← Chapters

ကြယ်တာရာ ကပ်ဘေး

Vol. 14 Ch. 190

ကြယ်တာရာ ကပ်ဘေး

Vol. 14 Ch. 190

ရောက်လာသည့် အချိန်ကတည်းက စတင်၍ ရှန်းလင်၏ မျက်လုံးများမှာ ဝေ့ဝူယင်ဆီမှ တစ်ဖဝါးမှ မခွာချေ။ လွန်ခဲ့သည့် သုံးနှစ်ကျော်က ထိုလူငယ်လေးနှင့် သူမ ဆုံတွေ့ခဲ့ရသည်။ ထိုစဥ်က သူသည် နောက်ခံပင် မရှိခဲ့သည့် ကမ္ဘာပြား တစ်ခုမှ ချီပျစ်ခဲခြင်း အဆင့်ရှစ် ကျင့်ကြံသူလေးသာ ဖြစ်သည်။ ယနေ့တွင်မူ သူသည် အနန္တဧကရာဇ် ဂိုဏ်းထဲတွင်ပင် လွှမ်းမိုးမှု တစ်ခု တည်ဆောက်နိုင်သည် အထိ အရွယ်ရောက်လာခဲ့ပြီ ဖြစ်သည်။

သူမသည် စတွေ့စဥ်အခါက သူ့အား အဂ္ဂိရတ် ဧကရာဇ် လောင်းလျာ တစ်ယောက် အဖြစ် သတ်မှတ်ခဲ့သည်။ သူသည် အမှန်တကယ် အဂ္ဂိရတ် ဧကရာဇ် တစ်ယောက် ဖြစ်လာသည့် အပြင် မှော်ဆေးလုံးများကို အသန့်စင်ဆုံး အမြန်ဆုံး ထုတ်လုပ်နိုင်သူလည်း ဖြစ်သည်။ အဆင့်ခုနစ်ဆေးတစ်လုံး အတွက် အခြား အဂ္ဂိရတ် ဧကရာဇ်များ လချီ၊ နှစ်ချီ အချိန်ယူနေရချိန်တွင် သူကမူ နာရီပိုင်းလောက်သာ လိုသည်။

ရှန်းလင်မှာ သူ့အား ဘယ်လို ချဥ်းကပ်ရမည်လဲ တွေးတော မရခဲ့။ သူမ၏ ကျင့်ကြံခြင်း အဆင့်က သူ့ထက် အဆများစွာ မြင့်မားသည့်တိုင် သူနှင့် ယှဥ်ပါက အမြဲတမ်းလိုလို နိမ့်ကျသလို ခံစားရသည်။

“ကျွန်မကြောင့် အနှောက်အယှက် မဖြစ်ဖို့ မျှော်လင့်မိပါတယ်”

သူမက ခေါင်းအနည်းငယ် ငုံ့ရင်း ပြောလိုက်၏။

"မဟုတ်တာဗျာ...”

ဝေ့ဝူယင်က ပြုံးလိုက်၏။ လွန်ခဲ့သော ညများက သူနှင့် အတူ အတူရှိခဲ့သည့် မိန်းကလေး နှစ်ယောက်မှာ ပြန်သွားခဲ့ကြပြီ ဖြစ်သည်။ သူတို့မှာ သူ၏ အရုပ်များ မဟုတ်သလို ကိရိယာများလည်း မဟုတ်ချေ။ ကိုယ်ပိုင် ဘဝများ၌ ရှင်သန်နေထိုင်ကြသူများ ဖြစ်သည်။ နှစ်ဖက်အကျိုးအမြတ်ကြောင့်သာ သူ၏ အိပ်ရာထက် ရောက်ရှိလာကြခြင်း ဖြစ်၏။

ယနေ့၌ ဝေ့ဝူယင်မှာ လုံးဝ တစ်ယောက်တည်း ဖြစ်သည်။ စုမေ့ပင်လျှင် ကောင်းကင်နန်းတော်၌ ရှိမနေခဲ့ချေ။

“အင်း...”

