← Chapters

သေဆုံးသွားသော မြို့

Vol. 52 Ch. 703

သေဆုံးသွားသော မြို့

Vol. 52 Ch. 703

“ဒီမိစ္ဆာနတ်ဘုရား ကျောက်ရုပ်တု အသက်ဝင်လာရင် ကျန်တဲ့ကျောက်ရုပ်တုတွေလည်း အသက်ဝင်လာလိမ့်မယ်... ဒီကျောက်ရုပ်တုက ကံဆိုးလို့သာ ဒီမြေအောက်နေရာထဲ ရောက်လာတာ... ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲ တခြားကျောက်ရုပ်တုတွေကတော့ အကောင်းအတိုင်း ရှိကြတယ်”

ဤကံဆိုးသူကျောက်ရုပ်တုအပြင် မြင့်းမိုရ်တောင်အောက်က ကံဆိုးသူကျောက်ရုပ်တု နောက်တစ်ရုပ် ရှိနေသေးသည်။

ထိုကျောက်ရုပ်တုသည် မြေကြီးထဲမှ ထွက်လာချိန်က မြင့်းမိုရ်တောင်ကိုမှ တည့်တည့်ဝင်တိုးခဲ့မိ၏။ မဟာမိုးခြိမ်းသံကျောင်းတော်၏ မြင့်းမိုရ်တောင်နှင့် ဗုဒ္ဓဘုံ၏ မြင့်းမိုရ်တောင်မှာ သဘာဝအတူတူဖြစ်သည်။ မဟာမိုးခြိမ်းသံကျောင်းတော်၏ မြင့်းမိုရ်တောင်ကို ဝင်တိုးခြင်းက ဗုဒ္ဓဘုံကို ဝင်တိုးမိသည်နှင့်မခြားပေ။

သို့သော် တခြားကျောက်ရုပ်တုများကတော့ ထိုကဲ့သို့အခြေအနေမျိုး မရှိ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နေရာအသီးသီးတွင် နေရာယူထားကြသည်။ ၎င်းတို့သည် တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းအောင် လေးလံ၍ နည်းနည်းလေးမျှ ရွှေ့မရပေ။ ထို့ကြောင့် ဧကရာဇ်ယန်ဖုန်းက အစောင့်အထပ်ထပ်ဖြင့် စောင့်ကြပ်ခိုင်းထား၏။

ယခုမူ ကျောက်ရုပ်တုတစ်ရုပ် အသက်ဝင်လာသည်ကို နဖူးတွေ့ဒူးတွေ့ မြင်လိုက်ရပြီဖြစ်၍ ကျောက်ရုပ်တုများ မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း ချင်မူ နားလည်သွားသည်။ သူတို့သာ အသက်ဝင်လာလျှင် ထာဝရငြိမ်းချမ်းရေးအင်ပါယာသည် ကပ်ဘေးလွှတ်နိုင်သည့် နတ်လက်နက်၊ မိစ္ဆာလက်နက်များပင် မပါဘဲ ပျက်စီးရလိမ့်မည်။

“တျန်းရှု မလာသေးရင် ငါ့ဘာသာငါ အရင်သွားနှင့်လိုက်မယ်...”

သူ တွေးနေစဉ် ကောင်းကင်အလင်းတန်းတစ်တန်း ကောင်းကင်ယံမှ ဖြာကျလာပြီး အလင်းတန်းထဲရှိ ခံ့ညားတင့်တယ်သော နတ်ဘုရားတစ်ပါးသည် တော်ဝင်မုခ်ဝနတ်ဓားမဆီသို့ လှမ်းဆွဲလိုက်၏။

‘မင်တုကောင်းကင်နတ်မင်း ရောက်လာပြီ’

ချင်မူ ဝမ်းမြောက်သွားပြီး ခေါင်းမော့ကြည့်လိုက်သည်။ တျန်းရှုက တော်ဝင်မုခ်ဝနတ်ဓားမကို ကိုင်ထားပြီး ၎င်း၏အရွယ်အစား ကျုံ့သွားအောင် အလင်္ကာတချို့ ရွတ်ဖတ်နေသည်။ များစွာမကြာလိုက်ဘဲ ဓားမကြီးသည် ကိုက်တစ်ရာသာ ရှည်တော့၏။

