← Chapters

ကောင်းကင်နတ်ဆိုးသူလျှိုများ

Vol. 45 Ch. 632

ကောင်းကင်နတ်ဆိုးသူလျှိုများ

Vol. 45 Ch. 632

တာအိုအိမ်တော်၏ အဓိကခန်းမကို အဖြူရောင်ကျောက်စိမ်းများဖြင့် တည်ဆောက်ထားသောကြောင့် ကြမ်းပြင်ရော နံရံများပါ အဖြူရောင် လင်းလက်နေသည်။ ထိုနေရာ၌ ကျင့်ကြံသူတစ်ယောက်ရှိနေလျှင်ပင် အရိပ်မထင်အောင် တောက်ပလွန်းနေသည်။ မျက်နှာကျက်တွင် တာအိုအိမ်တော်၏ ကိုယ်စားပြုသင်္ကေတဖြစ်သော ဟောင်နတ်ငှက်၏ပုံကို ထွင်းထုထားသည်။ ၎င်းက အလွန်ကြီးမားသော တောင်ပံတစ်စုံ၊ ငှက်ခေါင်းနှင့် လူကိုယ်ကို ပိုင်ဆိုင်ထားပြီး လက်ထဲတွင် ဧရာမဓားကြီးတစ်လက် ကိုင်ဆောင်ထားကာ အကြွင်းမဲ့အာဏာကို သရုပ်ထင်ဟပ်စေသည်။ ခန်းမအတွင်း၌ ကျင့်ကြံသူများက အတန်းနှစ်တန်းဖြင့် အစီအစဥ်တကျ ဒူးထောက်နေကြပြီး လူတိုင်းက တိတ်ဆိတ်နေကြသဖြင့် အပ်ကျသံကိုပင် ကြားနိုင်မည်ဖြစ်သည်။ နတ်ဧကရာဇ်က ပလ္လင်ထက်တွင် နေရာယူထားပြီး အဖြူရောင်ဆံပင်များကို ခေါင်းအနောက်ဘက်တွင် စည်းနှောင်ထားသော်လည်း မျက်နှာထက်တွင် အရေးအကြောင်း လုံးဝမရှိပေ။ သူ၏မျက်နှာက တည်ကြည်လေးနက်၍ ငြိမ်းချမ်းသောအသွင်ကို ဆောင်သောကြောင့် မြင်ရသူတိုင်း လေးစားသွားနိုင်သော်လည်း အတွင်းစိတ်က အာဏာကို တပ်မက်လွန်းလှသည်။

သူက လက်ထဲတွင် ကြယ်သလင်းကျောက်တစ်ခုကို ကိုင်ထားပြီး စိုက်ကြည့်နေသည်။ ၎င်းတွင် လူသားနတ်ဘုရားနယ်မြေ မျှော်စင်၏အဆင့်ငါးတွင် အလင်းစက်ကွင်း ဖြစ်ပေါ်နေကြောင်း ပြသနေသဖြင့် တစ်ယောက်ယောက်ရှိနေကြောင်း ပြောနိုင်သည်။ ရှုကျိရှုကို ယဲ့ချန်က သတ်ဖြတ်လိုက်သောကြောင့် ထိုနေရာတွင် ရှိနေသူမှာ ယဲ့ချန်ပင် ဖြစ်သည်။

"ပေါင်းစပ်နှုန်းသုညပိုင်ရှင်တစ်ယောက်က သာမန်လူတွေနဲ့ တကယ်ကွာခြားတာပဲ။ အဆင့်ငါးကို ဝင်နိုင်ဖို့ဆိုရင် ပါရမီ ထူးချွန်နေမှ ဖြစ်မယ်"

