← Chapters

ကြယ်တာရာ ကပ်ဘေး (၂)

Vol. 14 Ch. 192

ကြယ်တာရာ ကပ်ဘေး (၂)

Vol. 14 Ch. 192

ဝေ့ဝူယင် အသက် ပြင်းပြင်းရှူရင်း စိတ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်၏။ ပထမဦးဆုံး အနေဖြင့် သူ စိတ်မျက်လုံးကို အသုံးပြုကာ အသိစိတ် ပင်လယ်အတွင်း လှည့်ပတ်နေသော ရည်ရွယ်ချက် အသစ်ကို စူးစမ်းလိုက်သည်။

သိုင်းနတ်ဘုရား တာအိုနန်းတော်ရှိ စာအုပ်ထဲမှ မှတ်တမ်းများ အရဆိုလျှင် မူလဒြပ်စင် ရည်ရွယ်ချက်သည် ဒြပ်စင်အားလုံးကို မူလဒြပ်စင် စွမ်းအား အဖြစ် ပေါင်းစည်နိုင်စွမ်း ရှိသည် ဟုဆိုသည်။ ထိုနည်းအားဖြင့် ၎င်းတို့မှာ တစ်ခုကို တစ်ခု အကျိုးပြုလာနိုင်ကာ အမြင့်ဆုံးသော စွမ်းအား တစ်ရပ်ကို ဖော်ထုတ် နိုင်လိမ့်မည်။ ဆိုလိုသည်က ထိုရည်ရွယ်ချက်ကို အသုံးပြုသည့် အခါ၌ မူလဒြပ်စင် မီးချီသည် ရိုးရိုး ဒြပ်စင်မီးချီထက် ကိုးဆ အထိ ပိုမို စွမ်းအားကြီးလိမ့်မည် ဖြစ်သည်။

ထို့အပြင် သူသာ ဆန္ဒရှိပါက မီးကို အေးခဲစေနိုင်သလို၊ ရေခဲကိုလည်း ပူအောင် လုပ်နိုင်လိမ့်မည် ဖြစ်သည်။ အလားတူစွာပင် မြေကြီးကို သတ္တုကဲ့သို့ ခိုင်ခံစေရန် သို့မဟုတ် သတ္တုကို အရည်အဖြစ် ပြောင်းလဲစေရန် လုပ်ဆောင်နိုင်သည်။ သူ ထပ်မံလေ့လာ ကြည့်လိုက်ရာ ထိုအရာက အကန့်အသတ် မဟုတ်သေးကြောင်း တွေ့လိုက်ရသည်။

လောကနှလုံးသား ဒြပ်စင် လောက ရည်ရွယ်ချက်...

ပျောက်ဆုံးနေသည့် အရာကို သူ ချက်ချင်းပင် တွေ့ရှိလိုက်၏။ လောက၌ ရေ၊ မီး၊ မြေကြီး၊ လေတို့ကို အခြေခံ ဒြပ်စင်များ အဖြစ် ယူဆနိုင်ကာ သတ္တု၊ လျှပ်စီး၊ သစ်သား၊ ချော်ရည်ပူနှင့် ရေခဲတို့ကိုမူ အဆင့်မြင့် ဒြပ်စင်များ အဖြစ် သတ်မှတ်နိုင်ကြသည်။

သူ့တွင် သံမဏိ သတ္တု ရည်ရွယ်ချက်၊ ခရမ်းရောင် လျှပ်စီး ရည်ရွယ်ချက်၊ အသက်မြက် သစ်သား ရည်ရွယ်ချက်၊ အင်ဖာနို ချော်ရည်ပူ ရည်ရွယ်ချက်နှင့် အကြွင်းမဲ့ သုည ရည်ရွယ်ချက်... စသည့် အဆင့်မြင့် ရည်ရွယ်ချက်များရှိသော်လည်း အခြားလေးခု အတွက်မူ သင့်လျော်သော အပိုင်းများ ကင်းမဲ့နေသည်။ သူ၏ မျက်လုံးများက အရောင်ပြောင်းသွားသော်လည်း ခပ်မြန်မြန်ပင် ပြန်လည် တည်ငြိမ်သွားသည်။ ထိုအရာက စိုးရိမ်စရာ သိပ်မဟုတ်လှချေ။

ဝှစ်...

