← Chapters

တိမ်ကောင်းကင်ပိုက်ကွန်

Vol. 45 Ch. 623

တိမ်ကောင်းကင်ပိုက်ကွန်

Vol. 45 Ch. 623

"ငါသာမမှားရင် မင်း ဒီနေရာကိုရောက်လာအောင် ကောင်းကင်မူလကြယ်ရှင်းဟွမ်က စီစဥ်ထားတာဖြစ်ရမယ်။ ဖြစ်နိုင်တာက တိမ်နန်းတော်အတွင်းဝင်နိုင်မှာက မင်းတစ်ယောက်တည်းပဲ။ ဒါကြောင့် ငါ မင်းကို ဒီနေရာဆီ ခေါ်လာခဲ့တာဖြစ်တယ်။ ကျိယွမ်ကြယ်ရဲ့ရှေးမှတ်တမ်းတွေအရ ဒီနန်းတော်ထဲမှာ တိမ်ကောင်းကင်ပိုက်ကွန်ဆိုတဲ့ ကြယ်ဝိညာဥ် မဟာတာအိုလက်နက်တစ်ခု ရှိတယ်။ ငါတို့က ဒါကိုယူလိုက်မယ်ဆိုရင် ကျိယွမ်ကြယ်ရှင်းဟွမ်ကိုလည်း ကယ်တင်နိုင်လိမ့်မယ်။ ယဲ့ချန် ငါတို့က သူနဲ့ သေချာပေါက်ဆက်သွယ်ရမယ်။ ကျိယွမ်ကြယ်ရဲ့ သက်ရှိတွေအားလုံး ရှင်သန်ဖို့က မင်းအပေါ်မှာ မူတည်နေပြီ"

ရွှမ်လင်းက အနည်းငယ် စိတ်လှုပ်ရှားနေပုံပေါ်သည်။ သူ၏စကားကြောင့် ယဲ့ချန်၏မျက်နှာက အလွန်လေးနက်သွားပြီး ကျိယွမ်ကြယ်၏သက်ရှိများအတွက် ရှင်းဟွမ်နှင့်ဆက်သွယ်ရန် အမှန်တကယ်လိုအပ်နေသည်။ ကောင်းကင်နတ်ဆိုးနှင့် သူ၏ကျွန်ပိုးကောင်စစ်တပ်ကြီးလည်း ရောက်ရှိနေသဖြင့် သူတို့ မည်မျှစိုးရိမ်စိတ်များနေကြောင်း သိနိုင်သည်။

"တကယ်လို့ ကျုပ်သာ တိမ်နန်းတော်ထဲကိုဝင်နိုင်ရင် စီနီယာကိုကူညီပြီး ရတနာကို ယူပေးပါမယ်"

ယဲ့ချန်က တည်ကြည်စွာ ကတိပေးလိုက်ပြီး မီးခိုးများအကြားမှ မှုန်ပျပျထွက်ပေါ်နေသော နန်းတော်ထံ အကြည့်ရောက်သွားခဲ့သည်။ သူ၏စိတ်ထဲတွင် အဖြေမရှိသော မေးခွန်းများစွာ ပြည့်နှက်နေသည်။

"ကျိယွမ်ကြယ်ရှင်းဟွမ်က တစ်နေရာရာမှာ ချုပ်နှောင်ခံထားရတာဆိုရင် ကြယ်သခင်၁၂ယောက်က လုပ်ခဲ့တာများလား။ ဒါဆိုရင် သူက မကောင်းတဲ့စိတ်ထားမျိုး ရှိတာလား။ သူ့ကိုလွှတ်ပေးလိုက်ရင် ပိုပြီးအန္တရာယ်များ မလာနိုင်ဘူးလား"

"ကြယ်သခင်တွေက တိမ်နန်းတော်ကို အကြောင်းအရင်းမရှိဘဲ တည်ဆောက်ထားမှာ မဟုတ်ဘူး။ ကျိယွမ်ကြယ်က ဘယ်လိုနေရာမျိုးမို့လို့ သူတို့က ခရမ်းရောင်အလင်းစက်ကွင်းကို တည်ဆောက်ပြီး စကြဝဠာထဲကနေ ဖုံးကွယ်ထားရတာလဲ"

