← Chapters

ချင်မူ၏ မိစ္ဆာနတ်ဆိုးအသွင်

Vol. 52 Ch. 706

ချင်မူ၏ မိစ္ဆာနတ်ဆိုးအသွင်

Vol. 52 Ch. 706

ချိဧကရာဇ် ရှေ့လျှောက်နောက်လျှောက် လျှောက်နေသည်။ သူက တွက်ချက်ကြည့်ပြီး ပြောလိုက်၏။ “သူက ငါ့ရဲ့ ထာဝရနတ်ဘုရားအသိစိတ်အလျဉ်ကို ကျင့်ထားတယ် ... မင့်စွမ်းအားနဲ့ ငါ့စွမ်းအားနဲ့မှ သူ သူ့အစ်ကိုကြီးကို ဖိနှိပ်ပြီး ယိုတုသား‌တော်စွမ်းအား ငှားယူနိုင်တယ်... အခု ငါတို့က သူ့ကို စွမ်းအားအများကြီး ပေးနေတဲ့အပြင် ကောင်းကင်ယင်သားတော်ရဲ့ မင်တုကျောက်စိမ်းကြေးမုံက အကြီးကောင်ကိုလည်း ချုပ်ထားတယ်... ငါတို့အနေနဲ့ အတားအဆီးအစီအရင်ကို ပိတ်ပြီး သူ အကြီးကောင်ရဲ့စွမ်းအား မခိုးနိုင်တော့အောင် တားရုံပဲ ရှိတော့တယ်...”

သူ ဤသို့ ပြောလိုက်သည့်အချိန်မှာပဲ ကောင်းကင်နယ်စားမင်းက အတားအဆီးအစီအရင်ကို ပိတ်၍ ကလေးကြီး၏ စွမ်းအားများ စိမ့်မထွက်အောင် တားလိုက်သည်။

“ပြီးတော့ ဘာလုပ်ရမလဲ” ကောင်းကင်နယ်စားမင်း ချိဧကရာဇ်အား လောလိုက်သည်။

ချိဧကရာဇ်က ပြောသည်။ “ကျောက်စိမ်းကြေးမုံရဲ့ အစီအရင်ကို ချိုးဖျက်ပြီး ချင်ဖုန်းကျင့် သူ့မိစ္ဆာစွမ်းအား ပြန်ယူနိုင်အောင် လုပ်ရမယ်... သူ ယိုတုသားတော်ပြန်ဖြစ်အောင် ငါတို့ဖန်တီးပေးရမယ်”

ကောင်းကင်နယ်စားမင်း ကလေးကြီး၏အခြေအနေကို စစ်ဆေးကြည့်သည်။ ထူးဆန်းသော အားလှိုင်းတစ်လှိုင်းက ကလေးကြီး၏မျက်လုံးသုံးလုံးထဲရှိ လိပ်ပြာတောင်ပံသဏ္ဍာန် အလင်းရောင်များကို ဖိနှိပ်နေကြောင်း မြင်လိုက်ရ၏။ သူ၏သူငယ်များတွင် ဝဲတစ်ဝဲက လည်နေပြီး ကလေးကြီး၏အသိစိတ်အလျဉ်အား ဖမ်းချုပ်ထားသည်။

ကောင်းကင်နယ်စားမင်းက ကြေးမုံ၏အစီအရင်ကို ချိုးဖျက်ကြည့်သော်လည်း ကောင်းကင်ယင်သားတော်၏လမ်းစဉ်မှာ သူ့လမ်းစဉ်နှင့် မတူပေ။ သင်္ကေတအမှတ်အသားတချို့ကို နားမလည်သောကြောင့် အစီအရင်အား အတင်းအကြပ် ဖျက်စီးရုံသာ တတ်နိုင်၏။ သို့သော် သူ့မှာ ကိုယ်ပွားသာဖြစ်သည့်အတွက် အစွမ်းအစများက အကန့်အသတ် ရှိနေသည်။ ကောင်းကင်ယင်သားတော်၏ အစီအရင်ကို အချိန်တိုအတွင်း မဖယ်ရှားနိုင်ပေ။

“ဒီနည်းလမ်းက အလုပ်မဖြစ်ဘူး... တခြားနည်းလမ်းတွေ ရှိသေးလား” ကောင်းကင်နယ်စားမင်း လက်လျှော့ကာ မေးလိုက်သည်။

ချိဧကရာဇ်က ကောင်းကင်သို့ ကြည့်ပြီး ပြောလိုက်၏။ “ဗြဟ္မဗုဒ္ဓကို နှိုးပြီး ကောင်းကင်ယင်သားတော်ရဲ့ အစီအရင်ကို အတူတူ ချိုးဖျက်ရမယ်... ဒါဆို ချင်ဖုန်းကျင့် နိုးလာပြီး ချင်မူ့ကို အတူတူ ဖိနှိပ်နိုင်ပြီ”

ကောင်းကင်နယ်စားမင်း ခေါင်းယမ်းလိုက်သည်။ “ဗုဒ္ဓအိုကြီး ကျိန်းနေရင် နှိုးမရတော့ဘူး... ဒီနည်းလမ်းလည်း အလုပ်မဖြစ်ဘူး”

ချိဧကရာဇ် သက်ပြင်းချကာ ပြောလိုက်သည်။ “အဲဒါဆိုလည်း ဖြစ်သမျှ ကံပေါ့ကွာ.. ချင်မူ အသိစိတ်ရှိနေပြီး ပြဿနာအများကြီး မရှာပါစေနဲ့လို့ပဲ မျှော်လင့်တာပေါ့”

