အရှိန်အဟုန်ဖြင့်မြင့်တက်လာသည့်ဝင်ငွေ
Vol. 81 Ch. 1137
အခန်း (၁၁၃၇) အရှိန်အဟုန်ဖြင့်မြင့်တက်လာသည့်ဝင်ငွေ
ကျားခုန်တောင်ထွတ်မှ ‘လော့’ အိမ်တော်ကတော့ ကူရာကယ်ရာမဲ့လျှက် ရှိသည်။
အုံ့ဆိုင်းမိုးချပ်ပြားက သူတို့၏ အင်အားတိုးမြှင့်ရန် ထိပ်တန်းဦးစားပေးဖြစ်သည်။
သို့သော် အစီအရင်ချိုးဖျက်ကျည်ပွေ့ကတော့ သူတို့လုပ်ထားသည့် အစီအရင်များကို မချိုးဖျက်နိုင်လျှင်တောင်မှ ထိန်းချုပ်နိုင်မည့် ပစ္စည်းတစ်ခု ဖြစ်၏။
‘လော့’ အိမ်တော်အနေဖြင့် အရှုံးနှင့် အမြတ်ကြားတွင် အဆိုးဆုံးအနေအထားသို့ပင် ရောက်သွားနိုင်သည်။
အုံ့ဆိုင်းမိုးချပ်ပြားနှင့် နှိုင်းယှဉ်လျှင် အစီအရင်ချိုးဖျက်ကျည်ပွေ့က သူတို့ပိုပြီး အာရုံစိုက်ရမည့်အရာတစ်ခု ဖြစ်လာသည်။ အခြားသူများလက်ထဲသို့ အစီအရင်ချိုးဖျက်ကျည်ပွေ့များ နည်းနိုင်သမျှနည်းပါးစွာ ရောက်ရှိသွားအောင် အတတ်နိုင်ဆုံး လုပ်ဆောင်ရပေမည်။
အထူးသဖြင့် ‘လော့’ အိမ်တော်၏ ရန်သူများလက်ထဲသို့ အစီအရင်ချိုးဖျက်ကျည်ပွေ့ ရောက်ရှိမသွားအောင် တားဆီးရမည် ဖြစ်၏။
ရန်သူ့လက်ထဲတွင် အစီအရင်ချိုးဖျက်ကျည်ပွေ့ အများအပြားရှိနေခြင်းက အုံ့ဆိုင်းမိုးချပ်ပြား အများအပြားရှိနေခြင်းထက်ပိုပြီး ကြောက်စရာကောင်းသည်။
‘လော့’ အိမ်တော်မှ ကိုယ်စားလှယ်မှာ စိတ်ထဲကကြိတ်ပြီး ဆဲရေးလိုက်မိသည်။ ထို့နောက် ဤသတင်းအား လော့ပိုင်ယွမ်နှင့် လော့ပေတို့အား အမြန်အကြောင်းကြားရန် သူ့လူများကို ကျားခုန်တောင်ထွတ်သို့ အလျှင်အမြန် ပြန်လည်စေလွှတ်လိုက်၏။
အစီအရင်ချိုးဖျက်ကျည်ပွေ့ ထွက်ပေါ်လာခြင်းက အထက်ဘုံကမ္ဘာတစ်ခုလုံးအပေါ် ကြီးမားသော သက်ရောက်မှုရှိပြီး ၎င်း၏ လွှမ်းမိုးနိုင်စွမ်းက အုံးဆိုင်းမိုးချပ်ပြားထက်ပင် ကြီးမားသည်။
‘လော့’ အိမ်တော်နှင့် ရန်သူမဟုတ်သူများပင် ထိုရတနာပစ္စည်း၏တန်ဖိုးကို နားလည်သည်နှင့် လိုချင်တပ်မက်စိတ်များ ဖြစ်ပေါ်လာကြသည်။
တစ်ကြိမ်သာအသုံးပြုနိုင်သော ရတနာပစ္စည်းဖြစ်သော်လည်း အစီအရင်ချိုးဖျက်ကျည်ပွေ့သည် အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကဲ့သို့ပင် အတိုင်းအတာတစ်ခုအထိ ဗျူဟာမြောက် တန်ဖိုးရှိပေသည်။
ထို့ကြောင့် ထျန်းကျိခန်းမ စတုတ္ထအကြိမ် ဖွင့်လှစ်သောအခါ ထိုရတနာပစ္စည်းမှာ ဝယ်လိုအားအများဆုံးနှင့် လူကြိုက်အများဆုံး ရတနာပစ္စည်း ဖြစ်လာသည်မှာ အံ့သြစရာ မရှိခဲ့ပေ။