"ငါက မင်းကို အပြင်ပိုင်းအထိ လိုက်ပို့ပေးနိုင်ပေမယ့် အတွင်းခန်းမကို ဝင်နိုင်မဝင်နိုင်ကတော့ ကောင်းကင်ရဲ့အလိုအရပေါ့။ မင်းသာဝင်နိုင်မယ်ဆိုရင် ငါတို့အားလုံးအတွက် ကံကောင်းတယ် ပြောရမယ်။ ငါမျှော်လင့်ထားသလိုဆိုရင် ကောင်းကင်မူလကြယ်ရှင်းဟွမ်ရဲ့ အစီအစဥ်ဖြစ်လိမ့်မယ်။ ရှင်းဟွမ်တွေက လောကရဲ့ချီကိုထိန်းချုပ်နိုင်ပြီး ကျင့်ကြံသူတွေရဲ့ အတွေးနဲ့ လုပ်ရပ်ကို ထိန်းချုပ်နိုင်တယ်။ ကျိယွမ်ကြယ်ကိုရောက်လာတဲ့လူတိုင်းက သူ့ကြောင့်ဖြစ်လိမ့်မယ်ဆိုတာကို ငါ ယုံကြည်တယ်။ အကြောင်းအရင်းတစ်ခုခုတော့ ရှိရလိမ့်မယ်"

ရွှမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်ခြင်းဖြစ်သည်။ သူက များစွာလေးစားခံရသော နတ်အစေခံတစ်ဦးဖြစ်သောကြောင့် ယဲ့ချန်ကိုခြောက်လှန့်ရန် စကားအပိုများ​ပြောနေမည်မဟုတ်ပေ။ ရှင်းဟွမ်၌ အကြွင်းမဲ့အာဏာကို ဆုပ်ကိုင်ထားနိုင်ပေလိမ့်မည်။ ထို့နောက် သူက ညာလက်ဖြင့် ဖောက်ထွင်းမြင်နိုင်သော ချီဒိုင်းတစ်ခုကိုဖန်တီးကာ ယဲ့ချန်နှင့် သူကိုယ်တိုင်အား လွှမ်းခြုံလိုက်သည်။ ချော်ရည်၏အပူချိန်နှင့် တိမ်နန်းတော်မှဖိအားကို ထိုဒိုင်းက ကာကွယ်ပေးထားသောကြောင့် ယဲ့ချန်မှာ စိတ်အေးသွားခဲ့သည်။ သူတို့က ဖြောင့်တန်းကျယ်ဝန်းသော ရွှေလမ်းမကြီးအတိုင်း ချော်ရည်ပင်လယ်အတွင်း ဝင်ရောက်လာကြသည်။

"စီနီယာ ကျိယွမ်ကြယ်ရဲ့ရှင်းဟွမ်က ဘယ်လိုအရာမျိုးလဲ"

ယဲ့ချန်က စပ်စုလိုက်ခြင်းဖြစ်သည်။

"သူက အသစ်မွေးဖွားလာတဲ့ ရှင်းဟွမ်ဖြစ်ပေမယ့် အလွန်အဆင့်အတန်းမြင့်တဲ့ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတယ်။ တကယ်လို့ သူသာ ရင့်ကျက်တဲ့အရွယ်ရောက်လာမယ်ဆိုရင် သေချာပေါက် အစွမ်းထက်လိမ့်မယ်။ ဒါကြောင့် ကြယ်သခင်တွေက ကျိယွမ်ကြယ်ကို ဖုံးကွယ်ထားတာ ဖြစ်လိမ့်မယ်"

ရွှမ်လင်းက သူသိသမျှ ရှင်းပြလိုက်သည်။

"ဒါက စီနီယာရဲ့ ခန့်မှန်းချက်သက်သက်လား ဒါမှမဟုတ် ရှေးဟောင်းမှတ်တမ်းတွေထဲမှာ ရေးထားတာလား"

ရွှမ်လင်း၏စကားကြောင့် ယဲ့ချန်မှာ အံ့သြသွားပြီး အလွန်စပ်စုချင်လာခဲ့သည်။ ရှင်းဟွမ်များ၏ကမ္ဘာတွင် အရာရာတိုင်းက အံ့သြဖွယ်ကောင်းလှပေသည်။

