တိမ်ပုလဲ
Vol. 45 Ch. 624
ယဲ့ချန်သည် ရုန်းများဖြင့်ပြုလုပ်ထားသော တံခါးထံ ချဥ်းကပ်လိုက်သောအခါ ဖိနှိပ်ခြင်းစာလုံးနှင့် နီးကပ်လာသည်နှင့်အမျှ ဖိအား ပိုတိုးလာနေသည်ကို ခံစားလိုက်ရ၏။ ထိုစွမ်းအားအောက်တွင် သူ၏စိတ်က ပိုမိုကြည်လင်လာကာ စိတ်ရောရုပ်ပါ သန့်စင်ခံလိုက်ရပုံပေါ်သည်။ သူ၏ကိုယ်တွင်းရှိ ကောင်းကင်ချီများပါ သန့်စင်သွားပြီး ဓားပျံကလည်း အလင်းရောင်များ ဖြာထွက်နေသည်။ ထို့နောက် တစ်စုံတစ်ခုမှဆင့်ခေါ်နေသကဲ့သို့ ခံစားလိုက်ရပြီး စာလုံးထံမှ ဖိအားက ဖြည်းဖြည်းချင်း လျော့နည်းလာနေခဲ့သည်။ သူက ခြေတစ်လှမ်းရှေ့တက်လိုက်ပြီး တံခါးကို လက်ဖြင့်ထိလိုက်သောအခါ သူ၏ညာလက်တစ်ဖက်လုံး အတွင်းသို့ ဖြတ်သန်းဝင်ရောက်သွားကြောင်း တွေ့လိုက်ရသည်။ သူက အလွန်အံ့သြသွားသော်လည်း တံခါးအတွင်း တိုးဝင်လိုက်သဖြင့် ခန္ဓာကိုယ်တစ်ခုလုံး ရောက်ရှိသွားကာ တိုက်ရိုက်ဖြတ်သန်းသွားခဲ့သည်။
"သူက တကယ့်ကို ကောင်းကင်မူလကြယ်ရဲ့ ရွေးချယ်ခံဖြစ်နေတာပဲ"
တံခါးအတွင်း ပျောက်ကွယ်သွားသော ယဲ့ချန်၏ပုံရိပ်ကိုကြည့်ကာ ရွှမ်လင်း၏မျက်နှာထက်တွင် အပြုံးတစ်ခု ရှားရှားပါးပါးဖြစ်ပေါ်လာသည်။ သူ၏မျက်ဝန်းများအတွင်း ထူးဆန်းသည့်အရိပ်အယောင်များ ထင်ဟပ်လာကာ တစ်စုံတစ်ခုကို တွေးတောနေပုံပေါ်သည်။ သူက တိတ်ဆိတ်စွာမတ်တပ်ရပ်၍ ယဲ့ချန်ပြန်အလာကို စောင့်ဆိုင်းလိုက်သည်။
တိမ်နန်းတော်၏အတွင်း၌ ယဲ့ချန်သည် မြင်လိုက်ရသော မြင်ကွင်းကြောင့် တအံ့တသြဖြစ်သွားခဲ့သည်။ ထိုနေရာတွင် အချင်းမီတာတစ်ရာခန့်ရှိသော ရေကန်တစ်ခုတည်ရှိနေပြီး သွေးရောင်အရည်များ ပြည့်နှက်နေသည်။ ၎င်း၏အလယ်တွင် ပြန့်ပြူးသော ရေလယ်ကျွန်းတစ်ခုဖြစ်ပေါ်နေကာ လမ်းကျဥ်းလေးတစ်ခုဖြင့် ဆက်သွယ်ထားသည်။ ထိုကျွန်းပေါ်ရှိ လေထုထဲတွင် ငွေရောင်ပန်းကန်ပြားတစ်ချပ်အရွယ် ပုလဲတစ်လုံးနှင့် ခရမ်းရောင်ဖဲကြိုးတစ်ခု မျောလွင့်နေသည်။ ရွှမ်လင်း၏အဆိုအရ ထိုဖဲကြိုးသည် ကြယ်ဝိညာဥ် မဟာတာအိုလက်နက် တိမ်ကောင်းကင်ပိုက်ကွန် ဖြစ်ပေလိမ့်မည်။ ပုလဲအကြောင်းကိုမူ သူက မပြောခဲ့ဖူးသဖြင့် ၎င်းကို ရှေးမှတ်တမ်းများတွင် မှတ်တမ်းတင်ထားခြင်း မရှိသောကြောင့် မသိခြင်းဖြစ်နိုင်သည်။ ကြယ်ဝိညာဥ် မဟာတာအိုလက်နက်တစ်ခုနှင့်အတူ မျောလွင့်နေသောကြောင့် ၎င်းက ရိုးရှင်းမည်မဟုတ်ပေ။
