← Chapters

ခန္ဓာအသစ် ပြန်လည်မွေးဖွားလာခြင်း

Vol. 45 Ch. 620

ခန္ဓာအသစ် ပြန်လည်မွေးဖွားလာခြင်း

Vol. 45 Ch. 620

ကောင်းကင်ထက်မှ ရွှေမီးလျှံမိုးကြိုး၈၁စင်း ကျဆင်းလာချိန်တွင် အချိန်မီမတုံ့ပြန်နိုင်လျှင် သေရမည်ဟု ယဲ့ချန်က သဘောပေါက်လိုက်သည်။ သူက ညာလက်ကို ယမ်းလိုက်သောအခါ ကောင်းကင်တုန်ခါဆေးအိုးနှင့် နတ်ဆိုးဖိနှိပ်နာရီသည် ကောင်းကင်ထက်သို့ ပျံတက်သွားခဲ့သည်။

"ဘုန်း ဘုန်း ဘုန်း"

သို့သော် ၎င်းတို့မှာ မိုးကြိုးများနှင့် ထိမှန်ခံလိုက်ရသောအခါ ပျက်စီးလုနီးပါးဖြစ်သွားသဖြင့် အဆင့်ငါးတာအိုလက်နက်များပင် မယှဥ်နိုင်သော ရွှေမီးလျှံနတ်မိုးကြိုးက အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ ၎င်းတို့က လွင့်ထွက်သွားသောအခါ မိုးကြိုးတစ်စင်းက အကာအကွယ်မဲ့နေသော ယဲ့ချန်ထံ တိုက်ရိုက်ကျဆင်းလာခဲ့သည်။

"ဘုန်း"

မိုးကြိုးက ယဲ့ချန်ကို ပြင်းထန်စွာထိမှန်သွားပြီး လက်တစ်ဖက် ပျက်စီးသွားရသည်။ သူက ကောင်းကင်ချီကိုးမျိုးကို လည်ပတ်၍ ကိုယ့်ကိုကိုယ်ကာကွယ်ထားသော်လည်း အရာရာကိုဖျက်ဆီးနိုင်သော ကပ်ဘေးမိုးကြိုးကို မတွန်းလှန်နိုင်ခဲ့ပေ။ ဤကား ပထမဆုံးမိုးကြိုးသာဖြစ်ပြီး လက်တစ်ဖက် ပျက်စီးသွားရသောအခါ ရှစ်ဆယ့်တစ်စင်းလုံးသာ ထိမှန်ခံလိုက်ရလျှင် ရလဒ်ကို တွေးကြည့်စရာပင် မလိုချေ။

"ကောင်းကင်ဓားပျံတွေ ထွက်လာစမ်း"

သူက နာကျင်မှုကိုသည်းခံ၍ ဓားပျံခြောက်စင်းဖန်တီးကာ ကောင်းကင်မှကျဆင်းလာသော မိုးကြိုးများထံ ပစ်ခတ်လိုက်သည်။ သူက ရွှေမီးလျှံနတ်မိုးကြိုးကပ်ဘေးကို ခုခံရန် နည်းလမ်းများ မစဥ်းစားနိုင်တော့သဖြင့် ဓားပျံနှင့်ပစ်ခတ်ရန်သာ တွေးနိုင်သည်။ ၎င်းတို့က မိုးကြိုးကပ်ဘေးကို ကာကွယ်နိုင်စွမ်းရှိမရှိ မပြောနိုင်သော်လည်း မသေခင်အချိန်၌ အလောင်းအစားလုပ်ရန် ဆုံးဖြတ်လိုက်သည်။ တည်နေရာရွှေ့ပြောင်းအစီအရင်အတွင်း မိုးကြိုးကပ်ဘေး၏ စွမ်းအင်တစ်စိတ်တစ်ပိုင်းက ထိုးဖောက်ဝင်ရောက်လာသောအခါ တာအိုနတ်အဆင့် ကျင့်ကြံသူငါးယောက်က စုပ်ယူလိုက်ကြသည်။ တစ်စိတ်တစ်ပိုင်းသာဖြစ်သော်လည်း ကြောက်မက်ဖွယ်ကောင်းလှသည်ဟု ခံစားနေရပြီး သူတို့အဆင့်တက်စဥ်က ကြုံတွေ့ခဲ့ရသော ကပ်ဘေးထက် ပို၍ကြောက်မက်ဖွယ်ကောင်းကြောင်း သိသာနေသည်။

