မီးနှင့် ဆော့နေသော ကောင်းကင်နယ်စားမင်း
Vol. 52 Ch. 705
ချင်မူ ရင်ထဲတွင် လေးလံသွားပြီး ရှိသမျှအင်အားအကုန် စုစည်းကာ ဝိညာဉ်လမ်းညွှန်အစီအရင် ထုတ်လွှတ်လိုက်သည်။ လပြည့်ဝန်းပေါ်မှ လူသုံးယောက် အောက်ရောက်မလာခင် သူက တန်ခိုးရှင်သစ်ခုတ်သမား၊ ပထမဘိုးဘေးကြီးနှင့် ကျန်ရှိသူများ၏ မူလဝိညာဉ်များကို ယိုတုဆီမှ ပြန်ခေါ်ရန် ကြိုးစားနေ၏။
ဆင်းလာနေသော လူသုံးယောက်သည် လော့ယွင်ချွီနှင့် သူ၏ဆရာတူညီများအပြင် တခြားမဟုတ်ပေ။ ချင်မူ ခန့်မှန်ထားသလို လီကျိုးပြည်နယ်ထဲ သူတို့ ဝင်မလာခဲ့ကြောင်း ထင်ရှားပေသည်။
ချင်မူမှာ လော့ယွင်ချွီတို့ ဆရာတူညီအစ်ကိုသုံးယောက် လီကျိုး၏ကောင်းကင်ထက်မှ သေခြင်းရှင်ခြင်းစာအုပ်၏ အလင်းရောင်ကို ဖြန့်ကျက်လိမ့်မည်ဟု ထင်ထားခဲ့မိသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီမှ မိုင်တစ်သိန်းကွာဝေးသော ‘လ’ ထဲ ဝင်သွားလိမ့်မည် မထင်ထားခဲ့ပေ။
ကောင်းကင်က မိုင်တစ်သိန်းမြင့်မားပြီး ကိုက်တစ်ထောင်သာ ထူသည်။ နေ၊ လနှင့် ကြယ်တာရာများ၏ ဝင်္ကပါအားလုံး ကောင်းကင်တွင် စုဝေးနေသည့်အပြင် ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားများလည်း ထိုနေရာကို စောင့်ကြပ်နေကြ၏။ သူတို့က အောက်ဘုံရှိ လူသားတို့ကို လိမ်ညာရန် နက္ခတ်တာရာအတုများကို ထိန်းချုပ်ထားကြသည်။
လော့ယွင်ချွီတို့အနေဖြင့် သေခြင်းရှင်ခြင်းစာအုပ်ကို လ၏ဝင်္ကပါအပေါ် တင်ပြီး လစွမ်းအားဖြင့် လီကျိုးပေါ် ဖြန့်ကျက်ခဲ့ခြင်းဖြစ်မည်။
ယခုညသည် လဆန်းတစ်ရက် ဖြစ်သောကြောင့် လမရှိပေ။ တခြားနေရာများတွင် လမရှိသော်လည်း လီကျိုးပြည်နယ်တစ်ခုတည်းတွင်သာ လကို မြင်ရခြင်းဖြစ်၏။
လီကျိုးပြည်နယ်သားများ၊ ကောင်းကင်နတ်သိုင်းပညာရှင်များနှင့် စုယွင်ကျစ်လို နတ်ဘုရားများပင် ထောင်ချောက်ထဲ ကျသွားခဲ့သည်။
စုယွင်ကျစ်သာမဟုတ်။ တန်ခိုးရှင်သစ်ခုတ်သမားလည်း လော့ယွင်ချွီ လကို အသုံးချမည် မထင်ထားခဲ့ပေ။ လရောင် ဖြာကျလာသည့်အချိန်၌မူ အားလုံး နောက်ကျလွန်းသွားချေပြီ။
တန်ခိုးရှင်သစ်ခုတ်သမား၊ ပထမလူသားဧကရာဇ်၊ ဖုရွေ့လော် နှင့် ချိရှီတို့၏ သိုင်းအဆင့်များက တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းအောင် နက်နဲလှသော်လည်း လက်ဦးမှု မရယူနိုင်ခဲ့ပေ။ မင်တုမဟူရာနတ်မင်း ဖန်တီးထားသော သေခြင်းရှင်ခြင်းစာအုပ်ကဲ့သို့ ရတနာတစ်ပါး၏ ရှေ့မှောက်တွင် လက်ဦးမှုမရယူနိုင်ခြင်းသာ အသက်ဆုံးရှုံးခြင်းသာ မည်၏။
