← Chapters

လူသားနတ်ဘုရားနယ်မြေ မျှော်စင်ကို ဝင်ရောက်ခြင်း

Vol. 45 Ch. 629

လူသားနတ်ဘုရားနယ်မြေ မျှော်စင်ကို ဝင်ရောက်ခြင်း

Vol. 45 Ch. 629

"သူတို့က တာအိုအိမ်တော်ရဲ့ ဘာမဟုတ်တဲ့ အဖွဲ့ဝင်လေးတွေပါကွာ။ ဘာမှကြောက်စရာ မရှိပါဘူး။ ငါက စီးပွားရေးတစ်ခု လုပ်ချင်ရုံသက်သက်ပါ။ ဒါနဲ့ မင်း ဘယ်အချိန် မျှော်စင်ကို ဝင်မှာလဲ"

ထန်းယွမ်က တစ်ချက်ရယ်မော၍ ခေါင်းယမ်းပြလိုက်သည်။

"အခု"

ယဲ့ချန်က ပေါ့ပေါ့ပါးပါး ဖြေလိုက်သည်။ သူက လာမည့်ဘေး ပြေးတွေ့မည့်သူဖြစ်သောကြောင့် ကြိုတင်ပြင်ဆင်နေရန် မလိုအပ်ပေ။

"အခုလား။ ငါ့မှာ လူသားနတ်ဘုရားနယ်မြေရဲ့ အချက်အလက်တွေ ရှိတယ်ဆိုတော့ မင်းလိုချင်တာကို ဝယ်ယူနိုင်တယ်။ ငါ မင်းကို လျှော့စျေးနဲ့ ရောင်းပေးမယ်လေ"

ထန်းယွမ်က လက်ဝါးနှစ်ဖက်ကို ပွတ်သပ်၍ စျေးရောင်းရန် ပြင်လိုက်သည်။

"ခုနစ်ဆင့်၊ ရှစ်ဆင့်နဲ့ ကိုးဆင့်က အချက်အလက်တွေ လိုချင်တယ်"

ယဲ့ချန်၏မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာကာ တစ်လုံးချင်း တောင်းဆိုလိုက်သည်။

"ရှိတာပေါ့။ ငါက သတင်းရောင်းတဲ့ အလုပ်ကို လုပ်လာတာ ရှစ်နှစ် ရှိနေပြီ။ ငါ့မှာ ရှိသမျှအချက်အလက်တွေက ယုံကြည်စိတ်ချရတယ်။ မင်းသာ လိုချင်တယ်ဆိုရင် ရောင်းပေးမယ်"

ထန်းယွမ်၏အပြုံးက ပျောက်ကွယ်သွားပြီး မျက်နှာက တည်ကြည်လေးနက်လာသည်။ သူ၏အမူအရာက လိမ်လည်နေခြင်းမဖြစ်နိုင်သဖြင့် ထိုအဆင့်သုံးခု၏ သတင်းအချက်အလက်များရှိနေလျှင် ထန်းယွမ်က မည်သို့ရယူထားနိုင်သနည်းဟု ယဲ့ချန်က တွေးမိလိုက်သည်။

"မေ့လိုက်တော့။ မဝယ်ချင်ဘူး"

သို့သော် ယဲ့ချန်က ခေါင်းယမ်း၍ ရှေ့သို့ ဆက်လှမ်းလိုက်သည်။

"ငါရောင်းမယ့် သတင်းတွေက သေချာပေါက်မှန်ကန် စိတ်ချရတယ်။ နည်းနည်းလေးလွဲနေရင်တောင် မင်းကို ဆည်းဆာရွှေဆယ်ဘီလီယံ လျော်ကြေးပေးမယ်"

"စိတ်မဝင်စားဘူး"