"ဓားပျံနည်းနည်းလောက်နဲ့ ဒီကပ်ဘေးကို တားနိုင်မှာ မဟုတ်ဘူး"

သူတို့က သက်ပြင်းကိုယ်စီ ချလိုက်မိသည်။ ယဲ့ချန်သည် ရွှေမီးလျှံနတ်မိုးကြိုးကို ဆွဲဆောင်နိုင်ခဲ့သဖြင့် သူ၏ရုပ်ခန္ဓာက အလွန်ထူးခြားနေပြီး ကောင်းကင်မှပင်သတ်ဖြတ်ချင်နေသော အဆင့်တစ်ခုအထိ ရောက်ရှိနေသည်။ ထိုရုပ်ခန္ဓာမျိုးကို ထိပ်တန်းပါရမီရှင်များသာ ပိုင်ဆိုင်ထားနိုင်သော်လည်း စန်းဟိုင်ကြယ်ကဲ့သို့ နေရာမျိုးတွင် သေဆုံးသွားလျှင် နှမြောစရာ အလွန်ကောင်းပေလိမ့်မည်။ အဆင့်တက်ကပ်ဘေးက အလွန်ကြောက်စရာကောင်းပြီး အချိန်တိုင်း သေဆုံးသွားနိုင်သော်လည်း သူတို့က ထွက်ပြေးရန်အတွက် ခေါင်းမာနေဆဲဖြစ်ကာ စွမ်းအင်များ စုပ်ယူနေကြသည်။ အတိတ်တွင် ကပ်ဘေးဖြင့် ရုပ်ခန္ဓာကို မသန့်စင်ခဲ့ရသောကြောင့် လက်ရှိတွင် အခွင့်အရေးတစ်ခု ထွက်ပေါ်လာသောအခါ လက်လွှတ်မခံနိုင်ခဲ့ကြပေ။

တာအိုနတ်အဆင့်ကျင့်ကြံသူများက ယဲ့ချန်သေဆုံးသွားမည်ကို နှမြောတဿဖြစ်နေကြသော်လည်း ဓားပျံခြောက်စင်းက နတ်မိုးကြိုးသုံးစင်းကို ဖျက်ဆီးပစ်လိုက်နိုင်သည်။ ထိုဓားပျံများက အလွန်အစွမ်းထက်ကြောင်း ပြောနိုင်သော်လည်း မည်သို့သောရတနာများဟု သူတို့က နားမလည်နိုင်ကြပေ။ သို့သော်လည်း ထိုအချိန်တွင် မိုးကြိုးငါးစင်း ထပ်မံကျဆင်းလာကာ ယဲ့ချန်ကို ထိမှန်သွားကြသည်။ သူ၏မျက်လုံးအတွင်း ရွှေရောင်အလင်းတစ်ခုတည်းကိုသာ မြင်နေရပြီး ရုပ်ခန္ဓာက စတင်အရည်ပျော်လာကြောင်း ခံစားလိုက်ရ၏။ ရုပ်ခန္ဓာက ဖျက်ဆီးခံလိုက်ရပြီး ဝိညာဥ်က လေထဲတွင် မျောလွင့်နေကာ သေခြင်းတရား၏ ခံစားချက်မျိုး ဖြစ်ပေါ်လာသည်။ သူ၏ရုပ်ခန္ဓာက ချော်ရည်များအတွင်း ကျရောက်သွားသော ရေခဲကဲ့သို့ အရည်ပျော်သွားကာ နာကျင်မှုက ဝိညာဥ်အထိ ထိုးဖောက်ဝင်ရောက်လာသည်။ ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာကို ပိုင်ဆိုင်ရန် လွယ်ကူခြင်းမရှိဘဲ သူက ငါးပုံတစ်ပုံသာ ကျင့်ကြံထားနိုင်သော်လည်း ကျဆင်းလာသည့် ကပ်ဘေးက အလွန်တရာအစွမ်းထက်နေသည်။ အကယ်၍ သူသာ ရာနှုန်းပြည့်ကျင့်ကြံနိုင်ခဲ့လျှင် အကျိုးဆက်များက ပို၍ဆိုးရွားသွားနိုင်သည်။

