← Chapters

အုပ်စုလိုက်တိုက်ပွဲ

Vol. 45 Ch. 630

အုပ်စုလိုက်တိုက်ပွဲ

Vol. 45 Ch. 630

"မင်းက ဘယ်ကို ထွက်ပြေးမလို့လဲ"

ယဲ့ချန်နောက်သို့ ပြေးလိုက်နေသော ရှုကျိရှုက ဓားကိုဆွဲထုတ်၍ ခုတ်ပိုင်းလိုက်သောအခါ မြှားသဏ္ဍာန် ဓားအလင်းတစ်ခုက ရှေ့သို့ ပြေးထွက်သွားခဲ့သည်။ ၎င်းက ငန်းတစ်ကောင်၏အရှိန်မျိုးဖြင့် ကောင်းကင်တွင် ဥက္ကာပျံတစ်လုံးပမာ ဖြတ်သန်းသွားခဲ့သည်။ ယဲ့ချန်သည် ယင်ကောင်များနှင့်ဆင်တူသော ဤကျင့်ကြံသူများကို မျက်စိထဲမထည့်ထားသော်လည်း ဆက်တိုက်ရန်စခံနေရသည်။ ရှုကျိရှုက စစ်ဧကရာဇ်လောင်းတစ်ယောက်ဖြစ်သော်လည်း သူက အလွယ်တကူ ကိုင်တွယ်နိုင်သည်။ သို့သော် ရန်သူအရေအတွက်က တစ်ရာကျော်သောကြောင့် ဝိုင်းရံပိတ်ဆို့ခံလိုက်ရလျှင် အချိန်ကြာနိုင်သောကြောင့် သူက တိုက်ခိုက်ရန် စိတ်မဝင်စားပေ။ သူက ရွှမ်အဆင့်သို့ တက်ရောက်ကာစဖြစ်သောကြောင့် မလိုအပ်လျှင် အားကုန်မခံလိုပေ။ သူက ဆေဘာကို တစ်ချက်ယမ်းလိုက်သောအခါ ဧရာမအနီရောင် ဝံပုလွေပုံရိပ်ကြီး ထွက်ပေါ်လာကာ ဓားအလင်းကို ဖျက်ဆီး၍ ရှုကျိရှုထံ ခုန်အုပ်လိုက်သည်။

"ဘုန်း"

ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာကာ ပတ်ဝန်းကျင်ရှိ လင်းနို့ကြီးများက အချိန်မီထွက်မပြေးနိုင်ခဲ့သောကြောင့် စွမ်းအားများအောက်တွင် အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့သည်။ ရှုကျိရှုမှာလည်း မီတာတစ်ထောင်အထိ လွင့်ထွက်သွားပြီး အဝတ်အစားများစုတ်ပြဲသွားကာ အတွင်းချပ်ဝတ်ပင် ပျက်စီးလုနီးပါးဖြစ်သောကြောင့် တစ်ကိုယ်လုံး ဒဏ်ရာအပြည့်နှင့် စုတ်ပြတ်သွားခဲ့သည်။ ကြောက်စိတ်ကြောင့် သူ၏မျက်နှာက ဖြူရော်နေပြီး လေးကန်စွာ ထရပ်လိုက်သည်။ အကယ်၍ သူသာ အချိန်မီပြန်မဆုတ်နိုင်ခဲ့လျှင် ယဲ့ချန်၏ဆေဘာတစ်ကွက်တည်းဖြင့် အသက်ပါသွားပေလိမ့်မည်။ ယဲ့ချန်ကမူ ရှုကျိရှုကို မသတ်နိုင်သောကြောင့် စိတ်ပျက်ဟန်မပြဘဲ ရှေ့သို့ ဆက်လက်ပျံသန်းနေခဲ့သည်။ ဓားတစ်ချက်သာဖြစ်သော်လည်း အနိုင်အရှုံးက ကွဲပြားသွားပြီး သူက ယဲ့ချန်ကို လုံးဝမယှဥ်နိုင်ပေ။ သူက အဝေးရှိ ယဲ့ချန်၏ပုံရိပ်ကိုကြည့်နေရင်း ရွှမ်အဆင့်တစ် ကျင့်ကြံသူချင်းဖြစ်သော်လည်း ဓားတစ်ချက်ကိုပင် မယှဥ်နိုင်သောကြောင့် ထိတ်လန့်နေခဲ့သည်။