ထန်းယွမ်က မည်မျှသွေးဆောင်ပါစေ ယဲ့ချန်က ဆက်တိုက်ငြင်းပယ်နေခဲ့သည်။

"အရင်ဆုံး မင်းကို အချက်အလက်တွေ ဒီအတိုင်းပေးလိုက်မယ်။ မျှော်စင်ကနေ ပြန်ထွက်လာမှ ပိုက်ဆံပေးလို့ရတယ်"

ယဲ့ချန်က သူ့ကို လူလိမ်တစ်ယောက်ပမာ ဆက်ဆံနေသောကြောင့် ထန်းယွမ်မှာ စိတ်ညစ်နေပုံပေါ်သည်။

"အတုဖြစ်ဖြစ် အစစ်ဖြစ်ဖြစ် ကျုပ် စိတ်မဝင်စားဘူး"

ယဲ့ချန်က လူသားနတ်ဘုရားနယ်မြေသို့ လျှို့ဝှက်ချက်များကို အဖြေရှာရန် ရောက်ရှိလာခြင်းဖြစ်သည်။ ထို့ကြောင့် သူက လူတိုင်းသိထားနိုင်သော အပေါ်ယံသတင်းအချက်အလက်များကို အလေးထားနေရန် အချိန်မရှိပေ။

"မင်းက အတော်ထူးဆန်းတာပဲ။ ထားလိုက်ပါတော့ မင်းဘာတွေတွေးနေလဲဆိုတာ ငါ နားမလည်နိုင်တော့ဘူး။ ငါက အခြားကိစ္စတွေမှာ သိပ်မတော်ပေမယ့် သတင်းနဲ့ပတ်သက်လာရင် ဆရာကြီးပဲ။ မင်းအနေနဲ့ မျှော်စင်ထဲကိုဝင်ရင် သေချာပေါက် သတိထားရလိမ့်မယ်"

ထန်းယွမ်က ခေါင်းကို လက်ဖြင့်ကုတ်လိုက်ပြီးနောက် သက်ပြင်းတစ်ချက်ချကာ ယဲ့ချန်ကို တီးတိုးသတိပေးလိုက်သည်။

"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ယဲ့ချန်က ခေါင်းညိတ်ပြလိုက်သော်လည်း ခြေလှမ်းများကို မရပ်တန့်ခဲ့ပေ။

"မျှော်စင်ထဲကိုရောက်ရင် မင်းကို ဒုက္ခပေးချင်နေတဲ့သူတွေ ရှိတယ်။ ညာဘက်က အနီရောင်ဝတ်ရုံနဲ့ လူငယ်သုံးယောက်ကိုကြည့်လိုက်၊ သူတို့က သွေးအရိပ်သိုင်းဒေသရဲ့ လူငယ်မျိုးဆက်မှာ အထူးချွန်ဆုံးပါရမီရှင်တွေ ဖြစ်တယ်။ ခေါင်းဆောင်က ဖန်းရန်လို့ခေါ်ပြီး လျှို့ဝှက်သတ်ဖြတ်ရေးကျင့်စဥ်တစ်ခုကို ကျွမ်းကျင်တဲ့အပြင် အဆင့်တူချင်းမှာ ပြိုင်ဘက်ကင်းလို့ ကျော်ကြားတယ်။ မင်း ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး။ ငါက လူကောင်းတစ်ယောက်ဆိုတော့ မင်းသာ မျှော်စင်ထဲမှာ သေသွားရင် နှမြောစရာကောင်းတယ်လို့ ထင်မိတယ်"

ထန်းယွမ်က ယဲ့ချန်၏ပခုံးကိုပုတ်ကာ ဘယ်ဘက်တစ်နေရာတွင် မတ်တပ်ရပ်နေသော လူငယ်သုံးယောက်ထံ မသိမသာ မေးငေါ့ပြလိုက်သည်။ သွေးအရိပ်သိုင်းဒေသမှဆိုလျှင် ဧကရာဇ်လင်းနှင့် ပတ်သက်နေသောကြောင့် ယဲ့ချန်က တစ်ချက်စိုက်ကြည့်လိုက်သည်။

"ကောင်းပြီ"