ကံကောင်းသည်မှာ အဆင့်တက်ကပ်ဘေးကို ကျော်ဖြတ်နေသည်က ယဲ့ချန်၏ကိုယ်ပွားတစ်ခုသာဖြစ်ပြီး သုံးယောက်လုံးသာ အဆင့်တက်ရလျှင် သေခြင်းမှလွတ်မြောက်နိုင်မည် မဟုတ်ပေ။ သူက အနာဂတ်တွင် ထန်တိုက်လင်၊ နင်အာနှင့် ရှောင်ရိကို ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာကို မကျင့်ကြံရန် တားမြစ်ရပေလိမ့်မည်။ သို့မဟုတ်လျှင် သူတို့ကပ်ဘေးကျော်ဖြတ်စဥ် ကာကွယ်ပေးရန် စစ်ဧကရာဇ်များထံ အကူအညီတောင်းခိုင်းရပေလိမ့်မည်။ ရုပ်ခန္ဓာက အဆင့်တက်မိုးကြိုးများအတွင်း အရည်ပျော်ကျနေသော်လည်း အသိစိတ်က ကြည်လင်ပြတ်သားနေကာ ဒန်တန်အတွင်း ရောက်ရှိနေသည်။ ထိုနေရာတွင် ကြယ်ကိုးလုံးက လည်ပတ်နေကာ သူက ကပ်ဘေးမိုးကြိုးများ၏စွမ်းအင်ကို စုပ်ယူ၍ ၎င်းတို့အလယ်ရှိ သေးငယ်သော ပုံရိပ်လေးထံ ဆက်တိုက်ပေါင်းစပ်ပေးနေသည်။

ရွှေရောင်ပုံရိပ်ငယ်က ယဲ့ချန်နှင့် တစ်ထပ်တည်းတူညီပြီး ရွှေအတိပြီးသောရုပ်ခန္ဓာကို ပိုင်ဆိုင်ထားသည်။ သူက မိုးကြိုးစွမ်းအင်များကို စုပ်ယူနေစဥ် ဒန်တန်အတွင်း ကောင်းကင်ဖျက်ဆီးရေးနတ်သစ်သီး၊ ကောင်းကင်တုန်ခါဆေးအိုးနှင့် နတ်ဆိုးဖိနှိပ်နာရီဟူသော ရတနာသုံးခု ထွက်ပေါ်လာခဲ့သည်။ နတ်သစ်သီးက မူလပုံစံအတိုင်းဖြစ်သော်လည်း ကျန်ရတနာနှစ်ခုမှာ အဆင့်တက်ကပ်ဘေး၏ သန့်စင်မှုကြောင့် ရွှေရောင်အနည်းငယ် တောက်ပနေသည်။

ယဲ့ချန်သည် အိပ်မက်မက်နေသကဲ့သို့ ခံစားနေရပြီး သူက စကြဝဠာအတွင်း၌ တင်ပျဥ်ခွေထိုင်၍ ကျင့်ကြံနေပြီး ပတ်ဝန်းကျင်တွင် ကြယ်ကိုးလုံးက လည်ပတ်နေသည်။ သူက နှစ်ပေါင်းထောင်ချီကျင့်ကြံနေသကဲ့သို့ ခံစားလိုက်ရပြီး ရုပ်ခန္ဓာက သေလုမျောပါးဖြစ်နေသော်လည်း ဝိညာဥ်မှာ အလွန်အမင်းသန်မာလာနေခဲ့သည်။ ၎င်းမှာ မြေပြင်အတွင်းမှ အပင်သစ်တစ်ပင် အညွှန့်တက်၍ ပေါက်လာသကဲ့သို့ ထင်မှတ်ရလေသည်။