သို့ပေသိ ကုန်ပစ္စည်းအရေအတွက်ကိုတော့ ထျန်းကျိခန်းမက အခိုင်အမာ ထိန်းချုပ်ထားဆဲ ဖြစ်သည်။
ပစ္စည်းကရှားပါးလေ လူအများက ပိုမိုတန်ဖိုးထားလေ ဖြစ်သည်။
အစီအရင်ချိုးဖျက်ကျည်ပွေ့ မဝယ်ယူလိုက်နိုင်သူများမှာ နောက်တစ်ကြိမ် ထျန်းကျိခန်းမ ဖွင့်လှစ်ပါက ထပ်မံဝယ်ယူရန် ငွေကြေးချန်လှပ်ထားကြပြီး အခြားသော ရတနာပစ္စည်းအသေးအဖွဲလေးများကိုသာ အာသာပြေ ဝယ်ယူသွားကြသည်။
ထျန်းကျိခန်းမက လှည့်ကွက်အသစ်များကို ထပ်ခါထပ်ခါ ပြသနေပြီး လူတိုင်း၏စိတ်အစဉ်ကို ယစ်မူးရီဝေ စွဲလန်းနေစေရန် တစ်လှိုင်းပြီးတစ်လှိုင်း အသစ်အဆန်းများ ပြသလျှက် ရှိ၏။
မကြာခဏဆိုသလို ထျန်းကျိခန်းမက ရတနာပစ္စည်းအသစ်များ ထုတ်လုပ်ရောင်းချလေ့ ရှိသည်။
သို့ဖြစ်ရာ လူတိုင်းက ထျန်းကျိခန်းမတွင် ဝှက်ဖဲမည်မျှရှိကြောင်း သိချင်လာကြသည်။
ကြောက်စရာအကောင်းဆုံးအချက်မှာ ထျန်းကျိဂေဟာမှ ရောင်းချသည့် ရတနာပစ္စည်း (၉၀)ရာနှုန်းမှာ အထက်ဘုံကမ္ဘာတွင် တစ်ခါမှ မတွေ့မြင်ဖူးသော ရတနာပစ္စည်းများ ဖြစ်နေခြင်းပင်။
မဟာကပ်ဘေးကြီးကြောင့် သိုင်းပညာအမွေအနှစ်များစွာနှင့် ရှားပါးရတနာများစွာ ဆုံးရှုံးခဲ့ရသည်။
ထူးခြားဆန်းပြားသော အချို့ရတနာပစ္စည်းများကို ထိန်းသိမ်းထားနိုင်ကြသော်လည်း ပစ္စည်းအတိုင်းသက်သက်သာ ထိန်းသိမ်းထားနိုင်ပြီး ထပ်မံသန့်စင်ပြုလုပ်ရန် နည်းလမ်းအား မသိရှိနိုင်ကြပေ။
ရှိရင်းစွဲပစ္စည်းများကို သုံးစွဲရင်း အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း ကုန်ဆုံးသွားသည့်အနေအထားသို့ ရောက်ရှိလာသည်။
သို့သော် မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် အဆက်အနွယ်များစွာမှ ပျောက်ကွယ်နေသော ရတနာပစ္စည်းများစွာကို ထျန်းကျိခန်းမက အထက်ဘုံကမ္ဘာသို့ ပြန်လည်ယူဆောင်လာခဲ့သည်။
အရေအတွက်လည်း များပြားလှသဖြင့် လူတိုင်း အံ့အားသင့်စရာ ဖြစ်စေခဲ့သည်။
ထျန်းကျိခန်းမက မတော်တဆ ရရှိထားပြီး လက်ထဲတွင်ရှိနေသည့် ရှိရင်းစွဲပစ္စည်းများကို ရောင်းချခြင်းမဟုတ်ပေ။
အစီအရင်ချိုးဖျက်ကျည်ပွေ့ ၊ အုံ့ဆိုင်းမိုးချပ်ပြား ၊ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုနှင့် အခြားသောရတနာပစ္စည်း ပြုလုပ်နည်းများကို ထျန်းကျိခန်းမက တတ်ကျွမ်းသိရှိနေခြင်း ဖြစ်သည်။