"အစ်ကိုရှု အဆင်ပြေရဲ့လား"

နောက်မှလိုက်ပါလာသော တာအိုအိမ်တော်တပည့်များက ရှုကျိရှုထံ ရောက်လာကြသည်။ ဖြစ်စဥ်အစအဆုံးကို မြင်တွေ့ခဲ့ရသောကြောင့် သူတို့လည်း ကြောက်စိတ်ကိုခံစားနေရပြီး ယဲ့ချန်က ဤမျှအစွမ်းထက်နေမည်ဟု မျှော်လင့်မထားခဲ့ပေ။ ရှုကျိရှုက စစ်ဧကရာဇ်လောင်းတစ်ယောက်ဖြစ်သောကြောင့် သူတို့ကြားတွင် အစွမ်းအထက်ဆုံးဖြစ်ကာ လေးငါးဆခန့်ပို၍ သန်မာသည်။ သို့သော်လည်း သူက ယဲ့ချန်၏တိုက်ကွက်တစ်ခုကိုပင် လက်ရည်တူမယှဥ်နိုင်ခဲ့ပေ။

"ဒီကောင်က အစွမ်းထက်လွန်းတယ်။ တစ်ကိုယ်တော် မလှုပ်ရှားကြနဲ့"

ရှုကျိရှုက ကြောက်ကြောက်လန့်လန့်နှင့် ညွှန်ကြားလိုက်သည်။ တစ်ဖက်လူ၏ပေါင်းစပ်နှုန်းက သုညသာဖြစ်သော်လည်း အဆင့်တူချင်းတွင် ခွန်အားချင်း အဆမတန်ကွာခြားနေရသော အကြောင်းအရင်းကို သူက နားမလည်နိုင်ပေ။ သူမသိသည်မှာ ယဲ့ချန်သည် ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်နှင့် ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာ၏ ငါးပုံတစ်ပုံကို ကျင့်ကြံထားသောကြောင့် သာမန်ပါရမီရှင်များထက် ခေါင်းတစ်လုံး ပိုမြင့်နေခြင်းဖြစ်သည်။ အခြားကျင့်ကြံသူများသည် ယဲ့ချန်၏လက်ထဲတွင် ရှုကျိရှုထိခိုက်သွားသော မြင်ကွင်းကြောင့် ရင်ထိတ်သွားကာ ပစ်မှတ်ကို အထင်မသေးရဲတော့ပေ။

ယဲ့ချန်ကမူ အဆင့်နှစ်၏ဝင်ပေါက်ထံ ဝင်ရောက်သွားပြီး ထိုနေရာသို့ရောက်သောအခါ ဖိအားတိုးလာသည်ကို ခံစားလိုက်ရပြီး မမြင်နိုင်သော ဖိအားက ဘက်ပေါင်းစုံမှ ထွက်ပေါ်လာနေသည်။ အဆင့်နှစ်က ပြန့်ပြူးသော လွင်ပြင်တစ်ခုဖြစ်ကာ ကန့်သတ်အစီအရင်များစွာ သီးခြားတည်ရှိနေပြီး ၎င်းတို့ကိုချိုးဖျက်နိုင်လျှင် အမွေခံလျှို့ဝှက်ကျင့်စဥ်များ ရယူနိုင်ပေလိမ့်မည်။ သူက အစီအရင်တစ်ခုကို ရွေးချယ်၍ စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။ သူ၏ခွန်အားဖြင့် ၎င်းကိုချိုးဖျက်ရန် အချိန်ခဏသာယူခဲ့ရပြီး အစီအရင်၏အဆုံးသို့ရောက်သောအခါ ခရမ်းရောင်ပန်းချီဟူသည့် ကျင့်စဥ်တစ်ခု ရရှိခဲ့သည်။ သူက တစ်ချက်ကြည့်ရုံဖြင့် ၎င်းမှာ ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်ကဲ့သို့ အစွမ်းထက်ခြင်းမရှိသော်လည်း သာမန်ကျင့်စဥ်များထက် သာလွန်ကြောင်း သိလိုက်သည်။ ဤမျှော်စင်ကို ကြယ်သခင်တျန်းက တည်ဆောက်ထားခြင်းဖြစ်သောကြောင့် လျှို့ဝှက်ချက်တစ်ခုခု ထားရစ်ခဲ့နိုင်သော်လည်း သာမန်ကျင့်ကြံသူများ လက်လှမ်းမမီနိုင်သည့် နေရာတွင် ရှိနေပေလိမ့်မည်။ ထို့ကြောင့် သူက ပို၍မြင့်သော အဆင့်များသို့တက်ရန် ခရီးဆက်လိုက်ပြီး အဆင့်သုံး၏ဝင်ပေါက်ထံ ရောက်ရှိလာခဲ့သည်။