တာအိုနတ်အဆင့် ကျင့်ကြံသူငါးယောက်မှာ မိုးကြိုးကပ်ဘေးအတွင်း ယဲ့ချန်ကို မြင်နိုင်စွမ်း မရှိကြတော့ပေ။ အကယ်၍ စစ်ဧကရာဇ်တစ်ယောက်သာ ရှိနေလျှင် ရုပ်ခန္ဓာ အရည်ပျော်ကျသွားပြီးနောက် ယဲ့ချန်အငယ်စားလေးက ကြယ်ကိုးလုံးဝန်းရံ၍ ကျင့်ကြံနေသော မြင်ကွင်းကို တွေ့မြင်နိုင်ပေလိမ့်မည်။ အချိန်ကြာမြင့်လာသောအခါ သူ၏ရုပ်ခန္ဓာက ဖြည်းဖြည်းချင်း ပြန်လည်ဖြစ်တည်လာကာ ပုံရိပ်ယောင်အသွင်မှတဆင့် ရုပ်သဏ္ဍာန်ဖြစ်ပေါ်လာ၍ တစ်ကိုယ်လုံး ရွှေရောင်တောက်ပနေသည်။ ကပ်ဘေးမိုးကြိုးများက ဆက်လက်ကျဆင်းနေပြီး သာမန်ကျင့်ကြံသူများက အတွင်းမှအခြေအနေကို မြင်နိုင်စွမ်း လုံးဝမရှိချေ။ သူက ကပ်ဘေးမိုးကြိုး၏စွမ်းအင်များကို ဆက်လက်စုပ်ယူနေစဥ် စန်းဟိုင်ကြယ်သို့ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်မှတဆင့် အမျိုးသမီးတစ်ယောက် ရောက်ရှိလာခဲ့သည်။ သူမက အသက်သုံးဆယ်အရွယ်ဖြစ်သော်လည်း လှပသောကောက်ကြောင်းများ ပိုင်ဆိုင်ထားပြီး အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ ခါးအထိရှည်သော အနက်ရောင်ဆံပင်ကို ဖြန့်ချထားသည်။ သူမက မြင့်မြတ်သောအသွင်ကိုဆောင်ပြီး မျက်နှာသဏ္ဍာန်က ရောင်ယွမ်နှင့် အနည်းငယ်ဆင်တူနေသည်။ သူမ၏ခန္ဓာကိုယ်ပတ်လည်တွင် ပိုးဖဲကြိုးများရစ်ပတ်နေ၍ ခန္ဓာကိုယ်တစ်ခုလုံး အဖြူရောင်အလင်းများ လွှမ်းခြုံနေသည်။ ထူးဆန်းသောအချင်းအရာမှာ သူမက မြေပြင်ထက်တွင် လမ်းလျှောက်လာခြင်းမဟုတ်ဘဲ မြေပြင်အထက်မှ ဝိညာဥ်တစ်ခုကဲ့သို့ မျောလွင့်လာခြင်းဖြစ်သည်။ တာအိုနတ်အဆင့်ကျင့်ကြံသူများက သူမရောက်ရှိလာသည်ကို မြင်နိုင်စွမ်းမရှိဘဲ ကပ်ဘေးစွမ်းအင်များကိုစုပ်ယူ၍ ဆက်လက်ကျင့်ကြံနေကြသည်။

အမျိုးသမီးသည် ထိုကျင့်ကြံသူများ၏ ခန္ဓာကိုယ်အတွင်းမှ ပုံရိပ်ယောင်တစ်ခုကဲ့သို့ ဖြတ်ကျော်ပျံသန်းလာသော်လည်း သူတို့က အနည်းငယ်မျှပင် အာရုံခံနိုင်ခြင်း မရှိပေ။ သူမက ဤကမ္ဘာကြီးပေါ်တွင် အမှန်တကယ်တည်ရှိနေခြင်း ဖြစ်ပုံမရချေ။

