← Chapters

ကျောက်ရုပ်တုများ အသက်ဝင်လာခြင်း

Vol. 52 Ch. 702

ကျောက်ရုပ်တုများ အသက်ဝင်လာခြင်း

Vol. 52 Ch. 702

စက္ကူလှေပေါ်တွင် တျန်းရှုက ချင်မူ့ကို အကဲခတ်နေသည်။ လူငယ်လေးသည် တက်ကြွနေပုံပေါ်သော်လည်း သူ၏မျက်ဝန်းများကမူ မိဘနှစ်ပါးအား စိုးရိမ်ပူပန်ပြီး လွမ်းဆွေးနေကြောင်း ထင်ဟပ်ပြသနေသည်။

“သူက မြေအောက်ဘုံအရှင်သခင်နဲ့ တကယ် ရင်းနှီးတာလား”

တျန်းရှုက မရဏတမန်တော်ကို တိတ်တိတ်လေး ကပ်မေးလိုက်သည်။ “အရာရှိမင်း၊ ကျုပ်တို့နှစ်ယောက်က မိတ်ဆွေဟောင်းတွေပဲနော်.... မြေအောက်ဘုံအရှင်သခင်က ဘာလို့ သူ့ကို သက်ညှာပေးပြီး လွှတ်ပေးလိုက်တာလဲ... သူ့စကားကြောင့်နဲ့တော့ မြေအောက်ဘုံအရှင်သခင် ကျုပ်ကို လွှတ်ပေးမယ်မထင်ဘူး”

မရဏတမန်တော် ချင်မူ့ဆီ တစ်ချက်လှမ်းကြည့်ကာ ခပ်တိုးတိုး ပြန်ပြောလိုက်၏။ “အေး မြေအောက်ဘုံအရှင်သခင်က သူ့စကားကြောင့်နဲ့ မင်းကို ဘယ်လွှတ်ပေးပါ့မလဲ... အဲဒီလိုသာ လွှတ်ပေးလိုက်တော့ လူတိုင်း မြေအောက်ဘုံအရှင်သခင်ရဲ့ ချိုတွေကို လာဖြတ်ကြမှာပေါ့... အချိုးအကွေ့ကိုးသွယ်လုံး ငုတ်စတောင် ကျန်မှာမဟုတ်ဘူး... မင်း ချိုအစတစ်စ ဖြတ်ပြီး ဖုန်းတု လုပ်လိုက်တုန်းက အခြားကမ္ဘာလောကတွေကို ဖျက်စီးပြီးမှ... အဲဒါမှ မြေအောက်ဘုံအရှင်သခင် သူ့ချိုကို ဖာနိုင်ခဲ့တာ... သူပေးခဲ့ရတဲ့ အဖိုးအခက မနည်းဘူး... မြေအောက်ဘုံအရှင်သခင် သူ့ကို သက်ညှာပေးခဲ့တာက ယိုတုဆီ ပြန်မလာစေချင်လို့ပဲ”

တျန်းရှု သူ့အား မျက်လုံးအဝိုင်းသားဖြင့် ကြည့်လိုက်မိသည်။ “ယိုတုဆီ ပြန်မလာစေချင်လို့ ဟုတ်လား... ဘာကြောင့်လဲ”

“သူက ယိုတုမှာ မွေးတာလေ... ယိုတုဖြစ်တည်ကတည်းက ပထမဆုံးမွေးဖွားခဲ့တဲ့ လူသား.... ဒါကြောင့် သူ့ကို ယိုတုသားတော်လို့ ခေါ်ကြတာ”

မရဏတမန်တော်က သက်ပြင်းချကာ ပြောသည်။ “သူ မွေးလာတုန်းက ဘယ်လိုပုံစံလဲ မင်း မသိလို့.... သူ့ကြောင့် ယိုတုတစ်ခုလုံး ကမောက်ကမ ဖြစ်ကုန်ပြီး အဆင့်မြင့်သိုင်းပညာရှင်တွေတောင် ပွဲကြည့်ဖို့ ဝင်လာခဲ့ကြသေးတယ်... နောက်သုံးလ၊ ‌လေးလလောက်ကြာတော့ သူက အချိုးအကွေ့ကိုးသွယ် ချိုကို ထုတ်ချင်းဖောက်ပစ်ခဲ့တယ်....”

