နတ်ဧကရာဇ်၏ ကောက်ကျစ်မှု
Vol. 45 Ch. 631
စစ်ဧကရာဇ်များသည် လူသားနတ်ဘုရားနယ်မြေမှ အဖြစ်အပျက်များကို ကြယ်သလင်းကျောက်မှ စောင့်ကြည့်နေသည်ဖြစ်ရာ ယဲ့ချန်၏လုပ်ရပ်ကြောင့် တုန်လှုပ်သွားကြသည်။ ရှုကျိရှုတို့လူစု၏ ဝိုင်းဝန်းပိတ်ဆို့ခြင်းခံရချိန်တွင် ယဲ့ချန်၏ကိုယ်ပွား အသတ်ခံရပြီဟု ထင်မှတ်လိုက်ကြသဖြင့် လင်ယွမ်တို့ပင် စိုးရိမ်သွားကြသည်။ သို့သော်လည်း ယဲ့ချန်က တာအိုအဆင့်ခြောက် လက်နက်တစ်ခုကိုထုတ်ယူ၍ နတ်သားရဲခုနစ်ကောင်ကိုဆင့်ခေါ်ကာ အားလုံးကို သတ်ပစ်လိုက်သည်။ ဤမြင်ကွင်းကြောင့် စစ်ဧကရာဇ်တိုင်းက မျက်မှောင်ကြုတ်လိုက်ပြီး ယဲ့ချန်မှာ အဆင်အခြင်မဲ့လွန်းသည်ဟု ခံစားလိုက်ရသည်။ ရှုကျိရှုသည် စစ်ဧကရာဇ်လောင်းတစ်ယောက်ဖြစ်ပြီး တာအိုအိမ်တော်၏ ပါရမီရှင်တစ်ယောက်ဖြစ်သောကြောင့် ဤကိစ္စကို တာအိုအိမ်တော်ဘက်မှ အလွတ်ပေးမည် မဟုတ်ပေ။ ရှုကျိရှုကို ယဲ့ချန်က သတ်လိုက်သောအခါ ဧကရာဇ်လင်းက စိတ်ထဲမှကြိတ်၍ ဝမ်းသာနေခဲ့သည်။ သူ့အတွက် ဖန်းရန်တို့သုံးယောက် အသတ်ခံလိုက်ရခြင်းက ထိခိုက်မှုကြီးမားသော်လည်း ယဲ့ချန်မှာ သေလမ်းကို ကိုယ်တိုင်ဖောက်လုပ်နေသည်။ တာအိုအိမ်တော်၏ ပါရမီရှင်တစ်ယောက်ကို လူမြင်ကွင်းတွင် သတ်ပြလိုက်သောအခါ ဤကိစ္စကိုခွင့်လွှတ်လိုက်လျှင် တာအိုအိမ်တော်အနေဖြင့် မျက်နှာပျက်ရပေလိမ့်မည်။
"ယဲ့ချန်က သွေးဆာရက်စက်တဲ့ အပြစ်သားဖြစ်တယ်။ မင်းတို့ထဲက ဘယ်သူတွေ သူ့အတွက် ရပ်တည်ချင်သေးလဲ။ ရှုကျိရှုက စစ်ဧကရာဇ်လောင်းတစ်ယောက်ဖြစ်လို့ အနာဂတ်မှာ အစွမ်းထက်လာနိုင်တယ်။ အခု သူ့ကို ယဲ့ချန်က သတ်လိုက်ပြီ"
ဧကရာဇ်လင်းက သွေးထိုးလှုံ့ဆော်လိုက်ခြင်း ဖြစ်သည်။
"မင်းက အမှန်တရားကို ဖုံးကွယ်ချင်နေတာလား။ မင်းပြောသလိုဆိုရင် ရှုကျိရှုနဲ့ နောက်လိုက်တွေက လာသတ်တာကို ယဲ့ချန်က ဒီအတိုင်း ငြိမ်ခံပေးရမယ့်ပေါ့။ ဟုတ်လား"
တည်ငြိမ်အေးဆေးသော သစ်သားဧကရာဇ်ပင် ထိုလူ၏ အောက်တန်းကျမှုကြောင့် ဒေါသူပုန်ထနေခဲ့သည်။
