ကိုယ်စား အပြစ်ခံခြင်း
Vol. 52 Ch. 701
မရဏတမန်တော်က ချင်မူ့ကို ဘုကြည့်ကြည့်ကာ ပြောသည်။ “ကျွန်တော်မျိုး မှတ်ပြီးပါပြီ မြေအောက်ဘုံအရှင်သခင်.... ရှစ်အုပ်မြောက် စာအုပ်ရဲ့ စာမျက်နှာ တစ်ထောင့်ရှစ်မှာပါ... သူ့မကောင်းမှုတိုင်းကို တစ်ခုမကျန် စေ့စေ့ပေါက်ပေါက် မှတ်ထားပါတယ်”
မြေအောက်ဘုံအရှင်သခင်သည် လက်ထဲရှိ စာအုပ်ကို ချ၍ ရှစ်အုပ်မြောက် စာအုပ်အား ကောက်လိုက်သည်။ သူက လှန်ကြည့်ရင်း ပြောလေ၏။ “သူ ကောင်းကင်အလိုတော်မုခ်ဝ ဖွင့်တဲ့ အကြိမ်တွေကိုလည်း မှတ်ထားလား”
“မှတ်ထားပါတယ်”
မရဏတမန်တော် ပြောလိုက်သည်။ “သူ့ကြောင့် ကျွန်တော်မျိုး တစ်နေ့တစ်နေ့ ရင်တထိတ်ထိတ် ဖြစ်နေရလို့ တစ်ကြိမ်မကျန် မှတ်ထားတော်မူပါတယ်... ပြီးတော့ သူ့လက်ချက်နဲ့ သေခဲ့ရတဲ့ လူတွေကိုလည်း သေသေချာချာ မှတ်ထားပါတယ်... သူ သေတာနဲ့ ကျွန်တော်တို့ သူနဲ့ စာရင်းရှင်းလို့ရပါပြီ... ဒါပေမဲ့ ဒီကိစ္စလေးတွေက အသေးအမွှားလေးတွေဆိုတော့ အထွေထွေစာအုပ်တွေမှာ ရေးထားပါတယ်”
မြေအောက်ဘုံအရှင်သခင်က ရှစ်အုပ်မြောက် စာအုပ်ကို ချ၍ မေးသည်။ “အထွေထွေစာအုပ်တွေက ဘယ်မှာလဲ”
မရဏတမန်တော် ဖြေလိုက်သည်။ “အထွေထွေစာအုပ်တွေက များလွန်းတော့ အခန်းသပ်သပ်တစ်ခန်း ဖွဲ့ပြီး ထည့်ထားရပါတယ်... အဲဒီအခန်းလည်း ပြည့်တော့မယ်... မြေအောက်ဘုံအရှင်သခင် ကြည့်ဖို့ ကျွန်တော် စာအုပ်တွေ သွားယူပေးရမလားခင်ဗျာ”
“မလိုတော့ဘူး”
မြေအောက်ဘုံအရှင်သခင်လည်း ခေါင်းကိုက်နေ၍ ခေါင်းယမ်းလိုက်သည်။ “သေသေချာချာ မှတ်ထားရင် ရပြီ”
ဘိုင်း
ထျန်းရှု မြေပြင်ပေါ် လဲကျသွားသည်။ သူ၏ဆိတ်ခေါင်းကြီးသည် မြေကြီးနှင့် ပြင်းပြင်းထန်ထန် ရိုက်မိသဖြင့် နှစ်ကြိမ် ပြန်ကန်ပြီးနောက်မှ ရပ်သွား၏။ ချီကျုံရီ မကြည့်ရက်တော့ဘဲ ပြောလိုက်မိသည်။ “အစ်ကိုကြီးတျန်း၊ မြေအောက်ဘုံအရှင်သခင်က အစ်ကိုကြီးကို ပြောနေတာမဟုတ်ပါဘူး... နောင်တော်ချင်ဖုန်းကျင့်ကို ပြောနေတာပါ”
တျန်းရှုမှာ ထမင်းခုနစ်ရက် မစားထားရသော ညှောင်နာနာအသံဖြင့် ပြောလေသည်။ “သူ့ကို ပြောနေတာမှန်း ငါ သိပါတယ်ကွာ... ဒါနဲ့ ငါက သူနဲ့ မြေအောက်ဘုံအရှင်သခင် ရင်းနှီးတယ်ထင်ထားတာလေ... အခု ကြည့်ရတာတော့ သူနဲ့ မြေအောက်ဘုံအရှင်သခင်က သူ လုပ်ခဲ့တဲ့ မကောင်းမှုတွေကြောင့်ပဲ ရင်းနှီးနေတာ ဖြစ်နေတယ်... ငါက မြေအောက်ဘုံအရှင်သခင် သူ့မျက်နှာကို ထောက်ထားပြီး ငါ့ကို အလွှတ်ပေးမယ် မျှော်လင့်နေခဲ့တာ... အခုတော့ ပြစ်မှုပဲ ထပ်တိုးတော့မယ် ထင်ပါ့.... ဒီတိုင်းလေးပဲ လှဲနေပါရစေကွာ... ငါ့ခြေထောက်တွေ မခိုင်တော့လို့ပါ...”