ရှန်းလင်က ခေါင်းညိတ်လိုက်၏။

“ယုအာကို ကူညီပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်... အဲဒီကောင်မလေးက တစ်ခါတစ်လေမှာ နည်းနည်းတော့ ဆိုးတယ်”

လုံထျန်းယု နှစ်သုံးဆယ် အကျဥ်းချခံရမည် ဖြစ်ကြောင်း ကြားခဲ့ရသော အချိန်၌ သူမ စားမဝင် အိပ်မပျော်နိုင်အောင်ပင် စိတ်ဆင်းရဲခဲ့ရသည်။ ကံဆိုးစွာပင် ထိုအရာကို ပြောင်းလဲရန် သူမတွင် ခွန်အား မရှိခဲ့။

ဝေ့ဝူယင်က ခေါင်းခါလိုက်၏။

“ကျွန်တော့်အတွက် အကျိုးအမြတ် ရှိတဲ့ ကိစ္စမလို့ လုပ်ခဲ့ရုံပါပဲ... ကျေးဇူးတင်စရာ မလိုပါဘူး... ကြည့်ရတာ အကြီးအကဲက လုံထျန်းယုကို အတော်ဂရုစိုက်တဲ့ ပုံပဲ”

ရှန်းလင်တွင် လုံထျန်းယုနှင့် ပတ်သက်၍ မိခင်တစ်ယောက် ကဲ့သို့ ခံစားချက်များ ရှိကြောင်း ဝေ့ဝူယင် အကဲခတ်မိသည်။ ထိုအရာက သုံးနှစ်ကြာ အတူတကွ ဖြတ်သန်းခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာသည့် သံယောဇဥ် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

ရှန်းလင်က ပြုံးလိုက်၏။ ထိုအရာက သိမ်မွေ့ကာ နွေးထွေးမှုများနှင့် ပြည့်နှက်နေသည်။ သေချာတာ တစ်ခုက သူမ လုံထျန်းယု အကြောင်း တွေးနေခြင်းပင်။

“အထဲကို ကြွပါဦး..”

ဝေ့ဝူယင်က နှစ်ယောက်စလုံးကို ဖိတ်ခေါ်လိုက်၏။ သို့သော်လည်း ကျိုးရန်မှာ သူ၏ ရည်ရွယ်ချက် ပြည့်မြောက်သွားပြီ ဖြစ်ရာ အလိုက်တသိပင် နတ်မြင်းပျံနှင့် အတူ နှုတ်ဆက် ထွက်ခွာသွားသည်။

ရှန်းလင်က အသက်ပြင်းပြင်း ရှူလိုက်၏။ သန့်စင်သော အဆင့်မြင့် ကြယ်တာရာ အမြုတေများမှာ သူ၏ ခန္ဓာကိုယ် အတွင်း အလုအယက်ပင် တိုးဝင်လာကြသည်။ ဤဘဝတွင် အဋ္ဌမ အလွှာကို ရောက်ရှိဖူးလိမ့်မည်ဟု သူမ တစ်ခါပင် အိပ်မက် မမက်ခဲ့ဖူးချေ။

နူးညံ့သော ခြေလှမ်းများဖြင့် ဝေ့ဝူယင်၏ ကြီးကျယ်ခမ်းနားလှသော ကောင်းကင်နန်းတော် အတွင်းကို သူမ ခြေချလိုက်သည်။ သူမသည် ထိုနေရာတွင် ရက်‌ပေါင်း အနည်းငယ် ကြာသည် အထိ နေသွားခဲ့လေ၏။

...

နှစ်ပတ်ကြာပြီးနောက်....

ဝေ့ဝူယင်သည် ကျင့်ကြံခြင်း ခန်းမထဲတွင် တိတ်တဆိတ် ထိုင်ကာ အတွေးထဲ နစ်မြုပ်နေခဲ့သည်။ သူ၏ အရှေ့တွင်မူ မရေမတွက်နိုင်သော စာအုပ်များ၊ ပုရပိုက်များမှာ ပြန့်ကျဲနေ၏။

ထိုအရာများမှာ ဒဏ္ဍာရီလာ သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့်ကို ရောက်ရှိထားသည့် ကျင့်ကြံသူများ၏ ကြယ်တာရာ အမြုတေ ပထမ အဆင့်၊ “သေမျိုးကြယ်တာရာ ဝင်္ကပါ ကပ်ဘေး” ချိုးဖျက်မှု မှတ်တမ်းများပင် ဖြစ်သည်။ သို့သော်လည်း သူတို့ အားလုံး၏ နိဂုံးများမှာ အဆုံးသတ်၌ တူညီ၏။ ကျဆုံးခြင်းပင်။