နတ်ဧကရာဇ်က ခပ်တိုးတိုး ရေရွတ်လိုက်သော်လည်း မျက်နှာက ခံစားချက်မဲ့နေသဖြင့် သူ၏အတွေးကို မည်သူမှမခန့်မှန်းနိုင်ပေ။ လက်အောက်ငယ်သားများကမူ မော်ပင်မကြည့်ရဲဘဲ သူ၏အမိန့်မရှိလျှင် အသံတစ်ချက်ပင် မထွက်ရဲသောကြောင့် ရိုသေစွာ တိတ်ဆိတ်နေကြ၏။ ယဲ့မျိုးနွယ်ကို ထိန်းချုပ်ရန်အတွက် သူက များစွာအားထုတ်ခဲ့ရပြီး ယဲ့ချန်တစ်ယောက်ကို ဖမ်းမိထားသော်လည်း လျှို့ဝှက်ချက်များကို မေးမရခဲ့ပေ။ နောက်ထပ်ယဲ့ချန်များ လွတ်မြောက်နေသဖြင့် သူက အားလုံးကိုဖမ်းဆီးရန်အတွက် မည်သည့်နည်းလမ်းမဆို အသုံးချရန် ဆုံးဖြတ်ထားသည်။ သူက ယဲ့ချန်ကိုသတ်ဖြတ်လိုက်လျှင် အကျိုးထက် အပြစ်ကများမည်ကို နားလည်ထားသည်။ သူက ယဲ့မျိုးနွယ်ကို ကိုယ်ကျိုးအတွက် ထိန်းချုပ်လိုနေသောကြောင့် ယဲ့ချန်ကိုသတ်လိုက်လျှင် အခြေအနေများ ဗြောင်းဆန်သွားနိုင်သည်။

ပေါင်းစပ်နှုန်း သုညပိုင်ရှင်တစ်ယောက်က မျှော်စင်၏ငါးဆင့်အထိ ရောက်လာနိုင်သောကြောင့် ရောင်ယွမ်ကဲ့သို့ ထူးချွန်သူ ဖြစ်ရပေလိမ့်မည်။ နတ်ဧကရာဇ်သည် သူမက ရှင်းဟွမ်နှင့် အရင်းနှီးဆုံးဖြစ်သောကြောင့် သူမ၏ယုံကြည်မှုကို ရယူနိုင်ရန်အတွက် နည်းလမ်းပေါင်းစုံအသုံးပြုခဲ့ပြီး သူ၏တပည့်နှစ်ယောက်ကိုပင် မက်လုံးပေးကာ အသုံးချခဲ့သည်။ သို့သော် သူမက နတ်ဧကရာဇ်ကို အပြင်လူတစ်ယောက်ဟု သဘောထားပြီး အမြဲတမ်း သတိနှင့်ဆက်ဆံတတ်သောကြောင့် မည်သည့်လျှို့ဝှက်ချက်ကိုမှ မသိခဲ့ရပေ။ ယဲ့ချန်သည်လည်း သုညပိုင်ရှင်တစ်ယောက် ဖြစ်သောကြောင့် ထိုပေါင်းစပ်နှုန်းသုည၏ ထူးခြားမှုကို အလွန်သိချင်နေသော နတ်ဧကရာဇ်က ဤသို့ကြံစည်လိုက်ခြင်းလည်း ဖြစ်သည်။

သူက အတွေးနက်နေစဥ် ကြယ်သလင်းကျောက်တွင် ပုံရိပ်များ ပြောင်းလဲသွားကာ မျှော်စင်၏အဆင့်ခြောက်က တောက်ပလာသည်။

"ဒီကောင်က အဆင့်ခြောက်ကို ရောက်သွားတာလား"