မြေအောက်ဘုံအရှင်သခင်က ခေါင်းငုံ့လျက် ဂနာမငြိမ်စွာ ရပ်နေသော ချင်မူ့ဆီသို့ ကြည့်လိုက်သည်။ ချင်မူက တစ်ချက်တစ်ချက် သူ့ကို ခေါင်းကြည့်တတ်ပြီး သူနှင့် အကြည့်ချင်းဆုံလျှင် လန့်သွားသကဲ့သို့ အကြည့်လွှဲသွားတတ်၏။
မြေအောက်ဘုံအရှင်သခင် ပြောလိုက်သည်။ “အပြစ်သား တျန်းရှုကို ကာကွယ်ပေးပြီး သူ့ကို လွှတ်ပေးလိုက်တဲ့ မကောင်းမှုကိုလည်း မင့်မှတ်တမ်းထဲ ထည့်မှတ်မယ်... လက်ခံလား”
ချင်မူ အလျင်အမြန် ပြောလိုက်၏။ “လက်မခံဘူး”
“ထည့်မှတ်လိုက်” မြေအောက်ဘုံအရှင်သခင်က မရဏတမန်တော်အား ပြောလိုက်၏။
မရဏတမန်တော်ကလည်း ဝမ်းသာအားရဖြင့် ချမှတ်နေသည်။ သူက ချင်မူ့ကို ပြောလိုက်၏။ “မရဏတမန်တော်က မင်းဆန္ဒကို မေးနေတာမဟုတ်ဘူး... မင်း နောင်တစ်ချိန် သေမှ ချုံးပွဲချမငိုနေအောင် အသိပေးနေရုံသက်သက်ပဲ”
ချင်မူ တမုဟုတ်ချင်း စိတ်အေးလက်အေး ဖြစ်သွားသည်။ သူက အပြုံးတစ်ခုဖြင့် ပြောလေသည်။ “နောင်တစ်ချိန်တဲ့လား... ဒါဆို မြေအောက်ဘုံအရှင်သခင်က ကျွန်တော့်ကို ဒီတစ်ခေါက် မသတ်သေးဘူးပေါ့”
မြေအောက်ဘုံအရှင်သခင်က သူ့ကို လှမ်းကြည့်ကာ ပြော၏။ “လူ့ပြည်မှာ မင်းရဲ့ သက်တမ်းက မကုန်ဆုံးသေးဘူး... ဒါကြောင့် ငါတို့ မင်းကို မထိနိုင်သေးဘူး... ဒါပေမဲ့ မင်း ယိုတုမှာ နေလေလေ၊ မင်းရဲ့ ရုပ်ခန္ဓာ အားနည်းလာလေလေဆိုတော့ မင်း သေတော့မှာပါ... ဒီနေ့ ဆင့်ခေါ်ရတဲ့ အကြောင်းရင်းက မင်းမဟုတ်ဘူး... သူပဲ”
သူ လက်မြှောက်၍ တျန်းရှုဆီ လက်ညှိုးထိုးလိုက်သည့်အခါ ကြာပွတ်တစ်ချောင်းက ရွှမ်းခနဲ ထွက်လာပြီး တျန်းရှုကို ရစ်ပတ်လိုက်၏။ တျန်းရှုမှာ မရုန်းထွက်နိုင်သဖြင့် မျက်နှာတွင် သွေးမရှိတော့ပေ။
ချင်မူက ရှေ့တစ်လှမ်း တိုးပြီး သူတို့နှစ်ယောက်အကြား ရပ်လိုက်သည်။ သူက ကျယ်လောင်စွာ မေးလိုက်၏။ “မြေအောက်ဘုံအရှင်သခင်ကို ကျွန်တော် မေးချင်ပါတယ်... တျန်းရှုက ဘာအပြစ် ကျူးလွန်ခဲ့တာလဲ”
“ငါ့ချိုကို ခုတ်ပြီး ငါ့ယိုတုကို ခိုးတယ်... ငါ့ပိုင်နက်နဲ့ ဖုန်းတုကို တည်ဆောက်တယ်... ဒါက ပြစ်မှုကြီးပဲ”
မြေအောက်ဘုံအရှင်သခင်က အလေးအနက် မေးသည်။ “မင်း သူ့ဘက်က ရပ်တည်ပေးနေတာလား... သူ့အပြစ်ကို မင်း ခံပေးမှာလား”