သို့သော် ယဲ့ချန်၏ရှေ့တွင် ကျင့်ကြံသူပေါင်းတစ်ရာကျော် စုဝေးနေပြီး ရှုကျိရှု၊ ဖန်းရန်စသူတို့က ခေါင်းဆောင်၍ အဆင့်သုံးဝင်ပေါက်ကို ပိတ်ဆို့ထားကြသည်။ ယဲ့ချန်က ကန့်သတ်အစီအရင်အတွင်း ဝင်ရောက်သွားသည်ကို မြင်သောအခါ သူတို့က ဤနေရာတွင် ကြိုတင်စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်ကြသည်။ ရှုကျိရှုသည် ဖန်းရန်ကလည်း ယဲ့ချန်ကိုသတ်ချင်နေကြောင်း သိရသောအခါ အဖွဲ့နှစ်ဖွဲ့မှာ ချက်ချင်းပေါင်းစည်းသွားခဲ့ကြသည်။ ကျင့်ကြံသူပေါင်းတစ်ရာကျော်က သူ့ကို အဆင့်နှစ်တွင် သတ်ဖြတ်ရန် ကြံစည်ထားပြီး ယဲ့ချန်ပျံသန်းလာသည်ကို မြင်သောအခါ ဝမ်းသာနေကြသည်။ သူတို့အပြင် နောက်ထပ်ကျင့်ကြံသူအဖွဲ့တစ်ခုကလည်း ဘက်ပေါင်းစုံမှ ထွက်ပေါ်လာကာ ယဲ့ချန်ကို လွတ်လမ်းမရှိစေရန် ပိတ်ဆို့လိုက်ကြသည်။

"ယဲ့ချန် မင်းက အစွမ်းထက်လို့ ငါတောင်မယှဥ်နိုင်တာကို ဝန်ခံပါတယ်။ ဒါပေမယ့် ကောင်းကင်က မင်းကို သေစေချင်နေတယ်။ မင်းကများ ဧကရာဇ်တွေကို စော်ကားရဲတယ်။ ဒီနေရာမှာ ရွှမ်အဆင့် ကျင့်ကြံသူအယောက် တစ်ရာကျော်ရှိတယ်။ မင်း ဘယ်ကိုထွက်ပြေးဦးမှာလဲ"

ရှုကျိရှုက အေးစက်စက် ခြိမ်း‌ခြောက်လိုက်ခြင်းဖြစ်ပြီး ဖန်ရန်ကမူ နှုတ်ဆိတ်နေကာ ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားသည်။ သူ၏မျက်လုံးများက သတ်ဖြတ်လိုစိတ်ကြောင့် တောက်ပနေကာ ယဲ့ချန်နှင့် ရန်ငြှိုးမရှိသော်လည်း ဧကရာဇ်လင်း၏အမိန့်ကို နာခံရပေလိမ့်မည်။ သူက တာဝန်ကိုပြီးမြောက်အောင် စွမ်းဆောင်နိုင်ခဲ့လျှင် ဆုလာဘ်များ ရရှိပေလိမ့်မည်။ ထို့အပြင် ဧကရာဇ်လင်းက ယဲ့ချန်ကိုသတ်ရန်အတွက် ကျင့်ကြံသူများစွာ ငှားရမ်းခဲ့သောကြောင့် သူက အကြောင်းအရင်းကို နားမလည်ပေ။ ယဲ့ချန်က ရွှမ်အဆင့်တစ် ကျင့်ကြံသူသာဖြစ်သောကြောင့် သူတစ်ယောက်တည်းဖြင့် ကိုင်တွယ်နိုင်သော်လည်း ဧကရာဇ်လင်းက အယောက်တစ်ရာကျော် ငှားရမ်းထားခဲ့သည်။ ဧကရာဇ်လင်းအတွက်မူ ရွှေမီးလျှံနတ်မိုးကြိုး၈၁စင်းကို အသက်ရှင်လျက် ကျော်ဖြတ်နိုင်ခဲ့သော ယဲ့ချန်က အထင်သေးရမည့် ကျင့်ကြံသူမျိုး မဟုတ်ပေ။