ထိုအချိန်တွင်ပင် ဒြပ်စင် ကိုယ်ပွားသည် သူ့ထံသို့ ပြန်လည် ရောက်ရှိလာကာ မီးခိုးရောင် မြူများ အဖြစ် ပြိုကွဲ ပျောက်ကွယ်သွား၏။ ဆန်းကြယ် ဒြပ်စင် ဇာတိဝိညာဥ်သည် အလျှင်အမြန်ပင် သူ၏ ဝမ်းဗိုက်ထဲရှိ ထျန်းတျန် အတွင်း ဝင်ရောက် ပျောက်ကွယ်သွားသည်။

လတ်တလော၌ ၎င်းသည် အသွင်ပြောင်းခြင်း ဖြစ်စဥ် တစ်ခုကို ဖြတ်ကျော်နေရသည်။ ထိုဖြစ်စဥ်က ကြယ်တာရာ အမြုတေကို ဖွဲ့စည်း၍ လောကပင်လယ် တစ်ခု တည်ဆောက်ကာ ယင်းကို ကြယ်တာရာ ဝိညာဥ် ဖြစ်လာစေမည့် ဖြစ်စဥ်ပင် ဖြစ်လေတော့သည်။

ဆန်းကြယ်ဒြပ်စင် ဝိညာဥ် အသွင်ပြောင်းလဲခြင်း ဖြစ်စဥ်ကို ခံယူနေချိန်တွင် ဝေ့ဝူယင် ခန္ဓာကိုယ်အား သန့်ရှင်းရေး လုပ်ကာ ဘောင်းဘီ အသစ်တစ်ထဲ လဲဝတ်လိုက်သည်။ ထို့နောက် ဖြစ်ပျက်သွားခဲ့သည့် အရာများကို ပြန်လည် စဥ်းစားလိုက်၏။

သူသည် ကြယ်တာရာ ကပ်ဘေးကို ကောင်းကင်ဘုံ နတ်မျက်လုံးများဖြင့် အစမှ အဆုံးထိ လေ့လာခဲ့သည်။ ပုံရိပ်ယောင် ကြယ်တာရာသည် အများပြောကြသလို ကြောက်မက်ဖွယ် ကောင်းသည့် ကပ်ဘေး တစ်ခု မဟုတ်ချေ။ ယင်းက ဆန်းကြယ်ဒြပ်စင် ဝိညာဥ် ကျင့်ကြံခြင်း ဥပဒေသများနှင့် ဆက်နွယ်နေသည့် စွမ်းအင် အစုအဝေး တစ်ခုသာ ဖြစ်သည်။ ယင်းက ဇာတိဝိညာဥ်ကို ကြယ်တာရာ ဝိညာဥ် အဖြစ် ပြောင်းလဲနိုင်မည့် စွမ်းအင် တစ်မျိုးအား လာရောက်ပေးဆောင်ခြင်းသာ ဖြစ်သည်။

အခြားလူများ အတွက် ကြယ်တာရာ ကပ်ဘေးမှာ အဘယ်ကြောင့် ခက်ခဲရသနည်း။ အဖြေက ရှင်းလင်းပေသည်။ သူတို့မှာ ကပ်ဘေး၏ အစစ်အမှန် ရည်ရွယ်ချက်ကို မမြင်နိုင်ကြသောကြောင့် ဖြစ်သည်။

