လူသားနတ်ဘုရားနယ်မြေသို့ ဦးတည်ခြင်း
Vol. 45 Ch. 627
"မင်း မှားနေပြီ။ နတ်ဧကရာဇ်က ယဲ့မျိုးနွယ်ကို ရှင်းပစ်လို့မရဘူး။ ကောင်းကင်မူလကြယ်အတွက် ကောင်းကင်နတ်ဆိုးဘေးရန်ရှိနေတော့ ရှင်းဟွမ်က အချင်းချင်းတိုက်ခိုက်ဖို့ ခွင့်ပြုမထားဘူး။ သူ အများဆုံးလုပ်နိုင်တာဆိုလို့ ယဲ့မျိုးနွယ်ကို ဖိနှိပ်ရုံပဲ"
သစ်သားဧကရာဇ်က ခေါင်းယမ်း၍ ရှင်းပြလိုက်သည်။ ကျန်စစ်ဧကရာဇ်များကလည်း သူ၏စကားဟုတ်မှန်ကြောင်း ထောက်ခံလိုက်ကြသည်။
"ယဲ့မျိုးနွယ်ကို ဖိနှိပ်ချင်ရင်လည်း အဆင်ပြေပါတယ်။ ဒါပေမယ့် ကောင်းကင်မူလတိုက်ဝင်ပေါက်ကို ပိတ်ဆို့တာက အရမ်းလွန်သွားပြီ။ ဒီလုပ်ရပ်က မရေမတွက်နိုင်တဲ့ ယဲ့မျိုးနွယ်ဝင်တွေနဲ့ ကျုပ်နောက်လိုက်တွေကို သေခိုင်းလိုက်တာနဲ့ အတူတူပဲ"
ယဲ့ချန်က လက်သီးကိုဆုပ်ထားပြီး မျက်လုံးများတွင် အေးစက်တင်းမာနေသည်။
"ဒီလောက်တော့ စိုးရိမ်စရာ မရှိပါဘူး။ ဝင်ပေါက်ကိုပိတ်ပြီးသွားရင် ချီပင်လယ်အဆင့်ကျင့်ကြံသူတွေကို အရှေ့ပိုင်းတိုက်ကြီးဆီ ပို့လိုက်လို့ရတယ်။ ဒီလိုဆိုရင် မင်းရဲ့လူတွေကို ဝိညာဥ်သားရဲတွေမသတ်နိုင်အောင် ကာကွယ်နိုင်ပြီ။ ဝင်ပေါက်ကိုပိတ်လိုက်ပြီဆိုရင် တာအိုအိမ်တော်အနေနဲ့ အရှေ့ပိုင်းတိုက်ကြီးမှာ အာဏာ မရှိတော့ဘူး"
သစ်သားဧကရာဇ်က တစ်ချက်ပြုံး၍ အကြံပေးလိုက်သည်။ ထိုစကားကြောင့် ဤနည်းလမ်းမှာ လက်ခံနိုင်ဖွယ်ရှိသဖြင့် ယဲ့ချန်က အနည်းငယ် စိတ်အေးသွားခဲ့သည်။ ထို့နောက် သူက ယဲ့မျိုးနွယ်ဝင်များကို ခေါ်ဆောင်ရန်အတွက် ချက်ချင်းစီစဥ်လိုက်ပြီး အရှေ့ပိုင်းတိုက်ကြီးတွင် ကျန်ရစ်ခဲ့မည့်သူများအတွက် အစောင့်အဖြစ်ငှားရန် ချီပင်လယ်အဆင့်ကျင့်ကြံသူများ ရှာဖွေလိုက်သည်။ လက်ရှိအခြေအနေအရ နတ်ဧကရာဇ်သည် ယဲ့မျိုးနွယ်ကို ပေါ်တင်တိုက်ခိုက်ခဲ့ခြင်းမရှိသော်လည်း ယဲ့ချန်ကို စတင်ဖိအားပေးလာနေပြီဖြစ်သည်။ လုံလောက်သော စွမ်းအားရှိမှသာ ထိုရန်သူကို တွန်းလှန်နိုင်မည်ဖြစ်သောကြောင့် ယဲ့မျိုးနွယ်နှင့် ကြယ်ခန်းမက ပို၍အစွမ်းထက်လာရန် လိုအပ်နေခဲ့သည်။ အချိန်တစ်ရက်သာရသောကြောင့် ကယ်နိုင်သမျှ များများကယ်တင်ရန်အတွက် ငွေကြေးများစုဆောင်းလိုက်သောအခါ တာအိုလက်နက်ကုန်သွယ်ရေးနှင့် အိမ်ရာရောင်းဝယ်ရေးကြောင့် ဆည်းဆာရွှေကိုးရာဘီလီယံအထိ ရရှိခဲ့သည်။ ထို့ကြောင့် ယဲ့မျိုးနွယ်၊ ကြယ်ခန်းမနှင့် ပင်လယ်မိစ္ဆာမျိုးနွယ်မှ အရေးကြီးသူများနှင့် ပါရမီရှင်များအပါအဝင် လူကိုးသောင်းကို ကယ်တင်နိုင်စွမ်းရှိခဲ့သည်။ ထို့အပြင် ဝိညာဥ်သားရဲများလက်မှ သူ၏နောက်လိုက်များကို ကာကွယ်ရန်အတွက် ယဲ့တောင်ကြား၊ ကြယ်ခန်းမနှင့် မြောက်ပင်လယ်သို့ ချီပင်လယ်အဆင့် ကျင့်ကြံသူနှစ်ဆယ်ကျော်ကို စေလွှတ်လိုက်သည်။ လင်ယုသည်လည်း ဆည်းဆာရွှေသုံးရာဘီလီယံပို့ပေးခဲ့ပြီး စစ်ဧကရာဇ်များကလည်း သူတို့ကယ်တင်နိုင်သော ခွဲတမ်းများဖြင့် ကူညီပေးခဲ့သောကြောင့် နောက်ထက်အရေအတွက် ငါးသောင်းအထိ ကယ်တင်နိုင်ခဲ့သည်။ လင်ယုဖြစ်စေ၊ ထိုစစ်ဧကရာဇ်များဖြစ်စေ သူ့ဘက်မှ ရပ်တည်ပေးခဲ့သောကြောင့် ယဲ့ချန်က အမြဲတမ်းသတိရနေမည်ဖြစ်ကာ ကျေးဇူးပြန်ဆပ်ရန် ဆုံးဖြတ်ထားသည်။ တစ်ရက်အချိန်ကုန်သွားသောအခါ ကောင်းကင်မူလတိုက်ကြီးနှင့် အခြားတိုက်ကြီးလေးခုသို့ ဆက်သွယ်ထားသော ဝင်ပေါက်လေးခုလုံး ပိတ်ဆို့ခံလိုက်ရသည်။
ယဲ့ချန်သည်လည်း လူထဲက လူတစ်ယောက်သာဖြစ်သောကြောင့် အနည်းငယ်ကိုယ်ကျိုးကြည့်၍ ယဲ့မျိုးနွယ်ဝင်များကို ဦးစားပေးကယ်တင်လိုခဲ့သည်။ အရှေ့ပိုင်းတိုက်ကြီးတွင် ကျန်ရစ်ခဲ့သော ယဲ့မျိုးနွယ်ဝင်အရေအတွက်က ထောင်ချီသာဖြစ်သော်လည်း ယဲ့မိုယွမ်နှင့် အချို့မျိုးနွယ်ဝင်များက မွေးရပ်မြေမှစွန့်ခွာရန် ငြင်းပယ်ခဲ့ကြသည်။ အသက်ကြီးနေပြီဖြစ်သော ယဲ့မျိုးနွယ်ဝင်နှစ်ရာကျော်က အခွင့်အရေးကို အခြားသူများထံပေးအပ်ကာ ယဲ့တောင်ကြားအတွင်း နေရစ်ခဲ့ကြသဖြင့် သူက တွန်းအားပေးရန် မဖြစ်နိုင်ပေ။ သို့သော် အရှေ့ပိုင်းတိုက်ကြီးတွင် ချီပင်လယ်အဆင့်နှစ်ဆယ်ကျော် စောင့်ကြပ်နေပြီး ချီပင်လယ်အဆင့်သို့တက်လာမည့် ဝိညာဥ်သားရဲများကို လိုက်လံရှင်းလင်းရန် ညွှန်ကြားထားသဖြင့် ထိုလူများက လုံခြုံပေလိမ့်မည်။ ကောင်းကင်မူလတိုက်ကြီး၏ ဝင်ပေါက်ကို ထာဝရပိတ်ထားရန် မလွယ်ကူသောကြောင့်လည်း သူက အနည်းငယ်စိတ်အေးရသည်။
