ရွှမ်လင်း၏ လိမ်လည်မှု
Vol. 45 Ch. 625
"ဘာဖြစ်ဖြစ်ကွာ ဂရုမစိုက်တော့ဘူး။ ဒါကို အရင်ဆုံးယူတာပေါ့"
ယဲ့ချန်သည် ရှေ့တည့်တည့်တွင် လင်းလက်နေသော တိမ်ပုလဲကိုစိုက်ကြည့်ရင်း ၎င်းထံမှ စီမုကဲ့သို့ ဆန်းကျယ်သောအရှိန်အဝါမျိုး ထွက်ပေါ်နေသည်ကို ခံစားလိုက်ရ၏။ သူက ညာလက်ဖြင့် ၎င်းကို လှမ်းကိုင်လိုက်သောအခါ ဖြတ်ခနဲကျုံ့ဝင်သွားပြီး သူ၏လက်ချောင်းထိပ်တွင် ပျောက်ကွယ်သွားခဲ့သည်။ သူက ညာလက်ညှိုးကို ငုံ့ကြည့်လိုက်ပြီး ထူးဆန်းသောအချင်းအရာကို မတွေ့ရသော်လည်း တိမ်ပုလဲ၏တည်ရှိမှုကို ခံစားနေရသည်။ ၎င်းက သူ့ကို သခင်အဖြစ်သတ်မှတ်ခြင်းမရှိဘဲ လက်ချောင်းထိပ်တွင် ပုန်းကွယ်နေသည်။ တိမ်ကောင်းကင်ပိုက်ကွန်ကလည်း လေထဲတွင် နတ်မိမယ်တစ်ပါးပမာ ဆက်တိုက်လူးလွင့်နေပြီး သူ၏စိတ်ထဲတွင် ဆန်းကျယ်မှုများ ပြည့်နှက်နေသည်။ ထို့နောက် သူက အတွင်းခန်းမအတွင်း လှည့်ပတ်စစ်ဆေးလိုက်သောအခါ ဗလာဖြစ်နေခဲ့သည်။
"ငါ အပြင်ထွက်ရတော့မလား။ အပြင်ရောက်ရင်ရော ဘာဆက်လုပ်ရမှာလဲ။ မြွေနီကြီးကိုရော အပြင်ခေါ်သွားတာ မှန်ပါ့မလား"
တိမ်နန်းတော်၌ အရာအားလုံးက ဆန်းကျယ်နေသောကြောင့် ယဲ့ချန်မှာ မည်သည်ကိုမှ အတည်မပြုနိုင်ခဲ့ပေ။ ခဏတာစဥ်းစားပြီးနောက် အဆိုးဆုံးမှ သေမည်ဖြစ်သောကြောင့် သူက ပြတ်သားစွာ ဆုံးဖြတ်လိုက်သည်။ ကျိယွမ်ကြယ်တစ်ခုလုံးတွင် ကျွန်ပိုးကောင်များ ပြည့်နှက်နေပြီး ကောင်းကင်နတ်ဆိုးတစ်ကောင်ကလည်း စောင့်ကြည့်နေသဖြင့် မြွေကြီးကို အပြင်မထုတ်သွားလျှင်ပင် ပျက်စီးသွားနိုင်ချေရှိသည်။
"လက်ရှိအခြေအနေထက် ဘာပိုဆိုးနိုင်ဦးမှာလဲ။ ဒီမြွေကြီးကို ကျိယွမ်ကြယ်ရှင်းဟွမ်က မွေးထားတာဆိုရင် အခြေအနေကို ပြောင်းလဲဖို့ အကူအညီဖြစ်လိမ့်မယ်"