တျန်းရှုက နတ်ဓားမကို ကိုင်၍ ဓားအသွားနှင့် မထိမိအောင် ဂရုစိုက်နေသည်။ “ဒီမှာနေ.... ငါ မင်တုရဲ့ တပည့်တွေနဲ့ သွားတွေ့ဦးမယ်” ထိုသို့ပြောပြီးနောက် သူက လေပေါ် ပျံတက်သွား၍ ကောင်းကင်တစ်ပြင်လုံး အလင်းတန်းများ ပြည့်နှက်သွားသည်။ သူနှင့် ဓားမ ပျောက်ကွယ်သွားချေပြီ။

ချင်မူ တားရန် ပြင်လိုက်သော်လည်း သူကား အဝေးရောက်သွားပြီဖြစ်၏။

ချင်မူ မျက်မှောင်အနည်းငယ် ကြုတ်၍ မြေအောက်နေရာမှ အပြင်ထွက်လိုက်သည်။ အဝေးသို့ လှမ်းကြည့်လိုက်သည့်အခါ နေရောင်ကဲ့သို့ တောက်ပနေသောအလင်းတန်းတစ်တန်း အရှေ့အရပ်သို့ ပျံသန်းသွားသည်ကိုသာ မြင်လိုက်ရသည်။

ရုတ်တရက် သူ၏ထောင်ကျယ်အိတ် တုန်ခါသွားပြီး မိုးခြိမ်းသံများ ထွက်လာသည်။ ချင်မူ အံ့အားသင့်သွားပြီး ထောင်ကျယ်အိတ်ထဲရှိ ပစ္စည်းများအား ကပျာကယာ ထုတ်ကြည့်လိုက်သည်။

လျှပ်စီးများက မိုးကြိုးငါးသွယ်အိုးကို ဝန်းရံလျက် တဖျစ်ဖျစ် ကခုန်နေချေသည်။ ဤမိုးလေဝသလက်နက်သည် ပေါက်ကွဲတော့မည့်ပုံရ၏။

“မိုးကြိုးငါးသွယ်အိုး အသက်ဝင်တော့မယ်”

ချီကျုံရီ သက်ပြင်းချကာ ပြောလိုက်သည်။ “နောင်တော်ချင်၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာက ငါတို့ ဝင်သင့်တဲ့ နေရာမဟုတ်တော့ဘူး... မိုးကြိုးတိမ်တိုက်ငါးခု ထွက်လာတာနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ မိုးကြိုးပင်လယ်ဖြစ်သွားပြီး မိုးကြိုးတိမ်တိုက်ထဲက မီးခေါင်းလောင်းလက်နက်တွေက အရာရာတိုင်းကို ပြာချပစ်လိမ့်မယ်... မိုးကြိုးငါးသွယ်အိုးအပြင် မြေငလျင်ဒယ်အိုး၊ လေဆင်နှာမောင်းဘူးသီးခြောက်လို မိုးလေဝသလက်နက်တွေလည်း ရှိသေးတယ်... အဲဒီလက်နက်အားလုံး တစ်ပြိုင်တည်း ပေါက်ကွဲရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာဟာ ငရဲကြီးရှစ်ထပ်တောင် ကြောက်စရာကောင်းသွားလိမ့်မယ်... ငါ အထက်ကောင်းကင်ဘုံမှာ သွားပုန်းတော့မယ်... ဒုတိယအစ်ကိုကြီး၊ လိုက်လာမှာလား.... ငါ မင်းကို ဒီကမ္ဘာထဲက ထုတ်ပေးပြီး အထက်ကောင်းကင်ဘုံဆီ ခေါ်သွားနိုင်တယ်... ကပ်ဘေးတွေ အဲဒီနေရာကို မရောက်နိုင်ဘူး”

နဂါးချီလင် တခဏ‌ တွန့်ဆုတ်သွားကာ ချင်မူ့ဆီသို့ လှမ်းကြည့်သည်။ ထို့နောက် ခေါင်းယမ်းကာ ပြောလေသည်။ “ဂိုဏ်းသခင် သွားတဲ့နောက်ပဲ လိုက်မယ်... ငါက ဂိုဏ်းသခင်နဲ့အတူ နှစ်ပေါင်းများစွာ‌ နေပြီး သူကျွေးသမျှလည်း စားခဲ့ပြီးပြီ.... အန္တရာယ်နဲ့တွေ့မှ ဂိုဏ်းသခင်ကို မထားခဲ့နိုင်ဘူး”

