ပန်းချီကားထဲမှ ဘုံတစ်ခု
Vol. 45 Ch. 633
"ငါတို့နဲ့အတူ လိမ်လိမ်မာမာလိုက်ခဲ့မလား မင်းရဲ့အလောင်းကို ပြန်သယ်သွားရမလား"
လင်းယုန်လက်အိတ်ပိုင်ရှင်က ရှေ့တစ်လှမ်းတိုးလာပြီး အေးစက်စက် ခြိမ်းခြောက်လိုက်ပြန်သည်။ ဝတ်ရုံနက်နှစ်ယောက်၏ အရှိန်အဝါများက ယဲ့ချန်ထံ ဦးတည်ရောက်လာသော်လည်း သူက နှာခေါင်းတစ်ချက်ရှုံ့၍ အကြည့်များက ဓားတစ်လက်ပမာ စူးရှနေပြီး ချီပင်လယ် ထွက်ပေါ်လာသည်။
"ကြည့်ရတာ မင်းက အခေါင်းမမြင်ရသေးရင် မျက်ရည်မကျဘူး ထင်တယ်"
ဝတ်ရုံနက်နှစ်ယောက်က လေပေါ်သို့ခုန်တက်လိုက်ပြီး မရေမတွက်နိုင်သော ဓားသွားများကို ထုတ်ဖော်ကာ ယဲ့ချန်ထံ မုန်တိုင်းတိုက်ခတ်သည့်ပမာ ပစ်ခတ်လိုက်ကြသည်။ ချီပင်လယ်သုံးခုက ထိပ်တိုက်ရင်ဆိုင်မိသွားသောအခါ ကျယ်လောင်စွာ ပေါက်ကွဲသွားပြီး ယဲ့ချန်မှာ တစ်ကိုယ်လုံးတုန်ယင်သွားကာ သွေးအန်ထွက်လုနီးပါး ဖြစ်ခဲ့ရသည်။ ရန်သူများ၏ ချီပင်လယ်များတွင် အမှောင်စွမ်းအင်များပါဝင်နေပြီး အစွမ်းထက်နေခြင်းဖြစ်သည်။ သူက ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်ကို ကျင့်ကြံထားသည့်အပြင် ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာကို အစပျိုးထားနိုင်သဖြင့် ချီပင်လယ်မှာ အဆင့်တူများထက် လေးငါးဆပို၍ အစွမ်းထက်သည်။ သို့သော်လည်း ဝတ်ရုံနက်နှစ်ယောက်နှင့် ယှဥ်သောအခါ သူ၏အင်အားက နိမ့်ကျနေပြီး ကောင်းကင်နတ်ဆိုးကပ်ပါးကောင်များသည် စွမ်းအားတစ်ခုကို ထောက်ပံ့ပေးနိုင်စွမ်း ရှိနေပုံရသည်။
"မင်းရဲ့ခွန်အားက သာမန်ရွှမ်အဆင့်တွေကြားထဲမှာ အစွမ်းထက်တယ်ပြောနိုင်ပေမယ့် ငါတို့နဲ့တိုက်ခိုက်ရင် သေရလိမ့်မယ်"
လင်းယုန်လက်အိတ်ပိုင်ရှင်က တောင်ပံများရှိသော ဧရာမသားရဲတစ်ကောင်အဖြစ် အသွင်ပြောင်းသွားကာ ဂီးခနဲအော်ဟစ်၍ ယဲ့ချန်ကို ခုန်အုပ်လာခဲ့သည်။
"မကောင်းတော့ဘူး။ ငါက သူတို့အောက် အားနည်းနေတယ်"
