ဝေ့ဝူယင်၏ ဝင်ရောက် ဖြေရှင်းမှု
Vol. 14 Ch. 187
“ဟိုကိုကြည့်...”
မရေမတွက်နိုင်သော မျက်လုံးများမှာ ကောင်းကင်နတ်မြင်းပျံ၏ ကျောထက်၌ ရပ်နေသည့် ချောမောသော ပုံရိပ်ထံသို့ ရောက်ရှိသွားသည်။ သူကား ရှောင်ပိုင်နှင့် နှိုင်းယှဥ်ပါက ပုရွက်ဆိတ်လောက်သာ ရှိသည့်တိုင် သူ၏ တည်ရှိမှုက ကြီးကျယ် ခမ်းနားလှ၏။ သူ့ထံမှ အာကာသ ဟင်းလင်းပြင်ကို လွှမ်းမိုးနိုင်သည့် ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်များ ထွက်ပေါ်နေသယောင်ပင်။
ဝေ့ဝူယင်သည် ငွေရောင် မျက်ဝန်းများဖြင့် တစ်သန်းနီးပါးသော လူများအား သိမ်းကြုံး ကြည့်လိုက်သည်။ ထိုအထဲတွင် စစ်တောင်ထွတ်၊ မူလ တောင်ထွတ်နှင့် ဖန်တီးခြင်း တောင်ထွတ်တို့မှ တပည့်များစွာ ပါဝင်နေ၏။
ဝေ့ဝူယင် ရှောင်ပိုင်၏ ကျောကို တစ်ချက် ကန်ရင်း ပြစ်ဒဏ် စီရင်ခြင်း ကွင်းပြင်သို့ ဆင်းသက်လာခဲ့၏။ သူ၏ ခြေထောက်နှင့် မြေပြင်ထိတွေ့ရာ၌ လေတိုးသံ တစ်ခုပင် ထွက်ပေါ် မလာခဲ့ချေ။ ထိုအချင်းအရာက သူ၏ ခန္ဓာကိုယ် ထိန်းချုပ်နိုင်စွမ်း မည်မျှ မြင့်မားနေပြီ ဖြစ်ကြောင်း ဖော်ပြနေသည်။
ပေ့မင်နှင့် တရားရေး အဖွဲ့ဝင်များမှ အရပ်ရှည်ကာ ချောမောသော လူငယ်လေးကို ကြည့်လိုက်မိကြသည်။ အလွန်တရာ ကျော်ကြားလှသော ထာဝရ မင်းသားလေးကား သူတို့ အရှေ့၌ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ပေ့မင်မှာ ရင်တဒိန်းဒိန်း ခုန်လာခဲ့သဖြင့် အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ရ၏။ သူမနှင့် ယှဥ်ပါက ဝေ့ဝူယင်၏ ကျင့်ကြံခြင်း အဆင့်မှာ ပမွှား ဆိုသော်လည်း မမြင်ရသော ဖိအားများက ကြီးမားလွန်းသည်။
ကြယ်တာရာ နယ်မြေတစ်ခုလုံး၏ အသက်အငယ်ဆုံး အဂ္ဂိရတ် ဧကရာဇ်...
ထို့အပြင် သူ၏ ဆေးလုံး ဖော်စပ်နှုန်းနှင့် သန့်စင်မှု အရည်အသွေးမှာလည်း အခြား အဂ္ဂိရတ် ဧကရာဇ် တစ်ယောက်ချင်းစီထက် သာလွန်သည်။ သာမန် ဂိုဏ်းဝင်များမှာ ထိုအရာကို သိချင်မှ သိလိမ့်မည် ဖြစ်သော်လည်း သူမကမူ ကောင်းစွာ သိသည်။ လွန်ခဲ့သည့် သုံးနှစ်အတွင်း၌ သူသည် အဂ္ဂိရတ် ပညာရပ်၏ အင်အားဖြင့် တောင်ထွတ်ငါးခု စလုံးကို လက်များ ဖြန့်ကျက်ခဲ့သည်။ နာကျင်စွာနှင့် ဝန်ခံရလျှင် သူမတွင်လည်း ထိုလူငယ် အပေါ် ပေးရမည့် အကြွေးများ ရှိပေသည်။
ဝေ့ဝူယင်သည် တည်ငြိမ်စွာပင် သူတို့ အနားသို့ လျှောက်လာခဲ့၏။ သူ၏ မျက်လုံးများက ပေ့မင်နှင့် တရားရေး အဖွဲ့ဝင်များကို တိုက်ရိုက်ပင် လျစ်လျူထားကာ ချင်ချူးမူကိုသာ စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။ ဤမိန်းကလေးက သူ့ဇနီးလော... ထိုသို့ဆိုလျှင်။
သူမသည် သံကြိုးများနှင့် အထပ်ထပ် တုပ်နှောင်ခံထားရ၏။ မူလက တောက်ပခဲ့သော မြရောင် ဆံသားများနှင့် မျက်လုံးများက အနည်းငယ် အရောင်ဖျော့တော့ နေသည်။ သူမ၏ ကျင့်ကြံခြင်း အဆင့်မှာ ချိပ်ပိတ်ခံထားကာ ခန္ဓာကိုယ်မှာလည်း အနည်းငယ် ပိန်လှီသွား၏။
ချင်ချူးမူမှာ ခေါင်းအား အနည်းငယ် မော့လိုက်ရင်း ဝေ့ဝူယင်အား ကြည့်လိုက်သည်။
“တကယ်ပဲ သူကိုး...”