"ခန့်မှန်းချက်သက်သက်ပါ။ ရှေးဟောင်းမှတ်တမ်းတွေမှာ ဒီအကြောင်းကို ရေးမှတ်ထားဖို့ မဖြစ်နိုင်ဘူး"

"ဒီလိုအရာတွေကို ရှေးဟောင်းမှတ်တမ်းထဲမှာ ရေးမှတ်ထားဖို့ မဖြစ်နိုင်ဘူးဆိုရင် စီနီယာက ဘာကိုအခြေခံပြီး ခန့်မှန်းလိုက်တာလဲ"

ယဲ့ချန်က အတွေးနက်နေရင်း ခါးကုန်းကုန်းဖြင့် ရှေ့သို့လှမ်းနေသော ရွှမ်လင်းနောက်မှ ကပ်လိုက်လာခဲ့သည်။ သူ၏ဆံပင်က ဆွတ်ဆွတ်ဖြူနေပြီး အသက်အရွယ်ရနေသော မျက်နှာကြောင့် နောက်ဆုံးအချိန်သို့ ရောက်နေပြီဖြစ်ကြောင်း သိနိုင်သည်။ သာမန်ကျင့်ကြံသူများအတွက် နှစ်ရာချီရှင်သန်ရန်အတွက် မခက်ခဲသော်လည်း ရွှမ်လင်းကဲ့သို့ နှစ်ပေါင်းခြောက်ထောင်ကျော်နေထိုင်ရန် မလွယ်ကူပေ။ သို့သော်လည်း သူက မည်သည့်အချိန်တွင်မဆို၊ အစွမ်းထက်အင်အားကို ထုတ်ဖော်နိုင်ကြောင်းကိုမူ ယဲ့ချန်က သံသယမရှိပေ။ နတ်အစေခံတစ်ယောက်က မည်မျှအသက်ကြီးရင့်နေပါစေ၊ အထင်သေး၍ရသော ဖြစ်တည်မှုမျိုး မဟုတ်ပေ။

ရွှမ်လင်း၏ဦးဆောင်မှုဖြင့် ယဲ့ချန်သည် ချော်ရည်ပင်လယ်ကို ကျော်ဖြတ်ခဲ့ပြီး တိမ်နန်းတော်ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။ ကြီးကျယ်ခမ်းနားသော နန်းတော်ကြီးကို မော့ကြည့်လိုက်သောအခါ သူ၏ရင်ထဲတွင် လေးစားမှုများ ဖြစ်ပေါ်လာသည်။ သူက မြူခိုးများကို ဖယ်ရှားလိုက်သောအခါ အထက်သို့မြင့်တက်သွားသော လှေကားထစ်များကို မြင်လိုက်ရသည်။ ၎င်းတို့၏အဆုံးတွင် ခမ်းနားလှသော ရွှေရောင်နန်းတော်ကြီးတစ်ခုရှိနေပြီး မြင့်မြတ်သောအသွင်ကို ဆောင်သည်။ ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းမဟုတ်သော ရွှမ်လင်းက ရှေ့မှဦးဆောင်ကာ လှေကားထစ်များထံ ခြေချလိုက်သည်။ ထိုအချိန်တွင် ၎င်းတို့ထံမှ မရေမတွက်နိုင်သော ရုန်းများနှင့်ဖွဲ့စည်းထားသည့် အလင်းကွင်းများ ထွက်ပေါ်လာသည်။ ၎င်းတို့က ရွှမ်လင်း၏ချီဒိုင်းကို ထိမှန်သွားပြီး ပြင်းထန်စွာ တုန်ခါသွားစေခဲ့သည်။ လှေကားထစ်များတွင် ထိလိုက်ရုံဖြင့် အသက်ဝင်လာသော တိုက်ခိုက်ရေးအစီအရင်တစ်ခု ခင်းကျင်းထားသဖြင့် ယဲ့ချန်က ရင်ထိတ်သွားခဲ့သည်။ ရွှမ်လင်းက လက်ကိုင်တုတ်ကို လှေကားထစ်ထံ ဆောင့်ချလိုက်သောအခါ သူ၏အရှိန်အဝါက ပို၍မြင့်တက်လာပြီး ချီဒိုင်းမှာ ပြန်လည်တည်ငြိမ်သွားခဲ့သည်။

