အပေးအယူ
Vol. 14 Ch. 188
"..."
နာ့ရှင်းရီမှာ ဘာပြောရမှန်း မသိခဲ့ပဲ ကြောင်အ,ကာသာ ဝေ့ဝူယင်ကို ကြည့်နေခဲ့မိ၏။ အကြောင်းပြချက် တစ်ချို့ကြောင့် ဝေ့ဝူယင်မှာ သူမကို သတ်ဖြတ်ရန် တွန့်ဆုတ်နေလိမ့်မည် မဟုတ်ကြောင်း ခံစားရသည်။ ထိုအကောင်ကား အမြဲတမ်း ဂရုဏာ ကင်းမဲ့ကာ ရက်စက်လွန်းသည်။ နာ့ရှင်းရီ အောက်နှုတ်ခမ်းကို ကိုက်လိုက်မိ၏။
လွန်ခဲ့သည့် သုံးနှစ်အတွင်း သူမ လုံချန်နောက်ကို လိုက်ခဲ့သည်။ သို့သော်လည်း သူမ၏ အခန်း ကဏ္ဍက အသုံးမဝင် သလောက်ပင်။ တစ်ခါတစ်ရံ၌ ယင်ဆုံမှတ် သုံးခု ခန္ဓာကိုယ်ဖြင့် နှစ်ကိုယ့်တစ်စိတ် ကျင့်ကြံခွင့်ပြုကာ လုံချန်အား ကူညီရန် သူမ တွေးခဲ့ဖူးသည်။ သို့သော်လည်း ဝေ့ဝူယင် ဟူသော ပုံရိပ်တစ်ခု ပေါ်လာတိုင်း ထိုအတွေးအားလုံးမှာ အရည်ပျော် ပျောက်ကွယ်သွားခဲ့သည်။
ပြန်လှန် တွေးကြည့်ပါက သူမ၏ ဘဝက လုံချန်၏ အရိပ်များထဲမှ တစ်ခု ဖြစ်စပြုနေခဲ့ပြီ ဖြစ်သည်။ သူ့နောက်ကိုလိုက်ရသည်။ သူ့အား အလုံးစုံ မှီရသည်။ သူ တိုးတက် လာစေရန် ပံ့ပိုးရသည်။ အကယ်၍ နှစ်ကိုယ့်တစ်စိတ် ကျင့်ကြံရန် ခွင့်ပြုလိုက်ပြီးပါက သူမမှ သူ၏ ကျင့်ကြံခြင်း ကိရိယာ တစ်ခု ဘဝ ကျရောက် သွားလိမ့်မည် ဖြစ်သည်။
သူမ ဘယ်သူ့ အရိပ်မှ မဖြစ်လိုပေ။ လောက၏ ထိပ်ဆုံး၌ ရပ်တည်ကာ သြဇာအာဏာနှင့် ကြွယ်ဝမှုတို့ကို ကိုယ်တိုင် ဆုပ်ကိုင်နိုင်ခဲ့သည့် ပုဂ္ဂိုလ် တစ်ယောက် ဖြစ်ချင်သည်။ မရေမတွက်နိုင်သော လူတို့၏ ကိုးကွယ် ယုံကြည်မှုနှင့် လေးစားမှုများကို ရယူလိုသည်။ သူမ ပါးစပ်မှ ထွက်သည့် စကားတစ်ခွန်းချင်းစီတိုင်းအား မိုးကြိုးသွားအလား ထက်ရှစေလိုသည်။
တွေဝေနေသည့် မိန်းကလေးအား ကြည့်ရင်း ဝေ့ဝူယင် စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ အရာအားလုံးက သူမ ဆုံးဖြတ်ချက် အတိုင်းသာ ဖြစ်၏။ သူက သူမအား လျစ်လျူလိုက်ရင်း လုံချန်ဘက်သို့ လှည့်လိုက်သည်။
“ငါတို့ အပေးအယူ တစ်ခု လုပ်ကြမယ်... မင်း ဘယ်လိုသဘောရလဲ”
“အပေးအယူ...”