နတ်ဧကရာဇ်က မျက်နှာပျက်သွားပြီး ရင်ထိတ်သွားခဲ့သည်။ အဆင့်ခြောက်သို့ တက်ရောက်နိုင်သူတိုင်းကို နတ်အစေခံအချို့က အာရုံစိုက်မည်ဖြစ်သောကြောင့် အရာရာ ပို၍ခက်ခဲလာပေလိမ့်မည်။ ထို့ကြောင့် သူ့အနေဖြင့် ဤကိစ္စအတွက် ဆင်ခြေဆင်လက်များ အလျင်အမြန် စဥ်းစားလိုက်ရ၏။ အတိတ်တွင် သူက ခြောက်ဆင့်အထိ တက်နိုင်ခဲ့သော်လည်း ဤမျှထူးချွန်သူအရေအတွက်မှာ အလွန်နည်းပါးပြီး အနာဂတ်တွင် အနိမ့်ဆုံး စစ်ဧကရာဇ်တစ်ယောက်ဖြစ်လာရန် သေချာသည်။ ထို့အပြင် အဆင့်ခြောက်သို့ ရောက်နိုင်သူတိုင်းအတွက် အစွမ်းထက်အမွေအနှစ်များ ရရှိနိုင်သော အခွင့်အရေးတစ်ခု ရှိပေသည်။

"တောက်"

နတ်ဧကရာဇ်က မျက်မှောင်ကြုတ်၍ တောက်ခေါက်လိုက်ပြီး ယဲ့ချန်ကို ဖယ်ရှားရှင်းလင်းရန် နည်းလမ်းများကို စဥ်းစားခန်းဖွင့်နေရသည်။

နှင်းဧကရာဇ်တို့လူစုမှာ ဤအချင်းအရာကို သိသောအခါ အံ့သြရုံသာမက ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြသည်။ ဤဆယ်ရက်အတွင်း သူတို့က ယဲ့မျိုးနွယ်ကို အစွမ်းကုန်ကူညီပေးခဲ့သော်လည်း တာအိုအိမ်တော်ကို အလုံးစုံမဆန့်ကျင်နိုင်သဖြင့် နတ်ဧကရာဇ်၏ထိန်းချုပ်မှုက ပို၍ကြီးမားလာခဲ့သည်။ ယဲ့ချန်၏ထူးချွန်မှုက ယဲ့မျိုးနွယ်အတွက် ကောင်းကျိုးများဖြစ်ပေါ်လာစေပြီး နတ်အစေခံအချို့သာ သတိထားမိသွားလျှင် နတ်ဧကရာဇ်အနေဖြင့် စိတ်ထင်တိုင်း သောင်းကျန်းနိုင်မည် မဟုတ်ပေ။

ယဲ့ချန်က အဆင့်ခြောက်သို့ ရောက်သွားပြီး ရှေးမနှောင်းခင်မှာပင် အနက်ရောင်ဝတ်ရုံကို တစ်ကိုယ်လုံးဖုံးအောင် ဝတ်ဆင်ထားသော လူနှစ်ယောက်က မျှော်စင်အတွင်း ရောက်ရှိလာကြသည်။

"သုညပိုင်ရှင်ယဲ့ချန်က မျှော်စင်ရဲ့ခြောက်ထပ်ကို ရောက်သွားပြီ"

အနက်ရောင်ဝတ်လူတစ်ယောက်က ထက်ရှအက်ကွဲသော အသံဖြင့် ပြောလိုက်ခြင်းဖြစ်သည်။ သူ၏အသံက လွှတိုက်သံနှင့် ဆင်တူနေပြီး လူသားတစ်ယောက်၏အသံမျိုး လုံးဝမဟုတ်ပေ။

"ဖြစ်နိုင်ရင် သူ့ကိုအရှင်ဖမ်းဖို့ နတ်သခင်က အမိန့်ပေးထားတယ်။ နောက်ဆုံးအခြေအနေရောက်မှသာ သူ့ကို သတ်ရလိမ့်မယ်။ ငါတို့က သူ့အလောင်းကိုတော့ ရအောင် ယူသွားရလိမ့်မယ်"