အမှားလေးတစ်ခုက လီကျိုးရှိ လူတိုင်းကို သေဆုံးသွားစေသည်။ ချင်မူတစ်ယောက်သာ ကျန်ခဲ့၏။
ချင်မူ ကျန်ခဲ့ရသည့် အကြောင်းရင်းမှာလည်း ယိုတုသားတော်ဖြစ်နေသဖြင့် သေခြင်းရှင်ခြင်းစာအုပ်က သူ့ကို မထိန်းချုပ်နိုင်၍ပင်။
‘အခြေအနေကို ပြောင်းပြန်လှန်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက သူတို့ရဲ့ မူလဝိညာဉ်တွေကို ပြန်ခေါ်ဖို့ပဲ... မဟုတ်ရင် ငါ တစ်ယောက်တည်း လော့ယွင်ချွီတို့ကို မတိုက်ခိုက်နိုင်ဘူး’
ချင်မူ ကောင်းကင်နတ်သိုင်းကို ထုတ်ဖော်လိုက်သည်နှင့် သူ့အနောက်၌ ကောင်းကင်အလိုတော်မုခ်ဝ ပေါ်လာသည်။ ယိုတုဘာသာစကားက ဌာန်ကရိုဏ်းမှန်မှန်ဖြင့် သူ့နှုတ်မှ ထွက်လာကာ ကောင်းကင်အလိုတော်မုခ်ဝ ပွင့်သွားသည်။ တမုဟုတ်ချင်း ဝိညာဉ်များ တဝေါဝေါ ပျံထွက်လာ၏။
“တန်ခိုးရှင်သစ်ခုတ်သမားနဲ့ ကျန်တဲ့လူတွေရဲ့ ဝိညာဉ်တွေ ဘာလို့ ဒီမှာ ရှိမနေတာလဲ” ချင်မူ တဖြည်းဖြည်း စိတ်လေးလံလာသည်။
သူ ဝိညာဉ်လမ်းညွှန်အစီအရင် ထုတ်လွှတ်လိုက်တိုင်း ရုပ်အလောင်းရှိနေသရွေ့ ဝိညာဉ်ကို အာရုံခံကာ ပြန်လမ်းညွှန်ပေးနိုင်သည်။
သို့တိုင်အောင် ယခုတွင် သူ၏ကောင်းကင်နတ်သိုင်းဖြင့် ယိုတုတစ်ခွင် မည်မျှလိုက်ရှာစေကာမူ တန်ခိုးရှင်သစ်ခုတ်သမား၊ ပထမလူသားဧကရာဇ်နှင့် ကျန်ရှိသူတို့၏ ဝိညာဉ်များကို သူ အာရုံခံမရပေ။
လပြည့်ဝန်းသည် ကောင်းကင်ယံ၌ ခိုတွဲနေဆဲဖြစ်ပြီး ဆင်းလာသည့် လူသုံးယောက်၏ အလျင်က အတိုင်းထက်အလွန် မြန်သည်။ အစက်အပြောက်လေးသုံးခုက ပကတိမျက်လုံးဖြင့် မြင်ရသည့်တိုင်အောင် တစတစ ကြီးမားလာလေသည်။
ချင်မူ အစီအရင်ရွတ်ဖတ်ရာတွင်သာ အာရုံစိုက်ထားပြီး သူ့နဖူးမှ ချွေးစေးများ ကျနေသည်။ သူက ရုတ်တရက် အံတင်းတင်းကြိတ်၍ မျက်ခုံးနှစ်ဖက်ကြားမှ ရွှေရောင်မိုးမခသစ်ရွက်ကို ခွာလိုက်၏။ “ကောင်းကင်နယ်စားမင်း၊ ချိဧကရာဇ်... ဒီကိစ္စက ကျွန်တော့်သေရေးရှင်ရေး ဖြစ်နေတယ်... မင်တုရဲ့ ဒီမိစ္ဆာနတ်ဘုရားသုံးပါးကို တိုက်ခိုက်ဖို့ အစ်ကိုကြီးရဲ့စွမ်းအား ငှားမှ ဖြစ်တော့မယ်”
သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ ချင်စာလုံးမြေပြင်ထက်တွင် ကလေးကြီးသည် သူ့ခြေမသူ စုပ်နေရာမှ ချင်မူ့အသံ ကြားလျှင် ဘေးဘီဝဲယာကို စပ်စပ်စုစု ကြည့်၏။ “ညီဆိုးလေး ငါ့ကို စားချင်နေတာလား... ဒါပေမဲ့ သူ ငါ့ကို အရသာအများကြီးရှိတဲ့ အစာလည်း ကျွေးထားသေးတယ်.... စောစောက ဘူးလေးက သိပ်အရသာရှိတာ...’