ကုန်ကြမ်းပစ္စည်းလုံလောက်သရွေ့ ထိုသို့သောရတနာပစ္စည်းများကို အမြောက်အမြား သန့်စင်ပြီး ထုတ်လုပ်နိုင်သည်။
ဤအချက်က လူတိုင်းကိုပိုပြီး ထိတ်လန့်စေသည်ပင်။
အဘယ်ကြောင့်ဆိုသော ယခု မီးမောင်းထိုးပြနေသည်မှာ ထျန်းကျိခန်းမ၏ ရေခဲတောင်အစွန်းမျှသာ ဖြစ်ကောင်းဖြစ်နိုင်သောကြောင့်ပင်။
နက်ရှိုင်းသောပင်လယ်အောက်တွင် ရတနာပစ္စည်းပြုလုပ်သည့် ဝှက်ဖဲများ မည်မျှ ကျန်ရှိနေပါသေးသနည်း။
အချို့သော ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များကတော့ အစီအရင်ချိုးဖျက်ကျည်ပွေ့နှင့် အုံ့ဆိုင်းမိုးချပ်ပြားတို့ကဲ့သို့သော အသေးအဖွဲ ရတနာပစ္စည်းများကို စိတ်ဝင်စားကြခြင်း မရှိပေ။
သို့သော် သူတို့ အရင်က တစ်ခါမှမမြင်ဖူးသည့်တိုင် ကြားဖူးနားဝဖြင့်ပင် အလွန်လိုချင်နေကြသော ရတနာပစ္စည်းများလည်း ရှိနေကြသည်ပင်။ ထိုပစ္စည်းများကို အချိန်ကြာမြင့်စွာ ရှာဖွေခဲ့ကြသော်လည်း မည်သည့်နေရာတွင်မှ ရှာမတွေ့ကြပေ။
သို့ဖြစ်ရာ ထျန်းကျိခန်းမ၏ အဆုံးမရှိသော အံ့သြဖွယ်ရာများနှင့် အသေးစိတ်အချက်အလက်များက သူတို့လိုချင်သည့်ပစ္စည်း ပြုလုပ်ပေးနိုင်မည်လားဟု စိတ်အားထက်သန်ခဲ့ကြသည်။
နောက်ပိုင်းမှာတော့ ထျန်းကျိခန်းမ တံခါးရှေ့သို့ လူအများရောက်ရှိလာပြီး အထူးရတနာပစ္စည်းများအတွက် အထူးကုန်ပစ္စည်းအမှာများ ရရှိရန် ကြိုးစားကြသည်။
“ဆရာ ’ဟယ်’ က ကိုးကွေ့မူလအကာအကွယ်အင်းသင်္ကေတ လိုချင်တာလား”
ရှောင်အိုက်က မျက်တောင်လေးများ ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း မေးလိုက်သည်။
“ဒီပစ္စည်းကို အရင်က ကျွန်မတို့ ခန်းမမှာ တစ်ခါမှ မရောင်းဖူးပါဘူး ၊ ဘာလို့ ဆရာ’ဟယ်’ က အဲဒီပစ္စည်းကို ဒီမှာ လာရှာရတာလဲ”
ယနေ့က ထျန်းကျိခန်းမ ဖွင့်လှစ်သည့်နေ့ မဟုတ်ပေ။ ထို့ကြောင့် ရှောင်အိုက်က ခန်းမအနောက်ဖက်တွင်သာ ဧည့်သည်ကို ဧည့်ခံတွေ့ဆုံသည်။
သူမအရှေ့မှလူက ပိုးသားဧကရာဇ်၏တပည့် ၊ ဖုထင်၏ ဂိုဏ်းတူအစ်ကို ‘ထိုက်ကျိရင်ခွင်’ ဟယ်ရှီးရှင် ပင် ဖြစ်သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်က ရှောင်အိုက်ထက် များစွာပိုမိုမြင့်မားသည့်တိုင် ဟယ်ရှီးရှင်မျက်နှာထက်တွင် မာန်တက်မောက်မာမှုများ မတွေ့မြင်ရပေ။
သူက တည်ငြိမ်စွာဖြင့်...