ချင်မူကလည်း တည်ကြည်လေးနက်စွာ ပြန်မေး၏။ “ခိုင်ဧကရာဇ်က တော်ဝင်မုခ်ဝနတ်ဓားမကို တီထွင်ခဲ့တဲ့လူ... သူ့ကို အမိန့်ပေးခဲ့တာလည်း ခိုင်ဧကရာဇ်ပဲ.... တျန်းရှုဟာ ဘုရင့်အမိန့်ကို နာခံနေရုံပဲ ဖြစ်တယ်... ဘုရင့်အမိန့်ကို နာခံတဲ့ လက်အောက်ငယ်သားတစ်ယောက်မှာ အမှားရှိပါသလား”
မြေအောက်ဘုံအရှင်သခင်က ပြောသည်။ “ဓားမကို ကိုင်တဲ့လူဟာ အစကတည်းက မှားနေတဲ့လူပဲ”
“ဒါဆို မြေအောက်ဘုံအရှင်သခင်က အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်နေတာပေါ့” ချင်မူ ရဲဝင့်စွာ မေးလိုက်သည်။
တျန်းရှုမှာ ရေခဲရိုက်ခံလိုက်ရသကဲ့သို့ တစ်ကိုယ်လုံး အေးစက်သွားပြီး ချီကျုံရီလည်း လည်ပင်းယားလာသည်။ ‘ဘာလို့ နောင်တော်ချင်က ရှေ့မကြည့်၊ နောက်မကြည့် ပြောရဲတာပါလိမ့်... ယိုတုသားတော်ဆိုရင်တောင် အဲဒီအဆင့်အတန်းက သူ့ကို မကာကွယ်ပေးနိုင်ဘူး”
မြေအောက်ဘုံအရှင်သခင် မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး မီးတောက်မီးလျှံများသည် သူ၏ချိုကြီးများအကြား ကခုန်တောက်လောင်နေ၏။
ချင်မူက ဆက်ပြောသည်။ “မြေအောက်ဘုံအရှင်သခင် ဘက်မလိုက်ရိုးမှန်ရင် တာဝန်ရှိတဲ့ ခိုင်ဧကရာဇ်ကို သွားရှာသင့်တယ်... မြေအောက်ဘုံအရှင်သခင်ဟာ နောက်ကွယ်က ကြိုးကိုင်နေတဲ့လူကိုကျ မဖမ်းဘဲ တျန်းရှုကို အပြစ်ပေးချင်နေတယ်... ဒါကြောင့် အားနည်းသူကိုပဲ အနိုင်ကျင့်တတ်ပြီး အားကြီးသူကို ကြောက်နေတယ်လို့ ကျွန်တော် သံသယရှိမိပါတယ်... ကျွန်တော်က မြေအောက်ဘုံအရှင်သခင်အောက် အများကြီးငယ်ရွယ်ပြီး အတွေ့အကြုံမရင့်ကျက်တဲ့ အငယ်တစ်ယောက်ပါ... ဒါပေမဲ့ အငယ်ဆိုတိုင်း မမှားသလို၊ အကြီးဆိုတိုင်းလည်း မမှန်ပါဘူး...
“အငယ်ဖြစ်တဲ့ ကျွန်တော်အနေနဲ့ မြေအောက်ဘုံအရှင်သခင်ရဲ့ ဆုံးဖြတ်ချက်ကို လက်မခံနိုင်လို့ ကျွန်တော့်အမြင်ကို ထုတ်ပြောမိပါတယ်... မြေအောက်ဘုံအရှင်သခင်သာ အားကြီးသူကို တကယ် မကြောက်ဘူးဆိုရင် လော့ဖူကောင်းကင်ဘုံနဲ့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှာ မရေမတွက်နိုင်တဲ့ သက်ရှိသတ္တဝါတွေ သေကြေပျက်စီးနေခဲ့တုန်းက.... တရားခံကို ဘာကြောင့်မရှာခဲ့သလဲ”
မရဏတမန်တော် မျက်မှောင်ကြုတ်သွားသည်။ “ယိုတုသားတော်၊ မင်း အကြောင်းရင်းကို မသိရင် မပြောနဲ့..”