ချီကျုံရီမှာ ဒွိဟဖြစ်နေသောအမူအရာဖြင့် သက်ပြင်းချလိုက်သည်။ မီးတောက်များက သူ့ကို လွှမ်းခြုံသွားပြီး သူသည် အနောက်အရပ်သို့ ပျံသန်းသွားသော ခေါင်းကိုးလုံး ဇာမဏီမီးငှက်အသွင် ပြောင်းသွား၏။ သူ့အသံက ဟိန်းထွက်လာသည်။ “ဒါဆိုလည်း မင်းအကြောင်းနဲ့ မင်းပဲ... ဒုတိယအစ်ကိုကြီး၊ ဘယ်လိုပဲဖြစ်ဖြစ် မသေစေနဲ့... ဒါက ‌တောင်ကောင်းကင်ဘုံ ဇာမဏီနတ်မင်းရဲ့ သွေးဆက်ကို ကိုယ်စားပြုတဲ့ တံဆိပ်ပြား... ဒါက မင့်အသက်ကိုတောင် ကယ်တင်နိုင်တယ်...”

တံဆိပ်ပြားတစ်ပြားက ချင်မူ့လက်ထဲ ပျံသန်းလာသည်။

ချင်မူ အနည်းငယ် မှင်သက်သွားပြီး ခေါင်းကိုးလုံးမီးငှက်သဏ္ဍာန် ရေးထွင်းထားသော ကျောက်စိမ်းတံဆိပ်ပြားကို နဂါးချီလင်ဆီ ပေးလိုက်သည်။

ချီကျုံရီ၏ တံဆိပ်ပြားက သူ့အတွက် မဟုတ်၊ နဂါးချီလင်အတွက် ဖြစ်သည်။

“ဖက်တီးနဂါး၊ ချီကျုံရီ မင်းအပေါ် အတော်လေး ကောင်းသားပဲ”

ချင်မူ အပြုံးတစ်ခုဖြင့် ပြောလိုက်မိသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ပြန်ကြစို့”

နဂါးချီလင် မီးလျှံတိမ်တိုက်များအပေါ် နင်း၍ ချင်မူ့ကို လေပေါ် ခေါ်သွားသည်။ ချင်မူမှာ သူ့ကိုယ်ပေါ်ရှိ ဓားစက်လုံးကို မြင်လျှင် အတန်ငယ် စဉ်းစားသွားသည်။ သို့သော် နဂါးချီလင်အား ဓားစက်လုံးကို ပစ်မချခိုင်းသေးပေ။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အခြေအနေကို သူ မသိ‌သေးသည့်အပြင် သူ့အတွက် သင့်တော်သော လက်နက်လည်း မရှိသေးပေ။ ထို့အပြင် အပြီးမသတ်ရသေးသည့် ဓားစက်လုံးကို ပစ်ချလျှင်လည်း အရှိန်က ထူးထူးခြားခြား မြန်သွားမည်မဟုတ်။

‘ငါ့အရှိန်ကို တကယ် မြှင့်ပေးနိုင်တာက ငါ့မူလဝိညာဉ်ပဲ”

နဂါးချီလင်၏ ကျောပေါ်တွင် ချင်မူ မူလဝိညာဉ်ကို ထုတ်လွှတ်၍ လျှို့ဝှက်ချက်သုံးသွယ် မူလဝိညာဉ်ညီလာခံ အသုံးပြုလိုက်သည်။ မကြာမီ ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွင်းရှိ ပါရမီရှင်လူငယ်များအား စုရုံးပြီးသွား၏။ တာအိုသခင်လင်းရွှမ်၊ ဝမ့်မူရန်၊ ရှုရှန်းဟွာ၊ လင်ယွိရှို့နှင့် ကျန်ရှိသူများ၏ မူလဝိညာဉ်အားလုံး သင်ကြားရေးခန်းမထဲ၌ စုဝေးနေကြသည်။