"မင်းတို့က အများနဲ့ တစ်ယောက် တိုက်ခိုက်ချင်တာလား"

ယဲ့ချန်က တည်ငြိမ်စွာပြောလိုက်သော်လည်း မျက်ဝန်းများ ကျဥ်းမြောင်းနေသည်။

"ငါတို့က မင်းကို တစ်ယောက်ချင်းအနိုင်မယူနိုင်ပေမယ့် ဒီအင်အားနဲ့ဆိုရင် အတောင်ပံပါရင်တောင် ပြေးမလွတ်စေရဘူးကွ"

ရှုကျိရှု၏အမြင်တွင် ယဲ့ချန်က ထောင်ချောက်မိနေသော သိုးငယ်တစ်ကောင်သာဖြစ်၍ ယုံကြည်မှု အလွန်ရှိနေသည်။ သူတို့က တစ်ချက်လှုပ်ရှားလိုက်ရုံဖြင့် ယဲ့ချန်သေရမည်ဟု အပိုင်တွက်ထားခဲ့သည်။ ရွှမ်အဆင့် ကျင့်ကြံသူတစ်ရာကျော်က လက်နက်များဆွဲထုတ်ထားပြီး ယဲ့ချန်ကို နုတ်နုတ်စင်းရန်အတွက် အဆင့်သင်ပြင်ထားလိုက်ကြသည်။

"မင်းတို့က ဒီလောက်တိုက်ခိုက်ချင်နေမှတော့ သေကြပေါ့ကွာ"

ယဲ့ချန်က လှောင်ပြုံးပြုံးလိုက်ပြီး ကောင်းကင်ချီကို ဧကရာဇ်မင်၏ခါးပတ်အတွင်း ထည့်သွင်းလိုက်သည်။

"သတ်"

ရှုကျိရှုက အမိန့်ပေးလိုက်သောအခါ မရေမတွက်နိုင်သော တိုက်ကွက်များက ယဲ့ချန်ထံ ကျဆင်းလာသည်။ ယဲ့ချန်သေပြီဟု သူတို့က ထင်မှတ်နေချိန်တွင် ငှက်အော်သံတစ်ခုထွက်ပေါ်လာကာ အင်မော်တယ်အမှောင်ဖီးနစ်ကြီး ထွက်ပေါ်လာခဲ့သည်။ ၎င်းက ရန်သူများထံ ပျံသန်းသွားသောအခါ အနက်ရောင်မီးများ တောက်လောင်နေသည်။ အင်မော်တယ်အမှောင်ဖီးနစ်၊ ကောင်းကင်ချီလင်ကြံ့၊ သွေးကြေးခွံမြွေ၊ ကောင်းကင်မီးတောက်နွားသိုး၊ မိုးကြိုးလင်းယုန်၊ ခရမ်းရောင်မီးလျှံကင်းမြီးကောက်နှင့် ကောင်းကင်ဆူးချွန်ကျားဟူသည့် နတ်သားရဲခုနစ်ကောင်က ဘက်ပေါင်းစုံမှ ရန်သူများကို ရင်ဆိုင်လိုက်ကြသည်။ ရွှမ်အဆင့်သို့ရောက်ပြီးနောက် ယဲ့ချန်သည် ဧကရာဇ်မင်း၏ခါးပတ်အတွင်းမှ သားရဲခုနစ်ကောင်အထိဆင့်ခေါ်လာနိုင်ပြီး ၎င်းတို့က သူ၏စိတ်နှင့် ဆက်သွယ်နေကြသော်လည်း ပို၍သန်မာကြသည်။ နတ်သားရဲများ ထွက်ပေါ်လာသောအခါ ရန်သူအားလုံး မင်သက်သွားကြပြီး သူတို့၏ပစ်မှတ်က အလွန်အစွမ်းထက်နေမည်ဟု အိပ်မက်ပင် မမက်ဖူးကြပေ။