ကလေးကြီးချင်ဖုန်းကျင့်က အငြိုးအတေးကြီးပြီး ချင်မူ သူ့စွမ်းအားကို ငှား၍ သူ့အား စားတော့မလို ဖြစ်ခဲ့သည့် အချိန်အား မှတ်မိနေသေး၏။
သို့သော် ချင်မူက နတ်ဘုရားစီရင်ရာဓားမဆီမှ သွေးရောင်အလင်းတစ်ခုအား သူ့ဆီ ကျွေးခဲ့သည်။ ထိုသွေးရောင်အလင်းမှာ သွေးစိတ်ဝိညာဉ်များမှ ဖွဲ့တည်နေခြင်းဖြစ်၍ ၎င်းကြောင့် သူ အတော်လေး ဗိုက်ပြည့်နေသည်။ ထို့ကြောင့် ချင်မူ့အပေါ် တေးထားသော အငြိုး နည်းနည်းလေး လျော့ကျသွား၏။ သို့ပင်ငြား နည်းနည်းလေးသာ ဖြစ်သည်။ ချင်မူ့ကို မကူညီချင်သေးပေ။
ချိဧကရာဇ်နှင့် ကောင်းကင်နယ်စားမင်း တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ဆွေးနွေးကြသည်။ “ငါတို့ အခု ဘာလုပ်သင့်သလဲ... ယိုတုသားတော်ရဲ့စွမ်းအားကို သူ့ဆီ ပေးလိုက်ရင် သူ မိစ္ဆာနတ်ဆိုးဖြစ်သွားမှာ... မပေးရင်လည်း အငယ်ကောင် သေသွားပြီး အကြီးကောင်က ထိန်းချုပ်နိုင်သွားလိမ့်မယ်... အကြီးကောင် စားလို့ကတော့ မင်တုတပည့်တွေ လှုပ်ရှားစရာတောင် မလိုဘူး... သူတစ်ယောက်တည်းနဲ့တင် ထာဝရငြိမ်းချမ်းရေးအင်ပါယာတစ်ခုလုံး စားပစ်လိုက်ပြီး ယိုတုနောက်တစ်ခု ပြောင်းပစ်လိုက်လိမ့်မယ်”
“ယိုတုဖြစ်တဲ့အထိ စားပစ်တာက တော်သေးတယ်... သရဲတစ္ဆေတွေတောင် မချန် စားပစ်မှာပဲ ကြောက်တာ... ဒီနေ့အတွက် တစ်ခုတည်းသော အစီအစဉ်က အငယ်ကောင်ကို စွမ်းအားငှားလိုက်ဖို့ပဲ... ဒါပေမဲ့ အဲဒီလိုလည်း မလုပ်သင့်ဘူး”
ကောင်းကင်နယ်စားမင်းက ပြောသည်။ “ငါတို့ သူ့ကို အကုန်ငှားပေးလိုက်ရင် ဧကရာဇ်ပလ္လင်အဆင့်ပဲ သူ့ကို နှိမ်နင်းနိုင်တော့မှာ... နည်းနည်းလေးပဲ ငှားရင်တော့ မိစ္ဆာစရိုက် လွယ်လွယ်ဝင်လာမှာ မဟုတ်ဘူး... ဒါဆို ငါတို့ အခြေအနေကို ထိန်းနိုင်လောက်တယ်”
ချိဧကရာဇ် ချီတုံချတုံ ပြောလိုက်မိ၏။ “မင်း မီးနဲ့ ဆော့ရတာ မကြောက်ဘူးလား”
ကောင်းကင်နယ်စားမင်းက ဟက်ခနဲ ရယ်လိုက်ကာ ယုံကြည်ချက်အပြည့် ရှိနေသည်။ “မပူနဲ့ ... ငါ မီးနဲ့ ဘယ်တော့မှ မဆော့ပါဘူး... လာ၊ ငါ့ကို ကူပေးဦး... အတားအဆီးအစီအရင်ကို နည်းနည်းလေး ဟလိုက်ကြမယ်... အကြီးကောင် ထွက်မသွားအောင် အကုန်လုံး ဖွင့်လို့တော့ မရဘူး... အကြီးကောင်က အငယ်ကောင်လောက် ဉာဏ်မများပေမယ့် ဦးနှောက်ကောင်းတယ်... အငယ်ကောင်ကိုလည်း ယိုတုဆီ စွမ်းအားအများကြီး ပေးလိုက်လို့ မဖြစ်ဘူး၊ အမှားမပါအောင်လည်း လုပ်ရမယ်... အခု ပြဿနာက အကြီးကောင် သူ့စွမ်းအားငှားချင်အောင် ဘယ်လိုနားချရမလဲ ဆိုတာပဲ”
နှစ်ယောက်လုံး ဧရာမကလေးကြီးကို ကြည့်လိုက်ကြပြီး ချိဧကရာဇ်က ခပ်တိုးတိုး ပြောလိုက်၏။ “နည်းနည်းတော့ ခက်လိမ့်မယ်နော်”
ကလေးကြီးက ယက်ကန်ယက်ကန်ဖြင့် ကုန်းထပြီး သရော်တော်တော် ပြောသည်။ “မုတ်ဆိတ်ဖြူဘိုးတော်ကြီး၊ ခေါင်းသုံးလုံး... မင်းတို့ ငါ့ကို လာထိဖို့ တွေးနေတယ်ပေါ့လေ သေချင်နေလား”