“အခုရက်ပိုင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ လူတွေ အစုလိုက်အပြုံလိုက် သေသွား‌သေးလား” ချင်မူ မေးလိုက်သည်။

“အရှေ့တောင်ဘက်က ယုကျစ်ပြည်နယ်မှာ တစ်ညတည်းနဲ့ လူအားလုံး သေသွားတယ်”

လင်ယွိရှို့က ပြောသည်။ “မြို့တွေကနေ တောရွာတွေအထိ အားလုံး တစ်ချိန်တည်း သေကုန်ကြတာ... ကောင်းကင်တံတားအဆင့် အဆင့်မြင့်သိုင်းသမားတစ်ယောက်ဖြစ်တဲ့ ယွင်ကျစ်ပြည်နယ်အုပ်ချုပ်ရေးမှူးလည်း ပါတယ်... သူဆို နတ်ဘုရားအဆင့်တက်ဖို့ ဝေးတော့တာမဟုတ်ဘူး.... ခမည်းတော်က အဲဒီနေရာကို စစ်‌ဆေးခိုင်းလိုက်ပေမယ့် အစီရင်ခံစာတွေအရ ယုကျစ်ပြည်နယ်သားတွေအားလုံး အသက်ရှင်နေသေးသလိုပဲတဲ့... လမ်းမတွေထက်မှာ လမ်းလျှောက်နေကြသူက လျှောက်နေကြသေးတယ်... လယ်ထွန်နေတဲ့ လယ်သမားအိုကြီးတွေလည်း ရှိနေကြသေးတယ်... ဒါပေမဲ့ အားလုံး အသက်မရှူဘူးတဲ့... ခမည်းတော်က ပြည်သူတွေ တုန်လှုပ်ချောက်ချားမှာစိုးလို့ သတင်းဖုံးထားတယ်”

ချင်မူ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ “တိရစ္ဆာန်တွေရော”

“အိမ်မွေးတိရစ္ဆာန်၊ သားရဲ... တစ်ကောင်မကျန် သေနေပြီ” လင်ယွိရှို့ ပြန်ဖြေလိုက်၏။

တာအိုသခင်လင်းရွှမ်၊ ဝမ့်မူရန်နှင့် ကျန်ရှိသူများမှာ ထိုအဖြစ်အပျက်ကို မသိသေးသောကြောင့် တခဏအတွင်း သင်ကြားရေးခန်းမတစ်ခုလုံး ဆူညံပွက်လောရိုက်သွားတော့သည်။

လင်ယွိရှို့က ဆက်ပြောသည်။ “ဧကရာဇ်အတိုင်ပင်ခံ၊ ပထမဘိုးဘေးကြီး၊ အထွတ်အမြတ်ဆရာသခင်နဲ့ ချိမင်ခေတ်ရဲ့ ပညာရှင်တွေ၊ ကောင်းကင်နတ်ဆိုးတွေအားလုံး ရန်သူ့တည်နေရာကို ရှာနေကြတယ်... ရန်သူတွေက သေချာပေါက် လော့ယွင်ချီတို့ပဲ ဖြစ်မယ်”

ချင်မူ စစ်ယွင်ရှန်းဆီ ကြည့်ကာ အလေးအနက် ပြောလိုက်၏။ “ကောင်းကင်နတ်မယ်ရှန်း၊ နတ်ဂိုဏ်းသားအားလုံးကို ဆက်သွယ်ပြီး ကျောက်ရုပ်တုတွေကို စောင့်ကြည့်ထားဖို့ အကြောင်းကြားလိုက်... ငါ့ကို အချိန်နဲ့တစ်ပြေးညီ သတင်းပို့ခိုင်း”

စစ်ယွင်ရှန်းက ခေါင်းညိတ်၍ ပြောသည်။ “ကျောက်ရုပ်တုတချို့ အသက်ဝင်လာတဲ့သတင်းတွေ ရထားတယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ရတနာတိုက်ထဲက မိုးလေဝသလက်နက်တွေကိုလည်း ဖိနှိပ်နေတဲ့အကြောင်း ကြားထားသေးတယ်... မကြာသေးခင်တုန်းက လက်နက်တွေကနေ စွမ်းအားတွေ ထွက်ပေါ်လာလို့ ရတနာတိုက်ပျက်စီးသွားတယ်တဲ့... ဒီနေ့မှာပဲ နန်းစိုက်မြို့တော်မှာ ငလျင်ဆယ့်ငါးကြိမ် လှုပ်လို့ နဂါးသွေးကြောတွေလည်း အက်ကွဲနေပြီ”

