လူသားနတ်ဘုရားနယ်မြေအကြောင်း
Vol. 45 Ch. 628
"ညီအစ်ကို မင်း စစ်သည်တော်တစ်ယောက် ဖြစ်လာချင်လား။ တျန်းယွမ်မြို့စောင့်တပ်ရဲ့ တပ်သားတစ်ယောက်အဖြစ်နဲ့ အမိမြေကို ကာကွယ်ရင်း သေရတာ အလွန်ဂုဏ်ရှိမှာပဲ"
ထန်းယွမ်က ယဲ့ချန်ကို မေးလိုက်သည်။
"မဝင်ဘူး"
ယဲ့ချန်က ခေါင်းယမ်း၍ လူသားနတ်ဘုရားနယ်မြေထံ သွားရောက်နိုင်သော တျန်းယွမ်မြို့လယ်ရှိ ရင်ပြင်ထံ ဦးတည်လိုက်သည်။ မြို့ထဲတွင် အဓိကလမ်းမအနည်းငယ်သာ ရှိသောကြောင့် လမ်းပျောက်မည်ကို စိုးရိမ်စရာမလိုပေ။
"ဟေ့ ဟေ့ ညီလေး မင်းက ဒီလောက်မြန်မြန် မဆုံးဖြတ်ပါနဲ့။ မြို့စောင့်တပ်သားဖြစ်လာရင် တစ်ရက်ကို ဆည်းဆာရွှေတစ်သောင်းရမယ့်အပြင် စစ်ပွဲရမှတ်တွေရှာဖွေနိုင်ရင် ချပ်ဝတ်တွေနဲ့ ရတနာတွေ လဲလှယ်နိုင်တယ်။ စိတ်မဝင်စားဘူးလား"
ထန်းယွမ်က နောက်မှ တောက်လျှောက်ကပ်လိုက်လာပြီး ယဲ့ချန်ကို စစ်တပ်အတွင်း ဝင်ရောက်ရန် သွေးဆောင်နေသည်။
"စိတ်မဝင်စားဘူး"
"ဒါဆိုရင် မင်းက ကောင်းကင်မူလကြယ်ကို ကာကွယ်ဖို့ သတ္တိမရှိဘူးလား"
"ပြောချင်သလိုသာ ပြောကွာ"
ယဲ့ချန်က သူ့ကို လျစ်လျူရှုထားလိုက်သည်။ ကောင်းကင်မူလကြယ်ကို ကာကွယ်ရန်အတွက် သူက မြို့စောင့်တပ်သားဖြစ်လာရန် မလိုပေ။ သူ၏လက်အောက်ငယ်သားများကို ငွေဖြင့် ထောက်ပံ့ပေးလိုက်လျှင်လည်း ကောင်းကင်မူလကြယ်အတွက် များစွာအထောက်အကူဖြစ်ပေလိမ့်မည်။
"ညီလေး မင်းက ဘယ်ကိုသွားနေတာလဲ။ ငါ လမ်းပြပေးမယ်"
ယဲ့ချန်၏စကားကို ကြားသော်လည်း ထန်းယွမ်က စိတ်မဆိုးဘဲ ကပ်တွယ်နေခဲ့သည်။
"ကြယ်မြို့"
"ကောင်းပါပြီ"
ထန်းယွမ်က တစ်ချက်ပြုံး၍ အခြားလမ်းတစ်ခုသို့ ဦးဆောင်ထွက်ခွာသွားချိန်တွင် ယဲ့ချန်က မြို့လယ်ရင်ပြင်သို့ ဆက်လက်လျှောက်လှမ်းလာခဲ့သည်။
"ဟေ့ ကြယ်မြို့ကို သွားမယ်ဆိုရင် ဒီလမ်းက သွားရမယ်လေ"
ထန်းယွမ်က အော်ဟစ်၍ အဝေးမှလက်ပြလိုက်သည်။
"မင်းဘာသာသွား"
ယဲ့ချန်က သူ့ကိုလျစ်လျူရှု၍ ဆက်လက်လျှောက်လှမ်းနေသည်။
"အတော်ထူးဆန်းတဲ့လူပဲ"
ထန်းယွမ်က အလောတကြီးဖြင့် သူ့နောက်သို့ လိုက်လာပြန်သည်။
"မြို့စောင့်တပ်က အလုပ်မရှိဘူးလား"
"ငါက မြို့စောင့်တပ်သား မဟုတ်ဘူး"
မျှော့တစ်ကောင်ကဲ့သို့ ကပ်တွယ်နေသော ထန်းယွမ်ကိုခါချရန်အတွက် ယဲ့ချန်က မောင်းထုတ်လိုက်သော်လည်း အကြောင်းမထူးပေ။
"မင်းက မြို့စောင့်တပ်သားမဟုတ်ရင် ဘာလို့ ငါ့ကို စစ်တပ်ထဲဝင်ဖို့ လာခေါ်နေတာလဲဟ"
ယဲ့ချန်မှာ ဆွံ့အသွားပြီး ထန်းယွမ်ကို တစ်ချက်စိုက်ကြည့်လိုက်သည်။ သူက ဆန်းကျယ်သောအရှိန်အဝါတစ်ခုကို အာရုံရလိုက်သည့်အပြင် တစ်ဖက်လူ၏ကျင့်ကြံဆင့်ကို မခန့်မှန်းနိုင်ခဲ့ပေ။
"ငါက လူသားနတ်ဘုရားနယ်မြေကို သွားမလို့။ မင်းလိုက်လာစရာ မလိုဘူး"
လမ်းမပေါ်တွင် ဆိုင်အနည်းငယ်သာရှိပြီး အချိန်တိုင်း သံချပ်ကာအပြည့်ဝတ်ဆင်ထားသော စစ်သည်တော်များသာ လှည့်ပတ်သွားလာနေကြသည်။ သံချပ်ကာမဝတ်ဆင်ထားသော ကျင့်ကြံသူမှာ တစ်ဦးစနှစ်ဦးစသာဖြစ်သည်။ စစ်ပွဲ၏ပြင်းထန်မှုကြောင့် ပတ်ဝန်းကျင်လေထုက အလွန်တင်းမာနေသည်။
"မင်းကို တစ်ခုပြောရဦးမယ်။ ငါ့မျိုးနွယ်က လူသားနတ်ဘုရားနယ်မြေကို စောင့်ကြပ်ဖို့ တာဝန်ယူထားတာဖြစ်တယ်"
ထန်းယွမ်က တစ်ချက်ပြုံး၍ ပြောလိုက်ခြင်းဖြစ်သည်။
"မင်းတို့မျိုးနွယ်က ဘာလုပ်တာလဲ"
ယဲ့ချန်သည် ထန်းယွမ်၏နောက်ခံက အစွမ်းထက်မျိုးနွယ်တစ်ခု ဖြစ်နေမည်လားဟု တွေးမိလိုက်သည်။
"ငါက လူသားနတ်ဘုရားနယ်မြေရဲ့ အပေါက်စောင့်တစ်ယောက် ဖြစ်တယ်"
ထန်းယွမ်က ဂုဏ်ယူစွာဖြေလိုက်သောအခါ ယဲ့ချန်မှာ နောက်တစ်ကြိမ် ဆွံ့အသွားရပြန်သည်။ အပေါက်စောင့်အလုပ်က ထန်းယွမ်အတွက် ဂုဏ်ယူစရာ ဖြစ်နေပုံပေါ်သည်။
"လူသားနတ်ဘုရားနယ်မြေဆိုတာက တကယ်တော့ ဘုံကိုးဆင့်မျှော်စင်တစ်ခုဖြစ်ပြီး အထပ်မြင့်လေ တက်ရခက်လေပဲ။ သုံးဆင့်ကိုရောက်အောင် တက်နိုင်ရင် သိုင်းဒေသကြီးတွေရဲ့ အာရုံစိုက်တာ ခံရလိမ့်မယ်။ ငါးဆင့်ကိုရောက်မယ်ဆိုရင် အစွမ်းထက်အမွေအနှစ်တစ်ခုကို ရယူနိုင်လိမ့်မယ်။ ကြယ်သခင်တျန်းက ဒါကိုတည်ဆောက်ပြီးချိန်ကစလို့ အဆင့်ကိုးအထိတက်နိုင်ခဲ့တာက ကြယ်သခင်ရှင်းတစ်ယောက်ပဲ ရှိဖူးတယ်။ အဆင့်ရှစ်ထိရောက်အောင် တက်နိုင်တဲ့ ပါရမီရှင်အနည်းငယ်တော့ ထွက်ပေါ်လာဖူးတယ်။ မင်းက အဆင့်ငါးအထိ တက်နိုင်မယ်ဆိုရင် ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းက ဘယ်လောက်နိမ့်ကျပါစေ၊ သိုင်းဒေသကြီးတွေနဲ့ တာအိုအိမ်တော်ကို ဝင်ရောက်နိုင်လိမ့်မယ်။ နိမ့်ကျတဲ့ပေါင်းစပ်နှုန်းနဲ့ ကျင့်ကြံနိုင်တဲ့ အမွေအနှစ်တွေရှိတယ်။ မင်းကသာ အဆင့်ခြောက်နဲ့အထက်ကို တက်နိုင်မယ်ဆိုရင် နတ်အစေခံတွေတောင် အာရုံစိုက်လာလိမ့်မယ်။ အဆင့်ခြောက်အထိ တက်နိုင်ခဲ့သူတိုင်းက အနာဂတ်မှာ စစ်ဧကရာဇ်တွေ သေချာပေါက်ဖြစ်လာလိမ့်မယ်"
ထန်းယွမ်က လူသားနတ်ဘုရားနယ်မြေအကြောင်း အကျယ်တဝင့် ရှင်းပြလိုက်သည်။ သူ၏စကားကြောင့် ထိုနယ်မြေအကြောင်း တစ်လုံးတစ်ပါဒမျှမသိထားသော ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုနေရာရှိ အမွေအနှစ်များကို ရယူနိုင်ရန်အတွက် လွယ်ကူမည့်ပုံ မရှိချေ။
"ငါ မင်းကို ခေါ်သွားပေးမယ်။ ခြောက်ထပ်အထိ တက်နိုင်မယ်ဆိုရင်တော့ ငါ့မိတ်ဆွေဖြစ်ဖို့ ထိုက်တန်တယ်။ အနာဂတ်မှာ ငါက အနှေးနဲ့အမြန် နတ်အစေခံတစ်ယောက်ဖြစ်လာမယ့်အပြင် ကြယ်သခင်ရာထူးအတွက် တိုက်ခိုက်ခွင့်ရှိတယ်"
ထန်းယွမ်က ယုံကြည်မှုရှိစွာ ပြောလိုက်သော်လည်း ယဲ့ချန်က တိတ်ဆိတ်နေရင်းဖြင့် မြို့လယ်ရင်ပြင်သို့ ရောက်ရှိလာခဲ့ကြသည်။ ထိုနေရာက တစ်မြို့လုံးနှင့်ကွဲပြားနေပြီး ပတ်ဝန်းကျင်၌ စျေးတစ်ခုကဲ့သို့ ကျင့်ကြံသူများ စည်ကားရှုပ်ထွေးနေသည်။ နတ်အစေခံရုပ်တုဆယ်ခု၏ ပတ်လည်တွင် လူပေါင်းရာချီ စုဝေးတည်ရှိနေကြသည်။
"မြို့လယ်ရင်ပြင်မှာ တည်းခိုခန်းရာချီရှိပြီး ကျင့်ကြံသူတွေအများကြီး နေထိုင်ကြတယ်။ သူတို့က အဆင့်တူကျင့်ကြံသူတွေနဲ့ လက်ရည်ဖလှယ်တတ်ကြတဲ့အပြင် နတ်ဘုရားနယ်မြေအကြောင်း သတင်းအချက်အလက်တွေ စုဆောင်းကြတယ်။ ရွှမ်အဆင့်ကျင့်ကြံသူတစ်ယောက်က တစ်သက်မှာ ဝင်ခွင့်သုံးကြိမ်သာရှိလို့ အကောင်းဆုံးရလဒ်ကိုယူနိုင်ဖို့ ကြိုးစားကြတယ်။ လူသားနတ်ဘုရားနယ်မြေအတွင်း ဝင်ရောက်တာက အစွမ်းထက်အမွေအနှစ်တွေရယူဖို့အပြင် ခွန်အားကိုပြသဖို့လည်း ဖြစ်တယ်။ တစ်စုံတစ်ယောက်ကသာ စွမ်းရည်ထူးချွန်ပြီး စစ်ဧကရာဇ်တွေနဲ့ နတ်အစေခံတွေ အာရုံစိုက်တာကို ခံရနိုင်တဲ့အတွက် သာမန်လူတွေအတွက် ကြိုးစားချင်စရာပါပဲ"