ယဲ့ချန်သည် တိမ်ကောင်းကင်ပိုက်ကွန်ကို အလွယ်တကူရယူနိုင်မည်ဟု မျှော်လင့်မထားပေ။ သူက အလွန်တရာခက်ခဲမည်ဟု မှန်းဆထားခဲ့သော အကြောင်းအရင်းမှာ ရွှမ်လင်းကဲ့သို့ နတ်အစေခံတစ်ယောက်ပင် အတွင်းခန်းမသို့ မဝင်နိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဤကိစ္စက သေချာပေါက်ရိုးရှင်းမည် မဟုတ်ချေ။ သူက ရှေ့ဆက်လျှောက်လှမ်းရန် ပြင်လိုက်စဥ် ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ချဥ်းကပ်လာသည်ကို ခံစားလိုက်ရ၏။ ရေကန်အတွင်း၌ ရေစီးကြောင်းများဖြစ်ပေါ်လာကာ အနီရောင်အရည်များအောက်တွင် ကြောက်မက်ဖွယ်အရာတစ်ခု ရှိနေနိုင်သောကြောင့် သူက စိုးရိမ်သွားခဲ့သည်။
"တိမ်ကောင်းကင်ပိုက်ကွန်ကိုစောင့်ကြပ်ဖို့ ရေကန်ထဲမှာ တစ်ယောက်ယောက် ရှိနေတာလား"
ယဲ့ချန်က ဝိညာဥ်အသိစိတ်ဖြင့် ရေကန်ကို ထောက်လှမ်းလိုက်သော်လည်း ကျရှုံးခဲ့ရသည်။ ဝိညာဥ်အသိစိတ်က အနီရောင်အရည်များနှင့်အတွေ့တွင် တားမြစ်ခံလိုက်ရပြီး အတွင်း၌ မည်သည့်အရာများရှိနေကြောင်း မဖော်ထုတ်နိုင်ခဲ့ပေ။ အကျိုးအကြောင်းမသိရသောကြောင့် သူက အသက်ကိုပြင်းပြင်းရှူ၍ ကြောက်စိတ်ကို တွန်းလှန်လိုက်၏။ အကယ်၍ ရွှမ်လင်း၏စကားအတိုင်း ကောင်းကင်မူလကြယ်၏စီစဥ်မှုသာ အမှန်ဖြစ်နေလျှင် ပြဿနာမရှိသင့်ပေ။ တိမ်ကောင်းကင်ပိုက်ကွန်တွင် အစောင့်သားရဲတစ်ကောင်ရှိနေလျှင် သူက ၎င်းနှင့် ဆက်သွယ်နိုင်စွမ်း ရှိရပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ သူက ကိုယ်ပွားတစ်ခုသာဖြစ်သောကြောင့် သေဆုံးမည်ကို ကြောက်စရာမလိုပေ။ သူက ရေလယ်ကျွန်းထံ လမ်းကျဥ်းလေးမှတဆင့် လျှောက်လှမ်းသွားချိန်တွင် ရေအောက်ရှိ မျက်လုံးတစ်စုံမှ စောင့်ကြည့်နေကြောင်း ခံစားလိုက်ရသည်။ သူက ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် စိုးရိမ်စိတ်ကိုဖိနှိပ်ပြီး ရှေ့ဆက်လျှောက်လာခဲ့သည်။ နောက်ဆုံးတွင် သူက တိမ်ကောင်းကင်ပိုက်ကွန်ထံ ရောက်ရှိလာခဲ့ပြီး ထိတွေ့လိုက်သောအခါ ၎င်းက အလွန်အမင်းပျော့ပြောင်းပြီး အစွမ်းထက်အရှိန်အဝါတစ်ခု ပိုင်ဆိုင်ထားကြောင်း သိလိုက်ရသည်။
"ဒါက အစွမ်းထက်တာအိုလက်နက်တစ်ခုဖြစ်ပေမယ့် စီနီယာရွှမ်လင်းပြောသလို ကြယ်ဝိညာဥ် မဟာတာအိုလက်နက် မဟုတ်ဘူး။ အများဆုံးမှ အဆင့်ကိုးတာအိုလက်နက်သာ ဖြစ်လိမ့်မယ်"
မဟာတာအိုလက်နက်တစ်ခု၏ ပိုင်ရှင်ဖြစ်သော ယဲ့ချန်သည် ၎င်းတို့၏အရှိန်အဝါက အခြားတာအိုလက်နက်များနှင့် ကွဲပြားကြောင်း သိထားသဖြင့် မျက်မှောင်ကြုတ်လိုက်၏။ အခြားကျင့်ကြံသူများဆိုလျှင် ခွဲခြားတတ်မည် မဟုတ်သော်လည်း ယဲ့ချန်အတွက် ဤကိစ္စက လွယ်ကူနေခဲ့သည်။ တိမ်ကောင်းကင်ပိုက်ကွန်ကို မဟာတာအိုလက်နက်တစ်ခုအဖြစ် မှားယွင်းမှတ်တမ်းတင်ထားသဖြင့် ရည်ရွယ်ချက်တစ်ခုခု ရှိနေနိုင်သည်။
"စီနီယာရွှမ်လင်း သိထားတာတွေက မှားယွင်းနေပြီလား။ မဟာတာအိုလက်နက်က အမှန်တကယ် မတည်ရှိဘူးလား။ ဒါမှမဟုတ် လက်နက်အစစ်အမှန်ကို ဖုံးကွယ်ထားဖို့အတွက် ဒီရတနာကို အသုံးပြုထားများ ဖြစ်နေမလား။ ဘာတွေဖြစ်နေတာလဲ။ ကြယ်သခင်၁၂ယောက်က တိမ်နန်းတော်ကို တည်ဆောက်ခဲ့ပြီး အချက်အလက်အမှားတစ်ခုကို ရည်ရွယ်ချက်ရှိရှိ ချန်ထားခဲ့တာ ဖြစ်နိုင်တယ်။ ဒါပေမယ့် ဒီလိုလုပ်ရတဲ့ အကြောင်းအရင်းက ဘာများလဲ"
ယဲ့ချန်က မည်မျှတွေးနေပါစေ၊ အဖြေမထုတ်နိုင်ခဲ့ပေ။ ထို့နောက် သူ၏အကြည့်က တိမ်ကောင်းကင်ပိုက်ကွန်နှင့် အတူရှိနေသော အနီရောင်ပုလဲထံ ကျရောက်သွားခဲ့သည်။ ၎င်းက လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ရလောက်အောင် ကြီးမားပြီး တောက်ပြောင်ကြည်လင်သော မျက်နှာပြင်ထက်တွင် အလယ်တည့်တည့်၌ အနီရောင်အလင်းတစ်ခုက အခြားနေရာများထက် ပို၍တောက်ပပြောင်လက်နေသည်။ အကြည့်တစ်ချက်ဖြင့်ပင် သူက ၎င်း၏အရှိန်အဝါကို ခံစားမိလိုက်သဖြင့် အစစ်အမှန် မဟာတာအိုလက်နက်ဖြစ်ကြောင်း