လုံချန်က မျက်မှောင်ကြုတ် လိုက်သည်။ တစ်ခဏမျှ စဥ်းစားလိုက်ပြီး နောက်၌ သူ၏ အနည်းငယ် ရယ်မောလိုက်၏။
“ငါက ဘာလို့ မင်းနဲ့ အပေးအယူ လုပ်ရမှာလဲ”
ဝေ့ဝူယင်က တည်ငြိမ်စွာပင် ပြုံးလိုက်၏။
“စိတ်မပူနဲ့... ဒါက မင်း ငြင်းလို့ မရတဲ့ အပေးအယူ ဖြစ်လိမ့်မယ်... ဘာလို့လဲ ဆိုတော့ မင်းလက်မခံဘူး ဆိုရင် ချင်ချူးမူ ဒီနေ့ မသေရင်တောင် ဒုက္ခတ ဖြစ်သွားလိမ့်မယ်... လုံထျန်းယုနဲ့ သူ့ဘိုးဘေးတို့ ကျူးလွန်ခဲ့တဲ့ ပြစ်ဒဏ်တွေကလည်း တည်ရှိနေတုန်းပဲ... နောက်ပြီး မင်း တစ်ဘဝစာ အများကြီး အကြွေးတင်နေတဲ့ လင်းကျိရန်လည်း ဘယ်တော့မှ ပြန်ကောင်းလာတော့မှာ မဟုတ်ဘူး”
“မင်း...”
လုံချန်၏ မျက်လုံးများက ကျဥ်းမြောင်းသွားကာ ပြင်းထန်သည့် သတ်ဖြတ်ခြင်း အရိပ်အငွေ့များ ထွက်ပေါ်လာသည်။ သူ လက်သီးကို တင်းတင်းဆုပ်ကာ ခေါင်းဖြတ်စက်ပေါ်မှ ချင်ချူးမူနှင့် မြေပြင်ထက်၌ သတိလစ် မေ့မြောနေသည့် လင်းကျိရန်တို့ကို ကြည့်လိုက်မိသည်။ သူ့အား ကြည့်ရသည်က ဆုံးဖြတ်ရန် အတွက် အနည်းငယ် ချီတုံချတုံ ဖြစ်နေဟန် ရ၏။
“ဪ... လင်းကျိရန်... လင်းကျိရန်...”
ဝေ့ဝူယင်က လင်းကျိရန်အား ကြည့်ရင်း စိတ်မကောင်းဟန်ဖြင့် ခေါင်းအား ခါယမ်းလိုက်သည်။
“မင်းသိရဲ့လား... လွန်ခဲ့တဲ့ နှစ်တွေ အတွင်း ငါတို့ နှစ်ယောက် လက်ထပ်ဖို့ တစ်ချိန်လုံး နီးကပ်နေခဲ့တယ် ဆိုတာ... စိတ်မကောင်းစရာပဲ... ခုလို ဘဝမျိုးနဲ့ အဆုံးသတ်ရလိမ့်မယ် လို့...”
"ပါးစပ်ပိတ်ထားစမ်း... ကျိရန်က မင်းကို ဘယ်တော့မှ လက်ထပ်မှာ မဟုတ်ဘူး”
လုံချန်က ကြားဖြတ်ကာ ဒေါသတကြီး အော်ဟစ်လိုက်၏။ ဝေ့ဝူယင်က အေးဆေးစွာပင် ပခုံးတွန့်လိုက်သည်။
“လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် သူ နေသွေးနီနီဂိုဏ်းကို ရောက်လာခဲ့တုန်းကပေါ့... ကောင်းကင်ချီ နှလုံးသား နည်းလမ်းကို အဆင့်ငါးထိ ရောက်အောင် ကျင့်ကြံနိုင်တဲ့ ဘယ်သူမဆို သူနဲ့ လက်ထပ်နိုင်တယ် ဆိုပြီး ကတိပေးခဲ့တာ မှတ်မိနေသေးတယ်...”