ထန်းယွမ်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုရင်း ယဲ့ချန်ကို ရှင်းပြနေသည်။ ထိုအချိန်တွင် ရန်လိုသောအကြည့်များ ယဲ့ချန်ထံ ကျရောက်လာကာ ကျင့်ကြံသူဆယ်ယောက်ကျော်ပါဝင်သော အုပ်စုတစ်ခု ရောက်ရှိလာခဲ့သည်။
"ကြည့်ရတာ တစ်ယောက်ယောက်က မင်းကို ကြည့်မရဘူး ထင်တယ်"
ထန်းယွမ်သည်လည်း တစ်ခုခုမှားယွင်းနေကြောင်း ခံစားလိုက်ရသဖြင့် ယဲ့ချန်ကို တံတောင်ဖြင့်တွတ်ကာ သတိပေးလိုက်၏။
"ဒါဆိုရင် မြန်မြန်ထွက်သွားလေ"
"ငါက သစ္စာရှိတဲ့ မိတ်ဆွေတစ်ယောက်ပါ။ ဒီလူတွေက တာအိုအိမ်တော်ရဲ့ အဖွဲ့ဝင်တွေဖြစ်ပြီး ခေါင်းဆောင်က ရှုကျိရှုလို့ ခေါ်တယ်။ သူက အတော်ကျော်ကြားတဲ့ ပါရမီရှင်တစ်ယောက်ဖြစ်ပြီး စစ်ဧကရာဇ်အလောင်းအလျာတစ်ယောက်လည်း ဖြစ်တယ်။ သူက တျန်းယွမ်မြို့ကိုရောက်နေတာ သုံးရက်ရှိပြီ။ သူက ပထမဆုံးအကြိမ်မှာတင် လူသားနတ်ဘုရားနယ်မြေရဲ့အဆင့်ငါးအထိ ဝင်နိုင်ခဲ့ပြီး အခုတော့ အဆင့်ခြောက်ကိုတက်ဖို့ ကြိုးစားနေတယ်"
ထန်းယွမ်က ယဲ့ချန်အနားသို့ကပ်ကာ တီးတိုးပြောလိုက်ခြင်းဖြစ်သည်။ ယဲ့ချန်က အသက်ဆယ့်ရှစ်ခန့်ဖြစ်ဟန်တူသော ရှုကျိရှုထံ တစ်ချက်ကြည့်လိုက်သည်။ ဤမျှအသက်ငယ်ငယ်နှင့် ရွှမ်အဆင့်သို့ရောက်နေခြင်းကြောင့် ပါရမီထူးချွန်သူဖြစ်ကြောင်း သိနိုင်သည်။
"မင်းက ယဲ့ချန်လား"
ရှုကျိရှုက မျက်ဝန်းများကျဥ်းမြောင်း၍ ယဲ့ချန်ကို တိုက်ရိုက်မေးလိုက်ခြင်းဖြစ်သည်။
"ဟုတ်တယ်"
ယဲ့ချန်က ခပ်တင်းတင်း တုံ့ပြန်လိုက်သည်။ လက်ရှိတွင် သူက အလွန်ကျော်ကြားနေပုံရပြီး လမ်းဘေးမှ ကျပန်းခွေးများကြောင်များပင် သူ၏နာမည်ကို သိနေခဲ့သည်။
"ညီလေးရှု မတွေ့ရတာ ကြာပြီနော်။ ဒီလူနဲ့ ငါက ဘာမှမပတ်သက်ဘူး။ မင်းအနေနဲ့ အဆင့်ခြောက်ရဲ့ သတင်းအချက်အလက်တွေလိုချင်ရင် ဆည်းဆာရွှေငါးထောင်နဲ့ တစ်ခုကို ရောင်းပေးမယ်လေ"
ထန်းယွမ်က ရှုကျိရှုထံ အလျင်အမြန်ချဥ်းကပ်သွားကာ တစ်ချက်ပြုံး၍ ပြောလိုက်ခြင်းဖြစ်သည်။ သူ၏သစ္စာရှိမှုကြောင့် ယဲ့ချန်မှာ မျက်နှာမဲ့သွားသည်။ သို့သော် ထန်းယွမ်က အပေါ်ယံတွင် သာမန်ဆန်ပြီး အူကြောင်ကြောင်ဟုထင်မှတ်ရသော်လည်း ဆန်းကျယ်သော အရှိန်အဝါတစ်ခုကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် ယဲ့ချန်က သူ၏လုပ်ရပ်အပေါ် များစွာအလေးထားမနေခဲ့ပေ။
