စကားတစ်ခွန်း
Vol. 14 Ch. 189
ဝေ့ဝူယင်သည် အလွန် သတိထား၏။ လုံချန်၏ လက်စွပ်ကို လက်ဖြင့် တိုက်ရိုက် ထိတွေ့ကာ လက်ခံခြင်း မပြု။ ထို့အစား ချီစွမ်းအင် စီကြောင်းတစ်ခုကိုသာ ထုတ်လွှတ်၍ သယ်ယူလိုက်သည်။ လုံချန်မှာ ဝေ့ဝူယင်၏ အမူအရာကို ကြည့်ကာ စိတ်ထဲမှ လှောင်ရယ်လိုက်မိ၏။
သို့သော်လည်း မဟူရာ ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည့် သေတ္တာလေးတစ်ခုကို ဝေ့ဝူယင် ဆွဲထုတ်လိုက်သော အခိုက်၌ သူ၏ မျက်လုံးများက အေးခဲသွားသည်။ အမျိုးမျိုးသော ဝင်္ကပါ အမှတ်အသားများသည် ထိုသေတ္တာလေးထက်၌ ပြန့်ကျဲနေကာ ထိုအရာများမှာ သူ မြင်တွေ့ဖူးသည့် အရာအားလုံးထက် ပိုမို သန်မာပေသည်။
“အဲဒါက ဘာလဲ...”
သူ အကဲခတ်နေစဥ်မှာပင် ဝေ့ဝူယင်က လက်စွပ်ကို မဟူရာ ကျောက်စိမ်း သေတ္တာထဲသို့ ဂရုတစိုက်ပင် ထည့်သွင်းလိုက်သည်။ အဖုံးကို သေချာပိတ်ရင်း အစီအရင် အချို့ကိုပါ သူ ထပ်မံ ရေးဆွဲလိုက်၏။ ထို့နောက်တွင် လက်စွပ်ရော သေတ္တာပါ သူ၏ လက်ထဲတွင် ဘယ်တုန်းကမှ မရှိခဲ့သည့် အလား ပျောက်ကွယ်သွားသည်။
ဝေ့ဝူယင်၏ မျက်နှာထက်၌ စိတ်သက်သာရာ ရသော အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။ ထိုသေတ္တာမှာ စျေးအလွန်ကြီးကာ အဆင့်ခုနစ် မှော်ဆေးလုံး အနည်းငယ်ပင် ကျသင့်ခဲ့သည်။ ထိုအရာကို ဝိညာဥ်ချိပ်ပိတ် သေတ္တာဟု ခေါ်၏။
ဝိညာဥ် ချိပ်ပိတ် သေတ္တာသည် ကြယ်တာရာ ဝိညာဥ်များကို ချိပ်ပိတ်နိုင်သည့် အထူးစွမ်းရည် တစ်မျိုးကို ပိုင်ဆိုင်ထားသည်။ တစ်ခါတုန်းက မိစ္ဆာကျင့်ကြံသူ တစ်ယောက်သည် ထိုသေတ္တာကို အသုံးပြုကာ ကြယ်တာရာ ဝိညာဥ်များအား ချိတ်ပိတ်လျှက် အသက်ကယ် ရတနာ အနေဖြင့် အသုံးပြုခဲ့ဖူးသည်။