အားလုံး ထိတ်လန့်သွားကြကာ တိတ်ဆိတ်ကုန်ကြ၏။

“ပြီးတော့ လူတွေ အစုလိုက်အပြုံလိုက် သေရင် ငါ့ကို ချက်ချင်း သတင်းပို့ရမယ်”

ချင်မူ အလျင်အမြန် ပြောလိုက်သည်။ “ယွိရှို့၊ ဧကရာဇ်ဆီ အကြောင်းကြားပြီး ဝိညာဉ်လမ်းညွှန်အစီအရင် ကျွမ်းကျင်တဲ့ ကျောင်းသားအားလုံး ဆင့်ခေါ်ပေးဖို့ လျှောက်တင်လိုက်... သူတို့တွေ အမြန်သင်္ဘောတွေနဲ့ ယုကျစ်ပြည်နယ်ကို သွားရမယ်... တာအိုသခင်၊ နောင်တော်ဝမ့် တာအိုဂိုဏ်းနဲ့ ကျောက်စိမ်းမြို့တော်ငယ်မှာလည်း ဝိညာဉ်လမ်းညွှန်အစီအရင် တတ်ကျွမ်းသူရှိရင် အမြန်သွားခိုင်းလိုက်ပါ... ငါတို့ သူတို့ကို ကယ်နိုင်‌လောက်သေးတယ်”

အားလုံး ခေါင်းညိတ်ကြသည်။

မူလဝိညာဉ် ညီလာခံ ရပ်နားပြီး ချင်မူ့မူလဝိညာဉ်က ခန္ဓာကိုယ်ထဲ ပြန်ရောက်လာသည်။ သူက နဂါးချီလင်ကို ယုကျစ်ပြည်နယ်ဆီ အသော့ပြေးခိုင်းလိုက်သော်လည်း အတန်ကြာသော် ရပ်ခိုင်းလိုက်၏။

နဂါးချီလင်မှာ အူကြောင်ကြောင် ဖြစ်သွားသော်လည်း သူ့အမိန့်အတိုင်း ဖြေးဖြေးမှန်မှန်သာ လျှောက်လိုက်သည်။

ချင်မူ့အမူအရာက ဆုံးဖြတ်ရခက်နေသောအမူအရာ ရှိသည်။ ယုကျစ်ပြည်နယ်သည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အရှေ့တောင်အရပ်ရှိ ကမ်းရိုးစွန်းတန်းနှင့် နီးစပ်၏။ ခရီးက ရှည်လျားသဖြင့် ရောက်ရန် တစ်ရက်ခန့် ကြာမည်။ မဆင်မခြင် တိုးဝင်သွားလျှင် ကျားဂူထဲမှ တည့်တည့်ပြေးဝင်မိသော သိုးသူငယ် ဖြစ်သွားလိမ့်မည်။

ဝိညာဉ်လမ်းညွှန်အစီအရင် တတ်ကျွမ်းသည့် ကောင်းကင်နတ်သိုင်းပညာရှင်အားလုံး ယုကျစ်ပြည်နယ်တွင် စုဝေးသွားလျှင် တခြားပြည်နယ်များ၌ ရုတ်တရက် အစုလိုက်အပြုံလိုက် သေဆုံးမှုများ ဖြစ်ပါက မည်သူမျှ သွားနိုင်မည်မဟုတ်ပေ။

‘ပြည်နယ်တစ်ခုတည်းရဲ့ အင်အားနဲ့ ကျောက်ရုပ်တွေကို အသက်သွင်းဖို့ မလုံလောက်ဘူး... ကျောက်ရုပ်တုတွေကို နိုးဖို့ လူတွေအများကြီး သေပေးရလိမ့်မယ်’

ချင်မူ့အကြည့် လှုပ်ခတ်သွားပြီး ထောင်ကျယ်အိတ်ထဲမှ ထာဝရငြိမ်းချမ်းရေးအင်ပါယာ မြေပုံ ထုတ်လိုက်သည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာသည် ယခင်မြေပြင်အနေအထားအတိုင်း မရှိတော့ပေ။ နယ်နိမိတ် ကျယ်ဝန်းသွားခဲ့သလို၊ လူဦးရေလည်း အဆများစွာ တိုးပွားလာခဲ့၏။ သို့သော် လူအရေအတွက် အများစုသည် ကုန်သွယ်လုပ်ငန်းများ ထွန်းကားသည့်‌ နေရာများ၌ စုဝေးနေကြလေသည်။

‘မာန်ဟုန်မြစ်၏ ‌ရေလမ်းကြောင်း ပို့ဆောင်ဆက်သွယ်ရေးက အတိုးတက်ဆုံးပဲ.... မြစ်နဲ့အတူ တိုးတက်နေတဲ့ မြို့တွေ အများကြီးရှိတဲ့အပြင်... လူဦးရေလည်း တစ်သန်းလောက် နေထိုင်နေကြတယ်... အထူးသဖြင့် ဒီမြစ်သင်္ချိုင်းကွေ့ပဲ.... မြစ်သင်္ချိုင်းက နန်းစိုက်မြို့တော်နဲ့ နီးတော့ ဧကရာဇ်အတိုင်ပင်ခံ၊ ပထမဘိုးဘေးကြီးနဲ့ ကျန်တဲ့လူတွေ မြန်မြန်တုံ့ပြန်နိုင်တယ်’

ချင်မူ မြေပုံကို ကြည့်လိုက်ပြီး အသင့်တော်ဆုံးနေရာမှာ ယုယွမ်ချူးယွီ၏ လီကျိုးပြည်နယ် ဖြစ်နေသေးသည်။

လီကျိုးပြည်နယ်သည် နန်းစိုက်မြို့တော်မှ ဝေးကွာသလို၊ ယုကျစ်ပြည်နယ်နှင့်လည်း အလှမ်းဝေး၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အလယ်တွင်လည်း ရှိနေသည်။

‘ငါသာ လော့ယွင်ချွီဆို အဲဒီနေရာကို ရွေးပြီး လီကျိုးပြည်နယ်က လူတွေနဲ့ ကျောက်ရုပ်တုတွေကို အသက်သွင်းမှာပဲ”

ချင်မူ မသေချာပေ။ လီကျိုးပြည်နယ်သည် ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်၏ ‌တောင်ပိုင်းတွင် ဖြစ်ပြီး မာန်ဟုန်မြစ်တက္ကသိုလ်လည်း ရှိ၏။ အမြင့်စံနန်းစဉ်အရာရှိ စုယွင်ကျစ်က ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်နေကာ ယုယွမ်ချူးယန်နှင့် ယုယွမ်ချူးယွီတို့ မောင်နှမက လက်ထောက်ပါမောက္ခများအဖြစ် တာဝန်ယူထားကြသည်။

‘သေခြင်းရှင်ခြင်းစာအုပ်နဲ့ လီကျိုးပြည်က လူအားလုံးကို စတေးလိုက်ရင် မာန်ဟုန်မြစ်တက္ကသိုလ်ကိုလည်း တစ်ခါတည်း ရှင်းပစ်နိုင်မယ်... ငါ့ရဲ့ ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်တောင် ပါသွားလောက်တယ်... လော့ယွင်ချီတို့အတွက် ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်ကိုလည်း တစ်ခါတည်း ဖယ်ရှားဖို့ မခက်ဘူး’

‘လီကျိုးနဲ့ ပါ့ကျိုးမှာက ကျောက်ရုပ်တုတွေကို အသက်သွင်းပေးနိုင်မယ့် လူအင်အားရှိတယ်.... ကျောက်ရုပ်တုတွေ အသက်ဝင်လာတာနဲ့ ကျန်တဲ့ပြည်နယ်တွေကို ဖျက်စီးဖို့ လွယ်သွားပြီ... ပြီးရင် မိုးလေဝသလက်နက်တွေနဲ့ ကပ်ဘေးလွှတ်ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာကို နင်းခြေပစ်နိုင်လိမ့်မယ်’

