလောက်လောက်သာ ရှိရင် ဒီပြဿနာတွေကို စကားတစ်ခွန်းနဲ့တင် ဖြေရှင်းနိုင်မှာ သေချာတယ်”
အမြင့်ပိုင်းသို့ ပိုမို ရောက်ရှိလာသည်နှင့် အမျှ ကျင့်ကြံခြင်း လမ်းစဥ်က ပိုမို ခက်ခဲလာသည်။ သူ ချီပျစ်ခဲခြင်း အဆင့်ရှစ်ကို ရောက်ရှိခဲ့သည်မှာ ငါးနှစ်တိုင်တိုင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထိုအတောအတွင်း၌ များစွာသော ကံကောင်းမှုများကို ရရှိသည့်တိုင် သူသည် ဇာတိဝိညာဥ် တစ်ခုစီ အတွက် ချီအမတေ ရှစ်ဆယ့်သုံးခုစီသာ မွေးဖွား ထားနိုင်ခဲ့သည်။
သူသည် ဇာတိဝိညာဥ် နှစ်ခုစလုံးတွင် သေမျိုး မိုးကုပ် စက်ဝိုင်း အမှတ်အသားကို ရေးထိုးချင်သည်။ ဤသည်မှာ စစ်မှန်သော ကျင့်ကြံခြင်း လမ်းစဥ်ဖြစ်ကာ ကျဆုံးသည်နှင့် သူ၏ အနာဂတ်များက ပိတ်ဆို့သွားပေလိမ့်မည် ဖြစ်သည်။ သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့်ကို ရောက်ရှိသည့် လူများသာလျှင် ကြယ်တာရာ အမြုတေ အဆင့်ကို ကျော်လွန်နိုင်သည်။
ထိုအရာမှာ လက်စွပ်ထဲမှ ဝိညာဥ်ကိုယ်တိုင် ပြောခဲ့သည့် စကား ဖြစ်သည်။ သူ ထိုဝိညာဥ်၏ စကားကို အကြွင်းမဲ့ ယုံကြည်သည်။
ဘုန်း...
ထိုအချိန်တွင်ပင် ကောင်းကင်၌ မိုးခြိမ်းသံတစ်ခု ပေါက်ကွဲ ထွက်ပေါ်လာ၏။ မရေမတွက်နိုင်သော လူများမှာ ကောင်းကင်သို့ မော့ကြည့်လိုက်ရာ အတောင်ပံကို ဖြန့်လျှက် ပျံသန်းလာသည့် အရိပ်နှစ်ခုကို တွေ့မြင် လိုက်ရသည်။
“နတ်မြင်းပျံ...”
“သူတို့ ရောက်လာပြီဟေ့...”
***