နတ်သားရဲများ၏လက်ချက်ဖြင့် ရန်သူများက တစ်ယောက်ပြီးတစ်ယောက် အသတ်ခံလိုက်ရကာ အနည်းငယ်ပို၍သန်မာသော ရှုကျိရှုနှင့် ဖန်းရန်တို့ပင် အောက်စည်းသို့ရောက်ရှိနေသည်။ ယဲ့ချန်က ရန်သူများကိုအပြတ်ရှင်းရန် နတ်သားရဲခုနစ်ကောင်ကို ဆင့်ခေါ်ပြီးနောက် ဘေးထွက်ရပ်ကာ လက်နှစ်ဖက်နောက်ပစ်၍ စောင့်ကြည့်နေခဲ့သည်။ ၎င်းတို့က ကာကွယ်ရေးသားရဲများမဟုတ်သော်လည်း စစ်ဧကရာဇ်တစ်ဦးဖြစ်သော ဧကရာဇ်မင်၏ခါးပတ်မှ ဆင့်ခေါ်ထားခြင်းဖြစ်သောကြောင့် အလွန်အစွမ်းထက်သည်။ သူက ၎င်း၏အဆင့်ကို အတိအကျမခန့်မှန်းနိုင်သော်လည်း အနိမ့်ဆုံး အဆင့်ခြောက်တာအိုလက်နက်ဖြစ်ကြောင်း သိနိုင်သည်။ ရွှမ်အဆင့် ကျင့်ကြံသူတစ်ရာကျော်ကို အဆင့်ခြောက် တာအိုလက်နက်တစ်ခုဖြင့် သတ်ဖြတ်ခြင်းက အလွန်တရာလွယ်ကူပေသည်။ လူသားနတ်ဘုရားနယ်မြေအတွင်း ဝင်ရောက်လာပြီးနောက် စောင့်ကြည့်ခံနေရသည်ဟု သူက ခံစားနေရသဖြင့် စစ်ဧကရာဇ်များ ဖြစ်နိုင်သည်။

ယဲ့ချန်က ဤအကြောင်း တွေးမိသောအခါ သတ်ဖြတ်လိုစိတ်များ ပြင်းထန်လာခဲ့သည်။ သူ၏သတ်ဖြတ်လိုစိတ်ကို ခံစားမိသောအခါ နတ်သားရဲများက ပို၍ရက်စက်ကြမ်းတမ်းလာကာ ရန်သူများအနေဖြင့် တဘုန်းဘုန်းပေါက်ကွဲ သေဆုံးသွားကြရသည်။ ရှုကျိရှုနှင့် ဖန်းရန်ပင် အလွန်ကြောက်လန့်သွားကာ ယဲ့ချန်ကို ရန်စမိခြင်းအပေါ် နောင်တရနေကြပြီဖြစ်သည်။

"ဒီကောင့်မှာ အဆင့်ခြောက် တာအိုလက်နက်တစ်ခု ရှိနေတယ်။ ပြေးကြ"

ရန်သူများက ဆက်လက်တိုက်ခိုက်ရန် သတ္တိမရှိသောကြောင့် ချက်ချင်းထွက်ပြေးလိုက်ကြသည်။

"မင်းတို့က ပြေးချင်နေတာလား။ အကုန်သတ်စမ်း"

ယဲဲ့ချန်က အေးစက်စက် အမိန့်ပေးလိုက်ခြင်းဖြစ်သည်။ သူက သတ်ဖြတ်ရခြင်းကို သဘောမကျသော်လည်း တစ်ဖက်လူမှ သူ့ကိုသတ်ချင်လျှင် သေချာပေါက် ညှာတာထောက်ထားတတ်သူ မဟုတ်ပေ။