ယဲ့ချန်က မျက်မှောင်ကြုတ်၍ ဧကရာဇ်မင်၏ခါးပတ်ကို ချက်ချင်းအသက်သွင်းလိုက်သည်။ အင်မော်တယ်အမှောင်ဖီးနစ်၊ ကောင်းကင်ချီလင်စသော နတ်သားရဲခုနစ်ကောင်က တပြိုင်နက်ထွက်ပေါ်လာကာ ဝတ်ရုံနက်များကို ရင်ဆိုင်လိုက်ကြသည်။ ကျန်ရန်သူတစ်ယောက်က အော်ဟစ်ကြုံးဝါး၍ လက်သည်းသဏ္ဍာန် လက်နက်တစ်စုံကို ထုတ်ယူကာ ယဲ့ချန်၏ခေါင်းကို ဦးတည်တိုက်ခိုက်လိုက်သည်။ ကောင်းကင်ချီလင်ကြံ့က နောက်သို့ပြန်လှည့်လာပြီး ထိုလူကို ယဲ့ချန်ကိုယ်စား တိုက်ခိုက်ပေးခဲ့သည်။
"ဘန်း ဘန်း"
၎င်းကို လက်သည်းတစ်စုံက ထိုးဖောက်သွားသောကြောင့် နာကျင်စွာ အော်ဟစ်နေစဥ် လက်နက်က ယဲ့ချန်ထံ ဆက်လက်တိုးဝင်လာနေသည်။ ယဲ့ချန်က အသင့်ပြင်ထားသော ကောင်းကင်ဓားပျံနှစ်စင်းဖြင့် လက်သည်းတစ်စုံကို ပစ်ခတ်လိုက်သည်။
"ဘုန်း"
ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာကာ လက်သည်းတစ်စုံနှင့် ဓားပျံနှစ်စင်းက ထိမှန်သွား၍ လက်သည်းများမှာ အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့သည်။ ယဲ့ချန်၏ထိန်းချုပ်မှုဖြင့် ဓားပျံများက ဝတ်ရုံနက်နှစ်ယောက်ထံ ဆက်လက်တိုးဝင်လာသောအခါ ရန်သူများ ထိတ်လန့်သွားကြသည်။ လက်သည်းတစ်စုံက အဆင့်ငါး တာအိုလက်နက်များဖြစ်သော်လည်း ကောင်းကင်ဓားပျံနှစ်စင်းနှင့် ရင်ဆိုင်အတွေ့တွင် တစ်ချက်တည်း ပျက်စီးသွားခဲ့ရသည်။ ဓားပျံများက သူတို့ထံ ဝင်ရောက်လာသောအခါ အလျင်အမြန် ရှောင်တိမ်းလိုက်ကြသည်။
"ရှောင်ချင်ရင် ဒီလောက်မလွယ်ဘူးကွ"
ယဲ့ချန်က အေးစက်စက်ပြုံးလိုက်ပြီး ဝိညာဥ်အသိစိတ်ဖြင့် ဓားပျံများ၏လားရာကို ထိန်းချုပ်လိုက်သောအခါ ၎င်းတို့က လေထဲတွင် ချက်ချင်းပြန်လှည့်လာခဲ့သည်။ သူက လက်ရှိတွင် ၎င်းတို့ကို ပိုမိုလွယ်ကူစွာ ထိန်းချုပ်နိုင်လာပြီး ၎င်းတို့၏အရှိန်ကလည်း အံ့သြဖွယ်ကောင်းလောက်အောင် မြန်ဆန်နေ၍ ရွှမ်အဆင့်များ၏ချီပင်လယ်ကို အလွယ်တကူ ထိုးဖောက်နိုင်လာခဲ့သည်။ ထိုအချိန်တွင် ဝတ်ရုံနက်နှစ်ယောက်၏ ခန္ဓာကိုယ်များက ဝေဝါးသွားပြီး ဓားပျံများမှာ သရဲများ၏ကိုယ်တွင်းသို့ ထိုးဖောက်ရသည့်ပမာ အသုံးမဝင်ဖြစ်သွားရပြီး အန္တရာယ်မပေးနိုင်ခဲ့ပေ။
"ပေါက်ကွဲစမ်း"