အချိန်ကြာမြင့်စွာ စဥ်းစားချင့်ချိန်ပြီးနောက် ယဲ့ချန်၏ခြေလှမ်းများက ဝင်ရောက်လာခဲ့သော တံခါးထံ ဦးတည်သွားသည်။ ထိုအချိန်တွင် သူက ရွှမ်လင်း၏စကားများမှာ တစ်ခုခုမှားယွင်းနေကြောင်း ရုတ်တရက်သတိရလိုက်သဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။ တံခါးအပြင်ဘက်တွင် ရွှမ်လင်းက စိုးရိမ်တကြီးစောင့်ဆိုင်းနေရင်း တံခါးထံ အချိန်တိုင်း စောင့်ကြည့်နေခဲ့သည်။ အချိန်တစ်ခုကြာမြင့်သောအခါ ယဲ့ချန်က ရုန်းများဖြင့်ဖန်တီးထားသော တံခါးအတွင်းမှ ပြန်ထွက်လာပြီဖြစ်သည်။
"ယဲ့ချန် တိမ်ကောင်းကင်ပိုက်ကွန်ကို ရခဲ့လား"
သူက ယဲ့ချန်ကို တစ်ချက်ကြည့်၍ မေးလိုက်ခြင်းဖြစ်သည်။ အမြဲတစေတည်ကြည်နေတတ်သော နတ်အစေခံတစ်ယောက်ဖြစ်သော်လည်း သူ၏မျက်နှာထက်တွင် တစ်ခုခုကို မျှော်လင့်နေပုံပေါ်သည်။
"ရခဲ့ပါတယ်"
ယဲ့ချန်က တိမ်ကောင်းကင်ပိုက်ကွန်ကို ရွှမ်လင်းအား ကမ်းပေးလိုက်၏။ လေထဲတွင်မျောလွင့်နေသော ဖဲကြိုးကို ရွှမ်လင်းက စိတ်လှုပ်ရှားစွာဖြင့် ဆုပ်ကိုင်လိုက်သည်။ သို့သော် သူ၏လက်က ၎င်းကိုထိလိုက်ချိန်တွင် တစ်ခုခုမှားယွင်းနေဟန်ဖြ င့်မသိမသာ မျက်နှာပျက်သွားခဲ့သည်။ နတ်အစေခံတစ်ယောက်ဖြစ်သော ရွှမ်လင်းက ၎င်းမှာ မဟာတာအိုလက်နက်တစ်ခု မဟုတ်ကြောင်း သတိထားနိုင်ချေရှိကြောင်းကို ယဲ့ချန်က ကြိုတွေးထားပြီးဖြစ်သည်။
"ယဲ့ချန် အတွင်းခန်းမမှာ ဒီရတနာတစ်ခုတည်းကို တွေ့ခဲ့ရတာလား"
ရွှမ်လင်းက ယဲ့ချန်ကို တစ်ချက်စိုက်ကြည့်ရင်း မေးလိုက်ခြင်းဖြစ်သည်။ သူ၏မျက်ဝန်းများက ထုံးစံအတိုင်း မှုန်မှိုင်းရီဝေနေသော်လည်း စိတ်လှုပ်ရှားနေသော မျက်နှာထားက ပြန်လည်တည်ငြိမ်သွားခဲ့သည်။
"ဟုတ်ပါတယ်။ တစ်ခုခုမှားနေလို့လား စီနီယာ။ ဒါက ခင်ဗျားပြောလိုက်တဲ့အတိုင်း ဖဲကြိုးသဏ္ဍာန် တာအိုလက်နက် မဟုတ်ဘူးလား"
ယဲ့ချန်က ခပ်တည်တည်ဖြင့် လိမ်လည်ဖြေကြားလိုက်သည်။
"တိမ်ကောင်းကင်ပိုက်ကွန်တစ်ခုတည်း ရှိတာလား။ ငါသိထားတာ မှားနေပြီလား"
ရွှမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်ပြီးနောက် ယဲ့ချန်ကို ထပ်မေးလိုက်ပြန်သည်။
"ထူးဆန်းတာတစ်ခုခုရော မကြုံခဲ့ရဘူးလား"