“မင်းတို့ခန်းမက ထုတ်လုပ်တဲ့ ထုတ်ကုန်ပစ္စည်းတွေက အမြဲ အရည်အသွေး ကောင်းမွန်တယ် ၊ ထုတ်ကုန်အသစ်တွေလည်း မကြာခဏ ထုတ်လုပ်လေ့ရှိတယ် ၊ ဒီတော့ ဒီ ‘ဟယ်’ ဒီကို လာရောက်ရတာ မဆန်းပါဘူး”
ရှောင်အိုက်က အနည်းငယ် ပြုံးလိုက်ပြီး...
“ဆရာ ’ဟယ်’ က ယဉ်ကျေးလွန်းနေပြီ ၊ ဆရာ ‘ဟယ်’ ပြောတဲ့ ကိုးကွေ့မူလအကာအကွယ်အင်းသင်္ကေတအကြောင်း ပြောရရင်...”
သူမက ခဏနားပြီးမှ ဆက်ပြောသည်။
“ကျွန်မတို့က အဲဒီ အင်းသင်္ကေတကို ပြုလုပ်ပေးနိုင်ပါတယ် ၊ မှာချင်တယ်ဆိုရင်တော့... အားတော့နာပါတယ်... စျေးနည်းနည်းပိုပေးရမယ်နော်”
“ပြီးတော့ အဲဒီပစ္စည်းလုပ်ဖို့ ကုန်ကြမ်းတွေကိုလည်း ဆရာ’ဟယ်’ ပဲ ရှာဖွေပြီး ကျွန်မတို့ဆီကို ယူလာပေးရမယ်”
နဂိုက လိုချင်သောပစ္စည်း ရရှိမည် မရရှိမည် မသေချာဘဲ ရောက်ရှိလာသော ဟယ်ရှီးရှင်မှာ ထိုစကားကြားတော့ အတော်လေး တက်တက်ကြွကြွ ဖြစ်သွားသည်။
သူက...
“သီးခြားကုန်ပစ္စည်းမှာတာဆိုတော့ စျေးပိုပေးရတာ သဘာဝကျပါတယ်”
အခြား လုပ်ငန်းရှင်များဆိုလျှင် ဟယ်ရှီးရှင်ကို မည်သူမှ စျေးပိုတောင်းမည် မဟုတ်ပေ။
သူက မောက်မာသူတစ်ယောက် မဟုတ်သော်လည်း မြောက်ဖေးတောင်ထွတ်၏ နံပါတ် (၁)တပည့်ဖြစ်လေရာ သူ့ကို မည်သူမှ စျေးပိုတောင်းရဲမည် မဟုတ်ပေ။
ကုန်ပစ္စည်းကို စျေးလျှော့ပေးပြီး သူနှင့် ခင်မင်ရင်းနှီးမှုရယူရန်ပင် ကြိုးစားကြဦးမည် ဖြစ်သည်။
သို့ပေသိ ထျန်းကျိခန်းမကတော့ ခြွင်းချက်ဖြစ်ကြောင်း အစကတည်းက ဟယ်ရှီးရှင် နားလည်ထားသည်။
သူက ထျန်းကျိခန်းမ၏ အသေးစိတ်အချက်အလက်များကို စုံစမ်းပြီးဖြစ်လေရာ ကျောက်စိမ်းကျောက်ဆောင်မှ ချိုးကျားဟိုင်နှင့် အခြားသောတပည့်များ ဤနေရာတွင်ရှိနေကြောင်းကိုလည်း သိရှိပေသည်။
ဟယ်ရှီးရှင်က...