ဓားပျံနှစ်စင်းက ပုံရိပ်များအတွင်း ရောက်ရှိနေစဥ် ယဲ့ချန်၏မျက်ဝန်းများ ကျဥ်းမြောင်းသွားကာ ၎င်းတို့ကို ဖောက်ခွဲပစ်လိုက်သည်။ ဘုန်းခနဲမြည်သံနှင့်အတူ စွမ်းအားတစ်ခု ထွက်ပေါ်လာ၍ ဝတ်ရုံနက်နှစ်ယောက်ကို ထိမှန်သွားခဲ့ပြီး နှုတ်ခမ်းထောင့်မှ အနက်ရောင်သွေးများ စီးကျလာစေခဲ့သည်။ သူတို့၏ခေါင်းကို လွှမ်းခြုံထားသော အနက်ရောင်ဝတ်ရုံများ လွင့်ပြယ်သွားသဖြင့် အစစ်အမှန်ရုပ်သွင်များ ထွက်ပေါ်လာသည်။ သူတို့၏ခေါင်းတွင် ဆံပင်လုံးဝမရှိဘဲ ဆန်းကျယ်သော ရုန်းမျိုးစုံ ရေးထွင်းထားသည်။ ပါးပြင်ပေါ်တွင် ငါးအကြေးခွံများရှိနေပြီး ပါးရိုးများက ငေါထွက်နေကာ မျက်လုံးများက သွေးနီရောင်တောက်ပနေသဖြင့် ရက်စက်ကြမ်းကြုတ်သော အသွင်ကိုဆောင်သည်။
"မင်းက ငါတို့ကို ဒေါသထွက်စေခဲ့ပြီ။ သေစမ်း"
ဝတ်ရုံနက်များက ဒေါသတကြီးဖြစ်လာပြီး လူအသွင်အရိပ်နှစ်ခုအဖြစ် ပြောင်းလဲကာ တစ္ဆေများပမာ ယဲ့ချန်ထံ ချဥ်းကပ်လာကြသည်။ ပတ်ဝန်းကျင်အပူချိန်က ရုတ်တရက် ကျဆင်းသွားပြီး ရေခဲဓားများကဲ့သို့ ထက်ရှသော လေပြင်းများ တိုက်ခတ်လာခဲ့သည်။ ယဲ့ချန်က ကောင်းကင်ဓားပျံများ ဆက်တိုက်ဖန်တီး၍ ရန်သူများကို ဆီးကြိုတိုက်ခိုက်လိုက်သဖြင့် အရေအတွက်ရာချီ ထွက်ပေါ်လာသည်။ ဝတ်ရုံနက်များက ၎င်းတို့၏အစွမ်းကို သိထားသောကြောင့် ထိပ်တိုက်ရင်မဆိုင်ရဲဘဲ ဆက်တိုက်ရှောင်တိမ်းလိုက်ကြသည်။
"ပေါက်ကွဲစမ်း"
ဓားပျံရာချီက လေထဲတွင် တဘုန်းဘုန်းပေါက်ကွဲနေသော်လည်း ရန်သူများက အလွန်လျင်မြန်သောကြောင့် ရှောင်တိမ်းနိုင်ခဲ့ပြီး ဝတ်ရုံနက်တစ်ယောက်က ယဲ့ချန်ကိုပင် လက်ဝါးဖြင့် ရိုက်ချနိုင်ခဲ့သည်။ သူက ချီပင်လယ်ကိုစုစည်း၍ ခုခံလိုက်သော်လည်း ဘန်းခနဲမြည်ဟီးသွားကာ ပေါက်ကွဲသွားသဖြင့် အတွင်းအင်္ဂါများ ပြောင်းပြန်လန်သွားသကဲ့သို့ ခံစားလိုက်ရ၏။
"ဒီကောင်တွေက အစွမ်းထက်လွန်းတယ်။ ဒီလိုသာဆက်ပြီး တိုက်ခိုက်နေရရင် ငါ သေသွားနိုင်တယ်"
ယဲ့ချန်သည် သူ၏ခွန်အားက ဝတ်ရုံနက်နှစ်ယောက်ကို မယှဥ်နိုင်ကြောင်း သဘောပေါက်သွားသဖြင့် ဓားပျံများ ထပ်မံပစ်ထုတ်ကာ ထွက်ပြေးလိုက်သည်။ သူက တဟုန်ထိုးလျှပ်စီးကျင့်စဥ်ဖြင့် ခြောက်ဆင့်ရှိ သဲကန္တာရအတွင်း ပြန်လည်ဝင်ရောက်လိုက်သည်။
"လိုက်စမ်း"