လောလောဆယ်တွင် ချင်မူ နက္ခတ်ကြည့်မျှော်စင်ထက်၌ အစီအရင်ရွတ်ဖတ်နေစဉ်၊ အလင်းတန်းတစ်တန်းက သူ့ကျောနောက်ရှိ ကောင်းကင်အလိုတော်မုခ်ဝအပေါ် ကျရောက်လာကာ ဖျက်စီးပစ်လိုက်သည်။ လော့ယွင်ချွီ၊ ခွေ့ချင်းပိုင်နှင့် ဖုယန်ချီတို့ ကောင်းကင်မှ ဆင်းသက်လာပြီး နက္ခတ်ကြည့်မျှော်စင်၏ ကောင်းကင်ထက်တွင် ရပ်လိုက်ကြသည်။
‘နောက်ကျသွားပြီ’
ချင်မူ မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရားအသိစိတ်အလျဉ်ကို လှည့်ပတ်လိုက်သည့်တိုင် မျက်ခုံးနှစ်ဖက်ကြားမှ စွမ်းအား ထွက်မလာသေးပေ။ သူ စိုးရိမ်ပူပန်လာ၏။
“ချင်ဖုန်းကျင့်၊ မင်း သူတို့ဝိညာဉ်တွေကို ဆင့်ခေါ်နိုင်ရင်တောင်မှ အခြေအနေကို ပြောင်းပြန်မလှန်နိုင်ဘူး”
လော့ယွင်ချွီက ကောင်းကင်ယံမှ လမ်းလျှောက်ဆင်းလာပြီး အပြုံးတစ်ခုဖြင့် ပြောသည်။ “ဘာကြောင့်ဆို သူတို့က ယိုတုမှာမှ မဟုတ်တာ... ငါ သူတို့ကို မင်တုဆီ ပို့လိုက်ပြီ... မင်းအနေနဲ့ ဝိညာဉ်လမ်းညွှန်အစီအရင် သုံးပြီး ယိုတုက ဝိညာဉ်တွေကို ပြန်ခေါ်နိုင်တယ်... ဒါပေမဲ့ သူတို့ဝိညာဉ်တွေကို မင်း ပြန်မခေါ်နိုင်တော့ဘူး”
ချင်မူ မျက်လုံးများ မှေးကျဉ်းကာ ပြုံးလျက် ပြောလိုက်သည်။ “သူတို့မူလဝိညာဉ်တွေကို အာရုံခံမရတာ ဒါကြောင့်ကိုး... မင်တုဆီ ရောက်သွားတာပေါ့လေ... မင်တုရဲ့ မှော်အစီအရင်တွေက ယိုတုဆီက အခြေခံထားတာဆိုတော့ သဘောတရားအရ ပြောရရင် ကျွန်တော့်မှော်အစီအရင်တွေလည်း မင်တုထဲက လူတွေကို ပြန်ခေါ်နိုင်သင့်တယ်... အရင်တုန်းက ယိုတုနဲ့ ဖုန်းတုက ဝိညာဉ်တွေကို ပြန်ခေါ်ဖူးတယ်... မင်တုကတော့ ဒါ ပထမဆုံးပဲ”
ချွေ့ချင်းပိုင်က ကောင်းကင်မှ ဆင်းလာပြီး ချင်မူ့ညာဘက်သို့ လျှောက်လာသည်။ သူက ပျင်းရိပျင်းတွဲ ပြောနေ၏။ “မင်တုထဲက လူတွေကို ပြန်ခေါ်တာက ယိုတုကနေ ပြန်ခေါ်တာထက်တောင် ခက်သေးတယ်... မင်တုက ယိုတုရဲ့ တစ်စိတ်တစ်ပိုင်းဆိုတာ မှန်တယ်.... ဒါပေမဲ့ ယိုတုကို အခြေခံထားတဲ့ ကောင်းကင်နတ်သိုင်းတွေကို မဟူရာနတ်မင်း ပြောင်းလဲထားတာ ကြာပြီ”
ချင်မူ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ဒါဆို နောင်ကြီးတို့သုံးယောက် စမ်းကြည့်မလား... ကျွန်တော် မင်တုက လူတွေကို ပြန်ခေါ်နိုင်လောက်တယ်... မဟူရာနတ်မင်းရဲ့ ဟာကွက်ကိုလည်း ရှာတွေ့လောက်တယ်... ကျွန်တော် ဟာကွက်ကို ရှာတွေ့သွားရင် နောင်ကြီးတို့ ပြုပြင်နိုင်တာပေါ့”
ဖုယန်ချီသည် သူ့အနောက်မှ ထွက်လာ၏။ “ယိုတုသားတော်၊ အချိန်ဆွဲနေစရာမလိုဘူး... ဆရာက မင်တုရဲ့ မဟူရာနတ်မင်းအနေနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကိစ္စတွေကို ကိုယ်တိုင် ကိုင်တွယ်နေတယ်... သူ ကိုယ်တိုင်ဝင်ပါမှတော့ သူ့အတွက် ထာဝရငြိမ်းချမ်းရေးအင်ပါယာက ဘယ်လောက်အရေးကြီးမှန်း ပေါ်လွင်နေပြီ... ဒါက ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက် အဆုံးသတ်လည်း ဖြစ်လိမ့်မယ်”