ဝေ့ဝူယင်သည် ကပ်ဘေးကို လွယ်ကူစွာ ကျော်လွှားနိုင်ခဲ့သည့် အပြင် မူလဒြပ်စင် ရည်ရွယ်ချက်ကိုပါ မွေးဖွားနိုင်ခဲ့သည်။ ထိုမျှ မကသေး... ဒြပ်စင်လောက ရည်ရွယ်ချက် နှလုံးသားကို တည်ဆောက်ရန် အကြံဉာဏ်အချို့ပင် သူ ထပ်မံ ရရှိခဲ့သည်။

ဝေ့ဝူယင် ပြန်လည် အာရုံစိုက်လိုက်၏။ သေမျိုး ကြယ်တာရာ ဝင်္ကပါ ကပ်ဘေးမှာ ဖျက်ဆီးခြင်း ကပ်ဘေး တစ်ခု မဟုတ်ချေ။ ထိုအတူပင် သူ၏ ဇာတိဝိညာဥ်များမှာ ကပ်ဘေး၏ အခက်အခဲများကို လွယ်ကူစွာ ဖြတ်ကျော်နိုင်သည့် ထူးခြားသော စွမ်းရည်များကို ပိုင်ဆိုင်ထားကြသည်။ သို့ဖြစ်ရာ ကျန်ဇာတိဝိညာဥ် သုံးခု အနေဖြင့် ထိုအတွေ့အကြုံကို ခံစားရန် အချိန်ကျရောက်ခဲ့ပြီ ဖြစ်သည်။

ဝေ့ဝူယင် ဆန်းကြယ်ဆေဘာဝိညာဥ်ကို ဆက်သွယ်ကာ အဆင်သင့် ဖြစ်၊ မဖြစ် မေးလိုက်၏။ ယင်းက “ကလန့်” ဟူသော အသံကို ထုတ်လွှတ်ကာ တုန့်ပြန်သည်။ ဝေ့ဝူယင် ၎င်း၏ စိတ်လှုပ်ရှားမှုများကို ခံစားရသည်။ ခေါင်းတစ်ချက် ညိတ်လိုက်ရင်း ဒုတိယမြောက် ကောင်းကင်ကပ်ဘေးကို ဆင့်ခေါ်ရန် ကြိုးစားလိုက်တော့၏။

တဖန် နေသုံးစင်းဖြင့် တောက်ပနေသော ကောင်းကင်တွင် အစက်အပျောက် တစ်ခုမှာ ဒုတိယ အကြိမ်မြောက် အဖြစ် ပေါ်လာခဲ့ပြန်၏။ ဝေ့ဝူယင်၏ အာရုံခံစားမှု အားလုံးက ထိုအပေါ်သို့ စူးစိုက်ကျရောက်သွားကာ ဖြစ်တည်မှု အလုံးစုံကို သဘာဝမကျစွာ ညှိယူနေပုံ ရသည်။

အစက်အပျောက်သည် ကောင်းကင်တွင် လျှင်မြန်စွာပင် ကြီးထွားလာကာ ဒုတိယ အကြိမ်မြောက် အဖြစ် သူ၏ အမြင်အာရုံကို ဖုံးကွယ်သွားပြန်သည်။ သို့သော်လည်း ကောင်းကင်ဘုံ နတ်မျက်လုံးနှင့် အတူ သူ အရာအားလုံးကို တွေ့မြင်နိုင်နေဆဲ ဖြစ်သည်။

ဤသေမျိုး ကြယ်တာရာမှာ ယခင်တစ်ခုနှင့် များစွာ ခြားနားလှ၏။ အမျိုးမျိုးသော ဆေဘာ အရိပ်များမှာ ၎င်း၏ မျက်နှာပြင်တွင် လှပစွာ ယိမ်းနွဲ့နေကာ အသင်္ချေချီသော ဆေဘာအလင်းများမှာ အတွင်းပိုင်း၍ တိုးဝှေ့ကွန့်မြူးနေကြသည်။