နောက်တစ်ယောက်က ခေါင်းမော့၍ အဆင့်ခြောက်ကို မျှော်ကြည့်နေရင်း ပြောလိုက်ခြင်းဖြစ်သည်။ ထို့နောက် နှစ်ယောက်လုံးက အနက်ရောင်အလင်းတန်းများ အသွင်ပြောင်းကာ မျှော်စင်အတွင်း ဝင်ရောက်သွားကြ၏။

"မျှော်စင်ထဲကိုရောက်ရင် မင်းရဲ့အရှိန်အဝါကို ဖုံးကွယ်ထားဖို့ မမေ့နဲ့။ ဒီနေရာမှာ တျန်းယွမ်နဲ့ ရှင်းရွှမ်ဆိုတဲ့ နှစ်ကောင် ဖန်တီးထားတဲ့ တာအိုရုန်းတွေ ရှိနေတယ်။ ငါတို့ရဲ့နတ်ဆိုးအရှိန်အဝါကို အာရုံခံမိရင် ပြဿနာ ဖြစ်လာနိုင်တယ်"

"သေသွားပြီဖြစ်တဲ့ အဘိုးကြီးတွေကို ဘာမှကြောက်စရာ မရှိပါဘူး"

အနက်ရောင်ဝတ်လူနှစ်ယောက်က စကားတပြောပြောနှင့် အဆင့်ခြောက်သို့ ဆက်တိုက်တက်လာနေကြသည်။

အဆင့်ခြောက်တွင် ကျယ်ဝန်းသော သဲကန္တာရတစ်ခုအတွင်း ယဲ့ချန်က တင်ပျဥ်ခွေ၍ တည်ငြိမ်စွာထိုင်နေခဲ့သည်။ သူ၏ခန္ဓာက သဲပြင်အတွင်း လုံးဝနစ်မြုပ်သွားပြီး အသက်ရှူရန်ပင် မဖြစ်နိုင်တော့ပေ။ သို့သော်လည်း ဤအရာက ပုံရိပ်ယောင်သာဖြစ်၍ အမှန်တရားမဟုတ်ကြောင်း သူက နားလည်ထားသည်။ အဆင့်​ခြောက်တွင် ကြောက်မက်ဖွယ် ပုံရိပ်ယောင်စမ်းသပ်မှုများ ပြည့်နှက်နေပြီး သတ်ဖြတ်နိုင်စွမ်းမရှိသော်လည်း ကျင့်ကြံသူများကို အလှတရား၊ ကြွယ်ဝမှု၊ အာဏာစသည့် စိတ်ဆန္ဒများဖြင့် ဖြားယောင်းသွေးဆောင်နေသည်။

"ယဲ့ချန် မင်းသာ ကောင်းကင်နတ်ဆိုးတွေနဲ့ ပူးပေါင်းမယ်ဆိုရင် မင်းကို ဘယ်သူမှတားနိုင်မှာ မဟုတ်ဘူး"

"တာအိုအိမ်တော်ရဲ့ နတ်ဧကရာဇ်ဆိုတဲ့ ခွေးကောင်တောင် မင်းကို ရှင်းပစ်ချင်နေတယ်။ ဒါက သေချာပေါက် ရှင်းဟွမ်ရဲ့အမိန့် ဖြစ်ရမယ်။ ရှင်းဟွမ်က မင်းရဲ့ယဲ့မျိုးနွယ်ကို ဖြိုခွဲပစ်ချင်နေတယ်ဆိုရင် ဒီကပ်ဘေးကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"

ယဲ့ချန်၏နားအတွင်း နတ်ဆိုးဘက်သို့ ယိမ်းယိုင်စေရန် အသံတစ်ခုက ဆက်တိုက်ဖြားယောင်းနေသည်။

"ရှင်းဟွမ်က ယဲ့မျိုးနွယ်ကို ဖြိုခွဲချင်တယ်ဆိုရင် ဘာကြောင့် ကောင်းကင်ဖျက်ဆီးရေးနတ်သစ်သီးကို ပေးခဲ့မှာလဲ"