ချင်မူမှာ ရင်ထဲ လေးလံသွားတော့သည်။ ကောင်းကင်ယင်သားတော်ကိုယ်တိုင် ဝင်ပါနေပြီတဲ့လော။
တန်ခိုးရှင်သစ်ခုတ်သမားနှင့် ပထမလူသားဧကရာဇ် ထောင်ချောက်ထဲ ကျသွားသည်မှာ အံ့ဩစရာမရှိပေ။
ကောင်းကင်ယင်သားတော်၏ သိုင်းအဆင့်သည် တိုင်းထွာ၍မရနိုင်အောင် ဖြစ်၍ သူကိုယ်တိုင် ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီသို့ ကပ်ဘေးများ စေလွှတ်လျှင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ မည်သို့မျှရှင်သန်နိုင်တော့မည် မဟုတ်ပေ။
“ဆရာ မင်းကို တွေ့ချင်နေတယ်... ဆရာက ထာဝရငြိမ်းချမ်းရေးအင်ပါယာကို သိပ်စိတ်ဝင်စားတာမဟုတ်ဘူး... မင်းကိုပဲ စိတ်ဝင်စားတာ... တစ်ခါက ဆရာတူညီလေး ချီကျုံရီကို လွှတ်ပြီး မင်းကို ဖမ်းလာခိုင်းခဲ့ပေမယ့် ချီကျုံရီက အသုံးမကျခဲ့ဘူး... ဒါကြောင့် ငါတို့ကို လွှတ်လိုက်တာပဲ”
လော့ယွင်ချွီက ပြောသည်။ “ချီကျုံရီ မင်းကို ဖမ်းဖို့ သုံးခဲ့တဲ့ ကြေးမုံ... မင်းဆီမှာ ရှိသေးတယ်မဟုတ်လား”
ချင်မူ ထာဝရနတ်ဘုရားအသိစိတ်အလျဉ်ကို တိတ်တဆိတ် ဆက်လက်လှည့်ပတ်ရင်း သူ့အစ်ကိုကြီးဆီမှ စွမ်းအား ခိုးယူရန် ကြိုးစားနေသော်လည်း မအောင်မြင်ပေ။ ထိုအခိုက်အတန့်တွင် မျက်ခုံးနှစ်ဖက်ကြားမှ စိမ့်ထွက်လာသော စွမ်းအားတစ်လှိုင်းကို သူ ရှာတွေ့သွား၏။ ချင်မူ ဝမ်းသာသွားသော်လည်း တည်တည်ငြိမ်ငြိမ် နေ,နေသည်။
“နောင်ကြီးတို့ သုံးယောက် ပြောတဲ့ ကြေးမုံက ကျွန်တော် ချီကျုံရီဆီက ယူခဲ့တဲ့ဟာလား”
ချင်မူ ထောင်ကျယ်အိတ်ကို မွှေနှောက်၍ ပြောလိုက်သည်။ “ခဏလေးနော် ရှာကြည့်ဦးမယ်”
လော့ယွင်ချွီက အပြုံးတစ်ခုဖြင့် ပြောလေသည်။ “အဲဒီကြေးမုံက ဆရာကိုယ်တိုင် မင်းကို ဖမ်းဖို့အတွက် ဖန်တီးထားတဲ့ဟာပဲ... ထုတ်ပြီး မင်းကိုယ်မင်း ကြည့်လိုက်တာနဲ့ မင်း လှုပ်မရဘူးဖြစ်လိမ့်မယ်... ငါတို့လည်း အချိန်ကုန်သက်သာတာပေါ့”
ချင်မူ ထောင်ကျယ်အိတ်ထဲမှ မှန်တစ်ချပ် ထုတ်သည်။ သူက ခေါင်းယမ်းကာ ပြောလိုက်၏။ “ဒါ မဟုတ်ဘူး” ထိုသို့ပြောပြီးနောက် ထောင်ကျယ်အိတ်ကို ထပ်မွှေနေသည်။
“ဒါလည်း မဟုတ်ပြန်ဘူး” သူက နောက်တစ်ချပ် ထုတ်၍ သူ့ကိုယ်သူ ကြည့်ပြီးနောက် ခေါင်းယမ်းကာ လွှင့်ပစ်လိုက်သည်။
လော့ယွင်ချွီတို့က စိတ်ရှည်လက်ရှည် စောင့်နေပြီး တခဏလေးအတွင်း ချင်မူကား ထောင်ကျယ်အိတ်ထဲမှ မှန်ဆယ်ချပ်ကျော် ထုတ်ပြီးချေပြီ။ သူက မှန်တိုင်း ကြည့်နေသော်လည်း မှန်တစ်ချပ်မှ သူ့အား မထိန်းချုပ်နိုင်ပေ။
တဖြည်းဖြည်း လော့ယွင်ချွီတို့ စိတ်ရှည်သည်းခံနိုင်စွမ်း ကုန်ခမ်းလာ၏။ ချင်မူက မှန်အချပ်ပေါင်းများစွာ ထုတ်နေသော်လည်း မင်တုမဟူရာနတ်မင်း ဖန်တီးထားသည့် ကြေးမုံမှာ ပေါ်မလာပေ။
“ယောက်ျားကြီးဖြစ်ပြီး ဒီလောက် မှန်အများကြီး ဘာလို့ဆောင်ထားတုန်းကွ” ဖုယန်ချီမှာ စိတ်အချဉ်ပေါက်သွားသဖြင့် အော်ငေါက်လိုက်သည်။