“ဒါဖြင့် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကိုသာ ပြောလိုက်ပါ ၊ ဒီ ‘ဟယ်’ တတ်နိုင်သမျှ အကုန်ရှာပေးပါ့မယ်”
ထို့နောက်မှာတော့ ရှောင်အိုက် တောင်းဆိုလိုက်သော ကုန်ကြမ်းပစ္စည်းများမှာ “ကိုးကွေ့မူလအကာအကွယ်အင်းသင်္ကေတ” ပြုလုပ်ရာတွင် အသုံးပြုရမည့် ကုန်ကြမ်းပစ္စည်းများသာ မကပေ။ ထိုအထဲမှ အချို့ကုန်ပစ္စည်းများမှာ ရန်ကျောက်ကဲ ကိုယ်ပိုင်အသုံးပြုရန်အတွက် ဖြစ်နေပေသည်။
ရန်ကျောက်ကဲက ကိုးကွေ့မူလအကာအကွယ်အင်းသင်္ကေတပြုလုပ်မည့်နည်းလမ်းကို ထုတ်ဖော်ပြမည်မဟုတ်ရာ ဤနည်းဖြင့် သူသည်လည်း အကျိုးအမြတ် များစွာ ရရှိနိုင်သည်။
ဟယ်ရှီးရှင်က ထိုအချက်ကို သိရှိသော်လည်း ထျန်းကျိခန်းမတွင် ပစ္စည်းမှာရင် အထူးတောင်းဆိုပြီးကတည်းက ဤသို့ဖြစ်လာမည်ကို မျှော်လင့်ထားပြီးသား ဖြစ်သည်။
သို့ဖြစ်ရာ ကုန်ကြမ်းပစ္စည်းအပိုများနှင့် ပစ္စည်းမှာခြင်းအတွက် သတ်မှတ်စျေးနှုန်းပေါင်းလိုက်သည့်အခါ ထျန်းကျိခန်းမအနေဖြင့် ဟယ်ရှီးရှင်ထံမှ အခကြေးငွေများစွာ ရရှိခဲ့သည်။
ရန်ကျောက်ကဲက မြောက်ဖေးတောင်ထွတ်နှင့် ဆက်ဆံရေးကောင်းမွန်သည့်အတွက်သာ ထိုမျှ အမြတ်ယူလိုက်ခြင်း ဖြစ်သည်။
အခြားသူဆိုလျှင် သူ့အတွက် ပို၍ပင် ဝင်ငွေများပေဦးမည်။
စိတ်ကြိုက်မှာယူသည့်ရတနာပစ္စည်းများက နှစ်ဦးနှစ်ဖက် သဘောတူညီမှုဖြင့် ပြုလုပ်ကြသော လုပ်ငန်း ဖြစ်သည်။ ပြီးတော့ ဤသို့ မှာယူနိုင်သည်ကလည်း အထက်ဘုံကမ္ဘာတွင် ထျန်းကျိခန်းမတစ်ခုတည်းသာလျှင်ရှိသည် မဟုတ်ပါလား။
အထက်တွင်ဆိုခဲ့သည့်အတိုင်း အရည်အသွေးမြှင့်ကုန်ပစ္စည်းများ၏ စျေးနှုန်းဆိုသည်က ဝယ်ယူသူ၏ စိတ်ဆန္ဒအပေါ်တွင်သာ ပိုမိုမူတည်သည်။
ဝယ်ယူသူက ကုန်ပစ္စည်းကို ငမ်းငမ်းတက်လိုချင်နေပါက မည်မျှ စျေးကြီးပါစေ ဝယ်ယူမည်သာပင်။
