ကျိယွမ်ကြယ်မှ တိမ်နန်းတော်
Vol. 45 Ch. 622
"စစ်ဧကရာဇ်တွေအများကြီးက ဒီအကြောင်းကို ဆွေးနွေးပြီး ယဲ့ချန်မှာ အထူးရုပ်ခန္ဓာတစ်ခု ပိုင်ဆိုင်ထားနိုင်တယ်လို့ ခန့်မှန်းခဲ့ကြတယ်။ အများစုက သူ့ကို တပည့်အဖြစ် လိုချင်နေကြတယ်။ ပြီးတော့ ငါသိထားသလောက်ဆိုရင် အရှေ့ပိုင်းတိုက်ကြီးကရောက်လာတဲ့ ယဲ့မျိုးနွယ်ဝင်တွေထဲမှာ ဆယ်ယောက်ကျော်က ကြယ်ဝိညာဉ်ပေါင်းစပ်နှုန်း ငါးဆယ်ကျော်တယ်။ ဒီမျိုးနွယ်က အံ့သြစရာကောင်းလောက်အောင် ပါရမီရှင်တွေ ပြည့်နှက်နေပြီး နှစ်တစ်ရာအတွင်း စစ်ဧကရာဇ်တစ်ဒါဇင်လောက် ပိုင်ဆိုင်သွားလိမ့်မယ်။ ဒီလိုမျိုးနွယ်တစ်ခုကို စော်ကားမယ်ဆိုရင် ဉာဏ်ရှိတဲ့အလုပ် မဟုတ်ဘူး။ ဆရာတူညီလေး ဒီကိစ္စကို လက်စားမချေပါနဲ့တော့"
ယိရွှမ်က ယိရန်ကို ဖြောင်းဖျလိုက်ခြင်း ဖြစ်သည်။
"ဆရာကရော လက်လျှော့မယ်လို့ ပြောလား"
ယိရန်၏ခေါင်းက ငိုက်စိုက်ကျသွားပြီး တိတ်ဆိတ်သွားကာ မျက်လုံးများတွင် သွေးရောင်တောက်ပနေသည်။
"ဆရာလည်း အတော်အခက်တွေ့နေတယ်။ ငါတို့ ကသူ့တပည့်တွေ ဖြစ်တယ်ဆိုမှတော့ ဒီလောက်ပြဿနာများစေလို့ မကောင်းဘူးမလား"
ယိရွှမ်က သက်ပြင်းတစ်ချက်ချ၍ ယိရန်၏ပခုံးကို ပုတ်ကာ နှစ်သိမ့်လိုက်၏။
"လင်မျိုးနွယ်ကို မထိနိုင်ရင်တောင် အဆင်ပြေတယ်။ ဒါပေမယ့် ယဲ့ချန်တစ်ယောက်တည်းကို ဘာလို့လက်စားချေခွင့် မရှိတာလဲ။ ငါ လက်မခံနိုင်ဘူးကွ"
ယိရန်က ကောင်းကင်သို့ မော့ကြည့်၍ ရုတ်တရက်အော်ဟစ်လိုက်ပြီး မျက်လုံးများက အဆမတန် ပြူးကျယ်လာ၏။ သူ၏ကိုယ်တွင်းရှိ အရှိန်အဝါက ဗြောင်းဆန်သွားပြီး ခဏအတွင်း တစ်ခေါင်းလုံးရှိဆံပင်များ ဆွတ်ဆွတ်ဖြူသွားခဲ့သည်။
"ဆရာတူညီလေး စိတ်လျှော့ပါ"
ယိရန် ရူးသွပ်သွားသဖြင့် ယိရွှမ်က အနည်းငယ်အံ့သြသွားသော်လည်း မျက်ဝန်းများတွင် အပြုံးရိပ်သန်းနေသည်။
"ဒီလိုဆိုမှတော့ ငါ အသက်ဆက်ရှင်နေလို့ ဘာထူးမှာလဲ"
ယိရန်သည် အစွမ်းကုန်ကြိုးစား၍ ကျင့်ကြံခဲ့သော်လည်း လက်ရှိတွင် ဟာသတစ်ခုသာ ဖြစ်နေသောကြောင့် အော်ဟစ်ကြုံးဝါးရင်း မြေပြင်တွင် ပက်လက်လန်လဲကျသွားကာ ဒေါသကြောင့် သတိလစ်သွားခဲ့သည်။