ချက်ချင်းပင် ဝေ့ဝူယင်၏ မျက်လုံးများက မှုန်မှိုင်းသွားကာ လျှို့ဝှက်ဆန်းကြယ်သော ဉာဏ်အလင်းပွင့်ခြင်း အခြေအနေ တစ်ခုသို့ ကျရောက်သွားသည်။ မျဥ်းဖြောင့်များ၊ လခြမ်းများနှင့် အမျိုးမျိုးသော ဆေဘာ လှုပ်ရှားမှု ပုံသဏ္ဌာန်များသည် သူ၏ အသိစိတ် ပင်လယ်အတွင်းတွင် တဖြည်းဖြည်း ပေါ်လာခဲ့သည်။ ၎င်းတို့က သေမျိုး ကြယ်တာရာအား ဖွဲ့စည်းထားသည့် ပုံရိပ်များနှင့် တူညီမှု ရှိကာ သဘာဝ အလျောက်ပင် ဝေ့ဝူယင်၏ အနားသို့ ပြန့်ကျဲ ရောက်ရှိလာသည်။

သူက လက်ညိုးအား မြှောက်လိုက်ရာ အမတေများမှာ အလိုအလျောက်ပင် သူ၏ လက်ညိုးထိပ်၌ စုစည်းလာ၏။ ထို့နောက် အတွေးတစ်ချက်ဖြင့်ပင် ယင်းအမတေများမှာ တောက်ပသော ဆေဘာ အမတေများ အဖြစ် အသွင်ပြောင်း သွားကြသည်။

ဟူး...

မကြာခင်တွင် ဝေ့ဝူယင်၏ မျက်လုံးများက ပုံမှန် ပြန်ဖြစ်သွားကာ ထိုလှုပ်ရှားမှုမှာ ဆေဘာရည်ရွယ်ချက် တစ်ခုတည်းပေါ်တွင်သာ အခြေခံနေကြောင်း သဘောပေါက်သွားသည်။ အသစ် ရှာဖွေ‌ တွေ့ရှိခဲ့သော နည်းလမ်းကြောင့် သူ၏ မျက်လုံးများက ဂုဏ်ယူမှုများဖြင့် ပြည့်နှက်သွားသည်။

ပုံမှန်အတိုင်းဆိုပါက အမတေကို ဆေဘာအမတေ အဖြစ် ပြောင်းလဲရန် စွမ်းအင် သွေးကြောများနှင့် ထျန်းတျန်ကို လိုအပ်သည်။  ရည်ရွယ်ချက်ကို ယင်းနေရာ၌ အစားထိုး အသုံးပြုနိုင်သည်ကို ယခုမှသာ ပထမဆုံး ကြုံတွေ့ဖူးခြင်း ဖြစ်သည်။ ထိုအရာက ရည်ရွယ်ချက်တို့၏ စွမ်းအင် အစစ်အမှန်လော။

လောက နှလုံးသား ဆေဘာ လောက ရည်ရွယ်ချက်...

အကန့်အသတ်မဲ့ စွမ်းအားများကို ပိုင်ဆိုင်ထားဟန်ရသည့် ကောင်းကင်ရှိ သေမျိုး ကြယ်တာရာကို ကြည့်ရင်း ဝေ့ဝူယင် ပြုံးလိုက်၏။ လက်တစ်ဖက် ဝှေ့ယမ်းရုံဖြင့်ပင် ယင်းနှင့် သူ့အကြား၌ လေးနက်‌သော စွမ်းအား တစ်ခု ရှိနေသလို ခံစားလိုက်ရ၏။

“ဒီတော့ ငါလုပ်နိုင်တယ်ပေါ့...”