"သူတို့က အရှုံးပေးပြီး နောက်ဆုတ်နေပြီပဲ။ ယဲ့ချန်က ဘာကြောင့် ဒီလောက်ရက်စက်ရတာလဲ"
"ဒီလိုဖြစ်ရပ်မျိုး မင်း ကြုံတွေ့ရမယ်ဆိုရင်ရော တရားခံကို သတ်မှာလား။ ဒါမှမဟုတ် လွှတ်ပေးလိုက်ပြီး အနာဂတ်မှာ ပြဿနာအဖြစ်ခံမှာလား။ မင်းဆိုရင် ယဲ့ချန်ထက်တောင် ပိုပြီးရက်စက်ဦးမယ်ထင်တယ်"
နှင်းဧကရာဇ်က နှာခေါင်းရှုံ့၍ အထင်သေးစွာ ပြောလိုက်သည်။
"ငါက ကောင်းကင်မူလတိုက်ရဲ့ဝင်ပေါက်ကို ပိတ်ဆို့ဖို့ အမိန့်ပေးခဲ့တာဟာ ယဲ့ချန်ကို စမ်းသပ်ချင်လို့သာ ဖြစ်တယ်။ ယဲ့မျိုးနွယ်မှာ ပါရမီရှင်တွေပြည့်နှက်နေတဲ့အတွက် မျိုးနွယ်ခေါင်းဆောင်ရဲ့လုပ်ရပ်က ကောင်းကင်မူလတိုက်ကြီးရဲ့အနာဂတ်နဲ့ ပတ်သက်နေတယ်။ ငါက ယဲ့မျိုးနွယ်ကို ကြီးထွားလာစေချင်ပေမယ့် ယဲ့ချန်ရဲ့အကျင့်စရိုက်က မျိုးနွယ်ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ မထိုက်တန်ဘူး။ မျိုးနွယ်ခေါင်းဆောင်တစ်ယောက်က အရှည်ကို မျှော်တွေးတတ်ရမယ်။ ဒါပေမယ့် သူက ရန်ငြှိုးကို လက်စားချေချင်စိတ် ကြီးမားလွန်းနေတဲ့အတွက် တစ်နေ့မှာ ယဲ့မျိုးနွယ်က စစ်ဧကရာဇ်တွေ ပိုင်ဆိုင်လာတဲ့အချိန်မှာ တစ်ယောက်ယောက်က ထိပါးမိရင် ငါတို့ရဲ့မွေးရပ်မြေက ငြိမ်းချမ်းမှာ မဟုတ်တော့ဘူး"
ထိုအချိန်တွင် နတ်ဧကရာဇ်၏ ခပ်သြသြစကားသံ ထွက်ပေါ်လာသောကြောင့် စစ်ဧကရာဇ်များအားလုံး တိတ်ဆိတ်သွားခဲ့ကြသည်။ သူ၏စကားသံတွင် ခံစားချက်ကင်းမဲ့၍ တည်ငြိမ်နေသော်လည်း ယဲ့ချန်ကို အပြစ်ပေးလို၍ ရမယ်ရှာနေခြင်းဖြစ်ကြောင်း သိသာသည်။
"နတ်ဧကရာဇ် ယဲ့ချန်က လူငယ်တစ်ယောက်ဖြစ်တဲ့အတွက် ဒီလိုစိတ်ထားမျိုးရှိတာ ပုံမှန်ပါပဲ။ ပြီးတော့ ဒီနေ့ကိစ္စကို စတင်ရန်စသူက ရှုကျိရှု မဟုတ်ဘူးလား။ သူတို့က ယဲ့ချန်ကို လူအင်အားနဲ့ဖိနှိပ်ပြီး သတ်ချင်နေတယ်။ ဒါကို လူတိုင်း မြင်ခဲ့ကြတာပဲ"
လင်ယွမ်က နတ်ဧကရာဇ်ကိုဆန့်ကျင်ရန် ဖိအားကြီးမားသော်လည်း ယဲ့ချန်အတွက် ကာကွယ်ပြောဆိုပေးခဲ့သည်။ ယဲ့ချန်၏နေရာတွင် သူဖြစ်နေလျှင်လည်း တစ်ဖက်လူကို သေချာပေါက် အလွတ်ပေးမည်မဟုတ်ပေ။