သူမ၏ အတွေးများက ရှုပ်ထွေးနေ၏။ ထို့အတူပင် အဖြစ်အပျက် တစ်ခုလုံးမှာလည်း ရှုပ်ထွေးလှသည်။ သူမ အကြိမ်ကြိမ် ပြန်လည် စဥ်းစားခဲ့သည်။ အပြန်ပြန် အလှန်လှန် သုံးသပ်ခဲ့သည်။ နောက်ဆုံး၌ ကောက်ချက်တစ်ခု ချနိုင်သည်။ မည်သို့ပင် ဆိုစေ သူငယ်ချင်းဖြစ်သူ လင်းကျိရန် အတွက် သူမ လက်စားချေနိုင်ခဲ့သည်။ ထိုအရာကပင် သေဆုံးရန် လုံလောက်သော အကြောင်းပြချက် တစ်ခု ဖြစ်ပေသည်။
ချင်ချူးမူသည် သေခြင်းတရားကို နောင်တ မရပဲ ခံယူနိုင်လိမ့်မည်ဟု ထင်ခဲ့သည်။ သူမ ဂုဏ်ယူသော မျက်လုံးများဖြင့် ပြစ်ဒဏ် စီရင်ခြင်း ကွင်းပြင်ဆီ လျှောက်လှမ်းလာခဲ့သည်။
တစ်လှမ်းချင်း... တစ်လှမ်းချင်း...
လူသန်းချီ၏ အကြည့်များအောက်၌ သူမ၏ ခြေလှမ်းများက သိက္ခာတရားတို့နှင့် ပြည့်နှက်နေကာ နောင်တရခြင်း ကင်းမဲ့နေ၏။
သို့သော်လည်း ခေါင်းဖြတ်စက်ပေါ်သို့ အရောက်၌ သူမ၏ သတ္တိများက အရည်ပျော်ကျသွားသည်။ ဝမ်းနည်းမှုနှင့် ကြောက်ရွံ့မှု လှိုင်းလုံးများက ထိန်းချုပ်မရအောင် တရိပ်ရိပ် တက်လာခဲ့တော့သည်။ သူမ၏ အသက်က အလွန် ငယ်ရွယ်သေးသည်။ တောက်ပသော အနာဂတ်များက တဖျပ်ဖျပ်လက်ကာ ဆီးကြိုနေသည်။ သူမ ကွပ်မျက်ခံရသည့် ထိုသတင်းကို အဖေသာ ကြားပါက မည်ကဲ့သို့ နေမည်နည်း။
သို့သော်လည်း သူမသည် မျက်နှာထက်တွင်ပင် ကြောက်ရွံ့မှု တစ်အောင်စကိုမှ ထုတ်မပြခဲ့။ ထိုအခိုက်၌ သူမအား သူငယ်ချင်းများစွာ စောင့်ကြည့်နေသည်ကို သူမ သိသည်။ သူမ အကြောက်အလန့် ကင်းမဲ့စွာ သေဆုံး သွားခဲ့ကြောင်း လောကကြီးအား သေချာစေချင်သည်။
ထိုကဲ့သို့သော အခြေအနေတွင် ဝေ့ဝူယင် ရောက်ရှိလာခဲ့သည်။ ထိုလူငယ်၏ ငွေရောင် မျက်ဝန်းများက ခန့်မှန်းရန် ခက်ခဲလှကာ လှောင်ပြောင်နေသလော သို့မဟုတ် သနားနေသလော ခွဲခြား မသိရချေ။ ယခု အခိုက်၌ သူမအား ကယ်တင်နိုင်သူ ဆို၍ သူ တစ်ယောက်သာ ရှိကြောင်း သူမ သိသည်။ သို့သော်လည်း သူမ မမျှော်လင့်ရဲ။ ဝေ့ဝူယင် သူမကို ကယ်တင်ရန် လုံလောက်သည့် အကြောင်းရင်း တစ်ခု သူမ ကိုယ်တိုင်ပင် ရှာမတွေ့ချေ။
“ကောင်းကင်ဧကရာဇ်ဝေ့...”