သူက ဖြည်းညင်းစွာပင် လက်သီးအား ဆုပ်လိုက်ရာ သေမျိုး ကြယ်တာရာ အတွင်းရှိ ဆေဘာစွမ်းအင်များမှာ အကန့်အသတ်မဲ့စွာ လှုပ်ရှားလာသည်။ ထို့နောက်တွင် နတ်ဘုရား တစ်ပါး၏ ထိန်းချုပ်မှုကို ခံရသည့် အလား တဖြည်းဖြည်း ကျုံ့ဝင်လာ၏။ ဝေ့ဝူယင် လက်သီး အပြည့်အဝ ဆုပ်သွားသော အခိုက်၌ သေမျိုး ကြယ်တာရာ၏ အရွယ်အစားက ကလေး လက်သီးဆုပ်လောက် အထိပင် သေးငယ်သွားသည်။

ဝှစ်...

လက်တစ်ဖက် ဖြည်းညင်းစွာ ဝှေ့ယမ်းရုံဖြင့်ပင် ထိုအရာမှာ သူ၏ အရှေ့သို့ ရောက်ရှိလာ၏။  ကောင်းကင်ဘုံ နတ်မျက်လုံးများဖြင့် ဝေ့ဝူယင် ရှင်းလင်းစွာ တွေ့မြင်လိုက်ရ၏။ ၎င်း၏ စွမ်းအင် အကုန်လုံးမှာ ဆေဘာ ရည်ရွယ်ချက်၏ လွှမ်းမိုးမှု‌အောက်၌ ရှိနေကာ သူ၏ ထိန်းချုပ်ခြင်းကို အပြည့်အဝ ခံထားရသည်။

“ငါမြင်ပြီ... သေမျိုး ကြယ်တာရာ ကပ်ဘေးရဲ့ ရည်ရွယ်ချက်က ဇာတိဝိညာဥ်ကို ကြယ်တာရာ ဝိညာဥ် အဖြစ် ပြောင်းလဲပေးဖို့တင် မဟုတ်ဘူး... လောက ရည်ရွယ်ချက်၊ စွမ်းအင်တွေနဲ့ ပတ်သက်တဲ့ နားလည်နိုင်စွမ်းကိုပါ လေးနက်အောင် ကူညီပေးဖို့ပဲ”

“ရည်ရွယ်ချက်က အနာဂတ် ကျင့်ကြံခြင်း လမ်းကြောင်းမှာ မယုံကြည်နိုင်လောက်အောင် အရေးကြီးလောက်တယ်...”

ဝေ့ဝူယင် ကြယ်တာရာ အမြုတေ အလွှာ၏ အဆင့် ကိုးဆင့်ကို ပြန်လည် စဥ်းစားလိုက်သည်။ သို့သော်လည်း ဘယ်အဆင့်ကမှ ရည်ရွယ်ချက်ကို အထူးတလှယ် လိုအပ်ခြင်း မရှိချေ။ ဤသို့ဆိုလျှင် မည်သည့် ကျင့်ကြံခြင်း အလွှာတွင် ရည်ရွယ်ချက်ကို မဖြစ်မနေ လိုအပ်လာမည်နည်း။

“နောက်ထပ် အလွှာတစ်ခုလား...”

ဝေ့ဝူယင် ခေါင်းခါလိုက်မိ၏။ သူ သေချာမသိသော်လည်း တစ်ချိန်ချိန်တွင် လိုအပ်လာမည်တော့ သေချာပေသည်။

ကံကောင်းထောက်မစွာပင် သူ့ထံတွင် ရည်ရွယ်ချက် နှစ်ခု ရှိသည်။ သူသည် ထိုနှစ်ခုထဲမှ တစ်ခုကို ကိုယ်ပိုင် အရည်အချင်းများဖြင့် ရရှိထားကာ အခြား တစ်ခုကိုမူ စုပ်ယူခြင်းဖြင့် ရရှိထားသည်။