"ထူးဆန်းတာလား။ ကျုပ် အထဲကိုရောက်သွားတော့ အနီရောင်အရည်တွေပြည့်နေတဲ့ ရေကန်တစ်ခုကို တွေ့ခဲ့တယ်။ ကျုပ်က ခန်းမတစ်ခုလုံးကို လိုက်ရှာခဲ့ပေမယ့် ဒီရတနာကလွဲပြီး ဘာမှရှာမတွေ့ခဲ့ဘူး။ ကျုပ်က ရတနာကိုယူပြီး ပြန်ထွက်လာတဲ့အချိန်မှာ ရေကန်ထဲက ဧရာမမြွေနီကြီးတစ်ကောင် ထွက်ပေါ်လာခဲ့တယ်။ ဒီကောင်ကြီးမှာ တောင်ပံတွေလည်း ရှိတယ်။ ကျုပ်က လှည့်တောင်မကြည့်ရဲလို့ အမြန်ပြေးထွက်လာရတယ်"
ယဲ့ချန်ကစကားပြောနေစဥ် ရွှမ်လင်းက သူ၏မျက်နှာထားကို ဆက်တိုက်အကဲခတ်နေခဲ့သည်။ ရွှမ်လင်း၏စောင့်ကြည့်မှုကြောင့် သူ၏နှလုံးခုန်သံ မှားယွင်းကာနီးတွင် ညာလက်ညှိုးထိပ်မှ စွမ်းအင်တစ်ခုစီးထွက်လာကာ ခံစားချက်များတည်ငြိမ်စေရန် ထိန်းသိမ်းပေးထားခဲ့သည်။
"တောင်ပံတွေနဲ့ ဧရာမမြွေကြီးတစ်ကောင်လား။ ငါ တကယ်မှားနေတာလား။ ဒီနန်းတော်က မြွေတစ်ကောင်ကို ဘာကြောင့်ဖမ်းဆီးထားရတာလဲ"
ရွှမ်လင်းသည် ယဲ့ချန်၏အမူအရာ တစ်ချက်မှမပျက်သွားသဖြင့် မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်ခြင်းဖြစ်သည်။
"ဘာများမှားယွင်းနေလို့လဲ စီနီယာ"
"ဘာမှမဟုတ်ပါဘူး။ ဒီမြွေကြီးက မရေမတွက်နိုင်တဲ့ကျင့်ကြံသူတွေကို သတ်ဖြတ်ခဲ့တဲ့ အပြစ်သားဖြစ်တယ်။ ဒါကြောင့် ကြယ်သခင်တွေက ဖမ်းဆီးထားတာ အဆန်းမဟုတ်ဘူး။ ကြည့်ရတာ သူက အနီရောင်ရေကန်ရဲ့အောက်ခြေမှာ အိပ်ပျော်နေတာဖြစ်ရမယ်။ မင်းက အတော်ကံကောင်းတာပဲ။ တိမ်ကောင်းကင်ပိုက်ကွန်ကို အရယူလာနိုင်ပြီဆိုမှတော့ ထွက်သွားကြပါစို့"
ရွှမ်လင်းက ခေါင်းတစ်ချက်ယမ်း၍ ပြန်ဖြေလိုက်သည်။
"တိမ်ကောင်းကင်ပိုက်ကွန်က ကျိယွမ်ကြယ်ရဲ့ ရှင်းဟွမ်ကို ရှာဖွေဖို့ တကယ်အသုံးဝင်တာလား"
"ဟုတ်တယ်၊ ဒါက အရမ်းအသုံးဝင်တယ်။ မင်းကြောင့်သာမဟုတ်ရင် ရတနာကို အရယူနိုင်မှာမဟုတ်ဘူး။ ကျိယွမ်ကြယ်ရဲ့ သက်ရှိတွေကိုယ်စား ငါက မင်းကို အများကြီးကျေးဇူးတင်ပါတယ်"
ရွှမ်လင်းက စကားပြောနေရင်း တုန်တုန်ရီရီနှင့် နောက်သို့ပြန်လှည့်၍ ထွက်ခွာလိုက်သည်။ ယဲ့ချန်သည် သူ၏ကျောပြင်ကို ခဏတာစိုက်ကြည့်ပြီးနောက် ကပ်လျက်လိုက်ပါသွားခဲ့သည်။