“ပြောခွင့်ပေးလိုက်” မြေအောက်ဘုံအရှင်သခင်က လက်ကာပြသည်။
မရဏတမန်တော်မှာ မတတ်နိုင်တော့ဘဲ ချင်မူ့အတွက် တိတ်တိတ်လေး စိတ်ပူနေ၏။
ချင်မူ ဆက်ပြောသည်။ “အဲဒီတရားခံက ဘယ်သူလဲ... စောစောက မြေအောက်ဘုံအရှင်သခင်ရဲ့ နန်းတော်ထဲက ထွက်လာတဲ့ လူပဲ... ကောင်းကင်ယင်သားတော်က သူ့တပည့်တွေကို စိတ်တိုင်းကျ ထင်ရာစိုင်းခွင့်ပေးခဲ့လို့ ချိမင်ခေတ်ရဲ့ လက်ကျန်ပြည်သူတွေခမျာ ကောင်းကင်နတ်ဆိုးမျိုးနွယ်ရဲ့ လော့ဖူကောင်းကင်ဘုံဆီ ရောက်လာခဲ့ကြတယ်... လော့ဖူကောင်းကင်ဘုံ ဖောက်ပြန်ဖျက်စီးခဲ့ပြီး ချိမင်ခေတ်ရဲ့ လက်ကျန်ပြည်သူတွေထဲမှာလည်း ချိရှီတစ်ယောက်ပဲ အသက်ရှင်ခဲ့တယ်... အသက်ရှင်ဖို့အတွက် ကောင်းကင်နတ်ဆိုးမျိုးနွယ်မှာလည်း ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို ကျူးကျော်ရုံအပြင် ရွေးချယ်စရာမရှိခဲ့ဘူး... အဲဒါတင်မကသေးဘူး... ကောင်းကင်ယင်သားတော်ရဲ့ တပည့်တွေက သေခြင်းရှင်ခြင်းစာအုပ် သုံးပြီး လော့ဖူကောင်းကင်ဘုံကို စတေးခဲ့တယ်... လော့ဖူကောင်းကင်ဘုံနဲ့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို တိုက်ချပြီး မဟာမြို့ပျက်ထဲ ကျစေခဲ့တယ်... အဲဒီဖြစ်ရပ်ကြောင့် အသက်ပေါင်းများစွာ ဆုံးရှံးခဲ့ရတယ်... တကယ့် တရားခံက မျက်စိရှေ့မှာတင် ရှိနေတာကို မြေအောက်ဘုံအရှင်သခင်က ဘာကြောင့် မသတ်ပစ်ခဲ့တာလဲ”
“ကျွန်တော့်အစ်ကိုကြီး ယိုတုမှာ သောင်းကျန်းတော့ မြေအောက်ဘုံအရှင်သခင်က ကျွန်တော့်အပြစ်ဆိုပြီး ကျွန်တော့်ကို ရိုက်ပုတ်သတ်ပစ်ချင်တယ်... ချိရှကြယ်အရှင်သခင် ဝေ့လျောင်ရဲ့ ဝိညာဉ်ကို ပြန်ခေါ်တော့လည်း မြေအောက်ဘုံအရှင်သခင်က ကျွန်တော့်ကို အပြစ်ဖို့ပြီး သတ်ချင်တယ်... စစ်မြေပြင်မှာ တိုက်ခိုက်ရင်း ရန်သူတွေ သတ်ရပြန်တော့လည်း ကျွန်တော့်ကိုပဲ အပြစ်ဆိုပြန်တယ်.... အခု ကောင်းကင်ယင်သားတော်ရဲ့ တပည့်တွေက ထာဝရငြိမ်းချမ်းရေးအင်ပါယာတစ်ခုလုံး သွေးချောင်းစီးအောင် ကပ်ဘေးတွေ လွှတ်ချင်နေပြီ.. မရေမတွက်နိုင်တဲ့ အသက်တွေ ဆုံးရှုံးရပြန်ဦးမယ်... မြေအောက်ဘုံအရှင်သခင်၊ ခင်ဗျားက ဘယ်နေရာမှာ တရားမျှတနေတာလဲ... ခင်ဗျား သူတို့ကို ရိုက်ပုတ်သတ်ချင်ခဲ့ဖူးလား”