"ဆရာတူညီလေး ဘာတွေဖြစ်နေတာလဲ"
ယိရွှမ်သည် ဤမျှအခြေအနေဆိုးသွားမည်ဟု ထင်မထားသောကြောင့် ခဏတာမင်သက်သွားပြီးမှ ယိရန်ကိုကူညီရန် အလျင်အမြန် ချဥ်းကပ်လာခဲ့သည်။ ခဏအကြာတွင် ဧကရာဇ်လင်းသည်လည်း သတင်းရလိုက်သောအခါ တပည့်အနည်းငယ်ခြံရံ၍ အလောတကြီးရောက်လာခဲ့သည်။
"ယိရန်က ဘာဖြစ်နေတာလဲ"
ဧကရာဇ်လင်းက သူ၏ပတ်လည်ရှိ ရွှေရောင်အလင်းများကို ရုတ်သိမ်းကာ စိုးရိမ်တကြီးမေးလိုက်သည်။
"ဆရာတူညီလေးက ယဲ့ချန်နဲ့ လင်မျိုးနွယ်ရဲ့ လက်ရှိအခြေအနေကို သိသွားတယ်။ ဒါကြောင့် သူ့အသက်ရှူခြင်းက မူမမှန်ဖြစ်သွားပြီး ချီဖောက်ပြန်သွားလို့ ဒေါသကြောင့် သတိလစ်သွားခဲ့ပါတယ် ဆရာ"
ယိရွှမ်က ရိုရိုသေသေ တင်ပြလိုက်သော်လည်း အရာရာကိုပြောခဲ့သူက သူကိုယ်တိုင်ဖြစ်ကြောင်းကိုမူ ဖုံးကွယ်ထားခဲ့သည်။
"ယိရန် ငါ့တပည့်လေး ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ မင်းက ဒီလောက်ခံစားခဲ့ရတာကို ဆရာက လက်စားချေပေးမှာပါ။ ဘာကြောင့် ကျင့်ကြံခြင်းကို အထိခိုက်ခံရတာလဲ"
ဧကရာဇ်လင်းက ခေါင်းယမ်း၍ သက်ပြင်းတစ်ချက်ချလိုက်သည်။ ထို့နောက် သူက အစေခံများကိုအမိန့်ပေး၍ သူ့ကို အခန်းတွင်း ခေါ်ဆောင်သွားစေခဲ့သည်။
"မင်းတို့က ယိရန်ကို စောင့်ကြည့်ထားကြ။ သူ့ကျင့်ကြံဆင့် ပြန်ကောင်းလာရင် ပြဿနာထပ်မဖြစ်စေနဲ့"
ဧကရာဇ်လင်းက ယိရွှမ်နှင့် တပည့်များကို ညွှန်ကြားလိုက်သည်။
"ဟုတ်ကဲ့ ဆရာ"
သူတို့အားလုံးက လျင်မြန်စွာ ခေါင်းညိတ်လိုက်ကြသည်။
ကျိယွမ်ကြယ်ပေါ်ရှိ မြေအောက်နယ်မြေအတွင်း ယဲ့ချန်သည် ရွှမ်လင်းနှင့်အတူ လိုက်ပါလာခဲ့ပြီး ရှည်လျားကျဥ်းမြောင်းသော ဥမင်တလျှောက် ခရီးဆက်ခဲ့ရသည်။ ၎င်းက မြေအောက်သို့ ဦးတည်ဖောက်လုပ်ထားကာ တစ်နေရာအရောက်တွင် ကျောက်တုံးတံတားတစ်ခုထံ ရောက်ရှိလာကြ၏။ ကျောက်သားအတိဖြင့် ပြုလုပ်ထားသော တံတားပေါ်မှငုံ့ကြည့်လိုက်လျှင် အောက်ဘက်ရှိ ချောက်နက်အတွင်း အနီရောင်ချော်ရည်များ ပွက်ပွက်ဆူနေသည်ကို မြင်နိုင်သည်။ ၎င်းတို့က အလွန်ဝေးကွာနေသော်လည်း အပူချိန်မြင့်လွန်းသဖြင့် မျက်နှာကိုပင် အပူရှိန်ဟပ်နေခဲ့သည်။ သူက ရွှမ်လင်းနှင့် လိုက်ပါလာသော်လည်း မည်သည့်နေရာသို့ ဦးတည်နေကြောင်း မသိခဲ့ပေ။ နာရီအနည်းငယ်ကြာအောင် လမ်းလျှောက်ခဲ့သော်လည်း ဦးတည်ရာသို့မရောက်သေးသဖြင့် မြေမျက်နှာပြင်နှင့် ကီလိုမီတာသောင်းချီ ကွာဝေးနေပြီဖြစ်သည်။ ပတ်ဝန်းကျင်ရှိ ကျောက်သားနံရံများကို လူသားများ ထွင်းထုထားခြင်းဖြစ်သောကြောင့် ဤဥမင်ကို ဆောက်လုပ်ထားသည့် ရည်ရွယ်ချက်အား သူက စိတ်ထဲမှ အဖြေရှာနေမိသည်။
"စီနီယာ ဒီဥမင်လမ်းကြောင်းက ဘယ်ကိုဦးတည်နေတာလဲ"
နောက်ဆုံးတွင် သူက သိချင်စိတ်ကို မထိန်းချုပ်နိုင်တော့သဖြင့် စပ်စုလိုက်ခြင်းဖြစ်သည်။
"ရောက်ရင် မင်း သိပါလိမ့်မယ်"
ရွှမ်လင်းက သူ့ကိုလှည့်ပင်မကြည့်ဘဲ ရှေ့သို့သာ ဆက်လက်လျှောက်လှမ်းနေသည်။ သူက ခါးကိုင်းနေသော်လည်း အရှိန်က အလွန်လျင်မြန်နေသည်။ ယဲ့ချန် ကမျက်မှောင်ကြုတ်၍ အဝေးသို့မျှော်ကြည့်လိုက်သော်လည်း မှောင်မည်းနေသော ဥမင်၏အဆုံးကို မမြင်နိုင်ခဲ့ပေ။ မြေအောက်သို့ရောက်လာလေလေ သူက ချော်ရည်များအပေါ် လမ်းလျှောက်နေသကဲ့သို့ ပူလောင်လာလေလေဖြစ်ပြီး သူ မည်သို့တွေးနေပါစေ၊ ရွှမ်လင်းက မရပ်မနားရှေ့ဆက်နေသည်။ အချိန်ခဏအကြာတွင် ရွှမ်လင်းထံမှ ခပ်သြသြစကားသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ငါတို့ရောက်ခါနီးပြီ"
ယဲ့ချန်သည် ရွှမ်လင်း၏စကားကြောင့် သိချင်စိတ်များ အလွန်တရာဖြစ်ပေါ်လာသည်။ သို့သော် အောက်သို့ရောက်လေလေ ပို၍ပူလောင်လာလေလေဖြစ်ပြီး အသားအရေပေါ်တွင် ဖျိုးဖျိုးဖျစ်ဖျစ်မြည်သံပင် ထွက်ပေါ်လာသည်။ ထို့ကြောင့် သူက အပူဒဏ်ကို ကာကွယ်ရန်အတွက် တောက်လောင်မီးလျှံကျင့်စဥ်ကို လည်ပတ်လိုက်ရသည်။ အချိန်ခဏကြာသောအခါ သူတို့က ဥမင်အတွင်းမှထွက်လိုက်ကြပြီး မြင်လိုက်ရသော မြင်ကွင်းက ယဲ့ချန်ကို လုံးဝမင်သက်သွားစေခဲ့သည်။ သူက မြေအောက်တွင် ဤမျှအံ့သြဖွယ်ကောင်းသော မြင်ကွင်းမျိုး တွေ့မြင်ရမည်ဟု မျှော်လင့်မထားပေ။