တျန်းရှု၏အမူအရာ ထူးဆန်းသွား၏။ “ထုတ်ချင်းဖောက်ပစ်တယ် ဟုတ်လား...”

မရဏတမန်တော်သည် ခေါင်းညိတ်ပြီး လွန်ခဲ့သော အနှစ်နှစ်ဆယ်က ဖြစ်ပွားခဲ့သော မြင်ကွင်းကို ပြန်မြင်ယောင်မိလိုက်၏။ သူ မတုန်လှုပ်မိဘဲ မနေပေ။ “မြေအောက်ဘုံအရှင်သခင်ရဲ့ ချိုတွေ ထုတ်ချင်းဖောက်ခံခဲ့ရတော့ ယိုတုအာဏာပိုင်တွေရဲ့ အကျိုးစီးပွားတွေ ထိပါးကုန်တယ်... အဲဒါနဲ့ အားလုံး သူ့ကို သတ်ဖို့ ရောက်လာကြပေမယ့်.... အုပ်လိုက်ကြီး သူ့ပါးစပ်ထဲ ရောက်သွားတော့တာပဲ... ဟိုးနားကြည့်၊ မြင်လား .... မြေအောက်ဘုံအရှင်သခင်ရဲ့ ကိုယ်ပေါ်မှာ  ကမောက်ကမဖြစ်နေတဲ့ နေရာတွေ ရှိနေသေးတယ်.... သရဲတစ္ဆေတွေ တစ်ဖက်နဲ့တစ်ဖက် စစ်ဖြစ်နေကြသေးတယ်... အဲဒါနဲ့တင် သူ ဂြိုဟ်မွှေတာ ဘယ်လောက်ဆိုးဝါးလဲ စဉ်းစားကြည့်ပေါ့”

တျန်းရှုလည်း တစ်ခါတုန်းက ယိုတုအာဏာပိုင်တစ်ယောက် ဖြစ်ပြီး အင်အားကြီးမားခဲ့သည့်အတွက် သူ ဆိုလိုသည်ကို နားလည်၏။

ယိုတုအာဏာပိုင်များသည် ယိုတုတွင် အင်အားကြီးမားကြပြီး မြေအောက်ဘုံအရှင်သခင်၏ ကိုယ်ပေါ်ရှိ မြေပြင်များကို အုပ်စိုးနိုင်ကြ၏။ သူတို့ အုပ်စိုးသော နေရာများက အလွန်ကျယ်ပြောသည့်အပြင် သရဲတစ္ဆေပေါင်းသန်းနှင့်ချီ အုပ်ချုပ်နိုင်ကြသည်။

ချင်မူ အာဏာပိုင်တစ်ယောက်ကို စားလိုက်လျှင် ထိုနယ်မြေနှင့် သရဲတစ္ဆေများကို အုပ်ချုပ်ပေးမည့်သူ မရှိတော့ပေ။ ထိုအခါ ကျန်အာဏာပိုင်တို့က ဝင်ရောက်လာပြီး နယ်မြေလုလိမ့်မည်။

ချင်မူက ယိုတု၏ အာဏာပိုင်များစွာ စားပစ်ခဲ့ကြောင်း ထင်ရှားသည်။ ထို့ကြောင့်ပင် စစ်ပွဲသည် ယခုအချိန်ထိတိုင်အောင် မပြီးဆုံးသေးဘဲ ကြာမြင့်နေခြင်းဖြစ်၏။

တျန်းရှုက တခဏ တိတ်ဆိတ်သွားပြီး ပြောလိုက်သည်။ “ယိုတုထဲမှာ ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်ဝိညာဉ်တွေ ရှိတယ်မဟုတ်လား... သူတို့က ဘာလို့မလှုပ်ရှားတာလဲ”

“လှုပ်ရှားခဲ့တယ်”