“ကျွန်တော်က ရုပ်ချောနေတော့ ဘယ်တတ်နိုင်မလဲဗျာ... မှန်လေး ဘာလေး ဆောင်ထားရတာပေါ့” ချင်မူက ခေါင်းမော့ပြီး ရှက်နေသည်။
ဖုယန်ချီ ဒေါသတကြီး အော်လိုက်တော့သည်။ “လူ့ခန္ဓာက အပုပ်ကောင်ကြီးပဲ... သေတာနဲ့ ခန္ဓာကို စွန့်ပြီး နောက်ဘဝပြောင်းရတာကို အခုလို ဂရုစိုက်နေတော့ ဘာထူးမှာလဲ... ငါ့လက်ကို ကြည့်၊ လက်မတစ်ချောင်းပဲ ကျန်တယ် ကျန်လက်ချောင်းတွေ အကုန်ပြတ်နေပြီ... ငါ မင်းလောက် ဂရုစိုက်မနေဘူး”
သူက ညာလက်ကို မြှောက်ပြပြီး ညာလက်တွင် လက်မတစ်ချောင်းသာ ရှိ၏။
ချင်မူက ပြန်မဖြေဘဲ မှန်တစ်ချပ် ထုတ်ကာ သူ့ကိုယ်သူ ကြည့်သည်။ ရုတ်တရက် သူ့ခန္ဓာကိုယ် တောင့်တင်းသွားပြီး သူ မလှုပ်နိုင်တော့ပေ။
လော့ယွင်ချွီတို့ ဟင်းခနဲ သက်ပြင်းချမိကြသည်။ ခွေ့ချင်းပိုင်က ပြော၏။ “ဒီကိစ္စ ဒီလောက်နဲ့ ပြီးပြီထင်တယ်... ကပ်ဘေး သယ်လာမယ့် ကပ်ဘေးနတ်ဘုရားတွေ မကြာခင် အသက်ဝင်လာတော့မယ်... ဒီနေရာက အန္တရာယ်မကင်းတော့ဘူး... ဒီပြဿနာထဲ ဆွဲသွင်းမခံရအောင် မင်တုဆီ မြန်မြန်ပြန်ကြစို့”
မာန်ဟုန်မြစ်တက္ကသိုလ်အနား၌ ကျောက်ရုပ်တုတစ်ရုပ် ရှိပြီး ကျောက်ရုပ်တုသည် တစတစ သွေးရောင်သမ်းလာကာ ကျောက်သားများ ပျောက်ကွယ်နေ၏။ သူ၏ခန္ဓာကိုယ်မှ တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းကင်အင်အားလှိုင်းများ ဖြာထွက်နေသဖြင့် ပတ်ဝန်းကျင်ဟင်းလင်းပြင်၌ ဂယက်များ ထနေသည်။
လော့ယွင်ချွီတို့အားလုံး အားလှိုင်းတို့ကို ခံစားရ၍ ထိတ်လန့်လာကြသည်။
ဤကျောက်ရုပ်တုများအတွက် ကောင်းကင်နတ်ဘုံတွင် နာမည်တစ်ခု ရှိသည်။ ထိုနာမည်က — ‘ကပ်ဘေးနတ်ဘုရား’ ဖြစ်’၏။
ကပ်ဘေးနတ်ဘုရားတို့သည် ကန့်သတ်ချက်များကို ဆန့်ကျင်သော အောက်ဘုံလူ့ပြည်အပေါ် ကပ်ဘေးစေလွှတ်ရန် ကောင်းကင်နတ်ဘုံမှ အသုံးချသည့် နတ်ဘုရားများဖြစ်ကြသည်။ ကပ်ဘေးနတ်ဘုရားတို့ ဆင်းသက်လာသည်နှင့် တစ်ကမ္ဘာလုံး ဖရိုဖရဲ ပျက်စီးရသည်။ အတိတ်တုန်းက သာမန်ကမ္ဘာတစ်ခုဆီသို့ ကပ်ဘေးနတ်ဘုရားတစ်ယောက်၊ နှစ်ယောက်သာ အလွန်ဆုံး ဆင်းလာတတ်၏။ နှစ်ယောက်မျှနှင့် တစ်ကမ္ဘာလုံးဖျက်စီးပစ်ရန် လုံလောက်သည်။ သို့သော် ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက်မူ မတူညီပေ။ တစ်ပြိုင်တည်း ဆင်းသက်လာခဲ့ကြသည့် ကပ်ဘေးနတ်ဘုရားပေါင်း အယောက်သုံးဆယ်ကျော်၏။
ထိုတင်မကသေး၊ ကပ်ဘေးနတ်ဘုရားတို့နှင့်အတူ မိုးလေဝသလက်နက်များလည်း ပါလာခဲ့သည်။
ယင်းကဲ့သို့ မိုးလေဝသလက်နက်များအား ကပ်ဘေးနတ်လက်နက်များဟု ခေါ်နေပြီး သတ္တဝါများကို အပြစ်ပေးရန် အသုံးပြုသော လက်နက်များဖြစ်သည်။ ကောင်းကင်နှင့်မြေပြင်မှ မွေးဖွားလာခဲ့သည့် ရှေးဟောင်းနတ်ဘုရားများမှ ဖန်ဆင်းပေးထားခြင်း ဖြစ်၏။ ကပ်ဘေးနတ်လက်နက် တစ်ခု၊ နှစ်ခုဖြင့် ကမ္ဘာတစ်ကမ္ဘာကို ဖျက်စီးပစ်ရန် လုံလောက်သည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် ထိုကဲ့သို့ လက်နက်ပေါင်း ဒါဇင်ချီသည်။