"မလိုအပ်ဘူး။ မင်းက လူသားနတ်ဘုရားနယ်မြေအကြောင်း ဒီလောက်သိနေရင် ကိုယ့်ဘာသာဝင်ပါလားဟ"
ရှုကျိရှုက ထန်းယွမ်ကို ဘေးသို့တွန်းထုတ်လိုက်သည်။ လူသားနတ်ဘုရားနယ်မြေအကြောင်း သတင်းရောင်းနေကျဖြစ်သည့် ထန်းယွမ်ကို လူတိုင်းက သိရှိထားသည်။ ထန်းယွမ်တွင် ဖောက်သည်များစွာရှိသော်လည်း ရှုကျိရှုက သဘောမကျပေ။
"ဒါဆိုရင် မင်းက အတော်ယုံကြည်မှုရှိနေပြီထင်တယ်။ ဒါဆိုရင်လည်း မနှောင့်ယှက်တော့ပါဘူး။ ငါ အရင်သွားနှင့်ပြီ။ ညီလေးယဲ့ မင်းလည်း သတင်းဝယ်ချင်တယ်ဆိုရင် ဆယ်ရာခိုင်နှုန်း လျှော့စျေးပေးမယ်နော်"
ထန်းယွမ်က ယဲ့ချန်ကိုလက်ပြ၍ နှုတ်ဆက်ကာ ရယ်ရယ်မောမောနှင့် ထွက်ခွာသွားခဲ့ပြီး လူအုပ်အတွင်း လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
"မင်းက အတော်မောက်မာတယ်လို့ ကြားထားတယ်။ နတ်ဧကရာဇ်တောင် မင်းကို သဘောမကျဘူး။ ရွှမ်အဆင့်ကျင့်ကြံသူတစ်ယောက်က အိမ်တော်သခင်ကို စော်ကားရဲတယ်ပေါ့။ ကြည့်ရတာ မင်းက သတ္တိရှိတာလား သေလမ်းရှာနေတာလားဆိုတာ မခွဲခြားတတ်ဘူးထင်တယ်"
ရှုကျိရှုက လက်နှစ်ဖက်ကို နောက်ပစ်၍ ယဲ့ချန်ကို ကဲ့ရဲ့လိုက်သည်။
"ဒီကောင်က ယဲ့ချန်လား။ သူက သုညပိုင်ရှင်တစ်ယောက်လို့ ကြားထားတယ်"
"ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း သုညနဲ့တောင် ရွှမ်အဆင့်ကိုရောက်အောင် ကျင့်ကြံနိုင်ပြီး လူသားနတ်ဘုရားနယ်မြေကို လာရဲတယ်ပေါ့"
ရှုကျိရှုနှင့်အတူ လိုက်ပါလာသော တာအိုအိမ်တော်မှ ကျင့်ကြံသူများက တီးတိုးပြောဆိုနေခြင်းဖြစ်သည်။
"မင်းတို့က ဘာပြောချင်လို့လဲ"
ယဲ့ချန်က ထိုလူစုကို တစ်ချက်စိုက်ကြည့်၍ နှာခေါင်းရှုံ့လိုက်သည်။ နတ်ဧကရာဇ်ဖြစ်နေလျှင်ပင် ကြောက်နေမည်မဟုတ်သောကြောင့် ယဲ့ချန်အတွက် ဤလူစုက လူပြက်များထက် မပိုပေ။
"လူသားနတ်ဘုရားနယ်မြေကို ဝင်မယ်ဆိုရင် သတိထားတာ ကောင်းလိမ့်မယ်။ ကံကြမ္မာဆိုတာက ပြောရခက်ပြီး မတော်တဆမှုတစ်ခုခုကြောင့် အထဲမှာ မင်း သေသွားနိုင်တယ်"