ယဲ့ချန်က ဤသို့ကိစ္စမျိုးကို မျှော်လင့်ထားပြီးဖြစ်ကာ လူသားနတ်ဘုရားနယ်မြေတွင် သူ့ကို ဒုက္ခပေးချင်သူများ ရှိနိုင်ကြောင်း နားလည်ထားသည်။

"ဟေ့ မင်း တကယ် နောက်မဆုတ်တော့ဘူးလား"

ယဲ့ချန်က ဆက်တိုက်လျှောက်လှမ်းနေသဖြင့် ထန်းယွမ်က ခေါင်းယမ်းကာ ကပ်လျက်လိုက်ပါသွားခဲ့သည်။

"မင်းပြောစရာရှိရင် မြန်မြန်ပြောပြီး ထွက်သွားလိုက်တော့။ ငါက မျှော်စင်ထဲကို ဝင်တော့မယ်"

ထန်းယွမ်က ဆက်တိုက်နားပူနားဆာလုပ်နေသဖြင့် စိတ်ညစ်လာသော ယဲ့ချန်က ပေါ်တင်မောင်းထုတ်လိုက်ခြင်း ဖြစ်သည်။

"သွေးအရိပ်သိုင်းဒေသအပြင် မင်းကိုသတ်ဖို့အတွက် ရွှမ်အဆင့်ကျင့်ကြံသူတွေ ငှားရမ်းထားတဲ့ အဖွဲ့တွေလည်း ရှိတယ်"

"ငါက လူတွေအများကြီးကို စော်ကားထားတယ်။ မင်းက ဘာကြောင့် ငါနဲ့ အနီးကပ်ရှိနေရတာလဲ။ ပြဿနာတက်မှာကို မကြောက်ဘူးလား"

ထန်းယွမ်သည် သတင်းနှင့်ပတ်သက်လျှင် ယုံကြည်စိတ်ချရပြီး အချိန်တိုအတွင်း သတင်းများ စုဆောင်းနိုင်ခဲ့သောကြောင့် ယဲ့ချန်က စိတ်ထဲမှ အသိအမှတ်ပြုလိုက်သည်။

"ငါက သစ္စာရှိတဲ့ မိတ်ဆွေတစ်ယောက်ပါကွ"

ထန်းယွမ်က ရယ်မောနေစဥ် ယဲ့ချန်က သူ့ကိုလျစ်လျူရှုကာ လူသားနတ်ဘုရားနယ်မြေသို့ ဦးတည်နေသော တည်နေရာရွှေ့ပြောင်းအစီအရင်အတွင်း လှစ်ခနဲ ဝင်ရောက်သွားပြီဖြစ်သည်။

"ငါသွားပြီ။ အနာဂတ်မှာ ကံမကုန်ရင် ပြန်ဆုံကြသေးတာပေါ့"

ယဲ့ချန်က စကားအဆုံးတွင် တည်နေရာရွှေ့ပြောင်းသွားပြီး အလင်းတန်းတစ်ခုအသွင်နှင့် ပျောက်ကွယ်သွားခဲ့သည်။

"မင်းက မျှော်စင်မှာ ဘယ်အဆင့်အထိရောက်နိုင်မလဲ သိချင်မိတယ်။ ရှင်းဟွမ် အာရုံစိုက်တာခံရတဲ့ လူတစ်ယောက်က တကယ်စိတ်ဝင်စားဖို့ကောင်းတယ်"

ယဲ့ချန်ပျောက်ကွယ်သွားချိန်တွင် ထန်းယွမ်၏ ပေါတောတောအမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး မျက်လုံးများတွင် အရောင်တဖြတ်ဖြတ်လက်လာကာ တစ်ချက်ပြုံးလိုက်သည်။