သူ၏ရှေ့တွင် အနီရောင်ချော်ရည်များ ပြည့်နှက်နေသော ပင်လယ်ကြီးတစ်ခုရှိနေပြီး အဆုံးကိုပင် မမြင်နိုင်ပေ။ ၎င်းအတွင်း မိုးကြိုးရွှေဖြင့်ဖန်တီးထားသော လမ်းတစ်ခုတည်ရှိနေကာ ချော်ရည်ပင်လယ်၏ အလည်တည့်တည့်တွင် ကြီးကျယ်ခမ်းနားသော ရွှေရောင်နန်းတော်ကြီးတစ်ခုကို ချော်ရည်လှိုင်းလုံးများကြား ဝေဝေဝါးဝါးမြင်တွေ့နိုင်သည်။ နေရာတိုင်း အနီရောင်ချော်ရည်များပြည့်နှက်နေပြီး မျက်နှာပြင်ထက်တွင် ရွှေရောင်များ အလင်းပြန်နေသည်။ ၎င်းက ရှေးဟောင်းနတ်ဘုရားကြီးတစ်ပါးပမာ တည်ရှိနေပြီး မရေမတွက်နိုင်သော လှေကားထစ်များ၊ မီတာရာချီမြင့်သော တိုင်လုံးကြီးများနှင့် အိပ်မက်ဆန်ဆန် လှပနေခဲ့သည်။ ကြီးမားပြင်းထန်သော ဖိအားတစ်ခုလည်း ထွက်ပေါ်လာသဖြင့် ရောက်ရှိလာသူတိုင်းကို အညံ့ခံသွားစေနိုင်အောင် အစွမ်းထက်နေသည်။ ကျယ်ဝန်းဖြောင့်တန်းသော လမ်းက ချော်ရည်များအကြား တိုးထွက်သွားပြီး အနီရောင်မြူခိုးများအကြား ပျောက်ကွယ်သွားခဲ့သည်။
ရှေ့တည့်တည့်မှ ထူးဆန်းလွန်းသော မြင်ကွင်းကြောင့် ယဲ့ချန်မှာ မင်သက်သွားပြီး အချိန်ကြာမြင့်သည်အထိ သတိပြန်ဝင်မလာခဲ့ပေ။ သူက ဓားပျံကို ချက်ချင်းအသက်သွင်း၍ တုန်ခါစေလိုက်သောအခါ ကောင်းကင်ချီများစွာ ထွက်ပေါ်လာသဖြင့် နန်းတော်မှ ဖိအားဒဏ်က များစွာလျော့ကျသွားသည်။ ရွှေရောင်လမ်းရှေ့တွင် ရပ်စောင့်နေသော ရွှမ်လင်းက သူ့ကို တအံ့တသြလှည့်ကြည်လာခဲ့သည်။ ဖိအားကြောင့် ယဲ့ချန်ဒူးထောက်သွားရမည်ဟု သူက ထင်ထားသော်လည်း တစ်ဖက်လူက ရိုးရှင်းပုံမရချေ။
"စီနီယာ ဒါက ဘယ်လိုနေရာမျိုးလဲ"
ယဲ့ချန်က အဝေးသို့ငေးကြည့်နေရင်း မေးလိုက်ခြင်းဖြစ်သည်။ ကျိယွမ်ကြယ်၏မြေအောက်တွင် ဤမျှလှပခမ်းနားသော နန်းတော်တစ်ခုရှိနေမည်ဟု သူက မျှော်လင့်မထားပေ။
"ငါတို့က ဒါကို တိမ်နန်းတော်လို့ ခေါ်တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ကြယ်သခင်၁၂ယောက်ကိုယ်တိုင် ဆောက်လုပ်ခဲ့ကြတယ်။ ငါကလွဲလို့ ဘယ်သူမှ ဒီနေရာကို မဝင်ရောက်ဖူးဘူး။ ငါတောင်မှ အပြင်ဘက်ပိုင်းကိုပဲဝင်ရောက်နိုင်ပြီး နန်းတော်ရဲ့အတွင်းပိုင်းကို မဝင်နိုင်ခဲ့ဘူး။ ကြယ်သခင်တွေက ဒီနန်းတော်ကို ဘာကြောင့်ဆောက်လုပ်ခဲ့တာလဲ ဆိုတာကို မသိဘူး"