"ရွှေမီးလျှံနတ်မိုးကြိုးကပ်ဘေးက ပိုပြီးပြင်းထန်လာနေပြီ။ နောက်ထပ်ကျင့်ကြံလို့ မရတော့ဘူး"

"စွမ်းအင်တွေကို ဆက်ပြီးစုပ်ယူနေရင် ပေါက်ကွဲပြီး သေဆုံးသွားလိမ့်မယ်"

ကျင့်ကြံသူငါးယောက်က ခဲခဲယဥ်းယဥ်းထရပ်လိုက်ပြီး စန်းဟိုင်ကြယ်၏ထွက်ပေါက်ထံ အလျင်အမြန် ထွက်​ပြေးလိုက်ကြသည်။ နှစ်ယောက်က ထွက်ပေါက်အတွင်း လှစ်ခနဲပြေးဝင်သွား၍ အောင်မြင်စွာ တည်နေရရွှေ့​ပြောင်းသွားသော်လည်း ကျန်သုံးယောက်က အနည်းငယ်တုံ့ဆိုင်းနေသဖြင့် နတ်မိုးကြိုးများ ကျဆင်းလာခဲ့သည်။ သူတို့က ထိုစွမ်းအင်များကြောင့် ပေါက်ကွဲ၍သေဆုံးကာနီးတွင် အမျိုးသမီးက တစ်ချက်လှုပ်ရှားလိုက်သောအခါ ပတ်ဝန်းကျင်ရှိ အဆင့်တက်မိုးကြိုးများက ခဏတာ ရပ်တန့်သွားခဲ့သည်။ ကျင့်ကြံသူသုံးယောက်က အခွင့်အရေးကို အကောင်းဆုံးအသုံးချကာ ထွက်ပေါက်အတွင်း တစ်ယောက်ပြီးတစ်ယောက် ပြေးဝင်သွားကြ၏။ သူတို့က သေဆုံးလုနီးပါးဖြစ်ခဲ့ရပြီး မိုးကြိုးများ ရုတ်တရက်တန့်သွားခြင်းမှာ ကံကောင်းမှုတစ်ခုဟု ခံစားနေရသည်။ သူတို့ကို အမျိုးသမီးတစ်ယောက်က ကယ်တင်ပေးခဲ့ကြောင်းကိုမူ လုံးဝမသိခဲ့ကြပေ။ သူမသာ ကယ်တင်ပေးခဲ့ခြင်းမရှိလျှင် ထိုသုံးယောက်မှာ ကပ်ဘေးမိုးကြိုးများအကြား အလောင်းဖြစ်နေပေလိမ့်မည်။

စန်းဟိုင်ကြယ်ပေါ်တွင် ထိုအမျိုးသမီးတစ်ယောက်သာ ကျန်ရစ်ခဲ့ပြီး သူမ၏လှပကြည်လင်သော မျက်ဝန်းများက ယဲ့ချန်ကို စိုက်ကြည့်နေသည်။ ကြယ်တစ်ခုလုံးက အဆင့်တက်ကပ်ဘေးကြောင့် ဗြောင်းဆန်ပြီး ရွှေရောင်အလင်းများ ပြည့်နှက်နေသော်လည်း သူမက ယဲ့ချန်၏အခြေအနေကို ရှင်းလင်းစွာ မြင်နေခဲ့သည်။

"ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာကို ငါးပုံတစ်ပုံအထိ အောင်မြင်ထားတယ်။ မင်းက စီမုကိုသုံးဖို့ ဆန္ဒမရှိတာ နှမြောစရာပါပဲ။ ဒါကိုအသုံးပြုလိုက်ရင် မင်းက ပိုပြီးအစွမ်းထက်လာမှာ သေချာတယ်။ ဘယ်သူကများ ဒီဓားပျံကို ဖန်တီးခဲ့တာလဲ။ ဒါက အစွမ်းထက်လွန်းလို့ ငါတောင်မှ ဒီရတနာရဲ့ အတိတ်နဲ့ အနာဂတ်ကို မတွက်ချက်နိုင်ဘူး"