ယဲ့ချန်က မျှော်စင်ထံ ထွက်ခွာသွားသည်ကို မြင်သောအခါ တာအိုအိမ်တော်မှ ရှုကျိရှုနှင့်အဖွဲ့က ဒေါသထွက်သွားကြသည်။ သူတို့၏ခြိမ်းခြောက်မှုကို တစ်ဖက်လူက မျက်စိထဲပင် မထည့်ထားခဲ့ပေ။

"သွားကြစို့။ ငါတို့လည်း မျှော်စင်ကို လိုက်သွားကြမယ်"

ရှုကျိရှု၏မျက်နှာက မည်းနက်နေကာ နောက်လိုက်များကိုဦးဆောင်၍ တည်နေရာရွှေ့ပြောင်းအစီအရင်အတွင်း ဝင်ရောက်သွားခဲ့သည်။ မရှေးမနှောင်းမှာပင် ဖန်းရန်တို့အဖွဲ့အပါအဝင် ရွှမ်အဆင့် ကျင့်ကြံသူတစ်ရာကျော်လည်း လိုက်ပါသွားကြပြီး လူသားနတ်ဘုရားနယ်မြေသို့ ဝင်ရောက်သော အရေအတွက်က ယဲ့ချန်ကြောင့် ရုတ်တရက် လေးငါးဆတိုးလာခဲ့သည်။

"ဒီတစ်ခေါက်တော့ ပြပွဲကောင်းကောင်းလေး ကြည့်ရတော့မယ် ထင်တယ်"

တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားသော ကျင့်ကြံသူများကိုကြည့်ရင်း ထန်းယွမ်က လှောင်ပြုံးတစ်ချက် ပြုံးလိုက်သည်။ ထို့နောက် သူ၏ညာလက်တွင် ကြယ်သလင်းကျောက်တစ်လုံး ရုတ်တရက်ထွက်ပေါ်လာကာ လူသားနတ်ဘုရားနယ်မြေအတွင်းမှ ပုံရိပ်အချို့ကို ထုတ်ဖော်ပြသနေခဲ့သည်။ ထိုအချိန်တွင် ကောင်းကင်မူလတိုက်ကြီးရှိ စစ်ဧကရာဇ်များကလည်း အခြေအနေကို အာရုံစိုက်နေကြသည်။ လက်ရှိတွင် ယဲ့ချန်၏လှုပ်ရှားမှုတိုင်းက မရေမတွက်နိုင်သော ကျင့်ကြံသူများကို အာရုံစိုက်စေခဲ့ပြီး နတ်ဧကရာဇ်၏အပြစ်ပေးမှုကြောင့် ယဲ့မျိုးနွယ်မှာ ရုတ်တရက် ထင်ရှားလာခဲ့သည်။ စစ်ဧကရာဇ်အချို့က ယဲ့မျိုးနွယ်ကိုဖြိုခွဲပစ်ရန် အလေးအနက်ထား တောင်းဆိုနေကြသည်။ ထိုမျိုးနွယ်တွင် စစ်ဧကရာဇ်အလောင်းအလျာများစွာ ပိုင်ဆိုင်ထားသောကြောင့် နှစ်တစ်ရာကြာလျှင် အလွန်အစွမ်းထက်လာမည်ကို ကြောက်လန့်နေကြခြင်းဖြစ်သည်။ ဆက်၍စောင့်ကြည့်ရန် တောင်းဆိုထားသော စစ်ဧကရာဇ်များလည်းရှိပြီး သူတို့၏အမြင်တွင် မည်သူ့ကိုမှ အန္တရာယ်မပေးသည့် ယဲ့မျိုးနွယ်တည်ရှိနေခြင်းက ကောင်းသောအရာတစ်ခုဖြစ်သည်။ လက်ရှိတွင် ကောင်းကင်မူလကြယ်က ကောင်းကင်နတ်ဆိုးများ၏ဘေးရန်ကို ရင်ဆိုင်နေရသဖြင့် အချင်းချင်းမလိုအပ်ဘဲ မတိုက်ခိုက်သင့်ပေ။