မရဏတမန်တော် ပြောသည်။ “အရင်ဆုံး တစ်ယောက်တစ်ယောက်ချင်း တိုက်ခိုက်ခဲ့ကြပေမယ့် အသက်ရှင်တုန်းကလောက် အစွမ်းမထက်တော့မှတော့ သူတို့ ဘယ်တတ်နိုင်မလဲ... ရုပ်ခန္ဓာမရှိရင် သူတို့အနေနဲ့ သူ့ကို မယှဉ်နိုင်ဘူး.... ဒါကြောင့် သူ့ကို ဝိုင်းချခဲ့ပေမယ့် လက်ဖျားနဲ့တောင် မထိနိုင်ခဲ့ဘူးလေ... မြေအောက်ဘုံအရှင်သခင်ဆီက အကူအညီတောင်းမှ သူ့ကို ချိတ်ပိတ်ပြီး ပြည်နှင်ဒဏ်ခတ်နိုင်ခဲ့တာ”

တျန်းရှု ကြက်သီးမွေးညင်းထသွားပြီး သက်ပြင်းချကာ ပြောလိုက်၏။ “တော်ဝင်မုခ်ဝ နတ်ဓားမထဲ ပိတ်မိနေတာနဲ့ စိတ်ဝင်စားစရာတွေ လွတ်သွားတယ်...”

မရဏတမန်တော်က သရော်တော်တော် ပြေသည် “မင်း ရှိရင်လည်း ဘာမှတတ်နိုင်မှာမဟုတ်ဘူး... သူ့ကို ချိတ်ပိတ်မထားရင် သူက နတ်ဆိုးဘုရင်စစ်စစ်ပဲ... လက်ထဲ ရောက်လာတာမှန်သမျှ စားပစ်မယ့် နတ်ဆိုးလေး... မင်းတောင်မှ သူ စားတာ ခံရလိမ့်မယ်... ပြန်ရောက်ရင် သူ့မျက်ခုံးနှစ်ဖက်ကြားက အတားအဆီးအစီအရင်ကို သွားမထိနဲ့... ထိတာနဲ့ ဘယ်နားက အသက်ထွက်သွားမှန်းမသိ ထွက်သွားလိမ့်မယ်... အခုနှစ်တွေထဲ အတားအဆီးအစီအရင် ကျိုးပျက်နေတာ တစ်ကြိမ်မကဘူး... မြေအောက်ဘုံအရှင်သခင်လည်း အဲဒီကိစ္စကြောင့် ခေါင်းကိုက်နေတယ်”

တျန်းရှု ခြောက်ကပ်ကပ် ရယ်လိုက်သည်။ “ကျုပ်က မစပ်စုတတ်ပါဘူး... ခင်ဗျား ကျုပ် ကြောက်တတ်တာ သိသားပဲ” ထိုသို့ပြောပြီးနောက် သူက ငေးငိုင်နေသော ချင်မူ၏ မျက်ခုံးနှစ်ဖက်ကြားသို့ လှမ်းကြည့်နေသည်။

မရဏတမန်တော်က ပြော၏။ “အရက်မမူးရင် မင်းက ကြောက်တတ်တယ်... မူးသွားရင်ကတော့ မြေအောက်ဘုံအရှင်သခင်ရဲ့ ချိုတောင် ခုတ်ဖြတ်ရဲတယ်လေ... မင်း မလုပ်ရဲတာ ရှိသေးလို့လား... မင်းနဲ့ငါက မိတ်ဆွေဟောင်းတွေဆိုတော့ ငါ မင်းကို အခု သတိပေးလိုက်ပြီ... ငါ့စကား နားမထောင်ဘဲ သူ့ကို လွှတ်ပေးလိုက်လို့ကတော့ မြေအောက်ဘုံအရှင်သခင်ရဲ့ ချို ဖြတ်တာထက်ဆိုးတဲ့ ကပ်ဘေးကြီး ရောက်လိမ့်မယ်... ကဲ သက်ရှိကမ္ဘာဆီ ရောက်ပြီ....”