ဝတ်ရုံနက်နှစ်ယောက်မှာ ဓားပျံများကြောင့် ခဏတာတန့်သွားခဲ့သော်လည်း ချက်ချင်းလိုက်ပါလာကြသည်။ သဲကန္တာရအတွင်း ကျင့်ကြံသူများ၏ခွန်အားကို ကြီးမားစွာ ဖိနှိပ်ထားသည့်အပြင် ပုံရိပ်ယောင်များလည်း တည်ရှိနေသဖြင့် အာရုံခံနိုင်စွမ်းကို များစွာလျော့ကျသွားစေသည်။ ယဲ့ချန်သည် ရန်သူများလိုက်ပါလာနိုင်ကြောင်း နားလည်ထားသဖြင့် သဲပြင်အတွင်း ဆက်တိုက်ပြေးလွှားနေသည်။ ဝတ်ရုံနက်နှစ်ယောက်ကို ကောင်းကင်နတ်ဆိုးကပ်ပါးကောင်များ ပူးကပ်ထားသဖြင့် အစွမ်းထက်နေသည်ဖြစ်ရာ အစစ်အမှန် ကောင်းကင်နတ်ဆိုးတစ်ကောင်သာဆိုလျှင် အလွန်ကြောက်စရာကောင်းပေလိမ့်မည်။
ယဲ့ချန်က သဲပြင်အတွင်း လျင်မြန်စွာ ပျောက်ကွယ်သွားသော်လည်း ဝတ်ရုံနက်နှစ်ယောက်က ခြေရာခံ၍ လိုက်ပါလာကြသည်။
"ဒီကောင် ဘယ်ရောက်သွားတာလဲ"
"သူ့အရှိန်အဝါကို ငါ ခံစားမိတယ်။ ဒီကောင်က ခြောက်ဆင့်မှာပဲ ရှိနေသေးတယ်"
ဝတ်ရုံနက်များက သဲပြင်ပေါ်တွင် ခေါက်တုံ့ခေါက်ပြန်ပျံသန်းရင်း ယဲ့ချန်ကို လိုက်လံရှာဖွေနေကြသည်။ ထိုအချိန်တွင် သူက မြေအောက်ရှိနန်းတော်များထံ ဦးတည်သွားခဲ့ပြီး ပုန်းအောင်းရန်အတွက် ကျပန်းနန်းတော်တစ်ခုကို ရွေးချယ်လိုက်သည်။ ဤနန်းတော်များကို ကြယ်သခင်နှစ်ယောက် တည်ဆောက်ထားခဲ့ခြင်းဖြစ်ပြီး တစ်ခုချင်းစီတွင် အမွေအနှစ်များ ထိန်းသိမ်းထားသောကြောင့် ကောင်းကင်နတ်ဆိုးများထံမှ သူ၏အရှိန်အဝါကို ဖုံးကွယ်ပေးထားနိုင်သည်။ သူက နန်းတော်အတွင်း လျှပ်စီးတစ်ခုကဲ့သို့ ဝင်ရောက်သွားသောအခါ ဝတ်ရုံနက်များ၏ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။
"ပစ်မှတ်ရဲ့အရှိန်အဝါ ပျောက်သွားပြီ။ ဖြစ်နိုင်တာက မြေအောက်နန်းတော်တစ်ခုထဲကို ဝင်သွားတာများလား"
ဝတ်ရုံနက်နှစ်ယောက်က သဲပြင်အောက်သို့ ငုပ်လျှိုးလိုက်ပါလာခဲ့ပြီး နန်းတော်များကို တစ်ခုချင်းရှာဖွေရန် ချဥ်းကပ်လာကြသည်။
"ဝုန်း"
ထိုအချိန်တွင် မမြင်ရသော အတားအဆီးတစ်ခု ထွက်ပေါ်လာကာ ဝတ်ရုံနက်များကို ရုတ်တရက် တွန်းထုတ်ပစ်လိုက်သည်။
"ဘာဖြစ်သွားတာလဲ"