"ဒီလှေကားထစ်တွေပေါ်ကနေ ဖြတ်ပျံသွားဖို့ မဖြစ်နိုင်ဘူး။ နတ်အစေခံအဆင့်နဲ့အထက် ကျင့်ကြံသူတွေသာ လုံလုံခြုံခြုံ ဖြတ်သန်းသွားလာနိုင်တယ်။ ကျိယွမ်ကြယ်ရဲ့ စစ်ဧကရာဇ်တစ်​ယောက်တောင်မှ ဒီလှေကားတွေပေါ်မှာ အပြင်းအထန် ဒဏ်ရာရဖူးတယ်"

ရွှမ်လင်းက ယဲ့ချန်ကို လေးလေးနက်နက် သတိပေးလိုက်သည်။ သာမန်ဆန်သော လှေကားထစ်များက ဤမျှအန္တရာယ်ရှိကြောင်း သိလိုက်ရသောအခါ ယဲ့ချန်က ရွှမ်လင်း၏ချီဒိုင်းအတွင်းမှ မထွက်ရဲတော့ဘဲ အနီးကပ် လျှောက်လှမ်းနေရသည်။ ရွှမ်လင်းနှင့် ယဲ့ချန်က ရှေ့ဆင့်နောက်ဆင့်ဆက်သွားနေပြီး လှေကားထစ်များ ပို၍မြင့်တက်လာလေလေ၊ ထွက်ပေါ်လာသော အလင်းကွင်းများက ပို၍အစွမ်းထက်လေလေဖြစ်သည်။ ရွှမ်လင်းသည်လည်း ချီဒိုင်းကို ပိုမိုခိုင်မာစေရန်အတွက် ချီများ ဆက်တိုက်ထုတ်ဖော်နေရသည်။

"နတ်အစေခံအဆင့်နဲ့အထက် ကျင့်ကြံသူတွေသာ ဖြတ်သန်းသွားလာနိုင်တဲ့ လှေကားထစ်တွေ။ ကြယ်သခင်၁၂ယောက်က တိမ်နန်းတော်ထဲမှာ ဘာတွေဖုံးကွယ်ထားတာလဲ"

ယဲ့ချန်၏စိတ်ထဲတွင် မေးခွန်းတစ်ခု ဖြစ်ပေါ်လာသည်။ အချိန်မည်မျှကြာအောင် တက်ခဲ့ရမှန်း မပြောနိုင်သော်လည်း နောက်ဆုံးတွင် သူတို့နှစ်ယောက်သည် တိမ်နန်းတော်၏ အပြင်ခန်းမဝင်ပေါက်ရှေ့သို့ ရောက်ရှိလာကြသည်။ ကျယ်ဝန်းသော စင်္ကြံလမ်းများတွင် ဆန်းကျယ်သော ခရမ်းရောင်ရုန်းများပျံသန်းနေပြီး အလင်းရောင် တဖိတ်ဖိတ်တောက်နေသည်။ ဆန်းကျယ်နက်ရှိုင်းသော အရှိန်အဝါတစ်ခုက ဘက်ပေါင်းစုံတွင် တည်ရှိနေသဖြင့် ပတ်ဝန်းကျင်​ က အံ့သြဖွယ်ကောင်းနေခဲ့လေသည်။

တိမ်နန်းတော်၏ အပြင်ခန်းမအတွင်း ကြယ်သခင်၁၂ယောက်၏ ရုပ်ပုံကိုယ်စီ ရေးထွင်းထားသော တိုင်လုံးကြီး၁၂ခု တည်ရှိနေသည်။ အားလုံးက မတူညီသောမျိုးနွယ်မှဖြစ်ကာ အဝတ်အစားမျိုးစုံ ကွဲပြားသော်လည်း တည်ကြည်လေးနက်သော အရှိန်အဝါကို ပိုင်ဆိုင်ထားကြသည်။ သူတို့အကြားတွင် တျန်းယွမ်ငယ်စဥ်က ပုံရိပ်ကိုလည်း မြင်တွေ့နိုင်သဖြင့် ယဲ့ချန်က မော့ကြည့်လိုက်မိသည်။ သူက ကျောက်စိမ်းနန်းတော်သို့ပြန်ကာ တျန်းယွမ်ထံ ဤလျှို့ဝှက်ချက်အကြောင်း မေးမြန်းချင်နေခဲ့သည်။ သို့သော်လည်း သူက ကျောက်စိမ်းနန်းတော်အတွင်း ပြန်ခဲ့သည့်တိုင်အောင် တျန်းယွမ်၏ဝိညာဥ်က ထွက်ပေါ်လာခြင်း မရှိပေ။