ချင်မူ တွေးပြီးသည့်အခါ နဂါးချီလင်ကို လီကျိုးပြည်ရှိ မာန်ဟုန်မြစ်တက္ကသိုလ်ဆီ ဦးတည်ခိုင်းလိုက်သည်။

နဂါးချီလင်သည် အလွန်မြန်၏။ သူက မာန်ဟုန်မြစ်ကို လျင်မြန်စွာ နင်းသွားသဖြင့် လှိုင်းလုံးများ ထန်နေသည်။ နဂါးကြီးနှစ်ကောင်ကလည်း ရေအောက်မှ ကူးခတ်ပြီး နဂါးချီလင်နောက်မှ လိုက်လာကြသည်။

သူတို့ တိကျန်းစီရင်စုသို့ ရောက်သည့်အခါ ချင်မူ နဂါးချီလင်ကို အောက်ဆင်းခိုင်းလိုက်သည်။ တိကျန်းစီရင်စုနှင့် မျက်နှာချင်းဆိုင်တွင် ရှိသော နှစ်တစ်ရာတောင်အပေါ်တွင် မြင်းခေါင်းဖြင့် နှင်းဖြူရောင်နတ်ဘုရားတစ်ပါးက လှမ်းကြည့်နေ၏။

ချင်မူ လက်ဝှေ့ယမ်းနှုတ်ဆက်လိုက်ပြီး နတ်ဘုရားပိုင်ရှီ ကိုယ်ယောင်ပျောက်သွားသည်။

မာန်ဟုန်မြစ်တက္ကသိုလ်အား မာန်ဟုန်မြစ်ဘေးတွင် တည်ဆောက်ထား၏။ စုယွင်ကျစ် ထိုနေရာအား ရွေးချယ်ခဲ့သည့် အကြောင်းရင်းမှာ ကုန်းနှင့်ရေရှိ လူငယ်အားလုံး သင်ယူနိုင်ရန် ဖြစ်သည်။ မာန်ဟုန်မြစ်၌ မာန်ဟုန်မြစ်နဂါးဘုရင် နဂါးထိန်းဧကရာဇ်၊ ကောင်းကင်ရေနဂါးမင်းနှင့် နတ်ဘုရားပိုင်ရှီတို့လည်း ရှိကြသည်။ နတ်ဘုရားသုံးပါးအား ဆရာအဖြစ် ဖိတ်ခေါ်လိုလျှင် ပူဇော်ပသလိုက်ရုံသာ လိုအပ်၏။ သူတို့အထဲ၌ နတ်ဘုရားပိုင်ရှီမှာ ဈေးအပေါဆုံး ဖြစ်သဖြင့် များစွာအကုန်အကျခံစရာမလိုပေ။

ချင်မူ တက္ကသိုလ်သို့ အလျင်အမြန် သွားလိုက်ရာ ကြီးမားလှသော ဝိညာဉ်လက်နက်အသစ်ကြီးများ မြင်လိုက်ရသည်။ ဝိညာဉ်လက်နက်ကြီးများအား လမ်းဘေး၌ ချထားကြပြီး ကျောင်းတော်သားများက ကောင်းကင်နတ်သိုင်းပညာရှင်တို့ကို လက်နက်ထိန်းချုပ်နည်း သင်ပေးနေကြလေသည်။

မာန်ဟုန်မြစ်တက္ကသိုလ်၏ ကျောင်းသားများမှာ ကပ်ဘေးကြီး လာနေမှန်း မသိသေးသဖြင့် တစ်နေရာလုံး လွန်စွာအေးချမ်းသာယာနေ၏။

ချင်မူက လှမ်းကြည့်လိုက်ပြီး ဝိညာဉ်လက်နက်တချို့က ဓားသွားခုနစ်လက်နှင့် သေးငယ်သော ဆေးမီးဖိုလေးတစ်လုံး ပါသည့် လေရထားလုံးများ ဖြစ်ကြောင်း မြင်လိုက်ရ၏။ ဆေးမီးဖိုထဲ ဆေးစွမ်းအင်ကျောက်တုံးများ ထည့်ပါက ဓားသွားများ လည်လာလိမ့်မည်။