ပေ့မင်က မဝံ့မရဲနှင့် ခေါ်ကာ ရှေ့သို့ အနည်းငယ် တိုးလာ၏။ ဝေ့ဝူယင်က သူမအား လှည့်ကြည့်ကာ အနည်းငယ် ပြုံးပြလိုက်သည်။
“လွှတ်ပေးလိုက်ပါ...”
သူ့စကားလုံးများက ထိုမျှသာ ဖြစ်သော်လည်း လူတစ်ယောက်၏ ဘဝကို ပြောင်းလဲသွားစေသည် အထိ အရေးပါခဲ့သည်။
“ကလန့်...”
နောက်ထပ် စက္ကန့်အနည်းငယ် အကြာ၌ ချင်ချူးမူ၏ ခန္ဓာကိုယ်ထက်မှ အချုပ်အနှောင် အကုန်လုံးမှာ မြေပြင်ပေါ် ပြုတ်ကျသွား၏။
လူတိုင်းမှာ ထိုမြင်ကွင်းကို တိတ်တဆိတ်ပင် ကြည့်နေကြ၏။ သူတို့ စကားတစ်ခွန်းပင် မဆိုရဲခဲ့။ တစ်ချိန်တည်း၌ လုံချန်မှာ အတွေးပေါင်း မြောက်များစွာဖြင့် လက်သီးကို ခပ်တင်းတင်း ဆုပ်လိုက်မိသည်။ အကယ်၍ သူသာ ထိုကဲ့သို့ အင်အား ရှိခဲ့လျှင်...
ဝေ့ဝူယင်သည် ကြမ်းပြင်ပေါ်၌ ဒူးထောက်လျက်သား ရှိနေသည့် ချင်ချူးမူနှင့် ပေပေါင်း အနည်းငယ် အကွာအဝေး၌ ရပ်နေခဲ့၏။
“ဒါက မင်းခန္ဓာကိုယ်ထက်က သံကြိုးတွေကို ပြုတ်ကျစေခဲ့တဲ့ ဒုတိယ အကြိမ်မြောက်နော်...”
သူက ပြုံးလိုက်ရင်း ချင်ချူးမူ၏ ရှေ့၌ ထိုင်လိုက်သည်။ ချင်ချူးမူက ခေါင်းညိတ်ရင်း ဝေ့ဝူယင်အား မဝံ့မရဲ မော့ကြည့်လိုက်၏။ အမှန်တကယ်ပင် ဝေ့ဝူယင်မှာ သူမ အသက်ကို နှစ်ကြိမ်တိုင်တိုင် ကယ်တင်ခဲ့သည့် ကျေးဇူးရှင် ဖြစ်ပေသည်။
သူမ၏ မြရောင် မျက်လုံးများက ဖြောင့်စင်းနေသော နှာတံ၊ ကြင်နာနွေးထွေးသော အပြုံးများနှင့် တလက်လက် တောက်ပနေသည့် ငွေရောင် မျက်ဝန်းများကို လှည့်ပတ် ကြည့်လိုက်မိသည်။ ထိုလူငယ်လေးမှာ ဘာဆို ဘာမှ ပြောင်းလဲမသွား။ ပထမဆုံး ဆုံတွေ့ခဲ့သည့် နေ့ကလိုပင်။
“ဒါက နင့်ကို ဇာပုဝါ အကာမပါပဲ တွေ့ဖူးတဲ့ ပထမဆုံး အကြိမ်ပဲ...”