ကပ်ဘေးနတ်လက်နက်များဖြင့် ကပ်ဘေးနတ်ဘုရားတို့သည် တစ်လောကလုံးအား အစိတ်စိတ်အမြွှာမြွှာ ခြေညက်ပစ်နိုင်သော တပ်သားတစ်စိတ် ဖြစ်၏။
ကပ်ဘေးနတ်ဘုရားတို့သည် မည်သူ့ကိုမှ မသိပေ။ ကပ်ဘေးနတ်လက်နက်များလည်း အလားတူသာ။ ထို့ကြောင့် ကြားညပ်မသွားအောင် ကပ်ဘေးမစတင်ခင် လော့ယွင်ချွီတို့ ထွက်သွားရန် လိုအပ်သည်။
ခွေ့ချင်းပိုင်က လျှောက်လာပြီး ပြုံးလျက် ချင်မူ့လက်ထဲရှိ ကြေးမုံကို ဆွဲယူလိုက်သည်။ “ဒီမင်တုကျောက်စိမ်းကြေးမုံကို သွန်းလုပ်ဖို့ ဆရာ အတော်လေး အားစိုက်ခဲ့ရတယ်... အပြီးသတ်ဖို့နဲ့တင် လေး၊ ငါးနှစ် အချိန်ယူခဲ့ရတယ်... ဒီရတနာက ယိုတုသားတော်ကို ဖမ်းဖို့ ဖြစ်ခဲ့ပေမယ့် ချီကျုံရီကြောင့် ဒီအကောင်စုတ်လေးလက်ထဲ ရောက်သွားမယ် ဘယ်ထင်ခဲ့ပါ့မလဲ... ဒီအကောင်စုတ်လေးက ဉာဏ်များပေမယ့် ငါတို့ထောင်ချောက်ထဲ ကျသွားသေးတယ်... သူ့ကို ကိုင်တွယ်ရတာ ထင်သလောက်လည်း မခက်ပါဘူး...”
သူ့လက် မင်တုကျောက်စိမ်းကြေးမုံကို လှမ်းဆွဲလိုက်သည့်အချိန်မှာပဲ ချင်မူ့လက်ဝါးကလည်း သူ့လက်ကို ဖမ်းဆုပ်လိုက်သည်။
“ဟုတ်လား” ချင်မူ့အသံက သူ့နားထဲ ဝင်လာသည်။ အသံသည် ကြားလိုက်ရသည်နှင့် တခိုက်ခိုက် တုန်သွားစေသည်အထိ ကျောချမ်းဖွယ်ကောင်း၏။
ခွေ့ချင်းပိုင် ခေါင်းမော့လိုက်သည့်အခါ ချင်မူ့မျက်လုံးသုံးလုံးမှ လိပ်ပြာတောင်ပံသဏ္ဍာန် အလင်းရောင်ဖြာထွက်နေကြောင်း မြင်လိုက်ရသည်။
ခွေ့ချင်းပိုင် သွေးများအေးစက်သွားတော့သည်။ “ယိုတုသားတော်၊ မင်း အချုပ် မခံလိုက်ရဘူးလား...”
“အချုပ်ခံလိုက်ရတာ ငါ့အစ်ကိုကြီးပဲ”
ချင်မူ၏ ကျန်လက်တစ်ဖက်က ခွေ့ချင်းပိုင်၏ ဦးခေါင်းကို ဖမ်းဆုပ်ကာ အားကုန် လှည့်ချိုးပစ်လိုက်သည်။ ခွေ့ချင်းပိုင်မှာ သူ့တင်ပါးနှင့် ခြေဖနောင့်ကိုပင် မြင်လိုက်ရ၏။
ထွမ်
ချင်မူ့မျက်လုံးသုံးလုံးဆီမှ အလင်းတန်းသုံးတန်း ထွက်လာပြီး ခွေ့ချင်းပိုင်၏ နောက်စေ့အား ထုတ်ချင်းဖောက်ထွက်သွားသည်။
“ချီကျုံရီ မင်းကို ဘာမှ မပြောခဲ့ဘူးလား... သူ ဒီကြေးမုံနဲ့ ငါ့ကို ချုပ်ဖို့ ကြိုးစားခဲ့ပေမယ့် မချုပ်နိုင်ခဲ့ဘဲ ငါ့ကို ရှုံးသွားတယ်လေ”
ချင်မူ ပါးစပ်ဟ၍ အသက်ရှိုက်သွားလိုက်သည့်အခါ မင်တုဆီ ထွက်ပြေးတော့မည့် ခွေ့ချင်းပိုင်၏ မူလဝိညာဉ်မှာ ချင်မူ့ပါးစပ်ထဲ ပျံသန်းလာတော့သည်။
“မင်းက သိပ်တုံးအမှတော့ လူပြန်ဝင်စားမနေနဲ့... မင်းရဲ့ မူလဝိညာဉ်ကို ငါ့ဆီ ကျွေးလိုက်”
လော့ယွင်ချွီနှင့် ဖုယန်ချီတို့၏အမူအရာများ အကြီးအကျယ် ပြောင်းလဲသွားပြီး ခွေ့ချင်းပိုင်ကို ကယ်တင်ရန် အပြေးရောက်လာကြသော်လည်း ဘန်းခနဲ မြည်သံကြီး ကြားလိုက်ရသည်။ ဖုယန်ချီ နောက်လွင့်ထွက်သွားသော်လည်း လော့ယွင်ချီသည် နတ်ဘုရားစီရင်ရာအဆင့် နတ်ဘုရားတစ်ပါး ဖြစ်၏။ သူ၏သိုင်းစွမ်းအားက ပိုမိုမြင့်မားသဖြင့် ချင်မူ့အား ထိုးနှက်ကာ နောက်ယိမ်းယိုင်သွားစေသည်။