ဓားသွားတို့ လည်သည့်အခါ လေဒလက်တို့က မြေပြင်ကို လှီးဖြတ်ကာ မြေလှန်ပေးနိုင်၏။

မြေကို လှန်ပြီးနောက် လေရထားလုံးကို ရှေ့ဆက်မောင်းခြင်းဖြင့် ကျန်မြေပြင်များကိုလည်း လှန်နိုင်သည်။

‘လယ်ထွန်တဲ့ ကိရိယာပဲ’

ချင်မူ အံ့အားသင့်သွားသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုများအတွင် လေကောင်းကင်နတ်သိုင်းများ ကျင့်ထားသော ကောင်းကင်နတ်သိုင်းပညာရှင်တို့သည် လယ်ထွန်ရန် အများဆုံးငှားခံရ၏။ သူတို့က လေပြင်းဓားသွားတို့ကို ထိန်းချုပ်ပေးနိုင်သည်။

သို့သော် တစ်စုံတစ်ယောက်က ဆေးစွမ်းအင်ကျောက်တုံးမှ စွမ်းအင်ဖြင့် ကောင်းကင်နတ်သိုင်း ထုတ်လွှတ်ပေးနိုင်သော လေရထားလုံးဝိညာဉ်လက်နက်တစ်မျိုးကို တီထွင်နိုင်ခဲ့ချေပြီ။ အမှန်ပင် အံ့အားသင့်ဖွယ်ရာ စိတ်ကူးဖြစ်၏။

သူက လှေရထားလုံးဘေးရှိ ကျောင်းသားအား မေးကြည့်သည့်အခါ ကျောင်းသားက ပြန်ဖြေသည်။ “လေရထားလုံးအပြင်၊ တိမ်ရထားလုံး၊ မိုးရထားလုံး၊ သတ္ထုရထားလုံးနဲ့ သတ္ထုအရည်ဖျော်မီးဖိုတွေလည်း ရှိသေးတယ်... အကုန်လုံးကို စက်မှုခန်းမနဲ့ စက်မှုစံအိမ်က ဒီဇိုင်းဆွဲပေးခဲ့တာ... ဧကရာဇ်အတိုင်ပင်ခံက ဒါတွေကို အင်ပါယာတစ်ခွင် ဖြန့်ဝေပေးမယ်တဲ့”

“ဘိုးဘိုးရွှေအက နိစ္စဒူဝသုံးနိုင်ဖို့ ဝိညာဉ်လက်နက်တွေ သွန်းလုပ်ခဲ့တာများ ဖြစ်နေမလား.... ဒါပေမဲ့ အင်ပါယာတစ်ခွင် ဖြန့်ဝေပေးလိုက်ရင် ဆေးစွမ်းအင်ကျောက်တုံးတွေ ဘယ်လောက်ပါ့မလဲ မဟုတ်ဘူးလား... ပရဆေးပင်အတွက် အရွယ်ရောက်ဖို့တောင် အချိန်လိုအပ်တယ်လေ’

ချင်မူ မေးလိုက်သည်။ “ကျောင်းထဲမှာ ပါမောက္ခချုပ် စုယွင်ကျစ်ရှိလား”

“ပါမောက္ခချုပ် ရှေ့မှာ ရှိပါတယ်... တော်ဝင်သမားတော်ခန်းမက ကျောက်စိမ်းမျက်နှာ အဆိပ်ဘုရင်နဲ့ ဆေးခင်းတွေ ကြည့်နေတယ်”

ချင်မူ ရင်ထဲ လှုပ်ရှားသွား၏။ ‘ဘိုးဘိုးဆေးဆရာလည်း ဒီရောက်နေတာလား... ဧကရာဇ်မယ်တော်ကြီးနဲ့ ကျန်တဲ့အလှလေးတွေနဲ့ အတူရှိနေတာမဟုတ်ဘူးလား.... အရာရှိမင်း စုယွင်ကျစ်နဲ့လည်း ဘာဘာညာညာ ဖြစ်နေတာပြန်လား... ဖွီ ဖွီ ငါကတော့ ဘိုးဘိုးဆေးဆရာကို နောက်ကွယ်မှာ အတင်းပြောနေမိပြီ”

All Chapters