အားလုံး လှေပေါ်မှ ထရပ်ကာ အရှေ့သို့ ကြည့်လိုက်သည်။ အရှေ့မှာ မှောင်မိုက်နေ၏။

ရုတ်တရက် မရဏတမန်တော်က တျန်းရှုကို လှေပေါ်မှ တွန်းထုတ်လိုက်သည်။ ချင်မူနှင့် ချီကျုံရီကိုလည်း တွန်းချပြီးနောက် နဂါးချီလင်ဆီသို့ ကြည့်သည်။ နဂါးချီလင်က သူ့ဘာသာသူ အလျင်အမြန် ခုန်ချလိုက်လေသည်။

“ဒီအသားတုံးကြီးက အမြင်ရှိသားပဲဟ”

မရဏတမန်တော် ရယ်လိုက်ပြီး လှေလေးကို ပြန်လှည့်လိုက်၏။

အပြန်ခရီးတွင် စက္ကူလှေလေးများသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ ထွက်လာပြီး မြေအောက်ဘုံအရှင်သခင်၏ ခန္ဓာကိုယ်ထံ ရွက်လွှင့်နေကြ၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ ပြည်သူတို့၏ ဝိညာဉ်များက လှေတိုင်းတွင် ပြည့်နေသည်။

များစွာလှသော လှေအရေအတွက်အရ လူသန်းပေါင်းများစွာ တစ်ခါတည်း သေသွားကြချေပြီ။

မရဏတမန်တော် အံ့အားသင့်သွားသည်။ “မင်တုရဲ့ တပည့်တွေ လှုပ်ရှားလိုက်ပြီ...”

လှေလေးများသည် ရပ်လိုက်ကြပြီး လှေဦးရှိ အဘိုးအိုအားလုံး ပုံတူပွားထားသကဲ့သို့ တူနေကြသည်။ အဘိုးအိုများက တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြိုင်တူပြောလိုက်ကြ၏။ “အခု ယိုတုသားတော် သက်ရှိကမ္ဘာဆီ ပြန်သွားပြီ... မကြာခင် သေချာပေါက် လှုပ်ရှားလိမ့်မယ်... ငါတို့ ဒီဝိညာဉ်တွေကို မြေအောက်ဘုံအရှင်သခင်ဆီ ပို့ရင်လည်း သူက ပြန်ယူဦးမှာပဲ... ဒီတော့ ရက်ပိုင်းလောက် စောင့်ပြီး အခြေအနေကြည့်တာ မကောင်းဘူးလား”

“အဲဒီအတိုင်းဆို ဘယ်နှရက်လောက် စောင့်ရမလဲ”

“သူ့ကို အချိန်ခုနစ်ရက် ပေးမယ်... ခုနစ်ရက်အတွင်း ဒီကပ်ဘေးကြီးကို ဖြတ်ကျော်ပြီး ဝိညာဉ်လမ်းညွှန်နဲ့ ဝိညာဉ်တွေ ပြန်ခေါ်နိုင်ရင် ခွင့်ပြုပေးလိုက်မယ်... မခေါ်နိုင်ရင်တော့ ဒီဝိညာဉ်တွေရဲ့ ရုပ်ခန္ဓာတွေလည်း ပုပ်ပွကုန်ကြမှာပဲ... သူ ပြန်ခေါ်နိုင်ရင်တောင် အလကားပဲ ဖြစ်လိမ့်မယ်”

“သူ့ကို အချိန် ခုနစ်ရက်ပေးလိုက်ရင် ယိုတုသားတော်ကို ကြောက်နေပါတယ်ဆိုပြီး ငါတို့ကို လှောင်ကြရင် ဘယ်လိုလုပ်မလဲ... ဒီကိစ္စကို ဖုံးဖို့ တစ်ခုခု စဉ်းစားရမယ်”

“ဒါဆို ပထမခုနစ်ရက်အတွင်း ရှင်သန်ထမြောက်ခြင်းလို့ ခေါ်ကြတာပေါ့... ဝိညာဉ်တွေအနေနဲ့ ခုနစ်ရက်အတွင်း သက်ရှိကမ္ဘာဆီ ပြန်သွားနိုင်မယ်... ဒီနည်းနဲ့ဆို ဘာအသံမှ ထွက်မလာလောက်ဘူး”

“သိပ်ကောင်းတယ်”

***

နတ်သက်ကြွေတောင်ကြောအောက်တွင် ချင်မူ မျက်လုံးဖွင့်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ နဂါးချီလင်နှင့် ချီကျုံရီ နိုးလာသည်ကို မြင်လိုက်ရပြီး အားလုံး မူလဝိညာဉ် ထပ်မံစုပ်ယူမခံရအောင် တော်ဝင်မုခ်ဝနတ်ဓားမနှင့် ဝေးရာသို့ မြန်မြန်ရွှေ့လိုက်ကြ၏။