“ခင်ဗျားက အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်နေတာ... လူကောင်းတွေကို အပြစ်ပေးပြီး လူဆိုးတွေကို ကြောက်နေတာ... တျန်းရှု ခင်ဗျားချိုကို ခုတ်ခဲ့မိတာကရော ဘာအပြစ်လဲ... အခုအချိန် ခိုင်ဧကရာဇ် ကောင်းကင်နတ်ဘုံအပေါ်မှာ ထိုင်နေရင် ခင်ဗျား အီးတောင် ပေါက်ရဲမလား”
“ကျွန်တော်က မိစ္ဆာ၊ ကျွန်တော်က လူဆိုးဆိုပြီး ခင်ဗျားသတ်မှတ်တယ်... ကျွန်တော့်အစ်ကိုကြီး လုပ်ခဲ့သမျှ ပြဿနာအားလုံး ကျွန်တော့်ခေါင်းပေါ် တင်တယ်... ကျွန်တော့်အစ်ကိုကြီး လုပ်ခဲ့တဲ့ မကောင်းမှုတွေက ဆိုးဝါးတာ မှန်ပါတယ်... ဒါပေမဲ့ သူက သူ့အသက်အရွယ်၊ သူ့အသိဉာဏ်လေးနဲ့ပဲ လုပ်ခဲ့မိတာ.... ခင်ဗျားကရော... ခင်ဗျားက ယိုတုရဲ့အရှင်ဘုရင် ဖြစ်ပြီး ဘုရင်တစ်ယောက်လို မပြုမူဘူး... ခင်ဗျားက သဘာဝအတိုင်း မွေးဖွားလာတဲ့ နတ်ဘုရားတွေအတွက် အရှုက်ရစရာပဲ”
“ခင်ဗျားအနေနဲ့ ရာထူးက ဆင်းပြီး ကျွန်တော့်အစ်ကိုကြီးကိုသာ ယိုတုဘုရင်နေရာ ပေးလိုက်ပါတော့လား... အနည်းဆုံးတော့ သူက လူတိုင်းကို အနိမ့်ဆုံးထားပြီး ဆက်ဆံသေးတယ်... ခင်ဗျားလို မဟုတ်ဘူး”
တျန်းရှု၊ နဂါးချီလင်နှင့် ချီကျုံရီတို့မှာ ချင်မူ ပြောနေသည်ကို နားထောင်ရင်း ဇောချွေးပြန်နေကြသည်။ မရဏတမန်တော်ပင် တံတွေးမြိုချပြီး သူ့ဘာသာသူ တွေးနေမိ၏။ ‘သေပြီ သေပြီ...’
မြေအောက်ဘုံအရှင်သခင်၏ မျက်လုံးသုံးလုံးက ချင်မူ့ကို စိုက်ကြည့်နေပြီး ချင်မူကလည်း မတွန့်သွားဘဲ ပြန်စိုက်ကြည့်နေသည်။
“မင်းက ပုံမှန်ဆို သိပ်အကင်းပါးတဲ့ကောင်ပါ... ဘယ်အချိန် ရှေ့တိုးပြီး ဘယ်အချိန် နောက်ဆုတ်ရမလဲ သိတယ်... ဒါပေမဲ့ ဒီနေ့မှ ဘာလို့ နောက်မဆုတ်တာလဲ... ဘာအခွင့်အရေးအတွက် ဒီလောက်ကြိုးကြိုးစားစား ပြန်ပြောနေတာလဲ” မြေအောက်ဘုံအရှင်သခင်က မေးသည်။
ချင်မူ ဦးညွှတ်အရိုအသေပေးကာ ပြောလိုက်၏။ “လူတိုင်းလူတိုင်းမှာ မကျေနပ်မှုတွေ ရှိပါတယ်... မကျေနပ်တာ များလာရင် ပွင့်ထွက်ကုန်တာ သဘာဝပါပဲ.... ကျွန်တော်ကလည်း လူထဲက လူတစ်ယောက်ပါ... ကျွန်တော့်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားရင် ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်”
မြေအောက်ဘုံအရှင်သခင်က ဖြည်းညင်းစွာ ခေါင်းညိတ်၍ ပြောသည်။ “ကောင်းကင်ယင်သားတော်ရဲ့ အပြစ်တွေကို မှတ်ထားတဲ့ စာအုပ် ငါ့မှာ မရှိတာ မင်း ဘယ်လိုသိလဲ”