"ဂီး"

ဖီးနစ်ကြီးက မီးတောက်များခြံရံလျက် ကောင်းကင်ထက်မှ တဟုန်ထိုးဆင်းလာခဲ့သည်။

"ငါက တာအိုအိမ်တော်ရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ။ မင်း ငါ့ကို သတ်ရဲလား"

ရှုကျိရှုသည် သူ့ထံ ဦးတည်လာနေသော ဖီးနစ်ကြီးကို အလန့်တကြားစိုက်ကြည့်နေရင်း တာအိုအိမ်တော်နောက်ခံဖြင့် ခြိမ်းခြောက်ရန် ကြိုးစားလိုက်သည်။

"သတ်ရဲတယ်လေ"

ယဲ့ချန်ကမူ ထိုအဖြစ်ကို လက်နောက်ပစ်၍ အေးတိအေးစက် စောင့်ကြည့်နေခဲ့သည်။ တာအိုအိမ်တော်၏အဖွဲ့ဝင်များက မောက်မာလွန်းပြီး အခြားလူများကို သတ်ချင်တိုင်းသတ်နိုင်မည်ဟု ထင်မှတ်နေကြသည်။ ထို့ကြောင့် တစ်ဖက်လူမှ ပြန်သတ်လာမည်ကိုလည်း ထည့်တွေးထားသင့်ပေသည်။ ထိုအချိန်တွင် ဖီးနစ်ကြီး၏ အနက်ရောင်မီးတောက်များက ရှုကျိရှုကို ဝါးမျိုသွားသဖြင့် နာကျင်စွာ အော်သံကြီးတစ်ခု ထွက်ပေါ်လာပြီး အရှင်လတ်လတ် ပြာချခံလိုက်ရသည်။ သွေးအရိပ်ဒေသမှ ဖန်းရန်နှင့် အခြားကျင့်ကြံသူများမှာ ယဲ့ချန်က တာအိုအိမ်တော်အဖွဲ့ဝင်များကိုပင် သတ်ရဲနေသောအခါ အကြောက်လွန်သွားပြီး ထွက်ပြေးလိုက်ကြသည်။ ဖန်းရန်၏လျှို့ဝှက်ကျင့်စဥ်က အစွမ်းထက်ပြီး အဆင့်တူချင်းတွင် ကြောက်စရာမရှိဟု ကြွေးကျော်ထားသော်လည်း နတ်သားရဲခုနစ်ကောင်ကို တစ်ချိန်တည်း မတိုက်ခိုက်ဝံ့ပေ။ ၎င်းတို့က ပုံရိပ်သက်သက်ဖြစ်နေလျှင်ပင် တန်ပြန်တိုက်ခိုက်ရန် သတ္တိမရှိခဲ့ပေ။ သူတို့က မီတာထောင်ချီအထိ ထွက်ပြေးခဲ့ကြသော်လည်း နတ်သားရဲခုနစ်ကောင်က လိုက်ပါသွားသဖြင့် သေမိန့်ချမှတ်ခံရပြီးဖြစ်သည်။

ရွှမ်အဆင့် ကျင့်ကြံသူတစ်ရာကျော်တွင် အရေးမပါသော လူအချို့သာ လွတ်မြောက်သွားကြသည်။ ထွက်​ပြေးနိုင်ခဲ့သူများမှာ ကြောက်လန့်လွန်းသဖြင့် ခြေထောက်အပိုပါအောင် မွေးမပေးခဲ့သော မိဘများကို စိတ်ထဲမှ အပြစ်တင်နေကြသည်။ အချိန်ခဏအတွင်း အဆင့်သုံးဝင်ပေါက်တွင် အရာအားလုံးရှင်းလင်းသွားကာ ယဲ့ချန်တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။ ရွှမ်အဆင့် ကျင့်ကြံသူတစ်ရာကျော် ရှိခဲ့ဖူးသော သက်သေဟူ၍ လေထဲ၌ လွင့်ပျံ့နေသည့် သွေးညှီနံ့များသာ ကျန်ရစ်ခဲ့လေသည်။

All Chapters