သူမက မျက်မှောင်ကြုတ်၍ စကားလုံးအနည်းငယ် ရေရွတ်လိုက်သည်။ သူမက လက်ချောင်းများကိုအသုံးပြု၍ တစ်စုံတစ်ခုကို တွက်ချက်နေသော်လည်း ခဏအကြာတွင် ခေါင်းယမ်း၍ သက်ပြင်းချလိုက်မိသည်။ ထို့နောက် သူမသည်လည်း စန်းဟိုင်ကြယ်၏ထွက်ပေါက်အတွင်း ဝင်ရောက်သွားကာ ကောင်းကင်မူလကြယ်သို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။ ယဲ့ချန်သည် တစ်စုံတစ်ယောက်က သူ့ကိုစောင့်ကြည့်ခဲ့ကြောင်း သတိမထားမိပေ။ ရွှေမီးလျှံနတ်မိုးကြိုးဖြင့် ထပ်ကာထပ်ကာသန့်စင်ခံရပြီးနောက် ရုပ်ခန္ဓာက ရွှေရောင်မှ ကျောက်စိမ်းရောင်သို့ ပြန်လည်ပြောင်းလဲသွားခဲ့သည်။ သူ၏မျက်လုံးများ ပွင့်လာပြီးနောက် ခန္ဓာကိုယ်မှ အပြောင်းအလဲများကြောင့် ဝမ်းသာသွားခဲ့သည်။ အဆင့်တက်ကပ်ဘေးကြောင့် ၎င်း ကငါးဆအထိ ပို၍အစွမ်းထက်လာကာ အသစ်ပြန်လည်မွေးဖွားလာသည်နှင့် ဆင်တူပြီး ဒန်တန်အတွင်းမှ ကြယ်ကိုးလုံးကလည်း ပို၍အစွမ်းထက်လာကြသည်။

"ရွှမ်အဆင့်"

ယဲ့ချန်သည် ရွှမ်အဆင့်တစ် ကျင့်ကြံသူဖြစ်သော်လည်း စွမ်းအားအရာတွင် အဆင့်ငါးနှင့်အထက် ကျင့်ကြံသူများကို တိုက်ခိုက်နိုင်စွမ်း ရှိလာခဲ့သည်။ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သောအခါ ဒန်တန်အတွင်း၌ ရတနာသုံးခုက မျောလွင့်နေပြီး ကပ်ဘေးစွမ်းအင်များစွာနှင့် သန့်စင်ခံရပြီးနောက် ကောင်းကင်တုန်ခါဆေးအိုးနှင့် နတ်ဆိုးဖိနှိပ်နာရီက ပြောင်းလဲနေသောကြောင့် အဆင့်ခြောက် တာအိုလက်နက်များ ဖြစ်လာနိုင်သည်။ မူလတွင် သူကရွှေ မီးလျှံနတ်မိုးကြိုးကပ်ဘေးကို ရင်ဆိုင်နိုင်မည်ဟု မျှော်လင့်မထားသော်လည်း အောင်မြင်ခဲ့ပြီး ကျင့်ကြံခြင်းရော ရုပ်ခန္ဓာပါ များစွာပို၍ အစွမ်းထက်လာခဲ့သည်။ နောက်ဆုံးတွင် သူက အသစ်ပြန်လည်မွေးဖွားလာခဲ့ပြီး ကျင့်ကြံရေးလမ်းစဥ်တွင် နောက်တစ်ဆင့်တက်နိုင်ခဲ့သည်။

"ကောင်းကင်မူလတိုက်ကြီးကိုပြန်ဖို့ အချိန်တန်ပြီ"