"ယဲ့ချန် မင်းက အခုမှ ရွှမ်အဆင့်ကျင့်ကြံသူဖြစ်တယ်။ စစ်ဧကရာဇ်တွေတောင် ကျွန်ပိုးကောင်အုပ်စုကြီးနဲ့တွေ့ရင် ကိုယ့်ကိုကိုယ် မကာကွယ်နိုင်ဘူး။ မင်းက အမြန်ဆုံး အဆင့်တက်အောင် ကျင့်ကြံရမယ်။ အနာဂတ်မှာ ကောင်းကင်မူလကြယ်ရဲ့ ကံကြမ္မာဖြစ်ဖြစ် ကျိယွမ်ကြယ်ရဲ့ ကံကြမ္မာဖြစ်ဖြစ် မင်းအပေါ် မူတည်နေတယ်"
ရွှမ်လင်းက လမ်းလျှောက်နေရင်း တည်ကြည်စွာ ပြောလိုက်ခြင်းဖြစ်သည်။
"ဒါပေမယ့် ကျုပ်က သုညပိုင်ရှင်တစ်ယောက်ဆိုတော့ ကျင့်ကြံနှုန်းက အလွန်နှေးတယ်"
ယဲ့ချန်သည် ရွှမ်လင်း၏စကားကြောင့် အနည်းငယ်အံ့သြသွားသော်လည်း ခေါင်းယမ်းပြလိုက်သည်။
"ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းသုညက မင်းထင်ထားသလို စိတ်ဓာတ်ကျစရာ မဟုတ်ဘူး။ ဒါက သာမန်လူတွေမပိုင်ဆိုင်နိုင်တဲ့ ပါရမီတစ်ခုဖြစ်တယ်။ လူသားတွေကို ရှင်းဟွမ်တွေက ဖန်တီးထားတာဖြစ်ပြီး သူနဲ့ပေါင်းစပ်လိုက်ရင် မင်းရဲ့အနာဂတ်က ကန့်သတ်ခံရလိမ့်မယ်။ မင်းရဲ့ကျင့်ကြံဆင့်ကို ရှင်းဟွမ်က သတ်မှတ်လိုက်မှာဖြစ်ပေမယ့် သုညပိုင်ရှင်တစ်ယောက်အတွက်တော့ အနာဂတ်က အကန့်အသတ်မဲ့တယ်"
ရွှမ်လင်းသည် ယဲ့ချန်ကိုကျောပေး၍ ရှေ့ဆက်နေရင်း ညွှန်ကြားနေသည်။ သူ၏ညာလက်က ပြန်လည်ကောင်းမွန်လာပြီဖြစ်သော်လည်း သစ်ကိုင်းခြောက်တစ်ခုကဲ့သို့ ပိန်လှီနေသည်။
"ကျုပ် အကောင်းဆုံးကြိုးစားပြီး ကျင့်ကြံပါမယ်"
ယဲ့ချန်က ခေါင်းညိတ်ပြလိုက်သော်လည်း သူ၏အတွေးများမှာ ညာလက်ညှိုးရှိ တိမ်ပုလဲထံ ရောက်ရှိနေခဲ့သည်။
"ကောင်းကင်တာအိုက ကံကြမ္မာရဲ့ ချည်နှောင်မှုအလွန်မှာ တည်ရှိတယ်။ ကံကြမ္မာရဲ့ချည်နှောင်မှုကနေ ရုန်းထွက်နိုင်မှသာ တာအိုကို ရရှိနိုင်မယ်"
"စီနီယာပြောချင်တာက ရှင်းဟွမ်ရဲ့ထိန်းချုပ်မှုကနေ လွတ်မြောက်ချင်တာလား"
ယဲ့ချန်ကပြန်၍ မေးခွန်းထုတ်လိုက်သည်။
"ဒီလိုပြောလို့ရပါတယ်။ ငါတို့က ရှင်းဟွမ်အပေါ်မှာ မှီခိုရပြီး ကံကြမ္မာရဲ့ဖိနှိပ်ခြင်းကနေ လွတ်မြောက်အောင် ကြိုးစားရမယ်။ ဒီအချက်ကို ရှင်းဟွမ်တွေက မတားမြစ်ထားတဲ့အတွက် သုညပိုင်ရှင်တွေကို တည်ရှိခွင့်ပေးထားတာ ဖြစ်တယ်"