"မင်းက ဒီရတနာလောက်လေးနဲ့ စိတ်ပျော့သွားပြီလား။ ရှင်းဟွမ်အတွက် ဒီလောက်က ဘာမှမဟုတ်ဘူး။ ငါတို့ကောင်းကင်နတ်ဆိုးမျိုးနွယ်က စကြဝဠာထဲမှာ အစွမ်းအထက်ဆုံးဖြစ်တယ်။ မင်းသာ ငါတို့နဲ့ပူးပေါင်းရင် ထာဝရအသက်ကို ပေးစွမ်းမယ်။ ငါတို့က လူသားတွေကနေ ဖြစ်ပေါ်လာပေမယ့် လူသားတွေထက် အများကြီး ပိုအစွမ်းထက်တယ်။ ငါတို့ရဲ့ကံကြမ္မာကိုလည်း ရှင်းဟွမ်က မထိန်းချုပ်နိုင်ဘူး။ လူသားတွေအတွက် ကောင်းကင်နတ်ဆိုးဖြစ်လာမှသာ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်လိမ့်မယ်"

အသံများက ယဲ့ချန်၏နားအတွင်း ဆက်တိုက်ပဲ့တင်ထပ်နေကာ ကိုယ်တွင်းမိစ္ဆာ ဖြစ်ပေါ်လာစေရန် ဖြားယောင်းနေသည်။

"ကောင်းကင်နတ်ဆိုးတွေက လူသားတွေတဲ့လား။ အတော်ရယ်ရတဲ့ ဟာသကွာ"

ယဲ့ချန်သည် ထိုအသံများ မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိသော်လည်း အော်ဟစ်လှောင်ရယ်လိုက်၏။ ထိုအချိန်တွင် သူ၏စိတ်အတွင်းရှိ ဓားပျံက အသက်ဝင်လာပြီး သူ၏စိတ်ကိုကြည်လင်စေရန် သန့်စင်ပေးလိုက်သောကြောင့် ဖိအားများစွာ လျော့ကျသွားခဲ့သည်။ သူ၏မျက်လုံးများက ကြည်လင်လာသောအခါ သဲကန္တာရ၏အောက်တွင် နန်းတော်များတည်ရှိနေကြောင်း တွေ့လိုက်ရသည်။ ထိုမြေအောက်ကမ္ဘာရှိ လျှို့ဝှက်ကျင့်စဥ်များကို ရယူနိုင်လျှင် နန်းတော်များအတွင်း ဝင်ရောက်ရမည်ဖြစ်သည်။ သို့သော်လည်း ပုံရိပ်ယောင်အတွင်းမှ လွတ်မြောက်လာသော ယဲ့ချန်က ၎င်းတို့ကို လျစ်လျူရှုကာ မျှော်စင်၏အဆင့်ခုနစ်ထံ ဦးတည်လိုက်သည်။ သူက အပြင်ကမ္ဘာတွင် မည်သို့ဖြစ်ပျက်နေကြောင်း မသိနိုင်သော်လည်း ပုံရိပ်ယောင်၏အသံများအရ နတ်ဧကရာဇ်မှာ ယဲ့မျိုးနွယ်အပေါ် တစ်ခုခုလှုပ်ရှားလိုက်ပြီဖြစ်ကြောင်း ခန့်မှန်းနိုင်ခဲ့သည်။ မျှော်စင်၏အထပ်မြင့်များသို့ တက်ရောက်နိုင်မှသာ သူက ထိပ်တန်းအမွေအနှစ်များကို ရယူနိုင်ပြီး နတ်အစေခံများနှင့် ဆက်သွယ်နိုင်မည်ဖြစ်သည်။ သို့မှသာ နတ်ဧကရာဇ်ကို လွန်ကဲမလာစေရန် ထိန်းချုပ်နိုင်စွမ်း ရှိလာပေလိမ့်မည်။