လေထဲတွင် ခရမ်းရောင်ရုန်းများ ပြည့်နှက်နေသဖြင့် ရုန်းပင်လယ်ကြီးတစ်ခုဖြစ်ပေါ်နေကာ လှေကားထစ်များရှိ ရွှေရောင်အလင်းကွင်းများထက် ပို၍ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။ ရွှမ်လင်း၏ချီဒိုင်းမှ ကာကွယ်ပေးထားခြင်းမရှိလျှင် ယဲ့ချန်မှာ မြေကြီးထဲ ရောက်သွားပြီဖြစ်သည်။ အပြင်ခန်းမပင် ဤမျှအန္တရာယ်များနေလျှင် အတွင်းခန်းမ၏ကြောက်မက်ဖွယ်ကောင်းပုံကို တွေးကြည့်ရုံဖြင့်ပင် သိနိုင်သည်။ ယဲ့ချန်နှင့် ရွှမ်လင်းသည် ရုန်းများပြည့်နှက်နေသော ပတ်ဝန်းကျင်ကို ချီဒိုင်းအကာအကွယ်ဖြင့် ဖြတ်ကျော်လာပြီးနောက် ရုန်းများကင်းစင်သည့်နေရာသို့ ရောက်လာခဲ့သည်။ ရွှမ်လင်းက ချီဒိုင်းကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး သူတို့၏ရှေ့တည့်တည့်တွင် ဆယ်မီတာမြင့်သော တံခါးကြီးတစ်ခု ရှိနေခဲ့သည်။ ထိုဧရာမတံခါးကြီးကို ရုန်းများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ထိပ်တည့်တည့်တွင် ဖိနှိပ်ခြင်းဟူသော စကားလုံးတစ်လုံးကို ရှေးဟောင်းဘာသာဖြင့် ရေးထိုးထားသည်။ ထိုစာလုံးက နဂါးတစ်ကောင်နှင့် ဖီးနစ်တစ်ကောင် ယှက်သန်းနေသကဲ့သို့ ထင်မှတ်ရပြီး ကြောက်မက်ဖွယ်အရှိန်အဝါကို ပိုင်ဆိုင်ထားကာ မြင်ရသူတိုင်း ကိုးကွယ်ချင်စိတ် ဖြစ်ပေါ်လာစေနိုင်သည်။ ထိုစာလုံးကို ကြည့်နေရင်းဖြင့် ယဲ့ချန်မှာ ဖိအားကြီးတစ်ခုကို ခံစားလိုက်ရသော်လည်း နှလုံးသားအတွင်းရှိ စိတ်အညစ်အကြေးများ ကင်းစင်သွားကာ ပိုမိုကြည်လင်သန့်ရှင်းလာခဲ့သည်။

ရွှမ်လင်းသည် လက်ကိုင်တုတ်ကိုအားပြု၍ ရပ်နေရပြီး ဆံပင်ဖြူများက လေမတိုက်ရပါဘဲ လူးလွင့်နေသောကြောင့် ခက်ခက်ခဲခဲ ရုန်းကန်နေရပုံပေါ်သည်။

"နတ်အစေခံတစ်ယောက်တောင် ဒီစာလုံးရဲ့ဖိအားကို မတွန်းလှန်နိုင်ဘူးလား ။ဖြစ်နိုင်တာက ကျင့်ကြံဆင့် ပိုမြင့်လေလေ၊ ဖိအား ပိုကြီးလေလေများလား"

ရွှမ်လင်းအနီးတွင်ရှိနေသော ယဲ့ချန်က သူ၏မျက်နှာကို အကဲခတ်လိုက်ပြီး စိတ်ထဲတွင် ခန့်မှန်းလိုက်ခြင်းဖြစ်သည်။

"ရှေ့ဆက်သွားမယ်ဆိုရင် တိမ်နန်းတော်ရဲ့ အတွင်းခန်းမကို ရောက်ပြီ"