"ဒါဆိုရင် ခင်ဗျားက ကျုပ်ကို ဘာကြောင့် ဒီနေရာအထိ ခေါ်လာရတာလဲ စီနီယာ"
နတ်အစေခံတစ်ယောက်ပင် မဝင်ရောက်နိုင်သော နယ်မြေဖြစ်သောကြောင့် ယဲ့ချန်လည်း ဝင်နိုင်စွမ်းရှိမည်မဟုတ်သဖြင့် စိတ်ရှုပ်ထွေးသွားခဲ့သည်။
"တိမ်နန်းတော်ကို တည်ဆောက်ပြီးချိန်မှာ ကြယ်သခင်တွေက သဲလွန်စမကျန်အောင် ပျောက်ကွယ်သွားကြတယ်။ ကျိယွမ်ကြယ်ကလည်း နှစ်သောင်းချီကြာတဲ့အထိ အခြားကြယ်တွေနဲ့ အဆက်အသွယ်ပြတ်သွားခဲ့တယ်။ တိမ်နန်းတော်ရဲ့လျှို့ဝှက်ချက်ကို ဘယ်သူတွေ သိထားမယ်ထင်လဲ"
ရွှမ်လင်းက ဆန်းကျယ်စွာပြုံး၍ ယဲ့ချန်ကို မေးခွန်းပြန်ထုတ်လိုက်သည်။
"တိမ်နန်းတော်ကို ဆောက်လုပ်ခဲ့တဲ့ ကြယ်သခင်၁၂ယောက်က ပျောက်ကွယ်သွားတယ်။ ကျုပ်သိသလောက်ဆိုရင် ကြယ်သခင်တျန်းကလည်း ကွယ်လွန်သွားခဲ့ပြီ။ ဒီလျှို့ဝှက်ချက်က သမိုင်းမြစ်ကြီးထဲမှာ ပျောက်ကွယ်သွားမယ်ထင်တယ်။ မဟုတ်သေးဘူး။ ကြယ်သခင်တွေက လူသားတွေဖြစ်တဲ့အတွက် အချိန်ရဲ့အနိုင်ယူခြင်းကို ခံခဲ့ရတယ်။ ဒါပေမယ့် နှစ်ပေါင်းသောင်းချီ အသက်ရှင်နေနိုင်တဲ့ ကြယ်ဝိညာဥ်တွေ ရှိတယ်"
ယဲ့ချန်က မျက်မှောင်ကြုတ်၍ အလေးအနက်စဥ်းစားပြီး အဖြေထုတ်လိုက်သည်။
"မှန်တယ်။ ရှင်းဟွမ်တွေက ထာဝရအသက်ရှင်နိုင်တယ်။ အဆင့်သုံးမျိုးနွယ်ဖြစ်တဲ့ လူသားတွေက အသက်ကြီးသွားပေမယ့် အဆင့်တစ်မျိုးနွယ်တွေကတော့ ဥပစ္ဆေဒကကံကြောင့်သာမဟုတ်ရင် ထာဝရတည်ရှိနိုင်တယ်။ သူတို့က အရာအားလုံးကိုသိထားပြီး လူသားတွေရဲ့ကံကြမ္မာကို ထိန်းချုပ်နိုင်တယ်။ သူတို့က နတ်ဘုရားအစစ်အမှန်တွေပဲ"
ရွှမ်လင်း၏မျက်ဝန်းများတွင် အလင်းရောင်များ တောက်ပလာကာ အဝေးရှိနန်းတော်ကို စူးစိုက်ကြည့်နေရင်း ခေါင်းညိတ်ပြလိုက်သည်။ ရှင်းဟွမ်များကို ကောင်းကင်နတ်ဆိုးများသာ မဝါးမျိုခဲ့လျှင် သူတို့က အင်မော်တယ်များဖြစ်ကြသည်။ ဤအချင်းအရာက မှန်မမှန်ကို ယဲ့ချန်အနေဖြင့် သေချာမသိသော်လည်း ရှင်းဟွမ်များအတွက် အသက်သန်းချီရှည်ခြင်းမှာ ပုံမှန်ဖြစ်ကြောင်း နားလည်ထားသည်။ လူသားများအတွက် ဤသက်တမ်းက အဆုံးမရှိသောအချိန်နှင့် ဆင်တူသည်။ ထို့ကြောင့် တိမ်နန်းတော်ကိုဆောက်လုပ်ခဲ့သော ကြယ်သခင်များ ကွယ်လွန်သွားသော်လည်း ရှင်းဟွမ်များက သေချာပေါက်သိထားပေလိမ့်မည်။