နာရီအနည်းငယ်အကြာတွင် ယဲ့ချန်၏ မျက်စိရှေ့တည့်တည့်တွင် အဆင့်ခုနစ်၏ဝင်ပေါက် ထွက်ပေါ်လာသည်။ သို့သော်လည်း ထိုနေရာတွင် ဝတ်ရုံနက်နှစ်ယောက်က လမ်းပိတ်ထားသဖြင့် သူက မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုနှစ်ယောက်ကို အမှောင်စွမ်းအင်များ လွှမ်းခြုံထားသဖြင့် အရာရာကို ရှင်းလင်းစွာ မမြင်နိုင်ပေ။ ထိုစွမ်းအင်မှာ ဟင်းလင်းပြင်စွမ်းအားကဲ့သို့ ဆန်းကျယ်သော်လည်း ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို အလွန်အမင်း ကသိကအောက်ဖြစ်စေသည်။

"မင်းက အဆင့်ခြောက်ကို ဒီလောက်မြန်မြန် ကျော်ဖြတ်လာနိုင်မယ် မထင်ထားဘူး"

ဝတ်ရုံနက်တစ်ယောက်၏ ဆိုးရွားလှသော အသံ ထွက်ပေါ်လာခြင်း ဖြစ်သည်။

"မင်းတို့က ဘယ်သူတွေလဲ"

ယဲ့ချန်က ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်ကို လည်ပတ်၍ ညာလက်တွင် ကောင်းကင်ဓားပျံများ ဖန်တီးလိုက်သည်။ ဝတ်ရုံနက်နှစ်ယောက်က ရွှမ်အဆင့် ကျင့်ကြံသူများဖြစ်သော်လည်း သူတို့၏အရှိန်အဝါများကြောင့် သတိကြီးကြီးထားနေခြင်းဖြစ်သည်။

"ကံမကောင်းတာက မင်း ဒီနေရာကနေ ရှေ့ဆက်သွားနိုင်မှာ မဟုတ်ဘူး"

ဝတ်ရုံနက်တစ်ယောက်က နှာခေါင်းရှုံ့၍ ခြိမ်းခြောက်လိုက်သည်။

"မင်းတို့ကိုသတ်လိုက်ရင် ရှေ့ဆက်သွားလို့ရပြီ မဟုတ်လား"

ယဲ့ချန်က ဝတ်ရုံနက်များကို အေးစက်စက်စိုက်ကြည့်နေစဥ် ညာလက်၌ ထုတ်ဖော်ထားသော ဓားပျံက တဝှီဝှီလည်ပတ်နေသည်။

"ငါတို့ကို သတ်မယ် ဟုတ်လား ဟား ဟား"

"မင်းတို့က ကောင်းကင်နတ်ဆိုးတွေမလား"

ဝတ်ရုံနက်နှစ်ယောက်က လှောင်ပြောင်ရယ်မောလိုက်သော်လည်း ယဲ့ချန်က တည်ငြိမ်စွာ ရှိနေခဲ့သည်။ ရန်သူများက လူသားများနှင့် ဆင်တူသော်လည်း ကောင်းကင်နတ်ဆိုး၏ ထိန်းချုပ်ခြင်းခံထားရသူများဖြစ်ကြောင်း သူက အတပ်ပြောနိုင်သည်။

"မင်းက တော်တော်ဉာဏ်ကောင်းတယ်။ ငါတို့နဲ့အတူ လိုက်လာပြီး နတ်သခင်ကို တွေ့ဆုံမယ်ဆိုရင် မင်းရဲ့ကိုယ်ပွားကို အသက်ချမ်းသာပေးလိုက်မယ်။ မင်းက ငြင်းမယ်ဆိုရင် အလောင်းကို ပြန်သွားမယ်"