လုံချန်မှာ သူနှင့် လက်စွပ် အကြား ဆက်သွယ်မှု အားနည်းသွားသည်ကို ခံစားမိရာ မျက်မှောင်ကြုတ် လိုက်သည်။ ထိုခွေးကောင်က သူ၏ လက်စွပ်ကို ရယူရန် အစောတည်းက ကြိုတင် ပြင်ဆင်ထားသည်လား။ ဒေါသ အရိပ်အယောင်များမှာ သူ၏ မျက်လုံးများအတွင်း ဖြစ်ပေါ်လာ၏။
တစ်ချိန်တည်း၌ ဝေ့ဝူယင်မှာမူ လုံချန်၏ အတွေးများကို ဂရုစိုက်ခြင်း မပြုပဲ ရှန်းလင်ဘက်သို့ လှည့်လိုက်၏။ အနန္တကုန်းမြေတိုက်ကြီးတွင် ပထမဆုံး ဆုံတွေ့ခဲ့သည့်နေ့မှ စ၍ သူမမှာ တစ္ဆေ တစ်ယောက်လို ပျောက်ချက်သား ကောင်းနေခဲ့သည်။
“ခင်ဗျား အတွက် ကျုပ်ရဲ့ ကောင်းကင်နန်းတော် တံခါးကို အမြဲတမ်း ဖွင့်ထားပါတယ်... အချိန်မရွေး လာလည်နိုင်ပါတယ်”
သူက သိမ်မွေ့သော အပြုံးဖြင့် ပြောလိုက်သည်။
ရှန်းလင်၏ နှလုံးသားက လှုပ်ခါသွားသည်။ ဝေ့ဝူယင်က သူမကို စိတ်ဝင်စားနေသည်လား။ လွန်ခဲ့သည့် သုံးနှစ်အတွင်း သူမ ဝေ့ဝူယင်ထံသို့ သွားရောက်ရန် အကြိမ်ကြိမ် စဥ်းစားခဲ့သော်လည်း ကောင်းကင်ဧကရာဇ် ဆိုသော အဆင့်အတန်းက သူမကို ဟန့်တားထားခဲ့သည်။ ယခုတွင်မူ ဝေ့ဝူယင်မှာ သူမကို ကိုယ်တိုင်ကိုယ်ကျ ဖိတ်ခေါ်နေခဲ့ပြီ ဖြစ်သည်။
ဆောင်ရွက်စရာအားလုံး ပြီးစီးသွားပြီ ဖြစ်ရာ ဝေ့ဝူယင်မှာ ထိုနေရာ၌ ဆက်လက်နေရန် ဆန္ဒ မရှိတော့ချေ။ သူက အရိပ်တစ်ခု ကဲ့သို့ပင် ကောင်းကင်ကို ခုန်တက်လိုက်၏။
ဝှစ်...
ရှောင်ပိုင်သည် အချိန်ကိုက်ပင် ရောက်ရှိလာကာ ဝေ့ဝူယင်၏ ခန္ဓာကိုယ်ကို ကျောပြင်ဖြင့် ခံယူလိုက်သည်။ ရှောင်ပိုင်၏ ကျယ်ပြန့်သော ကျောပြင်ထက်၌ ရပ်ရင်း ဝေ့ဝူယင် လက်နှစ်ဖက်ကို နောက်ပစ်လိုက်၏။
“လွန်ခဲ့တဲ့ လေးရက်တုန်းက ကျိမျိုးနွယ်ဟာ ဂိုဏ်းကို သစ္စာဖောက်တဲ့ ပြစ်မှုကို ကျူးလွန်ခဲ့တယ်”
သူ၏ စကားလုံးများက ဗုံးတစ်လုံးအလား လူတိုင်း၏ နားထဲသို့ တိုးဝင်သွား၏။
“ဘာလဲ...”