ချင်မူ ပြောလိုက်သည်။ “ရှိလည်း အပြစ်မပေးမှတော့ ဘာထူးမှာလဲ.... မြေအောက်ဘုံအရှင်သခင်အနေနဲ့လည်း ကြားညပ်နေတဲ့အပြင် ကောင်းကင်နတ်ဘုံရဲ့ အင်အားကြောင့် စိတ်ရှိတိုင်း မလုပ်နိုင်မှန်း ကျွန်တော် သိပါတယ်... ဒါပေမဲ့ မြေအောက်ဘုံအရှင်သခင်ကိုယ်တိုင် မလှုပ်ရှားနိုင်မှတော့ ဘာကြောင့် တခြားလူတွေကို တားနေဦးမလဲ”
မြေအောက်ဘုံအရှင်သခင်၏ မျက်နှာအမူအရာသည် အပြောင်းအလဲမရှိသော ရေပြင်ပမာ တည်ငြိမ်နေ၏။ “မင်း ဆိုလိုတာက”
“လူဆိုးကို လူဆိုးနဲ့ပဲ တိုက်ခိုက်ခိုင်းရတယ်တဲ့... ကျွန်တော်ကလည်း လူဆိုး၊ တျန်းရှုကလည်း လူဆိုးပါ... လက်ရှိကမ္ဘာမှာ ကောင်းကင်ယင်သားတော်နဲ့ သေတဲ့အထိ တိုက်ခိုက်ရဲတဲ့လူ များများစားစား မရှိပေမယ့် တျန်းရှုက တိုက်ခိုက်ရဲတဲ့လူတွေထဲက တစ်ယောက်ပဲ”
ချင်မူက ပြောလိုက်သည်။ “မြေအောက်ဘုံအရှင်သခင် တျန်းရှုကို လွှတ်ပေးလိုက်ပြီး ကောင်းကင်ယင်သားတော်နဲ့ တိုက်ခိုက်ခိုင်းလိုက်တာ ပိုမကောင်းဘူးလား... တျန်းရှုက မြေအောက်ဘုံအရှင်သခင်ရဲ့ ချိုကို ခုတ်ဖြတ်ခဲ့တာ မှန်ပေမယ့် အဲဒီအတွက် အကြောင်းရင်း ရှိပါတယ်... ခိုင်ဧကရာဇ်အမိန့်တော်ကြောင့်သာ သူ လုပ်ခဲ့ရတာပါ.... ဒီနေရာမှာ ခိုင်ဧကရာဇ်မရှိတဲ့အတွက် ကျွန်တော်ပဲ သူ့အပြစ်ကို ခံယူပါ့မယ်... ဒီအပြစ်ကို ကျွန်တော့်စာရင်းထဲ ထည့်မှတ်လိုက်ပါ... ကျွန်တော် တောင်းဆိုချင်တာတော့ တျန်းရှုကို လွှတ်ပေးလိုက်ပြီး ကောင်းကင်ယင်သားတော်နဲ့ တိုက်ခိုက်ခွင့်ပေးဖို့ပါပဲ.... ဒါဆို မြေအောက်ဘုံအရှင်သခင် ထိုင်စောင့်ပြီး အမြတ်သိမ်းရုံပဲ လိုတယ်”
မြေအောက်ဘုံအရှင်သခင်၏ မျက်လုံးသုံးလုံးက သူ့ကို စိုက်ကြည့်နေပြီး တစ်ကြိမ်မှ အကြည့်မလွှဲသွားပေ။
တျန်းရှုနှင့် ကျန်ရှိသူများ အနေရအထိုင်ရခက်နေကြသည်။ ချင်မူအနေဖြင့် မြေအောက်ဘုံအရှင်သခင် မည်မျှအင်အားကြီးမားကြောင်း မသိသော်လည်း တျန်းရှုကတော့ ကောင်းကောင်းသိ၏။
ခိုင်ဧကရာဇ်ခေတ်တုန်းက သူသည် ပြီးပြည့်စုံသော အစွမ်းအစများကြောင့် မင်တုကောင်းကင်နတ်မင်းဘွဲ့ ရရှိခဲ့သော်လည်း မြေအောက်ဘုံအရှင်သခင်နှင့် ယှဉ်လျှင် ဆန်စေ့နှင့် နေလုံးကြီးကို ယှဉ်နေသကဲ့သို့ ကွာခြားလွန်း၏။