ကြယ်တာရာ ကပ်ဘေးသည် ကျင့်ကြံသူများ၏ ဇာတိဝိညာဥ်များကို ကြယ်တာရာ အမြုတေ အဖြစ် သန့်စင်ကာ ကြယ်တရာ အမြုတေကို မွေးဖွားစေသည့် လုပ်ဆောင်ချက် တစ်ခု ဖြစ်သည်။ ဇာတိဝိညာဥ်၏ အဆင့် ပိုမြင့်လေလေ၊ တစ်နည်းအားဖြင့် ချီအမတေ အမှုန် ပို၍ များလေလေ... ကြယ်တာရာ ကပ်ဘေးမှာ ပို၍ ပြင်းထန်လေလေ ဖြစ်သည်။

ဝေ့ဝူယင်သည် ဇာတိဝိညာဥ်များ၏ အမြင့်ဆုံး အဆင့်ဖြစ်သည့် သေမျိုး မိုးကုပ်စက်ဝိုင်း ဇာတိ ဝိညာဥ် လေးခုကိုပင် ပိုင်ဆိုင်ထားသည်။ ထိုလေးခုစလုံးမှာ ထူးခြားလှကာ ဆန်းကြယ် ဒြပ်စင်ဝိညာဥ်တွင် ဆိုလျှင် ဒြပ်စင် စွမ်းအား ကိုးခုပင် ပါဝင်နေသည်။ ကျင့်ကြံသူများ၏ မှတ်တမ်းများ အရဆိုလျှင် သေမျိုး ကြယ်တာရာ ဝင်္ကပါ ကပ်ဘေးသည် ပေါင်းစပ်ထားသည့် ဇာတိဝိညာဥ်များ အတွက် ပိုမိုခက်ခဲသည်ဟု ဆိုသည်။

ထို့အတူပင် သူ၏ ဟင်းလင်းပြင် နဂါးသွေး ဇာတိဝိညာဉ်တွင်လည်း အချိန်၊ အာကာသနှင့် ကြယ်တာရာ အင်အား ဟူသော စွမ်းအင်များ ရောစပ်နေသည်။ ထိုအရာများက သေမျိုး ကြယ်တာရာ ဝင်္ကပါ ကပ်ဘေးတွင် အကျိုးသက်ရောက်မည်လော။ ခေါင်းကိုက်ရသော ပြဿနာ တစ်ရပ်ပင်။

"လွန်ခဲ့တဲ့ တစ်ပတ်လုံးလုံး လေ့လာထားတဲ့ အချက်အလက်တွေ အရဆို ကြယ်တာရာ ကပ်ဘေးကို ကျော်ဖြတ်ဖို့ အတွက် ဆေးလုံးတွေကို သုံးလို့ မရဘူး… သုံးလိုက်တာနဲ့ အောင်မြင်ရင်တောင် ငါ့အနာဂတ်က ကြယ်တာရာ အမြုတေ အဆင့်တစ်မှာ ပိတ်ပင်သွားလိမ့်မယ်…”

“အဲဒီလို ဖြစ်လာမှာကို ငါ ခွင့်မပြုနိုင်ဘူး"

ဝေ့ဝူယင် လက်သီးကို တင်းတင်း ဆုပ်လိုက်၏။ သူ၏ လက်ရှိ ရည်ရွယ်ချက်က သူတော်စင်တို့၏ အဆင့်ကို ရောက်ရှိရန် သာမက အခိုင်မာဆုံးသော ကျင့်ကြံခြင်း အခြေခံကိုလည်း တည်ဆောက်ရန် ဖြစ်သည်။ သို့မှသာ ငရဲ၏ ကပ်ဘေးများကို သူ အောင်အောင်မြင်မြင် ကျော်လွှားနိုင်ပေလိမ့်မည်။ သူ့တွင် အစစ်အမှန် အပြစ် ဝိညာဉ်၏ အကာအကွယ် မရှိချေ။ ငရဲ၏ ကပ်ဘေး တစ်ခုကို ကျဆုံးရုံဖြင့် သူ၏ လမ်းစဉ် တစ်ခုလုံး ဆုံးရှုံးသွားရပေလိမ့်မည်။

အသက်ကို ခပ်ပြင်းပြင်း ရှူရင်း ဝေ့ဝူယင် စာအုပ်နှင့် ပုရပိုက်များကို သိမ်းဆည်းလိုက်၏။ သူ ကြယ်တာရာ ကပ်ဘေးအတွက် အဆုံးစွန်ထိ ပြင်ဆင် ခဲ့ပြီးပြီ ဖြစ်သည်။ ထိုထက် ပိုနိုင်စရာလည်း မရှိဝောာ့ချေ။