ယဲ့မျိုးနွယ်၏ခေါင်းဆောင်ဖြစ်သော ယဲ့ချန်ကို လူတိုင်းက အလေးထား စောင့်ကြည့်နေကြသည်။ သူ၏ဆုံးဖြတ်ချက်အရ အနာဂတ်တွင် ယဲ့မျိုးနွယ်က လုပ်ကိုင်မည်ဖြစ်သောကြောင့် သူက ရွှမ်အဆင့်တစ်သာဖြစ်သော်လည်း လုပ်ရပ်တိုင်းမှာ ကောင်းကင်မူလတိုက်ကြီးကို ရိုက်ခတ်စေနိုင်စွမ်းရှိသည်။

လူသားနတ်ဘုရားနယ်မြေတည်ရှိသော ကြယ်က ဖုန်းဆိုးမြေရိုင်းတစ်ခုဖြစ်ကာ တည်နေရာရွှေ့ပြောင်းအစီအရင်မှ ထွက်လိုက်လျှင် အလုံးစုံပျက်စီးနေသည်ကိုသာ မြင်တွေ့ရသည်။ မြေပြင်တွင် အသက်ဓာတ်ကင်းမဲ့သော မြေဆီလွှာများရှိနေသဖြင့် မြက်တစ်ပင်မှ မပေါက်ရောက်နိုင်ဘဲ လေထုကလည်း ပါးလွှာ၍ အသက်ရှူရခက်ခဲစေသည်။ ယဲ့ချန်က အဝေးသို့မျှော်ကြည့်လိုက်သောအခါ ကြီးကျယ်ခမ်းနားသော ရှစ်ထောင့်သဏ္ဍာန် မျှော်စင်ကြီးတစ်ခုကို မြင်လိုက်ရသည်။ ၎င်းက ဘုံကိုးဆင့်ပိုင်ဆိုင်ထားပြီး ရှေးဟောင်းဗိသုကာလက်ရာတစ်ခုဖြစ်ကာ ကြေးနီရောင်ရင့်ရင့် တောက်ပနေသည်။ ၎င်း၏ထိပ်ပိုင်းတွင် လှပသော ခေါင်းလောင်းများချိတ်ဆွဲထားသဖြင့် ခေါင်းလောင်းမြည်သံကို အဝေးမှပင်ကြားနိုင်သည်။ အဆင့်ငါးမှ အဆင့်ကိုးအထိ အထပ်များတွင် အလင်းစက်ကွင်းများ ရစ်သိုင်းနေသည်။ အပြင်ဘက်မှကြည့်လျှင် ၎င်းက မီတာတစ်ရာနှစ်ရာခန့်သာမြင့်သော်လည်း အတွင်း၌ ကျောက်စိမ်းနန်းတော်ကဲ့သို့ နေရာလပ်နယ်မြေများ ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ ၎င်းကို ကြယ်သခင်တျန်းက ပန်းပဲပညာဖြင့်ဆောက်လုပ်ခဲ့ပြီး မရေမတွက်နိုင်သော ရတနာများနှင့် အမွေအနှစ်များကို ထိန်းသိမ်းထားသည်။ သို့သော် ၎င်းတို့ကိုရယူရန်အတွက် လွယ်ကူခြင်းမရှိဘဲ စမ်းသပ်မှုမြောက်များစွာကို ရင်ဆိုင်ကျော်ဖြတ်ရပေလိမ့်မည်။

ယဲ့ချန်သည် မျက်လုံးပေါင်းများစွာမှ စောင့်ကြည့်နေကြောင်း ခံစားလိုက်ရသဖြင့် မည်သည့်အရာမှမရှိသော ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူက ပုံရိပ်ယောင်လား၊ အစစ်အမှန်လား ခွဲခြားမရနိုင်သောကြောင့် မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူက တုံ့ဆိုင်းမနေတော့ဘဲ တဟုန်ထိုးလျှပ်စီးကျင့်စဥ်ကို ထုတ်ဖော်ကာ အဝေးရှိမျှော်စင်ထံ လျင်မြန်စွာ ဦးတည်လိုက်သည်။ ထိုအချိန်တွင် တည်နေရာရွှေ့ပြောင်းအစီအရင်မှ အလင်းတန်းများထွက်ပေါ်လာကာ ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။