သူ မြေအောက်ဘုံအရှင်သခင်အား ကြောက်မိသည်မှာ မထူးဆန်းပေ။
သို့သော် ချင်မူသည် မြေအောက်ဘုံအရှင်သခင်အရှေ့၌ အေးအေးဆေးဆေး နေနိုင်သည့်အပြင် ပြန်ခံပြောရဲသည်။ မြေအောက်ဘုံအရှင်သခင်ကိုပင် ဆူမူကြိမ်းမောင်းခဲ့ပြီး အပေးအယူလုပ်နေသေးသည်။ တျန်းရှုအတွက် ထိုလမ်းက သေလမ်းပင်။
ထိုအချိန်တွင် မြေအောက်ဘုံအရှင်သခင်၏အသံ ထွက်လာသည်။ “ကောင်းပြီ... သက်ညှာပြီး လွှတ်ပေးလိုက်မယ်”
တျန်းရှုကို ရစ်ပတ်ထားသော ကြာပွတ်က ပြေလျော့သွားသဖြင့် တျန်းရှုမှာ မြေပြင်ပေါ် ပြုတ်ကျသွားသည်။
တျန်းရှု အူကြောင်ကြောင် ဖြစ်နေပြီး မြေအောက်ဘုံအရှင်သခင်၏ အသံအား နားကြားမှားလိုက်သည် ထင်ကာ ခေါင်းယမ်းလိုက်မိ၏။
မြေအောက်ဘုံအရှင်သခင်သည် ချင်မူ့အပေးအယူကို လက်ခံခဲ့သည့်အပြင် သူ့ကိုလည်း သက်ညှာပေးခဲ့သေးသည်။
ဤအရာမှာ မဖြစ်နိုင်ပေ။
“သာမန်ပြည်သူဖြစ်စေ၊ ဧကရာဇ်ဖြစ်စေ မကောင်းမှုကျူးလွန်သရွေ့ ငါ ဘက်မလိုက်ဘဲ ရေးမှတ်ထားမယ်”
မြေအောက်ဘုံအရှင်သခင်က တည်ငြိမ်စွာ ပြောသည်။ “လူတိုင်းလူတိုင်းမှာ သက်ဆိုင်ရာ စာအုပ်တွေ ရှိကြတယ်... ကွဲသွားတာက စာအုပ်အထူပဲ... ကောင်းကင်ယင်နတ်ဘုရားမကို အသက်ပြန်သွင်းဖို့ ငါ့စွမ်းအား ခိုးခဲ့တဲ့အတွက် ငါ မင်းကို အပြစ်မတင်ဘူး... အဲဒီအစား အင်မတန် လေးစားမိတယ်... သတ္တဝါတိုင်းဟာ မိတ်ဆွေတွေအတွက် ဝမ်းနည်းပူဆွေးပေးကြတယ်... ငါလည်း ကောင်းကင်ယင်နတ်ဘုရားမရဲ့ သေဆုံးမှုကို လက်မခံနိုင်ခဲ့ဘူး... ဒါပေမဲ့ ငါက ယိုတုရဲ့ အုပ်စိုးသူမဟုတ်လား... ငါ မလုပ်နိုင်တဲ့အရာတွေ ရှိတယ်၊ ငါ မပြောနိုင်တဲ့ စကားတွေ ရှိတယ်... ဒါကြောင့် တခြားတစ်ယောက် လုပ်မှာ၊ ပြောမှာကိုပဲ ငါ မျှော်လင့်ရတယ်... မင်းက ငါမလုပ်နိုင်တာကို လုပ်ခဲ့ပြီးပြီး ငါ မပြောနိုင်တာကို ပြောခဲ့ပြီးပြီ... ဒါပေမဲ့ တရားမျှတစေဖို့ ငါ မင်းကို ဘယ်လောက်ပဲ လေးစားပါစေ ယိုတုစည်းမျဉ်းတွေအတိုင်း မကောင်းမှုမှန်သမျှ ချရေးဖို့ လိုသေးတယ်... နားလည်လား”
ချင်မူ အရိုအသေပေးလိုက်၏။ “နားလည်ပါတယ်”
မြေအောက်ဘုံအရှင်သခင် ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ပြန်လို့ရပြီ”
ချင်မူ တခဏ တွန့်ဆုတ်နေသည်။ “မြေအောက်ဘုံအရှင်သခင်၊ ကျွန်တော် အမေနဲ့ တွေ့လို့ရလား... သူ့ကို တစ်ခါမှ မမြင်ဖူးလို့ပါ...”