သိလိုက်ရသည်။ ၎င်း၏အစွန်းတစ်ဖက်တွင် ကျိယွမ်ကြယ်၏ တိမ်ပုလဲဟူသော စာလုံးများကို ဆန်စေ့အရွယ်အစားဖြင့် ရေးထွင်းထားသည်။ တိမ်ကောင်းကင်ပိုက်ကွန်က ၎င်းကို ဖုံးကွယ်ထားရန်အတွက် တမင်သက်သက်မှားယွင်း မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။
"ဘာကြောင့်များလဲ။ စီနီယာရွှမ်လင်းက ဒီပုလဲအကြောင်း လုံးဝမပြောဖူးပါဘူး။ တိမ်ကောင်းကင်ပိုက်ကွန်က ဟန်ပြဆိုရင် ဒီပုလဲကို ဘာကြောင့်ဖုံးကွယ်ထားချင်ရတာလဲ။ ကြယ်သခင်တွေရဲ့ ရည်ရွယ်ချက်က ဘာလဲ"
ယဲ့ချန်၏မျက်နှာက တည်ကြည်လေးနက်နေပြီး အတွေးပေါင်းစုံ ဖြစ်ပေါ်နေသည်။ ကြယ်သခင်များက တစ်စုံတစ်ခုထံမှ ကာကွယ်ချင်သောကြောင့် ၎င်းကို ဖုံးကွယ်ထားခြင်းဖြစ်နိုင်သည်။ သူက ဤသို့တွေးတောနေရင်း တိမ်ကောင်းကင်ပိုက်ကွန်ကို ယူဆောင်ကာ ညာလက်ဖြင့် တိမ်ပုလဲထံ လှမ်းလိုက်သည်။ ၎င်းထံမှ အနီရောင်အလင်းများနှင့် အရှိန်အဝါများဖြာထွက်လာကာ ယဲ့ချန်၏လက်နှင့် ထိတွေ့လိုက်သည်နှင့်တပြိုင်နက် အစွမ်းထက်အရှိန်အဝါတစ်ခုက သူ့ကို ချက်ချင်းပစ်မှတ်ထားလာသည်။ သူက နေရာတွင် ချက်ချင်းတောင့်တင်းသွားပြီး တစ်ကိုယ်လုံးမလှုပ်နိုင်တော့သဖြင့် ရှေးဟောင်းသားရဲကြီးတစ်ကောင်မှ စိုက်ကြည့်နေသည်ဟု ခံစားလိုက်ရသဖြင့် ရင်ထိတ်သွားခဲ့သည်။
"ဘာကြီးလဲ"
ယဲ့ချန်က အတွေးနက်နေစဥ် အနီရောင်အရည်များက လှိုင်းထန်လာပြီး ဧရာမအရာကြီးတစ်ခုက ရေကန်အတွင်းမှ ဝုန်းခနဲ ထွက်ပေါ်လာခဲ့သည်။ သူက ထွက်ပြေးချင်ခဲ့သော်လည်း ကြောက်မက်ဖွယ်အရှိန်အဝါ၏ ဖိအားကြောင့် လှုပ်ပင်မလှုပ်နိုင်ခဲ့ပေ။ ရွှမ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သော ယဲ့ချန်မဆိုထားနှင့်၊ တာအိုနတ်အဆင့်နှင့် စစ်ဧကရာဇ်အဆင့်များပင် ခုခံနိုင်မည် မဟုတ်ချေ။ ၎င်း၏အရှိန်အဝါအရ အနည်းဆုံး နတ်အစေခံအဆင့်တစ်ယောက် ဖြစ်ပေလိမ့်မည်။ ရွှမ်လင်း၏အရှိန်အဝါပင်လျှင် ထိုအရှိန်အဝါကို မယှဥ်နိုင်သောကြောင့် ကျိယွမ်ကြယ်ပေါ်၌ နောက်ထပ်နတ်အစေခံတစ်ယောက် ရှိနေခြင်းဖြစ်နိုင်သည်။ သူက အတွေးများနေစဥ် ရေလယ်ကျွန်းပေါ်သို့ အနီရောင်လှိုင်းလုံးကြီးနှင့်အတူ မီတာရာချီရှည်သော မြွေကြီးတစ်ကောင် ပျံသန်းရောက်ရှိလာခဲ့သည်။ ၎င်းက တစ်ကိုယ်လုံး သွေးနီရောင်အကြေးခွံများဖုံးအုပ်နေကာ ကျောဘက်တွင် လင်းနို့တောင်ပံတစ်စုံ ပိုင်ဆိုင်ထားသည်။ ယဲ့ချန်၏ခန္ဓာကိုယ်ထက်ပင် ကြီးမားသော မျက်လုံးကြီးတစ်စုံက စိုက်ကြည့်နေသဖြင့် ရောင်ပြန်ဟပ်နေသော ရုပ်သွင်ကို သူကိုယ်တိုင် ပြန်မြင်နေရသည်။
ဧရာမမြွေနီကြီးသည် တိမ်ပုလဲထက်တွင် ပါးပျဥ်းထောင်ကာ အုပ်မိုးထားလိုက်ပြီး အနီရောင်လျှာကြီးကို ပြူတစ်ပြူတစ်ထုတ်ဖော်ထားခဲ့သည်။ ယဲ့ချန်မှာ သူ၏ကိုယ်တွင်းရှိ ကောင်းကင်ချီအားလုံး ကုန်ခမ်းသွားသယောင် ခံစားလိုက်ရပြီး အားနည်းသွားခဲ့သည်။ ၎င်းက သူ့ကို အနံ့ခံကြည့်လိုက်ရင်း တစ်စုံတစ်ခုကို အာရုံခံမိဟန်ဖြင့် နှာခေါင်းတရှုံ့ရှုံ့ လုပ်နေခဲ့သည်။
"ငါက ဒီမြွေကြီးစားတာ ခံရတော့မှာလား။ ဘယ်လိုနည်းနဲ့သေသေ မြွေတစ်ကောင်စားတာခံရလို့ သေရမှာထက် ပိုကောင်းမယ်ထင်တယ်"
ယဲ့ချန်သည် ရှည်လျားကျဥ်းမြောင်းသော မြွေတစ်ကောင်၏ဝမ်းဗိုက်အတွင်း အစာချေခံရမည့်အဖြစ်ကို တွေးမိလိုက်သောကြောင့် စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့သည်။ မြွေတစ်ကောင်နှင့် လူတစ်ယောက်က အချင်းချင်းစိုက်ကြည့်နေပြီး ရွှမ်အဆင့်နှင့် နတ်အစေခံအဆင့်ကြားမှ ကွာခြားမှုကြောင့် ပြန်လည်တိုက်ခိုက်ရန် မဖြစ်နိုင်သောကြောင့် သူက ဒေါသတကြီးစိုက်ကြည့်နေရုံသာ တတ်နိုင်သည်။ အစားခံရမည်ဆိုလျှင်ပင် သူက အားနည်းသော ငကြောက်တစ်ယောက် မဖြစ်လိုခဲ့ပေ။ တိမ်နန်းတော်အတွင်း တည်ရှိနေသော ဤမြွေနီကြီးက တိမ်ပုလဲ၏ ကာကွယ်ရေးသားရဲ ဖြစ်နေနိုင်သည်။ နန်းတော်ကို လွန်ခဲ့သောနှစ်သောင်းချီက တည်ဆောက်ခဲ့သဖြင့် ၎င်းသာ ထိုအချိန်ထဲကတည်ရှိနေခဲ့လျှင် အနည်းဆုံး သက်တမ်းနှစ်သောင်းချီပေလိမ့်မည်။ လူသားတစ်ယောက်အတွက် မဖြစ်နိုင်သော်လည်း သားရဲများအတွက် သက်တမ်းရှည်ကြီးတစ်ခုက အဆန်းမဟုတ်ပေ။