"စီနီယာ ကျိယွမ်ကြယ်ရဲ့ရှင်းဟွမ် ဘယ်မှာရှိတယ်ဆိုတာကို သိထားပါသလား"
ယဲ့ချန်က တစ်လုံးချင်း မေးလိုက်သည်။
"ငါ မသိဘူး။ လက်ရှိအချိန်အထိ ကျိယွမ်ကြယ်ရဲ့ရှင်းဟွမ်ကို မဆက်သွယ်နိုင်ခဲ့ဘူး။ ကြည့်ရတာ သူက ငါတို့ကိုစွန့်ပစ်သွားပြီ ထင်ပါတယ်"
ရွှမ်လင်း၏မျက်လုံးများက ပြန်လည်မှိန်ဖျော့သွားကာ စိတ်ပျက်လက်ပျက်နှင့် ခေါင်းယမ်းလိုက်သည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ စီနီယာတို့က သူ့ကို ကောင်းကင်နတ်ဆိုးလက်ကနေ အစွမ်းကုန်ကာကွယ်ပေးခဲ့တယ်လေ"
"အစတည်းက ရှင်းဟွမ်ဟာ ငါတို့ကို လုံးဝမဆက်သွယ်ခဲ့ဘူး။ ငါ့အထင် သူက တစ်နေရာရာမှာ ထောင်ချောက်မိနေပြီး တိမ်နန်းတော်နဲ့ တစ်ခုခုပတ်သက်နေလိမ့်မယ်။ လျှို့ဝှက်ချက်တွေအားလုံးက ဒီနန်းတော်အထဲမှာ ရှိရမယ်။ ဒါပေမယ့် ငါက အထဲကိုမဝင်နိုင်ဘူး"
ရွှမ်လင်းက လက်ကိုင်တုတ်ကိုမှီ၍ မတ်တပ်ရပ်နေရင်း သက်ပြင်းတစ်ချက်ချလိုက်သည်။ ယဲ့ချန်ကမူ ရွှမ်လမ်းသည် သူ့ကို တိမ်နန်းတော်သို့ခေါ်လာသော အကြောင်းအရင်းကို ယခုအထိ နားမလည်သေးပေ။
"ငါ မင်းကို ခေါ်လာရတဲ့ အကြောင်းအရင်းကို သိချင်နေတာလား"
ရွှမ်လင်းက သူ၏အတွေးများကို ခန့်မှန်းမိဟန်ဖြင့် မေးလိုက်ခြင်းဖြစ်သည်။
"ဟုတ်ပါတယ်"
"ကျိယွမ်ကြယ်ရဲ့ ရှင်းဟွမ်အပြင် ဒီနေရာအကြောင်း နောက်တစ်ယောက်က သိနေနိုင်တယ်"
"ကောင်းကင်မူလကြယ်ရဲ့ ရှင်းဟွမ်"
ယဲ့ချန်က ချက်ချင်းသဘောပေါက်သွားခဲ့သည်။
"မှန်တယ်။ ကောင်းကင်မူလကြယ်ရဲ့ ရှင်းဟွမ်က ဒီအကြောင်း သေချာပေါက်သိထားနိုင်တယ်။ သူ့ရဲ့အရှိန်အဝါကို မင်းဆီကနေ ငါ အာရုံခံမိတယ်"
ရွှမ်လင်းက ခေါင်းညိတ်၍ လေးနက်စွာပြောလိုက်သည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ယဲ့ချန်က မယုံနိုင်ဟန်ဖြင့် ရေရွတ်လိုက်သည်။ အကြောင်းအရင်းက စီမုကြောင့်ဖြစ်နိုင်သော်လည်း သူက ကျိယွမ်ကြယ်သို့ ၎င်းကို ယူဆောင်လာခြင်း မရှိပေ။