ဝေ့ဝူယင်က လက်ဝါးအား ဖြန့်လိုက်ရာ ဆေဘာနှင့် ဒြပ်စင်ချီတို့မှာ စီးဆင်း နေရာယူလာသည်။ ယင်းတို့က လေပွေပုံသဏ္ဌာန်ဖြင့် လှည့်ပတ် ကခုန်ပြီးနောက် ဖြည်းညင်းစွာပင် ပြန်လည် ပျောက်ကွယ်သွား၏။
“ဪ... မေ့လို့ အဲဒီ ကတိကို မင်းလည်း ရခဲ့မှာပဲနော်... ကြည့်ရတာ သူက တွေ့တဲ့လူတိုင်းကို လိုက်ပြီး ကတိပေးတတ်တယ်နဲ့ တူပါတယ်... ငါ အသက် နှစ်ဆယ့်ခြောက် မပြည့်ခင်မှာ သူပြောတဲ့ အဆင့်ထိ အောင်မြင်ခဲ့တယ်လေ... အဲဒီတုန်းက မင်းက ဘယ်အသက်အရွယ် လောက်ရှိမလဲ... နှစ်ဆယ့် တစ်နှစ်ပေါ့ ဟုတ်တယ်မလား”
လုံချန်မှာ မျက်မှောင်ကြုတ်သွား၏။ သူသည် ဝေ့ဝူယင်ထက် ငါးနှစ်ခန့် ငယ်ပြီး ကောင်းကင် နှလုံးသား ကျင့်စဥ်ကို အသက် အစိတ်လောက်မှ လက်စွပ်ထဲမှ ဝိညာဥ်၏ အကူအညီနှင့် အတူ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ ဤသို့ဆိုလျှင် ဝေ့ဝူယင်က သူ့ထက် လေးငါးနှစ်ခန့် စောကာ ကောင်ကင်ချီ နှလုံးသား နည်းလမ်းကို အောင်မြင်ခဲ့သည်လား။
“သူက ကံကြမ္မာ ဟောပြောသူကိုပဲ အားကိုးပြီး ဖူးစာဘက်ကို လိုက်ရှာနေခဲ့တာ ကံဆိုးတာပဲ...”
ဝေ့ဝူယင်က စိတ်မကောင်းဟန်ဖြင့် ခေါင်းခါလိုက်သည်။
“ကံကြမ္မာ ဟောပြောသူတွေလည်း အမှားလုပ်တဲ့အခါတော့ ရှိကြတာပဲနော်... ဟုတ်တယ်မလား”
“ကံကြမ္မာ ဟောပြောသူ...”
လုံချန်နှင့် မိန်းကလေး လေးယောက်၏ မျက်လုံးများက မရေရာခြင်း အရိပ်အငွေ့များနှင့် ပြည့်နှက်သွားသည်။ လင်းကျိရန်၏ နံဘေးတွင် ကံကြမ္မာ ဟောပြောသူ တစ်ယောက်ရှိမှန်း သူတို့ မသိခဲ့ကြချေ။ ထိုတစ်ယောက်က မင်ရှုဖုန်းလော။
“ကဲ... ထားလိုက်ပါလေ... ငါပြောတဲ့ အပေးအယူကိစ္စကို မင်း ဘယ်လိုသဘောရလဲ လုံချန်...”
ဝေ့ဝူယင်က အရေးမကြီးဟန်ဖြင့် ခေါင်းစဥ် ပြောင်းလဲ လိုက်သည်။ သူ၏ နှုတ်ခမ်းထက်တွင်မူ ယုံကြည်ချက် ရှိသည့် အပြုံးတစ်ခုက တွဲလွဲခိုနေ၏။ လုံချန်သည် အထူးသဖြင့် မိန်းကလေးများနှင့် ပတ်သက်ပါက အမြဲ သက်သေပြလိုစိတ် ပြင်းထန်သူ ဖြစ်သည်။ မဟုတ်ပါက ကျိယုနှင့် ဖြစ်သော ပြဿနာမှာ ယခုလောက်ထိ ကြီးမား လာလိမ့်မည် မဟုတ်ချေ။ ထိုကဲ့သို့သော လူများကို ကိုင်တွယ်ရသည်က သိပ်မခက်လှချေ။
သူက အံကို တင်းတင်းကြိတ်ကာ ဝေ့ဝူယင်အား ကြည့်လိုက်သည်။။
“မင်း ဘာလုပ်ပေးနိုင်လဲ...”
ဝေ့ဝူယင်က ပြုံးလိုက်၏။
“အများကြီးပေါ့ကွာ.... ပထမဆုံး ချင်ချူးမူ၊ လုံထျန်းယုနှင့် ကောင်းကင်ဗိုလ်ချုပ် ဂျားဗင်တို့ကို ပြစ်ဒဏ်တွေကနေ လွတ်အောင် လုပ်ပေးနိုင်တယ်... ဒုတိယ အနေနဲ့... သဘောတူညီမှု တစ်ခုက လွဲပြီး နာ့ရှင်းရီနဲ့ ငါက ဘာမှ မပတ်သက်ဘူး ဆိုတဲ့ အကြောင်း လူသိရှင်ကြား ကြေညာပေးမယ်”
“ဒုတိယ တစ်ခုက ငါ့အတွက် ဘာအကျိုးရှိမှာ မလို့လဲ”
ပထမတစ်ချက်မှာ သူလိုချင်သော အရာ ဖြစ်သည့်တိုင် ဒုတိယ တစ်ချက်ကတော့ သူ့အတွက် မလိုအပ်ဟု လုံချန် ခံစားရသည်။ ထိုကြေညာချက် ထုတ်ထုတ်၊ မထုတ်ထုတ် နာ့ရှင်းရီမှာ သူ့ဘေးတွင်သာ ရှိနေပေလိမ့်မည်။
ဝေ့ဝူယင်မှာ လုံချန် စဥ်းစားနေသော အရာကို သိရှိပြီး ဖြစ်၏။ သူက ပြုံးရင်း ခေါင်းခါလိုက်သည်။
“ငါကြေညာချက် မထုတ်ရင် နာ့ရှင်းရီက ငါ့ဇနီးဆိုပြီး ဂိုဏ်းတစ်ခုလုံးက ထင်နေလိမ့်မယ်... အဲဒီ အခါ သူနဲ့ တပူးတွဲတွဲနေတဲ့ မင်းက ဘာဖြစ်သွားမလဲ... ငါ့ကို လေးစားတဲ့လူတွေ၊ ငါ့ကို ကြည်ညိုတဲ့ လူတွေက မင်းကို သတ်ဖို့ ကြိုးစားတောင် ကြိုးစားလာနိုင်တယ်... ဂိုဏ်းထဲမှ စရိုက်မျိုးစုံရှိတဲ့ လူအမျိုးမျိုး ရောနှောနေတာ ဆိုတော့ ဘာကိုမှ ပြောလို့မရဘူးလေ”
ဝေ့ဝူယင်၏ အဆင့်အတန်းက ဂိုဏ်းထဲတွင် ထူးခြားသည်။ လူတိုင်းသည် သူနှင့် ဆက်ဆံရေးကောင်း တစ်ခု တည်ဆောက်ရန် နည်းမျိုးစုံဖြင့် ကြိုးစားနေကြသည်။ အကယ်၍ အားနည်းသော ချီပျစ်ခဲခြင်း အဆင့် ကြာကူလီ တစ်ယောက်ကို သတ်ဖြတ်ခြင်းက နည်းလမ်းတစ်ခု ဆိုပါက ထိုကဲ့သို့ လုပ်လိုသူ မရေရမတွက်နိုင်အောင် ရှိပေလိမ့်မည်။
လုံချန်မှာ ဘာမှ ပြန်မပြေနိုင်အောင် ငြိမ်သက်သွား၏။
ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်လိုက်သည်။
“ကောင်းတယ်... မင်း နားလည်သွားပြီပဲ... နောက်ဆုံး တစ်ခုက မင်းရဲ့ သနားစရာ လင်းကျိရန် အတွက်ပေါ့... ငါ တောင်းဆိုလိုက်တာနဲ့ ဂိုဏ်းက သူ့အတွက် အကောင်းဆုံး သမားတော်တွေ အကောင်းဆုံး ဆေးဝါးတွေ ကုသမှုတွေ ပေးလိမ့်မယ်... သူ ပြန်မကောင်းလာသေးရင်တောင် အနည်းဆုံးတော့ မင်းမှာ သူ့ကို ကုသပေးနိုင်ဖို့ စွမ်းအား ရှိလာတဲ့ တစ်နေ့ အထိ သူ မသေတော့ဘူးပေါ့”
အမှန်အတိုင်းဆိုရလျှင်... လင်းကျိရန်ကို အပြည့်အဝ ပြန်လည် နေကောင်းစေရုံမျှသာ မက မူလကထက် ပိုမိုသည့် စွမ်းအင်များ ရရှိစေနိုင်မည့် အဆင့်ခုနစ်နှင့် အဆင့်ရှစ်ဆေးများကို ဝေ့ဝူယင် အလွယ်လေး ထုတ်ပေးနိုင်သည်။ ထိုမျှလောက် ရင်းနှီးမြှုပ်နှံရန် သူ စိတ်မပါရုံသာ ဖြစ်သည်။
သို့သော်လည်း ထိုကမ်းလှမ်းမှုက ပင်လျှင် လုံချန်၏ မျက်လုံးများ အရောင် ပြောင်းသွားစေရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။
“မင်း ဘာလိုချင်တာလဲ...”
သူက အေးစက်စက် မေးလိုက်၏။
“တစ်ခုတည်းပါပဲ...”
ဝေ့ဝူယင်က ပခုံးတွန့်ပြလိုက်သည်။
“ဘာတစ်ခုလဲ...”