“အစ်ကိုကြီးတျန်းက ဒီမှာမဟုတ်ပါလား” နဂါးချီလင် ဟိုသည်ကြည့်လိုက်သော်လည်း တျန်းရှုကို မမြင်ရပေ။

“တစ္ဆေတောင်ကြားမှာ ဖြစ်လောက်တယ်”

ချင်မူက ဓားမအောက်ရှိ နန်းဆောင်ဆီ ဆင်းလိုက်သည်။ “သူ့ရုပ်ခန္ဓာက တစ္ဆေတောင်ကြားရဲ့ မြေအောက်နေရာထဲမှာပဲ... သူ့ကိုယ်တစ်ပိုင်းက မြေအောက်ဘုံအရှင်သခင် ဖမ်းဆွဲတာ ခံလိုက်ရလို့ မြေကြီးထဲ နစ်နေတာ... ဒါက ခိုင်ဧကရာဇ် သူ့အတွက် တည်ဆောက်ပေးထားတဲ့ နန်းဆောင်ဖြစ်လောက်တယ်... သူ ငါတို့ကို လာရှာလိမ့်မယ်... ဒီမှာ ခဏစောင့်ကြတာပေါ့”

ချီကျုံရီ တခဏ တွေဝေသွားပြီး နန်းဆောင်၏အပြင်၌ လိုက်ဆင်းသည်။ “နောင်တော်ချင်၊ ဒီစစ်ပွဲမှာ မင်းဘက်က ပါရမလား၊ မင်တုတပည့်တွေဘက်က ပါရမလား ငါ့အတွက် ရွေးရခက်တယ်.... ငါ ဒီမှာ ဆက်နေလို့ မဖြစ်တော့ဘူး... အခုချက်ချင်း တောင်ကောင်းကင်ဘုံကို ပြန်ပြီး စစ်ပွဲထဲ ဝင်မပါဘဲ နေလိုပါတယ်”

နဂါးချီလင်က ကပျာကယာ ပြောသည်။ “ငါတို့ အတူတူသေမယ်လို့ မြေအောက်ဘုံအရှင်သခင်နဲ့ တိုင်တည်ပြီး ကျိန်ထားကြတယ်လေ... တတိယညီလေး အခုလို ထွက်သွားလို့ ဘယ်ဖြစ်မလဲ... ငါ သေရင် မြေအောက်ဘုံအရှင်သခင်က အစ်ကိုကြီးတျန်းနဲ့ မင်းကို အသက်လာနှုတ်မှာနော်”

ချီကျုံရီ နဖူးမှ ချွေးကျလာသည်။ သူ့မှာ အရက်သောက်ခဲ့မိသည့်အတွက် နောင်တရနေသည်။ ယခုတော့ ထွက်သွားချင်လျှင်ပင် ထွက်သွား၍မရတော့ပေ။

“နောင်တော်ချီ ပြန်ချင် ပြန်ပါ”

ချင်မူက ပြောသည်။ “ပွဲတော်အချိန်တွေလောက်ပဲ နဂါးချီလင်အတွက် အန္တရာယ်များတာပါ”

“ပွဲတော်အချိန်တွေ ဟုတ်လား” ချီကျုံရီနှင့် နဂါးချီလင်နှစ်ယောက်လုံး စက္ကူရွက်ပမာ ဖြူဖျော့သွားကြသည်။

ချီကျုံရီ ချီတုံချတုံ ဖြစ်နေပြီးနောက် မပြန်ရန် ဆုံးဖြတ်လိုက်၏။ နဂါးချီလင် တပိုးနင့်အောင် စား၍ ဖက်တီးပုတ်ကြီး ပြန်ဖြစ်လာလျှင် ဘယ်နှယ့်လုပ်မည်နည်း။ သူလည်း သေရလိမ့်မည်မဟုတ်လော။

ချင်မူက နန်းဆောင်ထဲ ဝင်ကာ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာသည်။ နန်းဆောင်အတွင်း၌ အရက်အိုးများ စုပြုံနေပြီး နံရံအထက်တွင် အင်္ဂတေပန်းချီတစ်ချို့လည်း ရှိနေကြောင်း မြင်ရသည်။ သူ့အာရုံကို ဖမ်းစားလိုက်သည်က တျန်းရှု ဓားမကို မြှောက်၍ မြေအောက်ဘုံအရှင်သခင်၏ချိုအား ခုတ်နေသော ပန်းချီပင်။