ထို့ပြင် ထျန်းကျိခန်းမတွင် အထူးပစ္စည်းများမှာကြားနိုင်ရန်မှာ လွယ်ကူသည့်ကိစ္စတော့ မဟုတ်ပေ။ ထိုသို့ပစ္စည်းမှာကြားနိုင်ရန် အရည်အချင်းပြည့်မီရန်လည်း လိုအပ်သည်။
အဆင့်နိမ့် အထူးတုံကင် ကိုင်ဆောင်ထားသူများက ထိုသို့သော အခွင့်အရေးမျိုးကို ရရှိခံစားနိုင်မည် မဟုတ်ပေ။
အထက်ဘုံကမ္ဘာတစ်ခုလုံးတွင် ထျန်းကျခန်းမကဲ့သို့ ရတနာပစ္စည်းများကို စိတ်ကြိုက်ဖန်တီးနိုင်သူ အနည်းငယ်သာလျှင် ရှိသည်။
ထို့ကြောင့် ထျန်းကျိခန်းမ၏ ဝန်ဆောင်မှုကို အသုံးပြုလိုသည်ဆိုပါက ကုန်ကျစရိတ် တတ်နိုင်ရမည်ဖြစ်သလို ဝယ်ယူသူကိုယ်တိုင်က အရည်အချင်းရှိရန်လည်း လိုအပ်သည်။
အချိန်ကြာလာသည်နှင့်အမျှ ရန်ကျောက်ကဲ၏ ညွှန်ကြားချက်များကို ရှောင်အိုက် ပိုမိုနက်ရှိုင်းစွာ နားလည်လာသည်။ အစေခံကောင်မလေးကတော့ လက်ဖျားငွေသီးနေရသောဘဝကို အမှန်တကယ် ပျော်ရွှင်နေပြီ ဖြစ်ပေ၏။
လစဉ် လဆန်း (၁)ရက်နေ့တွင် ခန်းမဖွင့်လှစ်ရောင်းချသည့် ရတနာပစ္စည်းအမျိုးအစားနှင့် ပမာဏကို ယခုတိုင် ထိန်းချုပ်ထားဆဲ ဖြစ်သည်။
စျေးကွက်၏အလိုဆန္ဒအရ တူညီသောရတနာပစ္စည်းများကို ရောင်းချခြင်းထက် များပြားလှစွာသော မတူညီသည့် ရတနာပစ္စည်းများကို ရောနှောရောင်းချမည် ဖြစ်သည်။
အရင်က ကောင်းကင်ရှောင်တိမ်းခုနစ်လှည့်အင်းသင်္ကေတနေရာတွင် အစားထိုးစက္ကူရုပ် ရောင်းချသည့်အလား ဖြစ်သည်။
ရလဒ်အနေဖြင့် ထျန်းကျိခန်းမ၏ လုပ်ငန်းက စဉ်ဆက်မပြတ် ထွန်းကားလာခဲ့သည်။
အဆင့်အမျိုးမျိုးရှိသော အထူးတုံကင်များကို ဝယ်ယူရန် လူအများပိုပြီး စိတ်အားထက်သန်လာကြသည်။
လစဉ် ခန်းမတွင် အရောင်းဖွင့်လှစ်ထားသော်လည်း ရရှိသည့်ဝင်ငွေက ကြီးကြီးမားမား တိုးတက်မှု မရှိခဲ့ပေ။ သို့သော် ထျန်းကျိခန်းမ၏ စုစုပေါင်း ဝင်ငွေပမာဏက အတွင်းသိများအားလုံးကို အံ့အားသင့်စေသည်အထိ အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့လေသည်။