"ဒီနေ့ပဲ စလိုက်တာပေါ့…"

…

ဖျပ်… ဖျပ်… ဖျပ်…

ခါးတွင် ဆေဘာဓားတစ်စင်း ချိတ်ကာ အနက်ရောင် ဝတ်ရုံ ဝတ်ဆင်ထာသည့် ပုံရိပ် တစ်ခုသည် ခပ်ဖြည်းဖြည်းပင် လျှောက်လာခဲ့၏။ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် အရောင်အဝါနှင့် အငွေ့အသက်တို့မှာ သူ၏ အသက်အရွယ်၊ ကျင့်ကြံခြင်း အဆင့်တို့နှင့် ယှဉ်ပါက အံ့မခန်း ထည်ဝါလှသည်။ ထိုတည်ရှိမှုက မရေမတွက်နိုင်သော လူများ၏ နှလုံးသားများကို ကိုင်လှုပ်နိုင်စွမ်း ရှိ၏။

ဝေ့ဝူယင်၏ ခြေလှမ်းများက တည်ငြိမ်ကာ ရေပြင်ကဲ့သို့ ငြိမ်သက်နေ၏။ သို့သော်လည်း သူ၏ နှလုံးသားကမူ စိတ်လှုပ်ရှားမှု များစွာဖြင့် လှုပ်ခါနေ၏။

ယနေ့က  အလွန် အရေးကြီးသောနေ့ ဖြစ်သည်။ အကြောင်းပြချက် တစ်ချို့ကြောင့်  သူ့ဘဝက ယနေ့တွင် ပြောင်းလဲသွားနိုင်ကြောင်း သူသိထားသည်။

မနက်ကတည်းကပင် သူသည် ကျူးဟိုင်၊ စုမေ့နှင့် ရှောင်ပိုင်တို့ကို အခြားနေရာများသို့ စေလွှတ်ထားခဲ့ပြီး ဖြစ်သည်။ သူရင်ဆိုင်ရမည့် ကောင်းကင်ကပ်ဘေးက မည်မျှ ပြင်းထန်လိမ့်မည် ဖြစ်ကြောင်း သူမသိသော်လည်း ပတ်ဝန်းကျင်ကို ကြီးမားစွာ ထိခိုက် ပျက်စီးစေလိမ့်မည် ဖြစ်ကြောင်းတော့ သေချာပေသည်။ အဋ္ဌမအလွှာရှိ ကောင်းကင်နန်းတော်များ တစ်ခုနှင့် တစ်ခု အလွန် ဝေးကွာခြင်းမှာ ကံကောင်းသည် ဆိုရပေမည်။

ဝေ့ဝူယင်သည် ဒုတိယမြောက် ကောင်းကင်အလွှာပေါ်ရှိ အလွန် ကျယ်ပြန့်သော လွင်ပြင်တစ်ခုတွင် တည်ရှိနေခြင်း ဖြစ်သည်။ ထိုနေရာမှာ အမျိုးမျိုးသော ဝင်္ကပါများ၏ ဝန်းရံမှု အလယ်၌ တည်ရှိနေရာ ကောင်းကင်ကပ်ဘေး၏ သက်ရောက်မှုတွင် ကြီးကြီးမားမား ထိခိုက်လိမ့်မည် မထင်ချေ။

စိတ်ကို ပြင်ဆင်ပြီးသည်နှင့် ဝေ့ဝူယင် ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ သူ၏ ငွေရောင် မျက်လုံးများသည် နေရောင်ခြည်၏ ရောင်ပြန်ဟပ်မှုနှင့် အတူတူ တလက်လက် တောက်ပနေ၏။

"ကြယ်ဝာာရာ ကပ်ဘေး… ကျင့်ကြံခြင်း လမ်းစဉ်ရဲ့ ပထမဆုံး ကပ်ဘေး… သေမျိုး ကြယ်တာရာ ဝင်္ကပါ ကပ်ဘေး"

ကြယ်တာရာများဆီသို့ သွားရောက်ရန် သင်ကိုယ်တိုင် ကြယ်တာရာ တစ်စင်း ဖြစ်ရမည်။ ဇာတိဝိညာဉ်များမှာ သူတို့၏ စိတ်လှုပ်ရှားမှုများ၊ စိုးရိမ်ပူပန်မှုများကို ဝေ့ဝူယင်ထံ ပေးပို့ကြ၏။ ထူးဆန်းစွာပင် ထိုအခိုက်၌ လူသားနှင့် ဇာတိဝိညာဉ်တို့၏  ခံစားချက်များက ထပ်တူညီနေကြသည်။ ဝေ့ဝူယင်မှာ သူ တစ်ယောက်တည်း အထီးကျန် မနေကြောင်း ခံစားလိုက်ရသည်။