ရွှမ်လင်းသည် ဖိနှိပ်ခြင်းဟူသော စာလုံး၏ဖိအားကို ကြံ့ကြံခံရင်း ရှေ့သို့တိုးကပ်သွားကာ ၎င်းနှင့် ခြေတစ်လှမ်းအကွာတွင် ရပ်လိုက်သည်။ ယဲ့ချန်က သူဆက်လုပ်မည့်အရာကို မသိသောကြောင့် တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

"ဘုန်း"

ရွှမ်လင်းက လက်တစ်ဖက်ဆန့်ထုတ်၍ တံခါးကိုတွန်းဖွင့်ရန် ထိလိုက်သောအခါ စာလုံးထံမှ အလင်းရောင်များ ဖြာထွက်လာကာ စွမ်းအားတစ်ခု ပြန့်ထွက်လာခဲ့သည်။ သူက ထိုစွမ်းအားနှင့်အတွေ့တွင် အဝေးသို့လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ဘုန်းခနဲ ပြုတ်ကျသွားခဲ့ရသည်။

"စီနီယာ အဆင်ပြေရဲ့လား"

အဖြစ်အပျက်က ရုတ်တရက်ဆန်လွန်းသောကြောင့် ယဲ့ချန်မှာ အထိတ်တလန့်ဖြစ်သွားပြီး စိုးရိမ်တကြီး တွဲထူပေးလိုက်သည်။

"ငါ အဆင်ပြေပါတယ်"

ရွှမ်လင်းက ယဲ့ချန်ကိုအားပြု၍ ပြန်လည်ထရပ်ကာ ခေါင်းယမ်းလိုက်သည်။ သူ၏ညာလက်က တိုက်စားခံထားရပြီး အရိုးများပေါ်သည်အထိ ဒဏ်ရာပြင်းထန်နေသည်။ ယေဘူယျအားဖြင့်ဆိုလျှင် နတ်အစေခံတစ်ယောက်အတွက် ပြတ်ထွက်သွားသော လက်တစ်ဖက်က မျက်တောင်တစ်ခတ်အတွင်း ပြန်ပေါက်လာနိုင်စွမ်း ရှိသည်။ သို့သော် စာလုံးက အစွမ်းထက်လွန်းသောကြောင့် ရွှမ်လင်း၏ ပြန်လည်ကောင်းမွန်နှုန်းက အလွန်တရာနှေးကွေးနေခဲ့သည်။

"ဒါက ဒဏ်ရာသေးသေးလေး တစ်ခုပါပဲ။ သိပ်မကြာခင် ပြန်ကောင်းသွားပါလိမ့်မယ်။ ကြည့်ရတာ ငါ အတွင်းခန်းမထဲကို ဝင်နိုင်မယ် မထင်ဘူး။ မင်းကို ဒီအထိပဲ လိုက်ပို့နိုင်မယ်"

ရွှမ်လင်းက သူ၏ညာလက်ကို တစ်ချက်ငုံ့ကြည့်၍ ခါးသက်သက်ပြုံးလိုက်သည်။

"စီနီယာတောင်မဝင်နိုင်ရင် ကျုပ်က ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ"

"မင်းကို ကောင်းကင်မူလကြယ်ရဲ့ရှင်းဟွမ်က အသိအမှတ်ပြုထားတယ်။ ငါ မင်းကို ယုံကြည်တယ်။ မင်းက သေချာပေါက် ဝင်နိုင်လိမ့်မယ်"

ရွှမ်လင်းသည် တံခါးကိုတလှည့် ယဲ့ချန်ကိုတလှည့် စိုက်ကြည့်၍ သေချာစွာပြောလိုက်သည်။ သူက ကျိယွမ်ကြယ်ကို နှစ်ပေါင်းများစွာ စောင့်ရှောက်ခဲ့သော နတ်အစေခံတစ်ယောက်ဖြစ်သော်လည်း အတွင်းခန်းမသို့ ဝင်ရောက်ခွင့် မရခဲ့ပေ။

"ကျုပ် ကြိုးစားပေးမယ်"

ယဲ့ချန်သည် ရွှမ်လင်းကို တစ်ချက်ကြည့်၍ တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်ကာ သဘောတူလိုက်လေသည်။

All Chapters