ရှုကျိရှုက ယဲ့ချန်ကို ပေါ်တင်ခြိမ်းခြောက်၍ နောက်လိုက်များကိုခေါ်ဆောင်ကာ ထွက်ခွာသွားခဲ့သည်။ သူတို့အားလုံးက ယဲ့ချန်ကို အထင်သေးစွာကြည့်သွားကြသဖြင့် အသက်ကို ခြိမ်းခြောက်နေကြောင်း ထင်ရှားသည်။ နတ်ဧကရာဇ်သည် ကောင်းကင်မူလတိုက်၏ဝင်ပေါက်ကို ယဲ့မျိုးနွယ်ကြောင့် ပိတ်ခဲ့ရသည်ဟူသော သတင်းက တာအိုအိမ်တော်အတွင်း ပျံ့နှံနေသည်။ ဤလုပ်ရပ်ကြောင့် လက်အောက်ငယ်သားများက ယဲ့ချန်ကိုအပြစ်ပေးပြီး နတ်ဧကရာဇ်ကို ဖားယားရန်အတွက် မစောင့်နိုင်ကြတော့ပေ။ ထွက်ခွာသွားသော တာအိုအိမ်တော်မှလူစုကို စိုက်ကြည့်နေသည့် ယဲ့ချန်၏မျက်ဝန်းများတွင် လူသတ်လိုစိတ်များ ထင်ဟပ်နေသည်။ တာအိုအိမ်တော်က ထိပ်တန်းအင်အားစုတစ်ခုအဖြစ် အချိန်ကြာမြင့်စွာ တည်ရှိခဲ့သောကြောင့် အဖွဲ့ဝင်များမှာ တစ်နေ့တခြား မောက်မာလာပုံရသည်။
အဝေးတွင် အခြားသိုင်းဒေသကြီးများမှ ကျင့်ကြံသူများက ဤအချင်းအရာကို အစအဆုံးမြင်တွေ့ခဲ့သောကြောင့် ဆွေးနွေးနေကြသည်။ သူတို့၏အမြင်တွင် ယဲ့ချန်က တာအိုအိမ်တော်ကို ပြဿနာရှာလိုက်သောကြောင့် ပြဿနာ အကြီးအကျယ်တက်မည်ဟု သတ်မှတ်ထားကြသည်။ တာအိုအိမ်တော်က ကောင်းကင်မူလတိုက်ကြီး၏ဥပဒေကို ထိန်းချုပ်သူများဖြစ်ကာ နတ်ဧကရာဇ်က နတ်အစေခံများအောက်တွင် ပြိုင်ဘက်ကင်းသူဖြစ်သည်။ သူ၏အဆင့်အတန်းအရ ဒေါသထွက်လာလျှင် ယဲ့ချန်ကို တိုက်ရိုက်သတ်ပစ်နိုင်ပြီး မည်သူမှ အထွန့်တက်ရဲမည်မဟုတ်ပေ။ ကောင်းကင်မူလတိုက်က ဥပဒေစိုးမိုးသော နေရာတစ်ခုဖြစ်သော်လည်း ထိုလူက ဥပဒေပြင်ပမှ အာဏာရှင်တစ်ယောက်ဖြစ်သည်။ နတ်ဧကရာဇ်က ယဲ့မျိုးနွယ်ကို အပြစ်ပေးသည့်အနေဖြင့် ကောင်းကင်မူလတိုက်ဝင်ပေါက်ကိုပိတ်ခဲ့ပြီး သတိပေးလိုက်ခြင်းဖြစ်သည်။ အကယ်၍ ယဲ့ချန်သာ အခြေအနေကို ကောင်းစွာနားမလည်နိုင်ဘဲ ကိုယ့်ကိုကိုယ် ထိန်းသိမ်းနိုင်စွမ်းမရှိလျှင် သေလမ်းရှာနေသည်နှင့်မခြားဟု သူတို့က ထင်မှတ်ထားကြသည်။
"ဟေ့ ညီလေး တိုက်တိုက်ဆိုင်ဆိုင် တွေ့ပြန်ပြီနော်"
ထိုအချိန်တွင် ထန်းယွမ်က တစ်နေရာရာမှ ပြန်လည်ထွက်ပေါ်လာပြီး တစ်ချက်ပြုံး၍ ယဲ့ချန်ထံ ရောက်လာပြန်သည်။
"အတော်သစ္စာရှိတဲ့ ညီအစ်ကို မင်းက လာရဲသေးတယ်ပေါ့။ တာအိုအိမ်တော်ရဲ့ ကျင့်ကြံသူတွေ မင်းကိုတွေ့သွားမှာ မကြောက်ဘူးလား"
ယဲ့ချန်က ထန်းယွမ်ကို မြင်သောအခါ တစ်ချက်ပြုံးလိုက်မိလေသည်။