ပန်းချီထဲရှိ တျန်းရှုသည် ရဲသွေးမာန်အပြည့်ဖြင့် သူရဲကောင်းဆန်နေ၏။ သူက လက်တစ်ဖက်တွင် အရက်အိုးတစ်အိုး ကိုင်ထားပြီး ကျန်တစ်ဖက်၌ ဓားကိုင်ထားသည်။ မြေအောက်ဘုံအရှင်သခင်၏ပုံစံမှာ အမျက်တချောင်းချောင်း ထွက်နေသည့်ဟန် ရှိ၏။ မြေအောက်ဘုံအရှင်သခင်၏ ဒေါသထွက်နေသော မျက်ဝန်းများက အလွန်အသက်ဝင်လှသည်။ မည်သူ့လက်ရာမှန်း သူ မသိပေ။

“ဂိုဏ်းသခင်၊ ဒီကျောက်ရုပ်ကြီးက အသက်ဝင်လာနေသလိုပဲ”

နဂါးချီလင်၏အသံ အပြင်မှ ထွက်လာ၍ ချင်မူ နန်းဆောင်ထဲမှ အလျင်အမြန် ပြန်ထွက်လိုက်ရာ တော်ဝင်မုခ်ဝနတ်ဓားမအသွားထဲ ခေါင်းနစ်နေသော ကျောက်ရုပ်တုကြီး၏ ကျောက်အသားများ ပျောက်ကွယ်နေသည်ကို မြင်လိုက်ရသည်။ အသားက တဖြည်းဖြည်း သွေးရောင်သမ်းလာနေသည်။

“လော့ယွင်ချွီ၊ ခွေ့ချင်းပိုင်နဲ့ ဖုယန်ချီတို့က ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ သတ္တဝါတွေကို သတ်ဖြတ်ပြီး ကျောက်ရုပ်တုတွေကို အသက်သွင်းနေကြပြီပဲ”

ချင်မူ တုန်လှုပ်သွားသည်။ ကျောက်ရုပ်တုကြီး၏အရှိန်အဝါသည် တစတစ အားကောင်းလာ၏။

ယခင်တုန်းက ကမ္ဘာခြားများမှ ဆင်းသက်လာသော ကျောက်ရုပ်တုများသည် အစစ်အမှန်နတ်ဘုရားနှင့် အစစ်အမှန်မိစ္ဆာအဆင့်သာ ရှိသည်ဟု ချင်မူ တွေးထင်ခဲ့မိ၏။ ကျောက်ရုပ်တုမှာ လုံးလုံးလျားလျား အသက်ဝင်မလာသေးသော်လည်း အစစ်အမှန်ဘုရားနှင့် အစစ်အမှန်မိစ္ဆာအဆင့်ကို ကျော်လွန်နေချေပြီ။

ကျောက်ရုပ်တုများအား သူ လျှော့တွက်ခဲ့မိ၏။

ကျောက်ရုပ်တုများသည် မည်သည့်အဆင့်များမှန်း သူ မသိသော်လည်း သူတို့အသက်ဝင်လာလျှင် ထာဝရငြိမ်းချမ်းရေးအင်ပါယာကို မှုန့်မှုန့်ညက်ညက် ခြေရန် လုံလောက်လိမ့်မည်။

ချင်မူ တော်ဝင်မုခ်ဝနတ်ဓားမကို ထုတ်ကာ ဘူးဖွင့်လိုက်သည်။ သွေးရောင်အလင်းတန်းနှစ်တန်းက မိစ္ဆာနတ်ဘုရားကျောက်ရုပ်တု၏ လည်ပင်းဆီသို့ ပျံသန်းသွားပြီး လှည့်ဝိုက်လိုက်၏။ မီးပွားများ အရပ်လေးမျက်နှာသို့ ဖြာထွက်လာသည့်တိုင် ကျောက်ရုပ်တု၏လည်ပင်းထက်၌ အဖြူရောင်အစင်းကြောင်းတစ်ကြောင်း ကျန်ခဲ့သည်။ ဓားမကား ခေါင်းမဖြတ်နိုင်ခဲ့ပေ။