ဤတစ်ကြိမ်တွင် ယဲ့ကျန့်ထန်း၊ ယဲ့ချိန်ရွှမ်း စသူတို့အားလုံးက ကောင်းကင်မူလတိုက်သို့ ရောက်ရှိလာကာ ယဲ့ကျန့်လုံနှင့် ယဲ့ကျန့်ရင်းသာ ယဲ့တောင်ကြားတွင် ကျန်ရစ်ခဲ့သည်။ ချီပင်လယ်အဆင့်နှစ်ဆယ်ကျော်က စောင့်ရှောက်ပေးမည်ဖြစ်သောကြောင့် သူတို့၏လုံခြုံရေးကို စိတ်ပူရန် မလိုသောအခါ ယဲ့ကျန့်တန်းတို့က ကောင်းကင်မူလတိုက်သို့လိုက်လာရန် သဘောတူခဲ့ကြသည်။ နောက်နှစ်လအတွင်း အရှေ့ပိုင်းတိုက်ကြီး၌ မည်သို့ဖြစ်ပျက်နေမည်ကို ယဲ့ချန်အနေဖြင့် မသိနိုင်တော့ပေ။ သူ၏စိတ်အတွင်း နတ်ဧကရာဇ် ဝင်ရောက်လာသောအခါ ဒေါသမီးများတောက်လာင်လာပြီး လက်ရှိတွင် တိုက်ခိုက်နိုင်စွမ်းမရှိသော်လည်း ရန်ငြှိုးတစ်ခု ဖြစ်တည်လာခဲ့သည်။ နတ်ဧကရာဇ်က သူ့ကို အလေးအနက်မထားဘဲ ဖိနှိပ်ခဲ့သောကြောင့် ယနေ့လုပ်ရပ်အတွက် အနှေးနှင့်အမြန် နောင်တရစေမည်ဟု သူက သံဓိဋ္ဌာန်ချမှတ်လိုက်သည်။ သူက ပြောင်းရွှေ့လာသူအားလုံးကို နေရာထိုင်ခင်းအတွက် စီစဥ်ပေးခဲ့ပြီး မြို့တော်ဝန်ရီရန်က မှတ်တမ်းတင်ရန်အတွက် ကူညီပေးခဲ့သည်။ လက်ရှိတွင် ယဲ့မျိုးနွယ်၏နယ်မြေက အလွန်ကျယ်ဝန်းနေပြီဖြစ်သောကြောင့် အရေအတွက်အလွန်များသော ကျင့်ကြံသူများ နေထိုင်နိုင်သည်။ ယဲ့ကျန့်တန်း၊ ယဲ့ချိန်ရွှမ်းစသော အကြီးအကဲများကို ယဲ့ချန်က ရန်ယွင်မြို့ရှိ လုပ်ငန်းများအကြောင်း ရှင်းပြပြီး ကြီးကြပ်ခွင့်ပေးခဲ့သည်။
ယဲ့မျိုးနွယ်၏ခန်းမအတွင်း ယဲ့မျိုးနွယ်ဝင်ပေါင်းများစွာ စုဝေးနေကြသည်။
"ခေါင်းဆောင် လူသားနတ်ဘုရားနယ်မြေကို တကယ်သွားတော့မလို့လား"
ယဲ့ပင်းက စိုးရိမ်တကြီး မေးလိုက်ခြင်းဖြစ်သည်။
"ဟုတ်တယ်"
ယဲ့ချန်သည် ထိုနေရာသို့သွားရန် ဆုံးဖြတ်ထားသောကြောင့် ခေါင်းညိတ်ပြလိုက်သည်။ ဤနယ်မြေကို ကြယ်သခင်နှစ်ယောက် ဖန်တီးထားခြင်းဖြစ်ကာ အမွေအနှစ်မျိုးစုံနှင့် ရတနာများရှိသောကြောင့် ကံကောင်းလျှင် စွမ်းအားများစွာ ရရှိလာပေလိမ့်မည်။ ကောင်းကင်မူလတိုက်ကြီးတွင် ရွှမ်အဆင့်သို့ တက်ရောက်နိုင်သူတိုင်းက ထိုနေရာသို့ သွားရောက်ကာ စွန့်စားတတ်ကြသည်။
"ယဲ့မျိုးနွယ်မှာ ရန်သူတွေ ပတ်လည်ဝိုင်းနေတယ်။ ချန်အာ မင်းအတွက် အန္တရာယ် မများလွန်းဘူးလား"