လုံချန်၏ မျက်လုံးထဲ၌ ရှုပ်ထွေးမှု အရိပ်အယောင် အချို့ ဖြစ်ပေါ်လာ၏။
“မင်းရဲ့ လက်စွပ်...”
...
မရေမတွက်နိုင်သော လူများမှာ လုံချန်နှင့် ဝေ့ဝူယင်တို့၏ စကားဝိုင်းအား စောင့်ကြည့်နေခဲ့ကြသော်လည်း ဝူပိုင်ကျိုးမှ လွဲ၍ အများစုမှာ ဝေ့ဝူယင်၏ ဦးတည်ရာ ခြေလှမ်းများကို လုံးဝသတိမထားမိကြပေ။
ဝူပိုင်ကျိုးသည် လှည့်စားမှုများ၊ ကောက်ကျစ်မှုများ ပြည့်နှက်နေသည့် အင်ပါယာ မျိုးနွယ်တွင် ကြီးပြင်းလာခဲ့သူ ဖြစ်ပြီး သူမကိုယ်တိုင်မှာလည်း များစွာသော နည်းပရိယာယ်များကို ငယ်ရွယ်စဥ်ကပင် သင်ကြားခဲ့ဖူးသည်။ တစ်ချိန်လုံး အကဲခတ်ကာ စေ့စေ့စပ်စပ် စောင့်ကြည့်ခဲ့သည့်တိုင် နောက်ဆုံးစကားသို့ မရောက်ခင် အချိန်အထိ ဝေ့ဝူယင်၏ ချိတ်ဆက်နေမှုများကို သူမ မမြင်တွေ့ခဲ့ရချေ။
“သူက ချင်ချူးမူ အတွက် ရောက်လာတာ မဟုတ်သလို နာ့ရှင်းရီ အတွက်လည်း ရောက်လာတာ မဟုတ်ဘူး... သူ့ရည်ရွယ်ချက်က လုံချန်ရဲ့ လက်စွပ်ပဲ”
သူမ၏ အတွေးများက နောက်ဆုံး၌ နိဂုံးချုပ်သွားသည်။
ဝေ့ဝူယင်သည် ရောက်ရှိလာကာ ချင်ချူးမူနှင့် စကားပြောခဲ့သည်။ လူအများ၏ ရှေ့တွင်ပင် သူတို့နှစ်ယောက်အတူ ရယ်မောခဲ့ကြသေးသည်။ မသိလျှင် သူ၏ ပုံစံက ချစ်သူကို ကယ်တင်ရန် ရောက်ရှိလာသည့် သူရဲကောင်း တစ်ဦး အလား...။
ထို့နောက်တွင် သူ နာ့ရှင်းရီထံသို့ လျှောက်လာသည်။ သဘောထားအား ဖော်ပြကာ ကမ်းလှမ်းမှုကို အချိန် ကန့်သတ်ခဲ့သည်။ သူ့နာမည်ကို အလွဲသုံးစား လုပ်ပါက သေရမည်ဟု ခြိမ်းခြောက်သည်။ ထိုအရာများက သူ၏ အစစ်အမှန် ရည်ရွယ်ချက် မဟုတ်ကြောင်း ဘယ်သူမှ မရိပ်မိခဲ့။
နောက်ဆုံးတွင်မှ သူ လုံချန်ဘက်သို့ လှည့်ကာ ငြင်းဆန်၍ မရနိုင်သည့် အပေးအယူ တစ်ခုဖြင့် စကားပြောခဲ့သည်။
အမှန်တကယ်ကို ချွင်းချက် မရှိသည့် အပေးအယူ ဖြစ်သည်။ ငြင်းဆန်ပါက လုံချန် ဘာဖြစ်သွားမည်နည်း။ အဖြေကာ ရှင်းသည်။ မိန်းကလေးများအပါ် သစ္စာ မရှိသည့်၊ ကိုယ့်အကျိုးကိုသာ မြင်သည့် အတ္တသမား တစ်ယောက် ဖြစ်သွားပေလိမ့်မည်။ လူတကာ၏ နှာခေါင်းရှုံ့ခြင်းကို ခံရပေလိမ့်မည်။
ဝူပိုင်ကျိုးက ဝေ့ဝူယင်အား လှမ်းကြည့်လိုက်ရာ လမ်းခုလတ်တွင်ပင် တောက်ပသည့် ငွေရောင် မျက်လုံးများနှင့် ဆုံတွေ့သွားသည်။ သူ၏ နှုတ်ခမ်းထက်၌ အပြုံးတစ်ခုက တွဲလွဲခိုနေ၏။ ထိုအပြုံးက သူမအား “မင်းမဆိုးဘူး... တော်တယ်” ဟု ပြောနေသယောင်ပင်။