ဝတ်ရုံနက်နှစ်ယောက်၏ အဝတ်အစားများက အတိအကျဆင်တူနေပြီး ဆိုးယုတ်သော အရှိန်အဝါကို ပိုင်ဆိုင်ထားကြောင်း ယဲ့ချန်က အကဲခတ်လိုက်မိသည်။ ရန်သူများ၏မျက်နှာကို မမြင်နိုင်သောကြောင့် သူခွဲခြားနိုင်သည့်အရာမှာ ထိုလူများဝတ်ဆင်ထားသော လက်အိတ်များ ဖြစ်သည်။ တစ်ယောက်၏လက်အိတ်တွင် ဝံပုလွေခေါင်းတစ်ခု ရေးထိုးထား၍ ကျန်တစ်ယောက်တွင် လင်းယုန်နက်ခေါင်းတစ်ခုကို ရေးခြယ်ထားသည်။

"နတ်သခင်"

ထိုနာမည်ကို ကြားသောအခါ ယဲ့ချန်သည် ကောင်းကင်တုန်ခါဆေးအိုးအတွင်း သူသန့်စင်ပစ်ခဲ့သော နတ်ပန်းပဲအကြောင်း သတိရလိုက်သည်။ နတ်ပန်းပဲနှင့် နတ်သခင်ကြားတွင် ပတ်သက်မှုတစ်ခုခု ရှိနေမည်လားဟု သူက သိချင်စိတ်ဖြစ်ပေါ်လာသည်။ နတ်ပန်းပဲက မသေဆုံးခင်အချိန်တွင် "ငါတို့ပြန်တွေ့ကြမယ်" ဟု ပြောသွားခဲ့ကြောင်း သူက သတိရလိုက်သဖြင့် ထိုလူမှာ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်၏ ကိုယ်ပွား ဖြစ်နေနိုင်သည်။

"မင်းတို့ကို နတ်ဧကရာဇ်က စေလွှတ်လိုက်တာလား"

ယဲ့ချန်က ဝတ်ရုံနက်နှစ်ယောက်ထံမှ သတင်းအချက်အလက်များ နှိုက်ထုတ်ရန် ကြိုးစားလိုက်သည်။

"နတ်သခင်ကို လိုက်တွေ့ရင် သိရလိမ့်မယ်"

ဝံပုလွေလက်အိတ်ပိုင်ရှင်က အေးစက်စက်ပြောလိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတက်ကာ အစွမ်းထက်အရှိန်အဝါကို ထုတ်ဖော်လိုက်သည်။

"နတ်သခင်နဲ့ နတ်ဧကရာဇ်က တစ်ယောက်တည်းလား"

ယဲ့ချန်က ဤသို့အတွေးမျိုးကို အလောတကြီး အတည်မပြုရဲပေ။ နတ်ဧကရာဇ်က ကောင်းကင်နတ်ဆိုးများနှင့် ခိုးကြောင်ခိုးဝှက်ပူးပေါင်းနေခြင်းကို ရှင်းဟွမ်က မသိထားလျှင် ကောင်းကင်မူလကြယ်အတွက် အလွန်အန္တရာယ်များနေပြီဖြစ်သည်။ သို့မဟုတ် ရှင်းဟွမ်က ဤအကြောင်းကို သိထားခြင်းလည်း ဖြစ်နိုင်သည်​။ သို့သော် ရောင်ယွမ်ကို နတ်ဧကရာဇ်က သမီးအရင်းပမာ သဘောထားသည်ဟူသော သတင်းကြောင့်လည်း သူက စိတ်ရှုပ်သွားခဲ့သည်။ တာအိုအိမ်တော်သခင်ဆိုသော ရာထူးကို ရှင်းဟွမ်က မယုံကြည်ရသူတစ်ယောက်အား ခန့်အပ်ထားရန်လည်း မဖြစ်နိုင်ပေ။ သူ၏စိတ်အတွင်း သံသယများပြည့်နှက်လာပြီး ပိုမိုများပြားလာသော လျှို့ဝှက်ချက်များကြောင့် စိတ်ရှုပ်ထွေးသွားလေသည်။

All Chapters