"ဒါက ဟိုကြယ်သခင်နှစ်ယောက် ဖန်တီးထားတဲ့ အကာအကွယ်တွေ ဖြစ်ရမယ်။ ငါတို့ ဝင်လို့မရလောက်ဘူး"
"ဒါဆိုရင် ဒီနေရာကနေ စောင့်ကြမယ်။ ယဲ့ချန်က အနှေးနဲ့အမြန် ပြန်ထွက်လာရမှာပဲ"
ဝတ်ရုံနက်နှစ်ယောက်သည် မျက်နှာပျက်သွားပြီး နိမ့်ကျသော လူသားတစ်ယောက်က သူတို့လက်အတွင်းမှ လွတ်မြောက်သွားခြင်းကို လက်မခံနိုင်ဖြစ်နေကြသည်။ အကယ်၍ သူတို့က ယဲ့ချန်ကိုမဖမ်းနိုင်လျှင် နတ်သခင်ထံ ပြန်သွားစရာ သတ္တိမရှိချေ။ သို့သော်လည်း ယဲ့ချန်က နန်းတော်တစ်ခုအတွင်း ဝင်ရောက်သွားသောအခါ သူတို့က စောင့်နေရုံမှလွဲ၍ ရွေးချယ်စရာမရှိပေ။ သူတို့က မြေပြင်တွင် တင်ပျဥ်ခွေထိုင်ချလိုက်ပြီး မြေအောက်နန်းတော်ကို စူးရှသော မျက်လုံးများဖြင့် အချိန်တိုင်း အလွတ်မပေးဘဲ စောင့်ကြည့်နေကြသည်။
ယဲ့ချန်သည် နန်းတော်ကို အပေါ်စီးမှကြည့်ခဲ့စဥ်က သေးငယ်သည်ဟု ထင်မှတ်ရသော်လည်း အတွင်းသို့ဝင်ရောက်လိုက်သောအခါ ထင်ထားသည်ထက် ပို၍ကြီးကျယ်ခမ်းနားကြောင်း သိလိုက်ရသည်။ နန်းတော်တစ်ခုချင်းစီတွင် နေရာလပ်နယ်မြေရှိပြီး တိုင်လုံးကြီးများမှာ မီတာထောင်ချီမြင့်ပြီး လူလေးငါးယောက်ဖက်စာခန့် လုံးပတ်ရှိသည်။ ၎င်းတို့အပေါ်တွင် ကြောက်မက်ဖွယ်ကောင်း၍ ရက်စက်ကြမ်းတမ်းသော သားရဲရုပ်ပုံများ ရေးထွင်းထားသည်။ သူဝင်ရောက်သွားသော နန်းတော်၏ခန်းမအတွင်း၌ ဧရာမပန်းချီကားကြီးသုံးချပ်ကို နံရံပေါ်တွင် ချိတ်ဆွဲထားသည်။ ၎င်းတို့တွင် ရေးဆွဲထားသော ပန်းချီများက ထူးခြားပြီး ပထမပန်းချီက အနီရောင်မြစ်တစ်ခုကို ရေးဆွဲထားခြင်းဖြစ်ကာ ဒုတိယပန်းချီတွင် ခရမ်းရောင်မြစ်တစ်စင်းတည်ရှိပြီး နောက်ဆုံးပန်းချီက အဆုံးမဲ့ အနက်ရောင် လွင်ပြင်တစ်ခု၏ပုံ ဖြစ်သည်။
"ဒီပန်းချီတွေကို ဘာကြောင့် နံရံပေါ်မှာ ချိတ်ထားရတာလဲ။ ကြယ်သခင်နှစ်ယောက်က လျှို့ဝှက်ကျင့်စဥ်တွေကို ပန်းချီကားသုံးချပ်ထဲမှာ ဖုံးကွယ်ထားရစ်ခဲ့တာလား"