"ဒီကောင့်ကို ထွက်မပြေးစေနဲ့၊ လိုက်ဖမ်းကြစမ်း"

ရှုကျိရှုက တာအိုအိမ်တော်မှ ရွှမ်အဆင့်ကျင့်ကြံသူများကို ဦးဆောင်၍ ယဲ့ချန်ကို လိုက်လံဖမ်းဆီးခဲ့သည်။ ထို့နောက် ဖန်းရန်တို့သုံးယောက်လည်း ရောက်ရှိလာကာ ယဲ့ချန်ကိုမြင်သည်နှင့်တပြိုင်နက် ချက်ချင်းလိုက်ပါလာ၍ သတ်ဖြတ်လိုစိတ်များ ထုတ်ဖော်လိုက်ကြသည်။ စစ်ဧကရာဇ်များက ထိုအခြေအနေကို ကြယ်သလင်းကျောက်မှတဆင့် မြင်တွေ့နေရသည်။

"ဘာတွေဖြစ်နေတယ်ဆိုတာကို တစ်ယောက်ယောက် ငါ့ကို ရှင်းပြစမ်း။ ယဲ့ချန်က ဘာကြောင့် လူသားနတ်ဘုရားနယ်မြေမှာ အမဲလိုက်ခံနေရတာလဲ"

နှင်းဧကရာဇ်က ဒေါသတကြီး မေးလိုက်ခြင်းဖြစ်သည်။

"ငါတို့က ဘယ်လိုလုပ်သိမှာလဲ။ ဒီခွေးကောင်က မောက်မာလွန်းတော့ လူတချို့ကို စော်ကားမိလိုက်တာဖြ စ်မှာပေါ့"

ဧကရာဇ်လင်းက တစ်ချက်ပြုံး၍ ကဲ့ရဲ့လိုက်သည်။

"ဧကရာဇ်လင်း ဒီလူငယ်သုံးယောက်က သွေးအရိပ်သိုင်းဒေသရဲ့တပည့်တွေ မဟုတ်ဘူးလား။ ဒီကိစ္စက မင်းနဲ့ ပတ်သက်နေတာလား"

သစ်သားဧကရာဇ်ကလည်း ဧကရာဇ်လင်း၏ အပြောအဆိုကြောင့် ဒေါသထွက်လာခဲ့သည်။

"သူတို့က သွေးအရိပ်သိုင်းဒေသရဲ့ တပည့်တွေဖြစ်ပေမယ့် ယဲ့ချန်ကို ဘာလို့လိုက်ဖမ်းနေတယ်ဆိုတာ ငါ ဘယ်လိုလုပ်သိပါ့မလဲ။ တာအိုအိမ်တော်ရဲ့ ကျင့်ကြံသူတွေကိုရော မမြင်ဘူးလား။ မင်းက ဘာကြောင့် နတ်ဧကရာဇ်ကို မေးခွန်းသွားမထုတ်တာလဲ"

ဧကရာဇ်လင်းက နှာခေါင်းရှုံ့၍ ခွန်းတုံ့ပြန်လိုက်သည်။

"ငါက ယဲ့ချန်နဲ့ရင်းနှီးတာ ကြာပြီဆိုတော့ သူ့အကျင့်စရိုက်ကို ကောင်းကောင်းသိထားတယ်။ သူက မိတ်ဆွေအတွက် အသက်စွန့်ဖို့ဝန်မလေးသလို ရန်သူတွေကိုလည်း သေချာပေါက်လက်စားချေတတ်တယ်။ ဘာဖြစ်ဖြစ် သူက ယဲ့မျိုးနွယ်ခေါင်းဆောင်ဖြစ်ပြီး အနာဂတ်မှာ ယဲ့မျိုးနွယ်က တန်ပြန်တိုက်ခိုက်လာရင် မင်း ရင်ဆိုင်ရဲပါ့မလား"