ဝေ့ဝူယင်က ဆက်ပြောလိုက်သည်။ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေသည့် အချိန်၌ သူ၏ စကားသံများက မိုးခြိမ်းခံ အလား ကျယ်လောင်လှ၏။ အသက်ရှူသံများပင် တိတ်ဆိတ်နေကာ လူတိုင်းမှာ သူတို့ နှစ်ယောက်ကို စောင့်ကြည့်နေကြသည်။
ချင်ချူးမူမှာ ယောင်ယမ်းကာ သူမ၏ မျက်နှာကို ထိတွေ့ လိုက်မိ၏။ အမှန်တကယ်ပင် သူမသည် ဝေ့ဝူယင်အား မျက်နှာကို မပြခဲ့ဖူးချေ။ ထို့အတူပင် ဝေ့ဝူယင်မှာလည်း ဝိညာဥ်အာရုံကို သုံး၍ပင် သူမ၏ အသွင်အပြင်ကို မစုံစမ်းခဲ့။
“နင်ကြိုက်လား...”
ဝမ်းနည်းစရာများနှင့် စိတ်ဖိစီးမှု များစွာ ကြုံတွေ့ခဲ့ရသည့်တိုင် သူမကား ထူးထူးခြားခြား လှပနေဆဲ ဖြစ်သည်။ မြရောင် တလက်လက် တောက်ပနေသည့် ဆံနွယ်များက ပြန့်ကျဲနေကာ မြရောင် မျက်လုံးများမှာ အားငယ်ခြင်း အငွေ့အသက်တို့နှင့် ပြည့်နှက်နေသည်။ ပန်းရောင် ခပ်ဖျော့ဖျော့ သမ်းနေသည့် အသားအရည်က ကျောက်စိမ်းအလား ချောမွတ်နေ၏။ တိကျသေသပ်သည့် မက်မွန်ရောင် နှုတ်ခမ်းများက နူးညံ့သိမ်မွေ့သော မျဥ်းတစ်ကြောင်း ဆွဲထားသည့် အလား ထင်ရစေသည်။ ခပ်ပါးပါး ခန္ဓာကိုယ်နှင့် စွဲမက်ဖွယ်ကောင်းသော ရင်အစုံ၊ နှလုံးသား သဏ္ဌာန် မေးစေ့၊ ရှည်လျား သွယ်လျသည့် လည်ပင်းတို့က ဣတ္ထိရ မိန်းကလေးတိုင်းကိုပင် မနာလိုဖြစ်စေနိုင်လောက်သည်။
ဝေ့ဝူယင် မေးစေ့ကို ပွတ်ရင်း ခေါင်းညိတ်လိုက်၏။ သို့သော်လည်း သူ၏ မျက်ဝန်းများတွင်မူ မည်သို့ တပ်မက်မှု အရိပ်အယောင်မျှ မရှိ။ သူကား အလှတရားကို တန်ဖိုးထားရုံသာ ဖြစ်သည်။
“နင်သိလား... နာ့ရှင်းရီက နင့်အသက်ကို ကယ်တင်ဖို့ အတွက် ငါ့ဇနီး ဖြစ်တယ် ဆိုပြီး ကြေညာခဲ့တယ်“
“ ... “
ချင်ချူးမူမှာ ဆွံ့အကာ ကြောင်တောင်တောင် အမူအရာ ဖြစ်သွား၏။ သူမ ထိုအရာကို ယခုမှ ပထမဆုံး ကြားခဲ့ရခြင်း ဖြစ်သည်။
“ဪ... နင်မသိဘူးကိုး...”
ဝေ့ဝူယင်က သူမ၏ အမူအရာကို အကဲခတ်ကာ ကောက်ချက်ချလိုက်သည်။
"ဒီတော့ နင့်သဘောထားက ဘယ်လိုလဲ... ငါ့ဇနီး ဖြစ်ချင်လား”
“ငါ... ငါ...”