လူတိုင်း နားမလည်ကြသေးခင်မှာပင် သူက တရားရေး အဖွဲ့ခေါင်းဆောင် တစ်ယောက် ဖြစ်သည့် ပေ့မင်ကို ကြည့်လိုက်သည်။ ပေ့မင်မှာ အံ့သြနေသည့်တိုင် တစ်ချိန်တည်း၌ ဝေ့ဝူယင်၏ ဆိုလိုရင်းနှင့် သဘောထားကို နားလည်နေဟန် ရ၏။
သူမသည် ယင်အမတေ ထိခိုက်ထားသည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ပြီး ဘယ်တော့မှ ကလေးမရနိုင်တော့ချေ။ ယင်အမတေ ကုစားခြင်းဟု ခေါ်သည့် အဆင့်ခုနစ် အထွတ်အထိပ်ဆေး တစ်လုံး သာလျှင် ထိုဝေဒနာကို ကုစားနိုင်စွမ်း ရှိသည်။ သို့သော်လည်း အဂ္ဂိရတ် ဧကရာဇ် အများစုပင် ထိုဆေးလုံးမျိုးကို ထုတ်လုပ်နိုင်စွမ်း မရှိရာ ထိုအရာက အိပ်မက်တစ်ခု သာသာပင်။
ထိုကဲ့သို့သော အခြေအနေတွင် စုမေ့ဟု ခေါ်သည့် ဝေ့ဝူယင်၏ လက်ထောက် မိန်းကလေးသည် သူမထံသို့ ရောက်ရှိလာကာ ယင်အမတေ ကုစားခြင်း ဆေးလုံးကို ပေးခဲ့သည်။ လွန်ခဲ့သော တစ်နှစ်ခန့်က သူမ သမီး မိန်းကလေး တစ်ဦးကို ဖွားမြင်ခဲ့သည်။
သူမ ပင့်သက်တစ်ချက် ရှိုက်လိုက်၏။ ထို့နောက်တွင် တုန့်ဆိုင်း မနေတော့ပဲ အားလုံး ကြားလောက်သော လေသံဖြင့် ကျယ်လောင်စွာ ကြေညာလိုက်သည်။
“ကျိမျိုးနွယ်က မိစ္ဆာကျင့်ကြံသူ အုပ်စုတစ်ခုနဲ့ ပူးပေါင်းပြီး တားမြစ်ထားတဲ့ ကျင့်စဥ်တွေကို ကျင့်ကြံခဲ့တယ်... သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေကို စမ်းသပ်ဖို့ အတွက် ဂိုဏ်းဝင်တွေကို အသုံးချခဲ့တယ်... ကျိ ဆိုတဲ့ မျိုးနွယ်ဟာ လွန်ခဲ့တဲ့ လေးရက်ကနေ စပြီး မရှိတော့ဘူး... ဒါကြောင့်မလို့ သူတို့ မျိုးနွယ် အပေါ် ကျူးလွန်တဲ့ ပြစ်မှုအားလုံးဟာ ပြစ်မှု မဟုတ်တော့ဘူး... ဂိုဏ်းအပေါ် တာဝန်သိတတ်တဲ့ ဖြောင့်မတ်တဲ့ လုပ်ရပ်များသာ ဖြစ်တယ်”
ထိုကြေညာချက်ကြောင့် ကျိမျိုးနွယ်ဝင်များ သတ်ဖြတ်ခံရခြင်း၊ နယ်နှင်ဒဏ် ပေးခံရခြင်းမျိုး ကြုံတွေ့ရနိုင်ကြောင်း သူမ သိပါသည်။ သို့သော်လည်း ဂိုဏ်း၏ စည်းမျဥ်းစည်းကမ်းများအရ ထိုအရာကသာလျှင် ချင်ချူးမူတို့ လွတ်မြောက်နိုင်မည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ ဂိုဏ်း၏ စည်းမျဥ်းများကို ပေါ်ပေါ်တင်တင် ချိုးဖောက်ခြင်းက ဆိုးရွားသော အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်စွမ်း ရှိသည်။