နှင်းဧကရာဇ်က အေးစက်စက် သတိပေးလိုက်သည်။

"ငါ့အထင်ပြောရရင် ယဲ့ချန်က ယဲ့မျိုးနွယ်အတွက် ကပ်ဘေးပဲ။ သူသေသွားရင် ယဲ့မျိုးနွယ်အတွက် ပိုတောင်ကောင်းဦးမယ်"

ဧကရာဇ်လင်းကမူ လှောင်ရယ်နေဆဲပင်ဖြစ်သည်။ ကျန်စစ်ဧကရာဇ်များက နှုတ်ဆိတ်နေပြီး ကိုယ်ပိုင်အထင်အမြင်များရှိသော်လည်း လူသားနတ်ဘုရားနယ်မြေမှ အဖြစ်အပျက်ကို ဆက်လက်စောင့်ကြည့်နေခဲ့ကြသည်။

ရှုကျိရှုဖြစ်စေ၊ ဖန်းရန်ဖြစ်စေ ယဲ့ချန်ကို လိုက်မမီသောကြောင့် သူက နောက်သို့တစ်ချက်လှည့်ကြည့်၍ အေးစက်စက်ပြုံးကာ မျှော်စင်အတွင်း ဝင်ရောက်သွားခဲ့သည်။ အဆင့်တစ်တွင် ရွှမ်အဆင့်တစ် ဝိညာဥ်သားရဲများ တည်ရှိနေသော်လည်း သူက ထိတ်လန့်မနေဘဲ မိစ္ဆာဝံပုလွေဆေဘာကိုထုတ်ယူ၍ ခုတ်ပိုင်းလိုက်သည်။ လင်းနို့များနှင့်ဆင်တူသော ဝိညာဥ်သားရဲများမှာ တစ်ကောင်ပြီးတစ်ကောင် သတ်ဖြတ်ခံလိုက်ရပြီး သွေးချင်းချင်းနီသွားခဲ့သည်။ သူက အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ သတ်ဖြတ်ရင်း ပျံသန်းနေသောအခါ မျက်တောင်တစ်ခတ်အတွင်း မိုင်တစ်ရာအဝေးသို့ ရောက်ရှိလာခဲ့သည်။

မျှော်စင်၏အဆင့်တစ်က ကျယ်ဝန်းသော နေရာတစ်ခုဖြစ်ကာ နေရာတိုင်းတွင် ဖိအားတစ်ခုတည်ရှိနေသဖြင့် ယဲ့ချန်၏ကျင့်ကြံဆင့်ကို ရာခိုင်နှုန်းအနည်းငယ် ဖိနှိပ်ထားခဲ့သည်။ သို့သော်လည်း သူ၏လက်ရှိခွန်အားဖြင့် ရွှမ်အဆင့်တစ် ဝိညာဥ်သားရဲများကို သတ်ဖြတ်ရန်က ပြဿနာကြီးမဟုတ်ပေ။ သူက လေထဲတွင်ပျံသန်းနေရင်း ငုံ့ကြည့်လိုက်သောအခါ ထူထပ်သော သစ်တောများနှင့် မြစ်ကြီးများကို မြင်တွေ့လိုက်ရသည်။ သို့သော်လည်း အန္တရာယ်က အချိန်တိုင်းနေရာတိုင်းမှ ထွက်ပေါ်လာနိုင်သည်။ မြေပြင်တွင် ရတနာများ တည်ရှိနေဟန်ဖြင့် အလင်းရောင်များ ဖြာထွက်နေသော်လည်း ယဲ့ချန်က လျစ်လျူရှုပြီး အဆင့်နှစ်၏ဝင်ပေါက်ထံသာ ဆက်လက်ဦးတည်သွားခဲ့လေသည်။

All Chapters