ရွှမ်လင်းနှင့် ယဲ့ချန်က စကားတပြောပြောနှင့် လျှောက်လှမ်းလာရင်း ချော်ရည်ပင်လယ်အပြင်ဘက်ရှိ နက်မှောင်နေသော ဥမင်လမ်းကြောင်းအတွင်း ပြန်လည်ရောက်ရှိလာခဲ့သည်။ တိမ်နန်းတော်ကိုတည်ဆောက်ခဲ့သော ကြယ်သခင်များသည် တိမ်ကောင်းကင်ပိုက်ကွန်က မဟာတာအိုလက်နက်တစ်ခုဖြစ်ကြောင်း သတင်းဖြန့်ထားခဲ့သည်။ ဤအချက်က အမှန်တရားမဟုတ်သောကြောင့် သူတို့က တစ်ခုခုကို စိုးရိမ်နေပုံပေါ်သဖြင့် ယဲ့ချန်သည်လည်း ရွှမ်လင်းအပေါ် သံသယဝင်နေခဲ့သည်။ တိမ်ကောင်းကင်ပိုက်ကွန်က ဟန်ပြသာဖြစ်ပြီး အစစ်အမှန်မဟာတာအိုလက်နက်က တိမ်ပုလဲသာဖြစ်သည်။ ရွှမ်လင်းထံ သူက ပိုက်ကွန်ကိုပေးလိုက်သောအခါ ၎င်းမှာ မဟာတာအိုလက်နက်မဟုတ်ကြောင်း တစ်ဖက်လူက သိထားကြောင်း ပြောနိုင်သည်။ သို့သော်လည်း ရွှမ်လင်းက လိမ်ထားသော အကြောင်းအရင်းကို သူက စဥ်းစားမရပေ။ ထို့အပြင် ဖိနှိပ်ခြင်းဟူသော စာလုံးကလည်း ရွှမ်လင်းကို အတွင်းခန်းမသို့မဝင်နိုင်စေရန် တားမြစ်ခဲ့သည်။
ယဲ့ချန်၏ ညာလက်ညှိုးတွင် တိမ်ပုလဲက တိတ်တဆိတ်ပုန်းကွယ်နေပြီး အတွင်း၌ နတ်အစေခံအဆင့် သားရဲကြီးတစ်ကောင် ရှိနေခဲ့သည်။ သူက အချိန်ကြာမြင့်စွာစဥ်းစားပြီးနောက် ဤအကြောင်းကို လျှို့ဝှက်ထားရန် ဆုံးဖြတ်လိုက်သည်။ ကြယ်သခင်၁၂ယောက်က ဖုံးကွယ်ထားသော အကြောင်းအရာကို ရွှမ်လင်းသာ သိရှိသွားပြီး သူက မရိုးသားလျှင် အကျိုးဆက်က အလွန်ဆိုးရွားပေလိမ့်မည်။
"စီနီယာ ကျုပ်ကို ကောင်းကင်မူလတိုက်ကြီးဆီ သတင်းပြန်ပို့စေချင်လား"
ဥမင်အပြင်ဘက်သို့ ပြန်ရောက်သောအခါ ယဲ့ချန်က မေးလိုက်ခြင်းဖြစ်သည်။ ကောင်းကင်မူလကြယ်ထံ သတင်းပြန်ပို့ရန်အတွက် ဤကိုယ်ပွားက သေဆုံးရပေလိမ့်မည်။
"လောလောဆယ်တော့ မလိုအပ်ဘူး။ အခြေအနေကို အရင်ဆုံး စောင့်ကြည့်ကြတာပေါ့။ ငါ အခုခဏအနားယူဖို့ လိုအပ်နေတယ်။ တစ်ခုခုအကြောင်းထူးရင် မင်းကို အကြောင်းကြားလိုက်ပါမယ်"
ရွှမ်လင်းကယဲ့ ချန်၏စကားကို စိတ်မဝင်စားဟန်ဖြင့် ခေါင်းယမ်းပြလိုက်သည်။
"ကျုပ်က စီနီယာရဲ့ညွှန်ကြားချက်အတိုင်း လိုက်နာပါမယ်"