ဝေ့ဝူယင်က သက်ပြင်းတစ်ချက် ချလိုက်၏။ ကောင်းချီးခံ တစ်ယောက်၏ ဆန့်ကျင်ဘက်တွင် ရပ်တည်သူများ အနေဖြင့် သူတို့အားလုံးမှာ အပြစ်သားများ ဖြစ်ခဲ့ကြပြီး ဖြစ်သည်။ အကယ်၍ သူ ဝင်ရောက်မစွက်ဖက်လျှင်ပင် တစ်နေ့တစ်ချိန်၌ သူတို့ ယခုလို ကံကြမ္မာမျိုး ကြုံတွေ့ရပေလိမ့်မည်။
တစ်ချိန်တည်း၌ ချင်ချူးမူ၏ မျက်နှာက ဖြူရော်နေသည်။ သူမ ကျိမျိုးနွယ်ကို မုန်းတီးပါသည်။ သို့သော်လည်း သူမကြောင့် မျိုးနွယ်တစ်ခုလုံး ပျက်စီးသွားမည့် အခွင့်အရေးကမူ ရက်စက်လွန်းလှသည်။ အခြား နည်းလမ်း တစ်ခုမှ မတော့ရာ ဘာတတ်နိုင်တော့မည်နည်း။
သူမ သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ကျင့်ကြံခြင်း လောကကား ရက်စက် ပြင်းထန်လွန်းလှသည်။ အချိန်မရွေး သေဆုံးသွားနိုင်သလို မမျှော်လင့်သော အချိုးအကွေ့များတွင်လည်း နစ်မွန်းသွားနိုင်စွမ်း ရှိသည်။ အနန္တ ကုန်းမြေတိုက်ကြီးမှ စတင်၍ သူမ လုံချန်နောက်သို့ လိုက်ခဲ့သည်။ သူ့တိုးတက်ရေး အတွက် များစွာ ကူညီပေးခဲ့သည်။ သို့သော်လည်း ပြန်လှန် တွေးကြည့်ပါက သူမ ဘဝက ရည်ရွယ်ချက် ကင်းမဲ့ကာ လမ်းပျောက်နေခဲ့သလိုပင်။
ဒီကိစ္စတွေ ပြီးသွားရင် ငါ အခြားလူတစ်ယောက်နောက်ကို ဆက်မလိုက်တော့ဘူး... ကိုယ်ပိုင် လမ်းကြောင်းဖောက်ပြီး စွန့်စားခန်းတွေ ရှာဖွေမယ်... လုံလောက်ပြီလို့ ယူဆတဲ့ အချိန်ကျရင် တစ်နေရာရာမှာ အခြေချပြီး ခင်ပွန်းကောင်း တစ်ယောက် ရှာမယ်... ကလေးတွေ မွေးပြီး သူတို့ကို ပြုစုပျိုးထောင်ပေးမယ် - ချင်ချူးမူ (အသက် သုံးဆယ့်ငါးနှစ်)
ငါလောကကြီးကို ရှာဖွေချင်တယ်... အရာအားလုံးကို မြင်တွေ့ချင်တယ်... အဲဒါပြီးသွားရင်တော့ စီးပွားရေး လုပ်ငန်း တစ်ခု တည်ထောင်မယ်.... ဝေ့မိသားစုကို ပြန်ပြီး တည်ဆောက်မယ်... ဇနီးတွေ ယူပြီး ကလေးတွေကို ပြုစုပျိုးထောင်မယ် - ဝေ့ဝူယင် (အသက်နှစ်ဆယ်ခြောက်နှစ် - လွန်ခဲ့သော ဆယ့်သုံးနှစ်ခန့်က)
အချိန်ကာလ မတူညီသည့်တိုင်၊ အသက်အရွယ် မတူညီသည့်တိုင် သူတို့ နှစ်ယောက်၏ အတွေးများက တပ်တူညီနေခဲ့သည်ကို အံ့အားသင့်ဖွယ်ရာပင် တွေ့မြင်ခဲ့ရသည်။ ထိုအရာကပင် သူတို့ နှစ်ယောက်စလုံးကို အနာဂတ်၌ ရှည်လျားကာ ခက်ခဲသည့် လမ်းကြောင်း တစ်ခုသို့ ဆွဲချသွားပေလိမ့်မည်။
...