ယဲ့ကျန့်တန်းက စိုးရိမ်ကြောင့်ကြနေခဲ့သည်။
"မစိုးရိမ်ပါနဲ့ အဖေ။ ကျွန်တော်က နတ်ကိုယ်ပွားကျင့်စဥ်ကိုကျင့်ကြံထားပြီး ကိုယ်ပွားသုံးခု ပိုင်ဆိုင်ထားတယ်။ တစ်ယောက်သေသွားရင်တောင် ကျင့်ကြံဆင့်သုံးဆယ်ရာခိုင်နှုန်း ထိခိုက်တာကလွဲရင် ပြဿနာမရှိဘူး"
ယဲ့ချန်က နှစ်သိမ့်လိုက်သည်။ နတ်ကိုယ်ပွားကျင့်စဥ်၏အစွမ်းက ယဲ့မျိုးနွယ်ဝင်များ တွေးနိုင်သည်ထက် ပို၍ကျော်လွန်နေသဖြင့် ယဲ့ကျန့်တန်းတို့အားလုံးက စိတ်အေးသွားကြသည်။ ယဲ့မျိုးနွယ်က ရန်သူများစွာကို စော်ကားထားခဲ့သော်လည်း ယဲ့ချန်ကိုသတ်ရန်အတွက် ထင်သလောက်လွယ်ကူမည် မဟုတ်ပေ။ ယဲ့မျိုးနွယ်ဝင်များကို နှုတ်ဆက်ပြီးနောက် သူက တစ်ကိုယ်တော်ခရီး ဆက်လာခဲ့သည်။ လူသားနတ်ဘုရားနယ်မြေက ကောင်းကင်မူလကြယ်အနီးရှိ ကြယ်တစ်လုံးပေါ်တွင် တည်ရှိသောကြောင့် ၎င်းထံသွားရောက်ရန် ရှေးဟောင်းတျန်းယွမ်မြို့တော်ရှိ တည်နေရာရွှေ့ပြောင်းအစီအရင်ကို အသုံးပြုရပေလိမ့်မည်။ ကျစ်ဟွာတော်ဝင်မြို့တော်ရှိ တည်နေရာရွှေ့ပြောင်းအစီအရင်မှ အလင်းတန်းတစ်ခု ကောင်းကင်သို့ထိုးတက်သွားကာ တျန်းယွမ်မြို့တော်ထံ ဦးတည်နေသည်။ ကောင်းကင်မူလကြယ်၏ သက်ရှိများအတွက် ထိုမြို့က အလွန်မြင့်မြတ်သော နေရာတစ်ခုဖြစ်ကာ ကြယ်သခင်တျန်းယွမ်ခေတ်မှစတင်၍ တည်ဆောက်ခဲ့ပြီး ကောင်းကင်မူလတိုက်ကြီး၏ ကာကွယ်ရေးအစီအရင်အထက် မီတာသောင်းချီမြင့်သော နေရာတွင် မျောလွင့်တည်ရှိသည်။
တျန်းယွမ်မြို့တော်သည် ကောင်းကင်နတ်ဆိုးများကို ခုခံရာတွင် ရှေ့တန်းခံစစ်ဖြစ်ပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများက အသက်စွန့်၍ ကာကွယ်နေကြသည်။ ယဲ့ချန်က အစီအရင်မှတဆင့် တျန်းယွမ်မြို့တော်သို့ ရောက်လာသောအခါ မြင်လိုက်ရသော မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားခဲ့သည်။ မြို့၏ဧရိယာက စတုရန်းမိုင်တစ်ထောင်ကျော် ကျယ်ဝန်းပြီး တျန်းယွမ်က ဤမျှကြီးမားသော မြို့ကြီးကို လေထဲတွင် မည်သို့တည်ဆောက်ခဲ့ကြောင်း တွေးကြည့်ရန်ပင် မလွယ်ချေ။ မြို့၏ပတ်လည်တွင် ကြယ်မြို့ကိုးမြို့ကဝန်းရံနေပြီး ကျောက်စိမ်းနန်းတော်အတွင်းရှိ ကြယ်မြို့ပျက်နှင့် အသွင်သဏ္ဍာန်ချင်းဆင်တူသည်။ ကြယ်သခင်တျန်းယွမ်၏ အဆိုအရ မူလတွင် ကြယ်မြို့ဆယ်မြို့ရှိခဲ့ကြောင်း ယဲ့ချန်က သိထားသည်။ သို့သော်လည်း အတိတ်တွင် ကြယ်မြို့တစ်ခုက ဖျက်ဆီးခံလိုက်ရသဖြင့် ကြယ်သခင်တျန်းယွမ်မှာ ရွေးချယ်စရာမရှိဘဲ ၎င်းကို ကျောက်စိမ်းနန်းတော်အတွင်း သိမ်းဆည်းလိုက်ရ၏။ ဤသို့ဖြင့် ကြယ်မြို့အရေအတွက်က တစ်ဆယ်မှ ကိုးသို့ ရောက်ရှိသွားရလေသည်။
မြို့ထဲတွင် ကောင်းကင်သို့ ဓားများထောင်ထားသည့်ပမာ မြင့်တက်နေသော မျှော်စင်များတည်ရှိ၍ ၎င်းတို့၏ထိပ်ဖျားတွင် ဓားအစီအရင်များနှင့် ပေါင်းစပ်ထားသော ဓားများစွာက တိမ်များပမာစုဝေးနေကြပြီး တလက်လက်တောက်ပနေသည်။ ကောင်းကင်မှ ကျူးကျော်လာကြသော ကျွန်ပိုးကောင်ကြီးများမှာ ဓားအစီအရင်နှင့်အတွေ့တွင် အပိုင်းပိုင်းအစစဖြစ်အောင် ခုတ်ထစ်သတ်ဖြတ်ခံနေရပြီး သွေးမိုးများရွာကျနေသည်။ မြို့၏အရပ်လေးမျက်နှာတွင် ဤကဲ့သို့ မျှော်စင်၁၂ခုစီရှိသောကြောင့် စုစုပေါင်း မျှော်စင်၄၈ခုဖြစ်ကာ ဓားအစီအရင်များနှင့် လွှမ်းခြုံထောက်ပံ့ထားသည်။ ဓားအစီအရင်များက တစ်ချိန်လုံးအသက်ဝင်နေပြီး ကောင်းကင်မူလတိုက်ကြီးကို ရန်သူများထံမှ ကာကွယ်ပေးနေခဲ့သည်။ ရံဖန်ရံခါတွင် ကျွန်ပိုးကောင်အချို့က အစီအရင်အတွင်းမှ လွတ်မြောက်လာနိုင်ခဲ့သော်လည်း အပြင်းအထန်ဒဏ်ရာ ရထားပြီးဖြစ်သောကြောင့် တာအိုနတ်အဆင့် ကျင့်ကြံသူများရောက်ရှိလာကာ ပူးပေါင်းတိုက်ခိုက်ခြင်းဖြင့် အဆုံးသတ်ခံနေကြရသည်။ သို့သော်လည်း အဝေးရှိကောင်းကင်တွင် ကျွန်ပိုးကောင်အသိုက်တစ်ခု ဖြစ်ဟန်တူသော အနက်ရောင်အရာကြီးတစ်ခု ရှိနေသဖြင့် ကျွန်ကောင်ကြီးများက ၎င်းထံမှ ဆက်တိုက်ထွက်ပေါ်လာနေသည်။
တျန်းယွမ်မြို့တော်က ဧရာမခံတပ်ကြီးတစ်ခုကဲ့သို့ ကြံ့ကြံ့ခံနေပြီး မြို့တွင်း၌ သတ္တုမျိုးစုံနှင့်တည်ဆောက်ထားသော ကင်းမျှော်စင်များ တည်ရှိသည်။ ၎င်းတို့တွင် လက်နက်မျိုးစုံတပ်ဆင်ထားပြီး စောင့်ကြပ်နေသောအစောင့်များမှာ သံချပ်ကာအပြည့်အစုံ ဝတ်ဆင်ထားကြသည်။ အစောင့်တိုင်းက အနိမ့်ဆုံး ရွှမ်အဆင့်ကျင့်ကြံသူများဖြစ်ပြီး အများစုမှာ ခရမ်းရောင်နတ်ဆိုးချပ်ဝတ်ကို ဝတ်ဆင်ထားကြသည်။ ကောင်းကင်မူလတိုက်ကြီးတွင် သံချပ်ဝတ်များက အလွန်အမင်းစျေးကြီးသော်လည်း ဤနေရာတွင် သာမန်သာဖြစ်သည်။ မြေအဆင့်နှင့် ကောင်းကင်အဆင့် နတ်ဆိုးချပ်ဝတ်များကို နေရာတိုင်းတွေ့မြင်နိုင်ပြီး ပို၍အစွမ်းထက်သော သံချပ်ဝတ်များလည်း ရှိနေကြသည်။ စစ်သည်တော်တိုင်းတွင် အနိမ့်ဆုံး တာအိုအဆင့်တစ်လက်နက် ကိုယ်စီကိုင်ဆွဲထားကြသည်။ ဤမြို့က ကောင်းကင်မူလကြယ်၏ အသန်မာဆုံးခံတပ်ဖြစ်ပြီး ၎င်းကျသွားလျှင် ကြယ်တစ်ခုလုံး ပျက်စီးကိန်းဆိုက်ပေလိမ့်မည်။ ထို့ကြောင့် ကောင်းကင်မူလတိုက်ကြီး၏ အရင်းအမြစ်ကိုးဆယ်ရာခိုင်နှုန်းက ဤနေရာတွင် စုဝေးရောက်ရှိနေသည်။
တျန်းယွမ်မြို့တော်၏ အလည်တည့်တည့်တွင် ဆယ်မီတာအထက်မြင့်သော ရွှေရုပ်တုကြီးဆယ်ခု တည်ဆောက်ထားသည်။ ၎င်းတို့က အသွင်အပြင်မျိုးစုံရှိသော ယောကျ်ားမိန်းမများသဏ္ဍာန် ထုလုပ်ထားသော်လည်း မျက်နှာထားတိုင်းက တည်ကြည်လေးနက်နေသည်။
"ညီအစ်ကို မင်းက တျန်းယွမ်မြို့ကို အခုမှရောက်ဖူးတာမလား။ ဒီရုပ်တွေက နတ်အစေခံဆယ်ယောက်ရဲ့ ရုပ်တုတွေဖြစ်တယ်။ သူတို့က ကာကွယ်ပေးထားလို့သာ ကောင်းကင်မူလတိုက်ကြီးက မပျက်စီးသေးတာပဲကွ"
ယဲ့ချန်က အဝေးရှိ ရုပ်တုဆယ်ခုကို ငေးကြည့်နေစဥ် လူငယ်တစ်ယောက်က သူ၏ဘေးတွင် ထွက်ပေါ်လာသည်။ သူက ထိုလူငယ်ကို တစ်ချက်ကြည့်လိုက်သော်လည်း အသက်ကိုမခန့်မှန်းနိုင်ဘဲ တိုက်ပွဲဝင်ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူရဲကောင်းတစ်ယောက်၏ဟန်ပန်မျိုး တွေ့လိုက်ရသည်။
"ငါ့နာမည်က ထန်းယွမ်ပါ။ တစ်နေ့ကျရင် ငါက နတ်အစေခံတစ်ယောက်ဖြစ်လာပြီး ကောင်းကင်မူလကြယ်ကို ကာကွယ်ပေးမယ်"
ထန်းယွမ်က ယဲ့ချန်အကဲခတ်နေသည်ကို မြင်သောအခါ သွားဖြူဖြူများပေါ်အောင်ပြုံး၍ ကိုယ့်ကိုကိုယ် မိတ်ဆက်လိုက်သည်။ သူက ဤကိစ္စကို ပေါ့ပေါ့ပါးပါးလေသံနှင့် ပြောလိုက်သောကြောင့် နတ်အစေခံတစ်ယောက်ဖြစ်လာမည်ဟု ရာနှုန်းပြည့် ယုံကြည်ထားပုံပေါ်သည်။ ယဲ့ချန်က မျက်ခုံးတစ်ချက်ပင့်လိုက်သော်လည်း မှတ်ချက်မပေးခဲ့ပေ။ သူက ယုံကြည်မှုလွန်ကဲနေသော လူငယ်များကို တွေ့မြင်ခဲ့ဖူးလေသည်။