“သူက မင့်အစား အပြစ်ခံနေရတယ်”
မြေအောက်ဘုံအရှင်သခင်၏မျက်နှာသည် ခံစားချက်ကင်းမဲ့နေ၏။ “မင်းက မွေးလာပြီးနောက်ပိုင်း ယိုတုမှာ မကောင်းမှုတွေ လုပ်ခဲ့တယ်လေ... မင့်အသက်ကို ကယ်ဖို့ သူက မင်းကို အပြင်လွှတ်ပေးခဲ့ပေမယ့် ယိုတုရဲ့အာဏာပိုင်တွေ မင်းနောက် လိုက်မသွားအောင် မင်းရဲ့အပြစ်အားလုံး ကိုယ်စားခံပေးခဲ့တယ်... မင်း သူ့ကို တွေ့ချင်ရင်တော့ ငါ စီစဉ်ပေးနိုင်ပါတယ်... ဒါပေမဲ့ မင်တုရဲ့တပည့်တွေ လှုပ်ရှားပြီးသွားပြီ... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဝိညာဉ်တွေလည်း ယိုတုဆီ လာနေကြပြီ... မင်း သူ့ကို တွေ့ချင်တာ သေချာလား”
ချင်မူမှာ မိုးကြိုးဖြင့် ပစ်ချခံလိုက်ရသကဲ့သို့ ငေးငိုင်သွားသည်။ သူက ချာခနဲ လှည့်ကာ ပြောလိုက်၏။ “တျန်းရှု၊ နောင်တော်ချီ... ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ပြန်စို့”
မြေအောက်ဘုံအရှင်သခင် သူ့ကို လှမ်းကြည့်လိုက်သည့်အခါ လူငယ်လေး တိတ်တိတ်လေး မျက်ရည်သုတ်နေသည်ကို မြင်လိုက်ရသည်။
“သူ လူကောင်းလေး ဖြစ်လာလိမ့်မယ်” မြေအောက်ဘုံအရှင်သခင် ခပ်တိုးတိုး ရေရွတ်လိုက်၏။
မရဏတမန်တော်က ဦးညွှတ်အရိုအသေပေးကာ ပြောလိုက်သည်။ “သူ လူကောင်းဖြစ်လာမှာပါ... ကျွန်တော် သူတို့ကို လိုက်ပို့လိုက်ပါဦးမယ်”
စက္ကူလှေပေါ်တွင် ချင်မူက မြေအောက်ဘုံအရှင်သခင်ဆီ ပြန်လှည့်ကြည့်သည်။ မြေအောက်ဘုံအရှင်သခင်၏ ကိုယ်ပေါ်၌ မရေမတွက်နိုင်သော လူသေများ နေထိုင်နေကြပြီး စည်ကားသိုက်မြိုက်နေ၏။ သူ့မိသားစုလည်း ထိုနေရာတွင် ရှိနေသည်။ သူ့အဖေသည်လည်း သင်္ဘောကြီးကို ရွက်လွှင့်လျက် သူ့အမေကို လိုက်ရှာနေလိမ့်မည်။
သို့သော် သူ့မှာ သူတို့နှင့် တွေ့ရန် အခွင့်အရေးရခဲ့သော်လည်း မတွေ့နိုင်ခဲ့ပေ။
‘ထာဝရငြိမ်းချမ်းရေးအင်ပါယာ အေးချမ်းသွားရင် ကျွန်တော် အဖေနဲ့ အမေကို လာတွေ့မယ်’
ချင်မူ နွေးထွေးစွာ ပြုံးရင်း တွေးလိုက်သည်။ ‘ကျွန်တော် မွေးလာတုန်းက ဘာတွေလုပ်ခဲ့မိလဲ မမှတ်မိဘူး... လုပ်ခဲ့တဲ့လူက အစ်ကိုကြီးဆိုပေမယ့် သူ လုပ်ခဲ့တာတွေကလည်း ကျွန်တော် လုပ်ခဲ့တာတွေပါပဲ.. ဒါပေမဲ့ ကျွန်တော့်ကြောင့် အမေ ဒုက္ခခံနေရတာကိုတော့ မကြည့်ရက်ဘူး... အမေ ၊ ကျွန်တော် အမေတို့ကို ပြန်လာခေါ်မယ်.... ကျွန်တော့်ကိုယ်စား အမေ ယိုတုမှာ ဒုက္ခခံဖို့ ခွင့်မပြုနိုင်ဘူး”
၎
င
၎
၎