ထိုအခါ နတ်ဘုရားစီရင်ရာဓားမ၏ ဓားအလင်းတန်းနှစ်တန်းက ချင်မူ့ကို ခုတ်ဖြတ်ရန် ပြန်လှည့်လာသည်။

ချင်မူ ထိတ်လန့်သွား၏။ ‘ဒီမိစ္ဆာဓားမက ငါ့ကို စားချင်နေပြီ’

သွေးရောင်အလင်းတန်းနှစ်တန်းသည် တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ထက်ရှ၏။ သွေးမသောက်ရလျှင် ၎င်း၏ ကြမ်းကြုတ်သောအကျင့်စရိုက် ထွက်ပေါ်လာတတ်သည်။ ၎င်းက ချင်မူ့ကို သတ်၍ ချင်မူ့သွေးအား သောက်ချင်နေ၏။

ထိုအချိန်မှာပဲ ကျောက်ရုပ်တုသည် ဝုန်းခနဲ လှုပ်ခါသွားပြီး နဖူးမှ မိစ္ဆာသွေးများ စီးကျလာသည်။ ကျောက်ရုပ်တုမှာ အသက်ဝင်လာနေသော်လည်း ခေါင်းက တော်ဝင်မုခ်ဝနတ်ဓားမထဲ နစ်ဝင်နေသောကြောင့် အသက်ဝင်လာသည့် အသွေးအသားတချို့ ထိခိုက်သွားခြင်းဖြစ်၏။

သွေးရောင်အလင်းတန်းနှစ်တန်းက သွေးနံ့ရလိုက်သဖြင့် အလင်းတန်းတစ်တန်းက တမုဟုတ်ချင်း ကျောက်ရုပ်တု၏လည်တိုင်ဆီ ပြန်ကွေ့သွားသည်။ ကျန်အလင်းတန်းကမူ ချင်မူ့လည်ပင်းဆီသို့ ခုတ်ချလိုက်၏။

သွေးရောင်အလင်း ရောက်မလာခင် သွေးပင်လယ်တစ်စင်းကို ချင်မူ မြင်လိုက်ရသည်။ သွေးပင်လယ်က သူ့မြင်ကွင်းကို ဖုံးကွယ်ကာ အရာအားလုံး သွေးချင်းနီအောင် လွှမ်းခြုံထား၏။

ချင်မူ တမုဟုတ်ချင်း ဆုံးဖြတ်ချက်ချကာ မျက်ခုံးနှစ်ဖက်ပေါ်ရှိ မိုးမခသစ်ရွက်ကို ခွာလိုက်သည်။ သွေးပင်လယ်မှာ သူ၏မျက်ခုံးနှစ်ဖက်ကြားသို့ ရွှစ်ခနဲ စုပ်ယူခံလိုက်ရတော့သည်။

ထိုအချိန်တွင် ကျန်အလင်းတန်းသည် မိစ္ဆာနတ်ဘုရားကျောက်ရုပ်တု၏ လည်ပင်းကို ခုတ်ဖြတ်နိုင်သွား၏။ ချင်မူ ကိုင်ထားသော ဘူးလေးအတွင်းရှိ အဖြူရောင်ခေါင်းက ခေါင်းအနောက်ရှိ အမြှေးပါးများကို တဖျတ်ဖျတ် ခတ်ကာ စိတ်လှုပ်ရှားနေသည်။

ထို့နောက် ‌ခေါင်း၏မျက်နှာအမူအရာ တောင့်တင်းသွားသည်။ ချင်မူ့ထံ ခုတ်ပိုင်းခဲ့သော သွေးရောင်အလင်းတန်းကို ပြန်ခေါ်မရ‌တော့ကြောင်း သူ သဘောပေါက်လိုက်၏။

ထိုအရာမျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။

သူသည် ချိမင်ခေတ်တုန်းက သွန်းလုပ်ခံခဲ့ရသော ဆန်းကြယ်ရတနာတစ်မျိုး ဖြစ်ပြီး ဧကရာဇ်ပလ္လင်အဆင့် သိုင်းသမားတစ်ယောက်၏ ဦးခေါင်းနှင့် မူလဝိညာဉ်ဖြင့် ပေါင်းစပ်ဖန်တီးထားခြင်း ဖြစ်သည်။ သတ်ရန်သာ သိသည့်အပြင် သက်ရှိသတ္တဝါတိုင်း သူ့လက်ထဲမှ မလွတ်နိုင်ပေ။ သူက ပစ်မှတ်ကို မထိလျှင် ပိုင်ရှင်ကို ခုတ်ပိုင်းတတ်သည်။