သို့သော်လည်း သူထံ၌ ရှုပ်ထွေးမှု အချို့ ရှိနေဆဲ ဖြစ်သည်။ သူ သိရှိထားသလောက် ဆိုလျှင် သုံးလွှာ ကြယ်တာရာ နယ်မြေ၌ ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူ ငါးသန်းခန့် ရှိသည့်တိုင် ထိုအထဲမှ အလွန် နည်းပါးလှသော ပမာဏသာလျှင် ရည်ရွယ်ချက်များကို မွေးဖွားနိုင်သည်။ ဝေ့ဝူယင်သည် ကိုယ့်ကိုယ်ကို ပါရမီ ရှိကြောင်း ယုံကြည်သည့်တိုင် သူ၏ ပါရမီက ထရီလျံ ရာပေါင်းများစွာသော ကျင့်ကြံသူများထက် ပိုမို မြင့်မားသည် ဟုတော့ မတွေးဝံ့ချေ။

“အဲဒါက သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့်ကြောင့်လား... သေမျိုးအဆင့်အတွက် ဖြစ်ပေါ်လာတဲ့ ကြယ်တာရာ ကပ်ဘေးတွေမှာ ရည်ရွယ်ချက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ မရှိနိုင်တာလား... ဒါကြောင့်မလို့ သူတို့က လက်ခံရမယ့် အစား တိုက်ခိုက်နေကြရတာ ဖြစ်မယ်...”

ထိုအရာက အဓိပ္ပာယ် ရှိသည်ဟု ဝေ့ဝူယင် တွေးလိုက်မိ၏။ သေမျိုးအဆင့်များမှာ အားနည်းသော သေမျိုး ကြယ်တာရာများကိုသာ ဆင့်‌ခေါ်နိုင်ကြပြီး ထိုအရာကပင် သူတို့ကို ရည်ရွယ်ချက် နားလည် သဘောပေါက်နိုင်စွမ်းမှ ဟန့်တားထားပုံ ရသည်။ ကျင့်ကြံခြင်းက ခက်ခဲသည် ဆိုသော စာကြောင်းကို သူ ပြန်လည် သတိရလိုက်မိ၏၊

မည်သို့ပင် ဆိုစေ... ရည်ရွယ်ချက်သည် သူ အပါအဝင် ကျင့်ကြံသူ အားလုံး၏ အနာဂတ် လမ်း‌ကြောင်း အတွက် အလွန် အရေးကြီးကြောင်း သူ နားလည်ခဲ့ပြီ ဖြစ်သည်။ ကြည့်ရသည်က အာဏာရှင်များ အဖွဲ့တွင် ရည်ရွယ်ချက် မွေးဖွားထားနိုင်သူများကိုသာ လက်ခံရန် အစီအစဥ်က မှန်ကန်ပုံ ရသည်။

“ကလန့်...”

ဆန်းကြယ်ဆေဘာဝိညာဥ်မှာ အသံတစ်ချက် ပြုကာ ခန္ဓာကိုယ် အပြင်ဘက်သို့ ထွက်ခွာလာ၏။ ထို့နောက် လျှပ်တစ်ပြက် အတွင်းမှာပင် စကျင်ကျောက် ကဲ့သို့ အလုံးလေးကို တိုက်ရိုက် ဝါးမျိုကာ သူ၏ ထျန်းတျန် အတွင်း ပြန်လည် ဝင်ရောက်သွားသည်။

ထို့နောက် မကြာခင်မှာပင် ကြည်နူးမှုနှင့် သာယာမှု လှိုင်းတစ်ခုကို သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို လွန်ကဲစွာ သိမ်းပိုက်နေရာယူသွားသည်။ သူသည် ပါးစပ်မှ ညဥ်းသံ မထွက်ပေါ်အောင် ထိန်းထားနိုင်သည့်တိုင် သူ၏ ခြေထောက်နှင့် နှုတ်ခမ်းများမှာမူ မထိန်းချုပ်နိုင်အောင် တုန့်ပြန်နေ၏။

“ ... “

သန့်ရှင်းစင်ကြယ်သော ဘောင်းဘီ နောက်တစ်ထည်ကား စွန်းထင်းသွားခဲ့ပြန်ပြီ ဖြစ်သည်။

***

All Chapters