ချင်ချူးမူမှာ ဘာပြောရမှန်း မသိပဲ အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေ၏။ သူမ၏ စိတ်ထဲတွင်မူ အတွေး ပေါင်းစုံက ရှုပ်ယှက်ခတ်နေသည်။ အိမ်ထောင်ပြုရန် သူမ တစ်ခါမှ စိတ်မကူးခဲ့ဖူးသလို အိမ်ထောင်ရေးနှင့် ပတ်သက်၍ တိကျသော ရည်မှန်းချက် တစ်ခု သူမတွင် မရှိခဲ့ချေ။ အနည်းဆုံး လုံချန်နှင့် ပတ်သက်လျှင်ပင် သူမ ထိုအရာကို စိတ်ကူးမယဥ်ခဲ့ဖူးချေ။
ဝေ့ဝူယင်က နှာခေါင်းအား ပွတ်သပ်ရင်း ရယ်မောလိုက်သည်။
“စတာပါ... အသက်အန္တရာယ်ရဲ့ ခြိမ်းခြောက်ပြီး မိန်းမ တစ်ယောက်ကို ယူရလောက်တဲ့ အထိ ငါ အောက်တန်းမကျပါဘူး”
ထို့နောက် သူ ထိုင်ရာမှ ထရပ်ကာ နာ့ရှင်းရီတို့ အုပ်စုထံ လှမ်းကြည့်လိုက်၏။ ထို့နောက် အေးဆေး တည်ငြိမ်စွာပင် သူတို့ရှိရာသို့ လျှောက်လာခဲ့သည်။ လူအုပ်ကြီးမှာ အလိုက်တသိပင် နောက်သို့ ချဲပေးလိုက်ကြ၏။ ဟောင်ယုနှင့် ရှောင်ပင်းတို့ပင် သူတို့နှင့် မသက်ဆိုင်သည့် အလား နောက်ဆုတ် သွားကြသည်။
လုံချန်နှင့် ဝေ့ဝူယင်တို့ အကြည့်ချင်း ဆုံသွားကြသည်။ ဒေါသအရိပ်အယောင် တစ်ခုက လုံချန်၏ မျက်လုံးတွင် တောက်ပနေသော်လည်း ဝေ့ဝူယင်မှာမူ ထူးမခြားနားစွာပင် ရှိနေဆဲ ဖြစ်သည်။
“ဝေ့ဝူယင်...”
နာ့ရှင်းရီက ရှေ့သို့ တိုးလာကာ ခပ်တိုးတိုး ခေါ်လိုက်၏။ ဝေ့ဝူယင်၏ မျက်လုံးများက သူမ အပေါ်သို့ ကျရောက်သွားသည်။
“အဲဒီနေ့တုန်းက မင်းပျော်ရွှင်စေဖို့နဲ့ မင်းရဲ့ အိပ်မက်တွေ အမှန်တကယ် ဖြစ်လာစေဖို့ တာဝန်ယူမယ် လို့ ကမ်းလှမ်း ခဲ့တယ်... ဒါပေမဲ့ မင်းက အဲဒီ ကမ်းလှမ်းချက်ကို တလွဲအသုံးချခဲ့တယ်... ဒီတစ်ကြိမ် ငါ မင်းကို အတော်လေး စိတ်ပျက်မိမယ်”
“ဒါပေမဲ့ ဒီအခြေအနေကြောင့်တော့ ကမ်းလှမ်းချက်ကို ငါ ပယ်ဖျက်မှာ မဟုတ်ဘူး... အရင်က ပြောထားတဲ့ အတိုင်းပဲ အခြား ယောက်ျားတစ်ယောက်နဲ့ ဆက်ယှက်မှု မရှိသေးသမျှ ကာလပတ်လုံး ငါနင့်ကို ဇနီးအဖြစ် လက်ခံမယ်... ငါ့ဆီကို လာ မလာ နင် ကိုယ်တိုင် ဆုံးဖြတ်နိုင်တယ်... ဒါပေမဲ့ အရင်နဲ့ မတူတော့တာ တစ်ခုက အချိန် ကန့်သတ်ချက် ရှိသွားပြီ”
ဝေ့ဝူယင်က ညာဘက်လက်ကို တစ်ချက် စောင်းကြည့်လိုက်၏။
“သုံးဆယ့်ခြောက်နှစ်... ငါ နင့်ကို သုံးဆယ့်ခြောက်နှစ် အချိန်ပေးမယ်... အဲဒီ အချိန်ကို ကျော်သွားတာနဲ့ နင်ငိုပြီး တောင်းပန်တောင် ငါ လက်မခံတော့ဘူး...”
ဝေ့ဝူယင်က စကားအား ခဏ ရပ်လိုက်ရင်း နာ့ရှင်းရီ၏ မီးခိုးရောင် မျက်လုံးများကို စိုက်ကြည့်လိုက်၏။ သူ၏ မျက်လုံးများက အဆုံးမဲ့ အေးစက်ခြင်းများနှင့် ပြည့်နှက်နေသည်။
“နောက်ပြီး... နောက်တစ်ခါ ဒုက္ခရောက်တဲ့အချိန် ငါ့ဇနီး မဖြစ်သေးပဲ ငါ့နာမည်ကို သုံးမယ် ဆိုရင် ငါနင့်ကို သတ်ပစ်မယ်”
***