သူ၏ဓားမက အတားအဆီးမှန်သမျှ ခုတ်ထွင်းနိုင်သော်လည်း ယခုမူ ချင်မူ့အသွေးအသားကို မစားလိုက်ရသည်သာမက သူပင် ချင်မူ၏အစားခံလိုက်ရဟန်တူသည်။

ချင်မူ၏တတိယမျက်လုံးက သွေးရောင်အလင်းတန်းကို ဂလုခနဲ မြိုချလိုက်သည်။ ထို့နောက် လေချဉ်တက်သံ ထွက်လာပြီး ကလေးတစ်ယောက်၏ တခစ်ခစ် ရယ်သံများလည်း ကြားရ၏။

ဘုန်း

ကျောက်ရုပ်တုဆီမှ ပေါက်ကွဲသံကြီး ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ထို့နောက် ဧရာမခေါင်းကြီး လည်တိုင်မှ ပြုတ်ကျလာပြီး ထိုခေါင်းကြီးသည် တောင်ကြီးတစ်လုံးပမာ ချောက်နက်ထဲ လိမ့်ဆင်းသွား၏။ တဒုန်းဒုန်းမြည်ဟည်းသံများက အချိန်အတော်ကြာအောင် ပဲ့တင်ထပ်နေလေသည်။

သွေးရောင်အလင်းတန်းက မိစ္ဆာနတ်ဘုရား၏ အသွေးအသားအားလုံး စုပ်ယူပြီးနောက် ဘူးလေးထဲ လျင်မြန်စွာ ပြန်ဝင်လာသည်။

ချင်မူ ဘူးလေးကို ပိတ်ရန် ပြင်လိုက်စဉ် ဘူးလေးက ချောက်ခနဲ သူ့ဘာသာ ပြန်ပိတ်သွားသည်။

“နတ်ဘုရားစီရင်ရာဓားမ ဘာဖြစ်သွားတာလဲ”

ချင်မူ စိတ်ရှုပ်ထွေးသွားပြီး သူ့အစ်ကိုကြီး၏ စိတ်လှုပ်ရှားနေသော အော်သံများ တိတ်ဆိတ်သွားစေရန် မိုးမခသစ်ရွက်ကို ပြန်ကပ်လိုက်သည်။

ဘူးလေးမှာ တဆတ်ဆတ် တုန်နေပြီး ဧကရာဇ်ပလ္လင်အဆင့် ဦးခေါင်း တုန်ရီနေသည့်အလား ထင်ရသည်။ မည်သည့်အတွက်ကြောင့် ဘူးလေး တုန်ရီနေမှန်း မသိသဖြင့် ချင်မူ ခေါင်းယမ်းလိုက်မိ၏။ သူက ဘူးလေးကို ထောင်ကျယ်အိတ်ထဲ ထည့်ကာ သူ့ဘာသာ တွေးလိုက်သည်။ ‘နတ်ဘုရားစီရင်ရာဓားမနဲ့ မိစ္ဆာနတ်ဘုရားရုပ်တုတွေကို ရင်ဆိုင်နိုင်မလားမသိဘူး... ဒါပေမဲ့ ပထမဆုံးတစ်ချက်တည်းနဲ့ မထိရင် ဓားမက ငါ့ကို ပြန်တိုက်ခိုက်မှာ... “

‘ငါ့ကိုတောင် စားလောက်တယ်’

ဘူးလေးအတွင်း၌ ဧကရာဇ်ပလ္လင်အဆင့် ဦးခေါင်းမှာ ပထမဆုံးအကြိမ် ပြိုင်ဘက်နှင့် တွေ့လိုက်ရသောကြောင့် ကြောက်လန့်တုန်လှုပ်နေတော့သည်။ ‘သူက ငါ့ထက်တောင် ကြမ်းသေးတယ်... ရန်စလို့မဖြစ်ဘူး’

All Chapters