"တကယ်လို့ သူကသာ ယဲ့မျိုးနွယ်ရဲ့ တစ်ဦးတည်းသော စစ်ဧကရာဇ်ဖြစ်မယ်ဆိုရင် ဒါက ပြဿနာမရှိဘူး။ ဒါပေမယ့် ယဲ့မျိုးနွယ်မှာ ပါရမီရှင်တွေ အများကြီးရှိနေတယ်။ ငါတို့က ဒီမျိုးနွယ်ကို သူ့ရဲ့ခေါင်းဆောင်မှုနဲ့ ကြီးထွားခွင့်ပေးခဲ့ရင် အနာဂတ်မှာ ပြဿနာအကြီးအကျယ် တက်လာနိုင်တယ်"
နတ်ဧကရာဇ်၏စကားသံတွင် ဒေါသစိတ်များ ထင်ဟပ်နေသဖြင့် ယဲ့ချန်ဘက်မှ ရပ်တည်ပေးနေသူများအားလုံး ရင်ထိတ်သွားကြသည်။ ထိုလူက ယဲ့မျိုးနွယ် အစွမ်းထက်လာမည်ကို စိုးရိမ်နေသောကြောင့် သူတို့က မည်မျှကာကွယ်ပြောဆိုနေပါစေ၊ အကျိုးရှိမည်မဟုတ်ပေ။
"ဒါဆိုရင် ခင်ဗျားက ယဲ့မျိုးနွယ်ကို ဘယ်လိုစီရင်မှာလဲ"
သစ်သားဧကရာဇ်က အေးစက်စက် မေးလိုက်ခြင်းဖြစ်သည်။
"ယဲ့မျိုးနွယ်ဝင်တိုင်းက လက်ရှိမှာ ယဲ့ချန်ကို ကိုးကွယ်ယုံကြည်နေကြတယ်။ ဒါကြောင့် သူ့ကို ထိန်းချုပ်ဖမ်းဆီးထားပြီး စစ်ဧကရာဇ်လောင်းတွေကို ခွဲခြားပစ်ရမယ်။ ဒါဆိုရင် ယဲ့မျိုးနွယ် အစွမ်းထက်လာရင်တောင် သူတို့ထင်သလို ရမ်းကားနိုင်မှာမဟုတ်ဘူး။ တာအိုအိမ်တော်က ယဲ့ချန်ရဲ့ကိုယ်ပွားတိုင်းကို ဖမ်းဆီးပြီး ပါရမီရှင်တွေကို တန်းကုန်းကျောင်းတော်၊ သိုင်းဒေသကြီးတွေနဲ့ စစ်ဧကရာဇ်တွေဆီကို ပညာသင်ကြားဖို့ ပို့ဆောင်ပေးမယ်"
နတ်ဧကရာဇ်က တည်ငြိမ်စွာ ဖြေလိုက်သည်။ သူ၏အကြံက ကောက်ကျစ်လွန်းပြီး ယဲ့ချန်ကိုဖမ်းဆီးထား၍ ယဲ့မျိုးနွယ်၏ပါရမီရှင်များကို နေရာမျိုးစုံပို့ပေးလိုက်၍ အင်အားကိုယ်စီထူထောင်ရန် သွေးထိုးပေးလိုက်လျှင် မျိုးနွယ်တွင်း၌ အာဏာလုပွဲများ ဖြစ်ပေါ်လာနိုင်သည်။ ဤအကြောင်းကို နားလည်သော စစ်ဧကရာဇ်များက နတ်ဧကရာဇ်၏အကြံကြောင့် ရင်ထိတ်သွားကြသည်။ လက်ရှိယဲ့မျိုးနွယ်က အလွန်စည်းလုံးပြီး ယဲ့ချန်ကို ခေါင်းဆောင်အဖြစ် မှတ်ယူထားသောကြောင့် သူက အာဏာအရှိဆုံးဖြစ်သည်။ အကယ်၍ မျိုးနွယ်တွင်း၌ အာဏာပြိုင်ဆိုင်မှုများဖြစ်ပေါ်လာလျှင် ယဲ့မျိုးနွယ်က