ဝေ့ဝူယင်သည် ကတိအတိုင်းပင် အခြေအနေ တစ်ခုလုံးကို ဖြေရှင်းကာ လင်းကျိရန် အကောင်းဆုံး ကုသမှုများ ရရှိရန် စီစဥ်ပေးခဲ့သည်။ ကျိမျိုးနွယ်သည် ဂိုဏ်း၏ သစ္စာဖောက် အဖြစ် သတ်မှတ်ခံရကာ စုံစမ်း စစ်ဆေးခြင်း၊ သေဒဏ်ခတ် ခံရရခြင်း၊ နယ်နှင်ဒဏ်ပေးခံရခြင်းများနှင့် ကြုံတွေ့ရသည်။
အံ့အားသင့်တစ်ခုက ကျိုမျိုးနွယ်ဝင်အချို့မှာ အမှန်တကယ်ပင် မိစ္ဆာကျင့်စဥ်များကို ကျင့်ကြံနေကြခြင်း ဖြစ်သည်။ ထန်းသီးကြွေခိုက် ကျီးနားခိုက်ဖြစ်သော်လည်း ဝေ့ဝူယင်မှာ များစွာသော လူများ၏ ချီးကျူး ထောပနာ ပြုခြင်းကို ခံခဲ့ရသည်။
အနန္တ ဧကရာဇ်ဂိုဏ်းသည် မိစ္ဆာကျင့်စဥ်များကို တင်းတင်းကြပ်ကြပ် တားမြစ်ထားခြင်း မရှိသည့်တိုင် ကျင့်ကြံခွင့် ပြုမထားသည့် ကျင့်စဥ်တစ်ချို့တော့ ရှိပေသည်။ ဥပမာအားဖြင့်... အပျိုစင် မိန်းကလေးနှင့် ယောက်ျားလေး တစ်ထောင်၏ မူလယင်နှင့် ယန်အမတေများကို စုစည်းကာ သွေးဆေးဖော်စပ်သည့် အဂ္ဂိရတ် မိစ္ဆာကျင့်စဥ်များနှင့် ကလေးငယ်များ၏ သန့်စင်ကြော သွေးကြောများ၊ ထျန်းတျန်များကို ထုတ်ယူကာ ကိုယ်ပိုင် မွေးရာပါ စွမ်းအားကို မြှင့်တင်သည့် မိစ္ဆာ ကျင့်စဥ်များမှာ တားမြစ်ခံ ကျင့်စဥ်များ ဖြစ်ကြသည်။
ထိုကဲ့သို့ ရက်စက်ကြမ်းကြုတ်လွန်းသည့် ကျင့်စဥ်များကို အနန္တဧကရာဇ်ဂိုဏ်းသာ မက၊ သုံးလွှာ ကြယ်တာရာ နယ်မြေတစ်ခုလုံးကပါ တားမြစ်ထားသည်။ သို့တိုင်အောင် ကျိမျိုးနွယ်ဝင် အချို့မှာ ထိုကဲ့သို့ ကျင့်စဥ်မျိုးကို သူတို့ အကျိုးအတွက် ခိုးကာ ကျင့်ကြံနေကြခြင်း ဖြစ်သည်။ သူတို့ကး အတင့်ရဲလွန်းသည်။ ဝေ့ဝူယင်ပင်လျှင် ထိုအရာကို မျှော်လင့်ထားခဲ့ခြင်း မရှိချေ။
ရက်အနည်းငယ် အတွင်းမှာပင် ဝေ့ဝူယင်သည် ဖြေရှင်းစရာ ရှိသည့် အရာအားလုံးကို ဖြေရှင်းခဲ့ပြီး ဖြစ်သည်။ သူသည် ရှောင်ပိုင် စုမေ့တို့နှင့် အတူ အဋ္ဌမ အလွှာရှိ ကောင်းကင် နန်းတော်သို့ ပြန်လာခဲ့၏။ လုံချန်ထံမှ ရရှိခဲ့သည့် လက်စွပ်မှာမူ ဝိညာဥ် ချိပ်ပိတ်ခြင်း သေတ္တာထဲ၌ တည်ရှိနေဆဲ ဖြစ်သည်။ ကြယ်တာရာ အမြုတေ အဆင့်သို့ မရောက်သေးသမျှ ကာလပတ်လုံး သူ ထိုလက်စွပ်ကို စုံစမ်းလိမ့်ဦးမည် မဟုတ်ချေ။
ကံကောင်းထောက်မစွာပင် မကြာခင်မှာပင် ထိုနေ့ကို ရောက်ရှိလာတော့မည် ဖြစ်သည်။ သို့သော်လည်း ယနေ့တော့ မဟုတ်သေး။
ယနေ့၌ သူ့တွင် ဧည့်သည် တစ်ယောက် ရှိပေသည်။
ရှန်းလင်...