လူသားများနှင့် သားရဲများသည် ရှင်းဟွမ်များ၏ဖန်တီးမှုဖြစ်သော အဆင့်သုံးမျိုးနွယ်ချင်းဖြစ်သော်လည်း ကွဲပြားမှုအချို့ ရှိနေသည်။ သားရဲများ၏သက်တမ်းက အလွန်ရှည်လျားပြီး လူသားများထက် ဆယ်ဆကျော်ပိုများသော်လည်း ပါရမီနှင့် အသိဉာဏ်တွင် ပို၍နိမ့်ကျသည်။ အဆင့်သုံးမျိုးနွယ်ချင်း အတူတူဖြစ်သော်လည်း ကျင့်ကြံခြင်းအရာတွင် လူသားများက သားရဲများထက် ပို၍အဆင့်မြင့်သည်။ တိမ်ပုလဲကို နတ်အစေခံအဆင့် သားရဲတစ်ကောင်က စောင့်ကြပ်နေသဖြင့် အမှန်တကယ်ထူးခြားသော ရတနာတစ်ခု ဖြစ်ပေလိမ့်မည်။ မြွေကြီးတစ်ကောင်၏အစာအဖြစ် အဆုံးသတ်ရတော့မည့် ယဲ့ချန်မှာ စိတ်ဓာတ်ကျနေပြီး သူ၏ကိုယ်ပွားက ဤမျှအသေဆိုးမည်ဟု အိပ်မက်ပင်မမက်ဖူးပေ။ သူက မြွေတစ်ကောင်၏အစာအဖြစ် အချိန်မရွေး အဆုံးသတ်သွားနိုင်ချေရှိပြီး ရတနာနှစ်ခုကို တိမ်နန်းတော်အပြင်ဘက်သို့ ယူဆောင်သွားနိုင်တော့မည် မဟုတ်ပေ။
သို့သော်လည်း ယဲ့ချန်ကို အချိန်ကြာမြင့်စွာ စိုက်ကြည့်နေသော မြွေကြီးက သူ့ကိုစားသောက်လိုသော လက္ခဏာမျိုး မပြချေ။ ၎င်းထံမှ မြွေတွန်သံ တရွှီးရွှီးထွက်ပေါ်နေသော်လည်း ကျိယွမ်ကြယ်၏ သားရဲဘာသာစကားဖြစ်နေသောကြောင့် သူက နားမလည်နိုင်ခဲ့ပေ။ သူက ဝိညာဥ်အသိစိတ်ချင်းဆက်သွယ်၍ မေးမြန်းရန်ပြင်လိုက်စဥ် ၎င်းက သေးငယ်သောမြွေလေးတစ်ကောင်အဖြစ် ကျုံ့ဝင်သွားကာ တိမ်ပုလဲအတွင်း ထိုးဖောက်ဝင်ရောက်ကာ ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် ဖိအားက ဖြည်းဖြည်းချင်း လျော့နည်းပျောက်ကွယ်သွားကာ သူက ပြန်လည်လှုပ်ရှားနိုင်စွမ်း ရှိလာခဲ့သည်။
"ဒီမြွေကြီးက ဘာများလဲ။ တိမ်ပုလဲရဲ့ လက်နက်ဝိညာဥ်များ ဖြစ်နေမလား"
ယဲ့ချန်က မျောလွင့်နေသော တိမ်ပုလဲကိုစိုက်ကြည့်ကာ မျက်မှောင်ကြုတ်၍ အတွေးနက်နေခဲ့သည်။ မြွေနီကြီးက သူ့ကို ရတနာ၏သခင်အဖြစ်မှ ငြင်းပယ်ခဲ့ပုံမရသော်လည်း အသိအမှတ် မပြုခဲ့ပေ။ သားရဲတစ်ကောင်၏အစာအဖြစ် သေဆုံးရမည့်ဘေးမှ လွတ်မြောက်လာသောအခါ သူ၏စိတ်က အလွန်ပေါ့ပါးသွားလေသည်။