တာအိုအိမ်တော်အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်မလာနိုင်တော့ပေ။ ထိုအချိန်တွင် ကောင်းကင်မူလတိုက်တွင် အာဏာအရှိဆုံးမှာ နတ်ဧကရာဇ် ဖြစ်လာပေလိမ့်မည်။ ကောင်းကင်မူလတိုက်က အပြင်ရန်ကို တိုက်ခိုက်နေသော်လည်း နတ်ဧကရာဇ်က သူ၏အာဏာအပေါ် တပ်မက်နေဆဲပင်ဖြစ်သည်။ တာအိုအိမ်တော်က အခြားအင်အားစုများ၏အထက်တွင် အမြဲတမ်းရပ်တည်ခဲ့သောကြောင့် သူက ဤအခြေအနေကို ခြိမ်းခြောက်ခွင့်မပေးနိုင်ချေ။ သူ၏ဆုံးဖြတ်ချက်ကြောင့် နှင်းဧကရာဇ်၊ သစ်သားဧကရာဇ်စသူတို့က မကျေမနပ်ဖြစ်နေကြသော်လည်း တွန်းလှန်နိုင်သော အာဏာမျိုးမရှိသဖြင့် ပြောင်းလဲမှုများ မပြုလုပ်နိုင်ခဲ့ပေ။
"ဘယ်သူမှ မကန့်ကွက်ဘူးဆိုရင် ငါ့အမိန်ကို ချက်ချင်းဆောင်ရွက်မယ်"
နတ်ဧကရာဇ်က လူတိုင်းကိုဖိနှိပ်၍ စကားတစ်ခွန်းမှမပြောနိုင်ခင် အမိန့်ချမှတ်လိုက်သည်။ ဧကရာဇ်လင်းမှာ ကြယ်သလင်းကျောက်ကို ပြန်လည်သိမ်းယူ၍ ကောက်ကျစ်စွာ ပြုံးလိုက်သည်။ ယဲ့ချန်က အင်အားတစ်ခုပိုင်ဆိုင်ထားသော်လည်း မစော်ကားသင့်သူကို စော်ကားခဲ့မိသည်။ နတ်ဧကရာဇ်ကသာ ယဲ့မျိုးနွယ်ကို ဖျက်ဆီးလိုလျှင် မည်သူမှတားမြစ်နိုင်မည် မဟုတ်ပေ။
"ယိရန် မင်း ကျေနပ်ပြီလား"
ဧကရာဇ်လင်းက ဆံပင်များဖြူနေသော သူ၏တပည့်ကို မေးလိုက်ခြင်းဖြစ်သည်။
"ဒီတပည့်အတွက် လက်စားချေပေးလို့ ကျေးဇူးတင်ပါတယ် ဆရာ"
ဒူးထောက်နေသော ယိရန်က အပျော်လွန်နေသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေသည်။
"ငါ့ကို ကျေးဇူးတင်စရာ မလိုဘူး။ ဒီကောင်က သူ့စရိတ်နဲ့သူ သွားတာပဲ။ အသံကြောင့် ဖားသေဆိုသလိုမျိုး ယဲ့မျိုးနွယ်က မောက်မာပြီး ပုန်းကွယ်မနေခဲ့မှတော့ နတ်ဧကရာဇ်က ဘယ်လိုလုပ် အလွတ်ပေးပါ့မလဲ"
ဧကရာဇ်လင်းက ဟက်ဟက်ပက်ပက်ရယ်မော၍ အောင်ပွဲခံလိုက်သည်။ ကျစ်ဟွာတော်ဝင်မြို့ရှိ ယဲ့ချန်၏ကိုယ်ပွားကို တာအိုအိမ်တော်မှ ဖမ်းဆီးသွားသဖြင့် လင်မျိုးနွယ်၏ တာအိုလက်နက်ကုန်သွယ်ရေးလုပ်ငန်းလည်း ရပ်တန့်သွားခဲ့သည်။ ဤအကြောင်းကို ကြားသောအခါ ယဲ့မျိုးနွယ်နှင့် ကြယ်ခန်းမ၏ တပည့်တိုင်းက စိုးရိမ်တကြီး ဖြစ်သွားကြသည်။ သို့သော် ယဲ့ချန်တစ်ယောက်က လူသားနတ်ဘုရားနယ်မြေအတွင်း ရောက်နေသောကြောင့် တာအိုအိမ်တော်၏ ကျင့်ကြံသူများက အပြင်မှသာ ဖမ်းဆီးရန် စောင့်နေခဲ့ကြသည်။ နောက်ထပ်ယဲ့ချန်တစ်ယောက်က လက်ရှိတွင် ကျိယွမ်ကြယ်သို့ ရောက်ရှိနေသောကြောင့် တာအိုအိမ်တော်၏လက်တံက ထိုမျှမရှည်သောအခါ လက်လွှတ်ထားရန်သာ ဆုံးဖြတ်လိုက်ရသည်။
ယဲ့မျိုးနွယ်တွင် ပေါင်းစပ်နှုန်းငါးဆယ်ကျော်သူ အယောက်ခုနစ်ဆယ်ကျော်အထိ ရှိနေသောကြောင့် လူတိုင်း တုန်လှုပ်သွားကြသည်။ ထို့အပြင် ဆယ်ယောက်က ပေါင်းစပ်နှုန်း ခြောက်ဆယ်အထက် ရှိသောကြောင့် နတ်ဧကရာဇ်ပင် အံ့သြသွားခဲ့သည်။ သူက ယဲ့မျိုးနွယ်ကို ထိန်းချုပ်နိုင်ခဲ့ခြင်းအပေါ် အလွန်ပျော်ရွှင်သွားသည်။ သို့မဟုတ်လျှင် ယဲ့မျိုးနွယ် အင်အားကြီးထွားလာပါက သူ၏တာအိုအိမ်တော်မှာ ကောင်းကင်မူလတိုက်ကြီး၏ အာဏာကို ဆက်လက်ဆုပ်ကိုင်ထားနိုင်မည် မဟုတ်ချေ။ ယဲ့မျိုးနွယ်ဝင်များက ကောင်းကင်မူလတိုက်တစ်ခွင် ပျံ့နှံ့နေသောကြောင့် စစ်ဧကရာဇ်များသာ ထွက်ပေါ်လာလျှင် ၎င်းက ကောင်းကင်မူလတိုက်ကြီးတွင် အစွမ်းအထက်ဆုံး အင်အားစုတစ်ခု ဖြစ်လာပေလိမ့်မည်။
သို့သော် နတ်ဧကရာဇ်မသိသည်မှာ တာအိုအိမ်တော်မှ ယဲ့မျိုးနွယ်ဝင်၏ပါရမီရှင်များကို ထိန်းသိမ်းလိုက်ချိန်တွင် ယဲ့မျိုးနွယ်က နည်းလမ်းမျိုးစုံ အသုံးပြုပြီး ပုန်းရှောင်နိုင်ခဲ့ကြသည်။ နှင်းဧကရာဇ်၊ သစ်သားဧကရာဇ်စသော ယဲ့ချန်ကိုထောက်ခံသူ စစ်ဧကရာဇ်သုံးဆယ်ကျော်၏ အကူအညီဖြင့် အမှန်တကယ်တည်ရှိသော ပါရမီရှင်အရေအတွက်၏တစ်ဝက်ကိုသာ တာအိုအိမ်တော်က တွေ့ရှိသွားခြင်းဖြစ်သည်။ ဤအချက်သာ လူသိရှင်ကြားထွက်ပေါ်သွားလျှင် နတ်ဧကရာဇ်အပါအဝင် ယဲ့မျိုးနွယ်၏ ရန်သူများအားလုံး ညအချိန်တွင် စိတ်အေးလက်အေး အိပ်စက်နိုင်မည် မဟုတ်ပေ။ တာအိုအိမ်တော်က သူတို့ထိန်းသိမ်းထားသော ပါရမီရှင်များကို ၎င်းနှင့်ဆက်စပ်နေသော စစ်ဧကရာဇ်များထံ တပည့်အဖြစ် ပို့ဆောင်လိုက်သည်။ ဤနည်းဖြင့် ထိုပါရမီရှင်များကို ကျင့်ကြံခြင်းနှင့်ပတ်သက်၍ သင်ကြားနိုင်မည့်အပြင် ယဲ့မျိုးနွယ်ပြိုကွဲစေရန်အတွက် ယဲ့ချန်ကိုဆန့်ကျင်ရန် သွေးထိုးလှုံ့ဆော်နိုင်မည်ဖြစ်သည်။ သို့သော်လည်း ဤနည်းလမ်းက ယဲ့ချန်အပေါ် အကြွင်းမဲ့သစ္စာရှိသော ယဲ့မျိုးနွယ်ဝင်များနှင့် ကြယ်ခန်းမတပည့်များကို အောင်မြင်စွာ သွေးထိုးနိုင်ရန်အတွက် အခွင့်အရေး အလွန်နည်းပါးလှကြောင်း မည်သူမှ မတွေးမိခဲ့ကြပေ။
လူသားနတ်သားနတ်ဘုရားနယ်မြေ မျှော်စင်အတွင်း၌ ယဲ့ချန်သည် ဆယ်ရက်အတွင်း အဆင့်ငါးအထိ ရောက်လာခဲ့သည်။ နှင်းဧကရာဇ်တို့လူစုသည် ယဲ့ချန်ကို ထိုနေရာ၌ အချိန်ကြာမြင့်စွာ နေနိုင်ပါစေဟု မျှော်လင့်ထားကြသည်။ အပြင်ဘက်တွင် အခြေအနေက ရှုပ်ထွေးနေပြီး နတ်ဧကရာဇ်က ယဲ့မျိုးနွယ်ကို ထိန်းချုပ်လိုက်ပြီဖြစ်သည်။ သူက မျှော်စင်အပြင်သို့ ထွက်လာလျှင် တာအိုအိမ်တော်၏ ဖမ်းဆီးခြင်းကို သေချာပေါက်ခံရပေလိမ့်မည်။
မျှော်စင်၏အဆင့်ငါးတွင် ကြယ်သလင်းကျောက်များက အပြင်ဘက်သို့ ပုံရိပ်များကို ပေးပို့နိုင်ခြင်း မရှိပေ။ သို့သော်လည်း မျှော်စင်အပြင်ဘက်ရှိ အလင်းစက်ကွင်းများမှတဆင့် ယဲ့ချန်ရောက်နေသော အဆင့်ကို သိရှိနိုင်သည်။ ယဲ့ချန်က အဆင့်ငါးအထိ အမှန်တကယ် တက်နိုင်ခဲ့သောကြောင့် ရှားပါးပါရမီရှင်တစ်ယောက်ဖြစ်ကြောင်း သိသာသဖြင့် လူတိုင်း အံ့သြနေကြသည်။ သူက အစွမ်းထက်တာအိုလက်နက်များ ပိုင်ဆိုင်ထားသော်လည်း အဆင့်ငါးတွင် လက်နက်များ၏စွမ်းအားကို ကန့်သတ်ထားသည်။ သူက ထိုနေရာတွင် အသက်ရှင်ရန်အတွက် ကိုယ်ပိုင်ခွန်အားကိုသာ အားကိုးရမည်ဖြစ်ကာ ထိုနေရာတွင် အားနည်းသူတစ်ယောက်က အသက်ရှူရန်ပင် မဖြစ်နိုင်ချေ။ ပတ်ဝန်းကျင်က အလွန်ကြမ်းတမ်းသောကြောင့် သူက ကောင်းကင်ချီများ ထုတ်ဖော်လိုက်မှသာ ခန္ဓာကိုယ်က ပို၍ကောင်းမွန်လာခဲ့သည်။ အဆင့်ငါးပင် ဤမျှခက်ခဲနေသောအခါ ပို၍မြင့်မားသော အဆင့်များတွင် အလွန်တရာခက်ခဲနိုင်ကြောင်း သူက ခန့်မှန်းသိရှိလိုက်ရသည်။