ယဲ့ချန်က ပန်းချီနှစ်ချပ်ကို စိတ်မဝင်စားသော်လည်း နောက်ဆုံးပန်းချီက သူ၏အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ တတိယပန်းချီကို မြင်လိုက်ချိန်တွင် ထူးခြားသော ခံစားမှုတစ်ခု ဖြစ်ပေါ်လာပြီး အနက်ရောင်လွင်ပြင်၏ ဖမ်းစားခြင်းခံလိုက်ရသည့်အပြင် စိတ်ထဲမှဓားပျံလည်း အသက်ဝင်လာခဲ့သည်။ သန့်စင်သော ကောင်းကင်ချီများ ထွက်ပေါ်လာ၍ သူ၏စိတ်က ပုံမှန်အခြေအနေထက် များစွာပို၍ သန့်စင်လာခဲ့သည်။ သူက အနက်ရောင်လွင်ပြင်ကို စိုက်ကြည့်လိုက်သောအခါ ၎င်းအထက်ရှိ ကောင်းကင်တွင် လမရှိဘဲ မည်းနက်နေကာ ကြယ်တစ်လုံးစနှစ်လုံးစသာ လင်းလက်နေကြောင်း တွေ့လိုက်ရသည်။ ညအမှောင်ကောင်းကင်အောက်ရှိ ဖုန်းဆိုးမြေက အဆုံးအစမဲ့ကျယ်ဝန်းကာ အရာရာက နတ္တိတရားကို ကိုယ်စားပြုနေသည်။
ယဲ့ချန်သည် ဤလောကကြီးက ဗလာဖြစ်လာသည်ဟု ခံစားနေရပြီး နှလုံးသားထဲတွင် တင်းကျပ်ဆို့နင့်လာသည်။ သူက အနက်ရောင်လွင်ပြင်အတွင်း ရောက်ရှိသွားခဲ့ရပြီး သတိပြန်ဝင်လာချိန်တွင်မှ လွတ်မြောက်ခဲ့ရသည်။ တစ်ချက်ကြည့်ရုံဖြင့် သူက သတိလက်လွတ် ဖြစ်သွားခဲ့ရသောကြောင့် ဤပန်းချီက အစွမ်းမသေးလှပေ။
"တတိယပန်းချီကို ထွင်းဖောက်မြင်နိုင်တဲ့ လူတစ်ယောက်ရှိလာမယ်လို့ မထင်ထားမိဘူး။ လွန်ခဲ့တဲ့နှစ်ထောင်ချီမှာ ဒီနေရာကိုရောက်ရှိလာတဲ့ ကျင့်ကြံသူတိုင်းက ပထမပန်းချီနဲ့ ဒုတိယပန်းချီကိုသာ နားလည်နိုင်ပြီး အမွေအနှစ်တွေ ရရှိသွားကြတယ်။ လူငယ်လေး မင်း စိတ်ပျက်စရာတော့ ဖြစ်လိမ့်မယ်။ တတိယပန်းချီထဲမှာ ဘာအမွေအနှစ်မှမရှိဘဲ ဘုံတစ်ခုကိုသာ ဖုံးကွယ်ထားတယ်။ ဒါကို နားလည်နိုင်စွမ်းရှိမရှိကတော့ မင်းအပေါ်မှာ မူတည်တယ်"
ယဲ့ချန်၏နားအတွင်းသို့ စကားသံတစ်ခု ဝင်ရောက်လာသဖြင့် ခေါင်းမော့ကြည့်လိုက်သောအခါ သူ့ကိုကျောပေး၍ မတ်တပ်ရပ်နေသော ပိန်ပိန်ပါးပါး လူငယ်တစ်ယောက်ကို မြင်လိုက်ရသည်။
"ဖုံးကွယ်ထားတဲ့ဘုံ ဟုတ်လား။ ဘယ်လိုပိုင်နက်မျိုးမို့လို့လဲ"
"စီနီယာက ဘယ်သူလဲဆိုတာ သိပါရစေ"
ယဲ့ချန်သည် ထိုလူကို မမြင်ဖူးသောကြောင့် စပ်စုလိုက်ခြင်းဖြစ်သည်။
"နန်းကုန်းဇီ မင်း ဒီနေရာကို ဘယ်လိုရောက်နေတာလဲ"
သို့သော် ကျောပေးရပ်နေသော လူငယ်က သူ့ဘက်သို့ မျက်နှာလှည့်လာသောအခါ သူက အံ့သြတကြီး ရေရွတ်လိုက်မိသည်။
"နန်းကုန်းဇီက ဘယ်သူလဲ"
လူငယ်က မျက်မှောင်ကြုတ်၍ ပြန်မေးလိုက်လေသည်။