ယဲ့ချန်က လက်နှစ်ဖက်ဆုပ်၍ အရိုအသေပေးကာ နှုတ်ဆက်နေစဥ် ရွှမ်လင်းမှာ သူ၏အခန်းအတွင်းသို့ ခါးကုန်းကုန်းနှင့် ဝင်ရောက်သွားပြီဖြစ်သည်။ သူက ပျောက်ကွယ်သွားသော ပုံရိပ်ကို တစ်ချက်စိုက်ကြည့်ကာ ခြံဝန်းအပြင်သို့ ပြန်လည်ထွက်ခွာလာခဲ့သည်။
"ယဲ့ချန် မင်း ပြန်ရောက်လာပြီလား။ အရှင်ရွှမ်က ဘာတွေပြောနေလို့ ဒီလောက်ကြာသွားတာလဲ"
ယဲ့ချန်ပြန်ထွက်လာသည်ကို မြင်သောအခါ စစ်ဧကရာဇ်နှစ်ယောက်လည်း ရောက်ရှိလာကာ မီးဧကရာဇ်က မေးလိုက်ခြင်းဖြစ်သည်။
"စီနီယာက ကျုပ်ရဲ့ကျင့်ကြံခြင်းအတွက် လမ်းညွှန်ပေးနေလို့ပါဗျာ"
ယဲ့ချန်က ဆင်ခြေတစ်ခုပေး၍ အလျင်အမြန်ဖြေလိုက်သည်။ စစ်ဧကရာဇ်နှစ်ယောက်ကို ကျိယွမ်ကြယ်၏မြေအောက်ရှိ တိမ်နန်းတော်အကြောင်း မပြောရန် သူက ဆုံးဖြတ်ထားသည်။ ဤကိစ္စတွင် လျှို့ဝှက်ချက်များရှိနေသဖြင့် လူသိနည်းလေလေ ပို၍ကောင်းလေလေဖြစ်သည်။
"မင်းရဲ့အနာဂတ်ကတော့ အတော်ကောင်းမွန်နေမယ်ထင်တယ်။ ငါတို့နှစ်ယောက်ကိုတောင် အရှင်ရွှမ်က သင်ကြားမပေးခဲ့ဖူးဘူး။ ကြည့်ရတာ သူက မင်းကို အတော်သဘောကျပုံရတယ်။ နတ်အစေခံတစ်ယောက်ရဲ့ လမ်းညွှန်မှုနဲ့ဆိုရင် ကျင့်ကြံခြင်းမှာ အားထုတ်မှုရဲ့နှစ်ဆလောက် အကျိုးဖြစ်ထွန်းလိမ့်မယ်"
ရှေးဦးဧကရာဇ်က တစ်ချက်ပြုံး၍ ချီးကျူးလိုက်ခြင်းဖြစ်သည်။
"အရှင်ရွှမ်က စကားပြောခဲတယ်။ ဒီတစ်ခေါက် မင်းကို အချိန်အကြာကြီး လမ်းညွှန်ပေးခဲ့တာ တကယ်ထူးခြားတယ်"
မီးဧကရာဇ်ကလည်း မှတ်ချက်ပေးလိုက်သည်။
"အရှင်တို့နှစ်ယောက် ဒီကိုရောက်လာတော့ ဘာများထူးထူးခြားခြား ကြုံခဲ့ရပါသလဲ"
ယဲ့ချန်က သံသယအတွေးများရှိနေသဖြင့် စစ်ဧကရာဇ်နှစ်ယောက်ထံ စုံစမ်းလိုက်သည်။
"ငါတို့ကို ဒီလောက်ရိုသေနေစရာ မလိုပါဘူး။ ငါတော့ ဘာမှထူးထူးခြားခြား မတွေ့ခဲ့မိဘူး ထင်တာပဲ"
ရှေးဦးဧကရာဇ်က ခဏတာစဥ်းစား၍ ခေါင်းယမ်းလိုက်သည်။
"ထူးဆန်းတယ်ဆိုမှ ငါ တကယ်စဉ်းစားမိတယ်"
မီးဧကရာဇ်က မျက်မှောင်ကြုတ်၍ ဝင်ပြောလိုက်ခြင်းဖြစ်သည်။
"ဘာများလဲ"
ယဲ့ချန်၏မျက်နှာထက်တွင် သိချင်စိတ်များ ထင်ဟပ်လာလေသည်။