တစ်ချိန်တည်း၌ လုံချန်မှာ တွေဝေကာ စဥ်းစားနေ၏။ အနက်ရောင် လက်စွပ်လေးက သူ့ဘဝ၊ သူ့အရာရာ ဖြစ်သည်။ အကယ်၍ ထိုအရာလေးကိုသာ မရရှိခဲ့ပါက လူတကာ နှာခေါင်းရှုံ့ခံရသည့် အမှိုက်ဘဝတွင်ပင် တဝဲဝဲ လည်လည် နစ်မြုပ်နေမည်လော၊ သို့မဟုတ် ရန်သူများ၏ ဓားချက်အောက်၌ အသက်ဆုံးရှုံးသွားလောက်ပြီလော... သူ မပြောတတ်။ သေချာတာ တစ်ခုကတော့ ထိုလက်စွပ်လေးသာ မရှိပါက ဤနေရာ၊ ဤအဆင့်အတန်းကို သူ ဘယ်တော့မှ ရောက်လာလိမ့်မည် မဟုတ်ခြင်းပင်။
သို့သော်လည်း လင်းကျိရန်၊ ချင်ချူးမူနှင့် လုံထျန်းယုတို့၏ သနားစရာ ပုံရိပ်များက သူ့ အတွေးတွင် တဝဲလည်လည် ပေါ်လာခဲ့ပြန်သည်။ ထိုမိန်းကလေးများမှာ သူ့အတွက်ဆိုပါက အရာရာကို ပေးဆပ်ရန် အသင့် ဖြစ်နေကြသူများ ဖြစ်သည်။ အသက်ကိုပင် စတေးဝံ့ကြသူများ ဖြစ်သည်။ သူတို့ ယခုလို အခြေအနေမျိုး ကြုံတွေ့နေရခြင်းတွင်လည်း သူ့စနက် များစွာ ပါဝင်နေသည်။
လုံချန်မှာ ဆုံးဖြတ်ရခက်ဟန်ဖြင့် အနက်ရောင် လက်စွပ်လေးကို ပွတ်ရင်း ချီတုံချတုံ ဖြစ်နေ၏။ ဝေ့ဝူယင်မှာ သူ့အား ထပ်မံ တွန်းအားပေးခြင်း မပြုတော့ချေ။ တွန့်အားပေးစရာ အကန့်လည်း ကုန်သွားပြီ ဖြစ်သည်။ အရာအားလုံးက လုံချန် အပေါ်တွင်သာ မူတည်နေ၏။ လက်စွပ်လား... သို့မဟုတ် သူ ချစ်ရသည့် မိန်းကလေးများလား...။
ဝေ့ဝူယင် တိတ်တဆိတ် အကဲခတ်နေစဥ်မှာပင် လုံချန်၏ လက်စွပ်လေးက မသိမသာ လင်းလက်သွား၏။ ၎င်းက လုံချန်နှင့် ဆက်သွယ်နေပုံ ရသည်။ အတန်ကြာပြီးနောက်၌ လုံချန်၏ ရှုပ်ထွေးမှုများက ပျောက်ကွယ်သွားပုံ ရသည်။ ဆုံးဖြတ်ချက် ပြတ်သားခြင်းနှင့် ကျေနပ်မှု အရိပ်အယောင် အချို့က သူ့ မျက်လုံးတွင် ပေါ်လာခဲ့သည်။ သူက လက်စွပ်ကို ချွတ်ကာ ကမ်းပေးလိုက်၏။
“မင်း ကတိတည်ပါစေ...”
ဝေ့ဝူယင်၏ နှလုံးသားက စိတ်လှုပ်ရှားစွာ ခုန်ပေါက်သွားသည်။ လုံချန်နှင့် လက်စွပ် အကြား၌ အကြံအစည် တစ်ခု ရှိကြောင်း အကဲခတ်မိသည့်တိုင် ထိုအရာကို သူ ဂရုမစိုက်ချေ။ မည်သို့ပင် ဆိုစေ... ဤသည်က ထီပေါက် သကဲ့သို့ မမျှော်လင့်ပဲ ရသည့် ဆုလာဘ် ဖြစ်သည်။
သူ တောက်ပစွာ ပြုံးကာ ခေါင်းညိတ်လိုက်၏။
“ဒါပေါ့...”
***