လွန်ခဲ့သည့် ရက်ပိုင်းက သူ သူမကို ကောင်းကင်နန်းတော်သို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့သည်။ ယနေ့တွင် သူမ ရောက်ရှိလာခဲ့သည်။ ဝိညာဥ်နတ်မိမယ်မှာ ထိုမျှမြန်မြန် သူ၏ ဖိတ်ခေါ်မှုကို လက်ခံလိမ့်မည်ဟု ဝေ့ဝူယင် ထင်မှတ်မထားခဲ့ချေ။
ဝေ့ဝူယင်သည် ရှန်းလင်ကို ကြိုဆိုရန် အတွက် ကိုယ်တိုင်ကိုယ်ကျပင် ထွက်လာခဲ့၏။ ကျိုးရန်သည် သူ၏ နတ်မြင်းပျံနှင့် အတူ သူမကို လိုက်ပို့သည်။ အမှားတစ်ခု လုပ်မိပြီလား ဟူသော စိုးရိမ်စိတ်ဖြင့် သူ၏ မျက်နှာက အနည်းငယ် ဖြူဖျော့နေ၏။ ဖော်ရွေသော အပြုံးဖြင့် ကောင်းကင်နန်းတော်ထဲမှ ထွက်လာသည့် ဝေ့ဝူယင်ကို တွေ့မှသာ သူ သက်ပြင်းချနိုင်တော့သည်။
ဝေ့ဝူယင်က လက်နှစ်ဖက်ကို ယှက်ရင်း နှုတ်ဆက်လိုက်၏။
“ဒု ခေါင်းဆောင်ကျိုး... ဝိညာဥ် နတ်မိမယ်ကို လိုက်ပို့ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်”
ကျိုးရန်က ကပျာကယာပင် လက်ကို ခါယမ်းလိုက်၏။
“မဟုတ်တာဗျာ... ကျွန်တော့ အတွက် ဂုဏ်ယူစရာပါ”
အကယ်၍ လူများသာ ဖန်တီးခြင်း တောင်ထွတ်၏ တရားရေး ခေါင်းဆောင်တစ်ယောက် ယဥ်ယဥ်ကျေးကျေး ပြုမူနေသည်ကို မြင်ပါက အံ့အားသင့်မိကြလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ထိုအရာက ကောင်းကင် ဧကရာဇ် ဝေ့ဝူယင်ကြောင့် ဖြစ်မှန်း သိခဲ့လျှင်မူ သူတို့ ထိုအရာကို လက်ခံနိုင်ကြပေလိမ့်မည်။
ရှန်းလင်သည် လှပစွာပင် တိတ်တဆိတ် ရပ်နေခဲ့သည်။ သူမ၏ ထင်ရှားသော အမှတ်အသားများ ဖြစ်သည့် အနီရောင် နှုတ်ခမ်းပါးများ၊ ကြည်လင်သည့် မျက်လုံးများနှင့် ပြီးပြည့်စုံသည့် ခန္ဓာကိုယ် ကောက်ကြောင်းတို့က ပန်းချီကား တစ်ခု၏ အလယ်ဗဟိုတွင် ရပ်နေသကဲ့သို့ ထင်မှတ်မှားစေ၏။ သူမ ဝတ်ဆင်ထားသည့် အရောင်အသွေး စုံလင်သော ဝတ်စုံက လုံးဝန်း မို့မောက်သော ရင်သားများကို တိတိပပပင် ဖော်ပြထားသည်။
ရှန်းလင်၏ ပြစ်မျိုးမှဲ့မထင် အလှတရားကို ကြည့်ရင်း ဝေ့ဝူယင်၏ ရင်က ပူလောင်လာသည်။ ထိုမိန်းမကား အပြုံးတစ်ချက်ဖြင့်ပင် ပုရိသများကို တိရစ္ဆာန် ဘဝ ပြောင်းပစ်နိုင်သူ ဖြစ်သည်။
“အကြီးအကဲရှန်း.. ခင်ဗျားက အမြဲတမ်း လှနေတော့တာပဲ...”
သူက ပြုံးရင်း နှုတ်ဆက်လိုက်လေတော့သည်။
***