သူ၏ မျက်လုံးများက ခိုင်မာသော ဆုံးဖြတ်ချက်များနှင့် ပြည့်နှက်နေ၏။ အကယ်၍ သူသာ ကျဆုံးသွားပါက ဘဝတွင် ဆက်လက် ရှင်သန်စရာ ရည်ရွယ်ချက် ရှိတော့မည် မဟုတ်ချေ။

ဝေ့ဝူယင် ညတစ္ဆေကို ပြန်လည် အမှတ်ရလိုက်၏။ ညတစ္ဆေမှာ ခက်ခဲသော လမ်းကြောင်း တစ်ခုကို ဖြတ်သန်းရင်း အစွမ်းကုန် တိုက်ခိုက်ခဲ့သည်။ ကောင်းကင် ကပ်ဘေးအတွပ် အတတ်နိုင်ဆုံး ပြင်ဆင်ခဲ့သည်။ မဆုတ်မနစ်သော ဇွဲဖြင့် ရင်ဆိုင်ခဲ့သည်။ အောင်မြင်လုဆဲဆဲ အခြေအနေအထိ သူ ရောက်ခဲ့သည်။ နောက်ဆုံး၌ သူ ကျဆုံးခဲ့ပါသည်။

သို့သော်လည်း ကျဆုံးရသည့် အကြောင်းရင်းကား လက်လျှော့ လိုက်ခြင်းကြောင့်သာ ဖြစ်၏။ လက်မလျှော့မချင်း၊ အရှုံးမပေးမချင်း သူ မကျရှုံးခဲ့ချေ။

"ရင်ဆိုင်လိုက်ကြတာပေါ့…"

ဝေ့ဝူယင်၏ နှလုံးသားက ခိုင်မာသော ဆုံးဖြတ်ချက်၊ အရှုံးမပေးလိုသည့် ဆန္ဒတို့ဖြင့် ပြည့်နှက်လာ၏။ သူ၏ ငွေရောင်မျက်လုံးတို့က ကြည်လင်မှု၏ အထွတ်အထိပ်သို့ ရောက်ရှိနေသည်။

အဂ္ဂိရတ်ဧဒင် ဇာတိ ဝိညာဉ်… "ရင်ဆိုင် ကြမယ်…"

ဆန်းကြယ်ဆေဘာ ဇာတိ ဝိညာဉ်… "ကလန့်… ကလန့်…"

ဆန်းကြယ်ဒြပ်စင် ဇာတိ ဝိညာဉ်… "အဲဒါက ရောင်စုံလား… ရောင်စုံဖြစ်ပါစေနော်… ရောင်စုံဖြစ်မှ ဖြစ်မယ်…"

ဟင်းလင်းပြင် နဂါးသွေး ဇာတိ ဝိညာဉ်…  " … "

နူးညံ့သော အပြုံးတစ်ခုက ဝေ့ဝူယင်၏ နှုတ်ခမ်းထက်၌ ပေါ်လာခဲ့၏။  ဇာတိဝိညာဥ်များမှာ သေမျိုး ကြယ်တာရာ ဝင်္ကပါ ကပ်ဘေးကို တစ်ဦးချင်းစီ စိန်ခေါ်ကြမည် ဖြစ်ကြောင်း သူ သိရှိခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း မည်သည့် ဇာတိဝိညာဥ်က ပထမဆုံး စိန်ခေါ်မည် ဖြစ်ကြောင်းကိုမူ သူ မသိချေ။ ထိုအချင်းအရာကို သူတို့အား ကိုယ်ပိုင် ဆုံးဖြတ်ခွင့် ပြုထားသည်။

“စကြမယ်...”

ဝေ့ဝူယင် ရေရွတ်လိုက်သည်နှင့် သူ့ဘဝ၏ ပထမဆုံး ဇာတိ ဝိညာဉ်ဖြစ်သည့် ဆန်းကြယ် ဆေဘာ ဝိညာဉ်မှာ စတင် လှုပ်ရှားလာ၏။

"ငါက ပထမဆုံးပဲ…"

***

All Chapters