ခွေ့ချင်းပိုင်၏ ရုပ်ခန္ဓာမှာ သေသွားပြီဖြစ်၍ မူလဝိညာဉ်က မင်တုထဲ ထွက်ပြေးရန် ကြိုးစားနေသည်။ ချင်မူက မြေပြင်ဆင်းသက်၍ လက်ဆန့်ထုတ်ကာ သူ၏မူလဝိညာဉ်အား လှမ်းဆွဲထားသဖြင့် သူ့မှာ မင်တုဆီ မပြန်နိုင်တော့ပေ။
“မင်တုရဲ့ တပည့်က ယိုတုထဲက မကောင်းဆိုးဝါးတွေထက် သေချာပေါက် အရသာပိုရှိမှာပဲ” ချင်မူ စိတ်လှုပ်တရှား ပြောနေသည်။
လော့ယွင်ချွီနှင့် ဖုယန်ချီက ထပ်မံတိုက်ခိုက်ရင်း ခွေ့ချင်းပိုင်ကို ချင်မူ့လက်ထဲမှ ကယ်တင်ရန် ကြိုးစားနေသည်။
ချင်မူ၏မျက်ခုံးနှစ်ဖက်ကြားရှိ ချင်စာလုံးမြေပြင်ထက်တွင် ချိဧကရာဇ် မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်နေသည်။ “ငါတို့ သူ့ကို ယိုတုစွမ်းအားပေးတာ များသွားတာလား”
ကောင်းကင်နယ်စားမင်း၏မျက်နှာမှာ ဝက်ခေါင်းလို ဖူးယောင်နေပြီး သူက ပြောလိုက်သည်။ “မများပါဘူး မပူနဲ့... ငါ လုပ်နေတာ ငါ သိပါတယ်... ငါက ယုံကြည်ချက်မရှိတဲ့ အရာကို ဘယ်တုန်းက လုပ်ဖူးလို့လဲ”
သူတို့အနောက်တွင် ကလေးကြီးသည် တုတ်တုတ်မလှုပ်ဘဲ တောင့်တောင့်ကြီး ထိုင်နေ၏။ သူ့ကိုယ်ထဲမှ ယိုတုမိစ္ဆာနတ်ဆိုးချီများ စိမ့်ထွက်နေချေသည်။
သူတို့နှစ်ယောက် ချင်ဖုန်းကျင့်ကို ဝိုင်းချုပ်ပြီး ချင်မူ့ဆီ စွမ်းအားပို့လွှတ်ရန် ပြင်ခဲ့သော်လည်း ချင်ဖုန်းကျင့်က သန်လွန်း၏။ သူက သူတို့နှစ်ယောက်လုံးကို တစစီဖြုတ်၍ ငါးဖယ်လို ထုထောင်းရိုက်ပုတ်ခဲ့သည့်အပြင် နှစ်ယောက်သား ရှိသမျှ နည်းလမ်းပေါင်းစုံ သုံးပြီးသည့်အချိန်တွင်ပင် ချင်ဖုန်းကျင့်အား မချုပ်ထားနိုင်ခဲ့ပေ။
ကံကောင်းထောက်မ၍ ချင်မူက ကောင်းကင်ယင်သားတော် ဖန်တီးခဲ့သော မင်တုကျောက်စိမ်းကြေးမုံကို ရှာတွေ့ခဲ့ပြီး ချင်မူ မှန်ကြည့်လိုက်သည့်အချိန်တွင် ကြေးမုံတစ်ချပ်သည် ချင်စာလုံးအတားအဆီးအစီအရင်ထဲ၌ ပေါ်လာကာ ချင်ဖုန်းကျင့်၏ရှေ့သို့ ဆင်းသက်လာခဲ့၏။ ကလေးကြီး မှန်ကို စပ်စပ်စုစု ကြည့်လိုက်သည့်အခါ မှန်ဆီမှ အသံတစ်သံ ထွက်လာပြီး သန်မာအားကောင်းလှသော ကောင်းကင်နတ်သိုင်းများ၊ ခွန်အားများဖြင့် ကလေးကြီးကို ချုပ်နှောင်ခဲ့သည်။
ချိဧကရာဇ် မယုံသင်္ကာ မေးမိသည်။ “သူ့ကို ပေးတဲ့ စွမ်းအားက မများရင် သူက ဘာလို့ အဲဒီလူငယ်ရဲ့ မူလဝိညာဉ်ကို စားချင်နေတာလဲ... ချင်မူက ပုံမှန်ဆို ဒီလောက် ရက်စက်တာလား”
ကောင်းကင်နယ်စားမင်း မျက်တောင်ပုတ်ခတ်လိုက်ပြီး ချိဧကရာဇ်လည်း မျက်တောင်ပုတ်ခတ်နေသည်။ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် အူကြောင်ကြောင် ကြည့်နေကြ၏။
ကောင်းကင်နယ်စားမင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဒါကို ဖြေရှင်းနိုင်မယ့် နည်းလမ်းရှိလား”