ယဲ့ချန်က တင်ပျဥ်ခွေထိုင်နေရာမှ လှစ်ခနဲပျောက်ကွယ်သွားပြီး မိုင်တစ်ထောင်အဝေးရှိ စန်းဟိုင်ကြယ်၏ထွက်ပေါက်မှတဆင့် ပြန်လည်ထွက်ခွာသွားခဲ့သည်။ ရန်ယွင်မြို့၏အပြင်ဘက်ရှိ တောင်ကြားတွင် လူပေါင်းများစွာက ရင်ပြင်ထက်တွင် စုဝေး၍ ဆွေးနွေးနေကြသည်။ စန်းဟိုင်ကြယ်ပေါ်မှဖြစ်ရပ်ကို ကျင့်ကြံသူတစ်ယောက်က လျှို့ဝှက်နည်းလမ်းတစ်ခုဖြင့် မှတ်တမ်းတင်နိုင်ခဲ့သောကြောင့် လူတိုင်း သိရှိနေပြီဖြစ်သည်။ အားလုံးက စိတ်ရှုပ်စွာ ဆွေးနွေးနေကြပြီး ရွှမ်အဆင့်သို့တက်ရာတွင် ရွှေမီးလျှံနတ်မိုးကြိုးကပ်ဘေးကိုပင် ကျဆင်းလာနိုင်စေသော ရုပ်ခန္ဓာအကြောင်း အဖြေထုတ်နေကြသည်။

ယဲ့ချန်က ထွက်ပေါက်အတွင်းမှ လမ်းလျှောက်လာသောအခါ လူတိုင်း၏အကြည့်က ပြိုင်တူကျရောက်လာခဲ့သည်။ သူတို့၏မျက်နှာထက်တွင် အံ့သြခြင်း၊ ထိတ်လန့်ခြင်း၊ သံသယဝင်ခြင်းစသော ခံစားချက်ပေါင်းစုံ ထင်ဟပ်နေသည်။ သူတို့က အချိန်ကြာမြင့်စွာ မင်သက်နေကြပြီး နေရာ၌ပင် ငေးငိုင်နေကြသည်။ သိပ်မကြာသေးခင်ကမှ သူတို့သည် ရွှေမီးလျှံနတ်မိုးကြိုး၈၁စင်းကို ဆွဲဆောင်ခဲ့သော ယဲ့ချန်၏ကံဆိုးမှုအကြောင်း ဆွေးနွေးခဲ့ကြသည်။ မှတ်တမ်းပုံရိပ်များအရ ယဲ့ချန်က သေဆုံးမည်မှာ သေချာပေါက်ဖြစ်သော်လည်း လက်ရှိတွင် ထိုလူက ခြစ်ရာပင်မထင်ဘဲ စန်းဟိုင်ကြယ်မှ ပြန်ရောက်လာခဲ့သည်။

"ဘာတွေဖြစ်ကုန်တာလဲ။ သူက ဘာကြောင့် မသေသွားတာလဲ"

"ကာကွယ်ပေးမယ့် အစွမ်းထက်ကျင့်ကြံသူတွေ မရှိတာတောင်မှ သူက ရွှေမီးလျှံနတ်မိုးကြိုး၈၁စင်းကို အသက်ရှင်လျက် ကျော်ဖြတ်နိုင်ခဲ့တာလား"

"တာအိုနတ်အဆင့် ကျင့်ကြံသူတစ်ယောက်ဆိုရင်တောင် အနည်းဆုံး အဆင့်ခုနစ်မဟုတ်ရင် ရွှေမီးလျှံနတ်မိုးကြိုး ရှစ်ဆယ့်တစ်စင်းကို ခုခံနိုင်မှာ မဟုတ်ဘူး။ သူက ဘယ်လိုလုပ် အဆင်ပြေနေရတာလဲ"

"ဒါကြီးက ဘယ်လိုမှယုံကြည်စရာ မရှိဘူး"

"ရွှမ်အဆင့် ကျင့်ကြံသူတစ်ယောက်က ရွှေမီးလျှံနတ်မိုးကြိုးကပ်ဘေးကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့တယ်လား"

လူတိုင်း၏စိတ်ထဲတွင် ယဲ့ချန်နှင့်ပတ်သက်သော မေးခွန်းပေါင်းစုံ ထွက်ပေါ်လာခဲ့လေသည်။

All Chapters