“ငါလည်း မျှော်လင့်ပါတယ်”

အပြင်ကမ္ဘာတွင် ချင်မူက ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်အသွင်ဖြင့် သောင်းကျန်းနေသည်။ သူ၏ခေါင်းသုံးလုံးသည် စိတ်လှုပ်ရှားစွာ အော်ဟစ်ရင်း လော့ယွင်ချွီနှင့် ဖုယန်ချီကို ပြိုင်တူတိုက်ခိုက်နေ၏။

“ယားးးးးးးးးးးးးးးးးး”

မရေမတွက်နိုင်သော ကောင်းကင်းနတ်သိုင်းများ ဖုယန်ချီနှင့် လော့ယွင်ချွီကို လွှမ်းခြုံသွားပြီး တခဏအတွင်း နှစ်ယောက်လုံး ချင်မူ၏ သိုင်းကွက်များစွာ ခံစားလိုက်ရသဖြင့် ခေါင်းနပန်းကြီးကုန်ကြသည်။

ဖုယန်ချီမှာ ချင်မူ၏ကောင်းကင်နတ်သိုင်းနှစ်ခုကိုသာ ခုခံနိုင်လိုက်ပြီး ချင်မူ၏ပြင်းထန်အားကောင်းသော အားလှိုင်းများအောက်တွင် သူ့ကိုယ်ပေါ်ရှိ အကာအကွယ်ကောင်းကင်နတ်သိုင်း ကြေမွသွားသည်။

“လက်တစ်ချောင်းနှင့် ယင်ဝိညာဉ် ခုနစ်မျိုး ဖြိုခွဲမည့် သိုင်းကွက်” သူက မာန်သွင်းဟိန်းဟောက်ကာ ညာလက်ဖြင့် တွန်းထုတ်လိုက်သည်။ တစ်ခုတည်းသော လက်မကို ရှေ့သို့ ကွေးလိုက်ပြီး ချင်မူ့အပေါ် ဖိလိုက်၏။

ဖုယန်ချီအနောက်၌ မင်တု၏ ပုံရိပ်သဏ္ဍာန် ၊ အမှောင်ကမ္ဘာတစ်ခု ဖွဲ့တည်လာသည်။ အဆင်းသဏ္ဍာန် ကွဲပြားပြီး အရွယ်အစာ မတူညီသော နတ်ဘုရားအရိပ်ခုနစ်ခုသည် သူ့အ‌နောက်၌ မတ်တပ်ရပ်နေကြ၏။ ထိုနတ်ဘုရားများက ရှစ်ကုံး၊ ဖူးရှစ်၊ ချောင်းယင်၊ ထွင်ကျိမ်၊ ဖေးတူ၊ ချီဟွေ့၊ ချုံဖေး ဟူသည့် ယင်ဝိညာဉ်ခုနစ်ခုအား ကိုယ်စားပြုသော နတ်ဘုရားများ ဖြစ်ပေသည်။

နတ်ဘုရားခုနစ်ပါး၏ ကောင်းချီးအင်အားနှင့်အတူ ဖုယန်ချီ၏ လက်တစ်ချောင်းသိုင်းကွက်တွင် ယင်ဝိညာဉ်ခုနစ်ခုအား ဖြိုခွဲနိုင်သည့်အစွမ်း ကိန်းဝပ်ပါဝင်လာသည်။

ချင်မူက လက်လေးချောင်းကို ဆုပ်လိုက်ပြီး လက်မကို ကော့လှန်ကာ သူ့လက်မကို တိုက်ခိုက်သည်။ ဖုယန်ချီမှာ သူ၏တစ်ချောင်းတည်းသော လက်မဆီမှ ဂျွတ်ခနဲ အရိုးကျိုးသံ ကြားလိုက်ရ၏။

ထို့နောက် ချင်မူ့ဆီမှ အားလှိုင်းသည် သူ့လက်ကောက်ဝတ်မှတစ်ဆင့် လက်မောင်းထဲ ပျံ့နှံ့လာသည်။ သူ၏တံတောင်ဆစ် နေရာလွဲသွားပြီး လက်ဖျံရိုးက သူ့အရေပြားအား ဖောက်ကာ ကျွတ်ထွက်သွားသည်။

နာကျင်မှုက လှိုက်တက်လာသည်။ ဖုယန်ချီမှာ ရုပ်ခန္ဓာကို ဂရုမစိုက်သော်လည်း နာကျင်မှုသည် အလွန်ပြင်းထန်နေသေး၏။

အခြားတစ်ဖက်တွင် ချင်မူ၏လက်ငါးဖက်က လက်သီးဆုပ်၍ လက်မငါးခုသည် ဖုယန်ချီ၏ မျက်ခုံးနှစ်ဖက်ကြား၊ နှလုံး၊ တျန်ထျန်း၊ မြီးညှောင့်ရိုးနှင့် ချီပင်လယ်နေရာအသီးသီးသို့ ထိုးချလိုက်သည်။

ဖုယန်ချီ သွေးအန်လိုက်ရပြီး သူ၏မူလဝိညာဉ် ထုံထိုင်းသွားသည်ကို ခံစားလိုက်ရသည်။ ချင်မူက ယိုတုကောင်းကင်နတ်သိုင်းများ သုံး၍ သူ၏မူလဝိညာဉ်အား ချုပ်လိုက်ချေပြီ။ ဖုယန်ချီ ကြောက်လန့်လာသည်။ ‘သူက ယင်ဝိညာဉ်နတ်ဘုရားခုနစ်ယောက်ရဲ့ စွမ်းအားကို မငှားထားပေမယ့် ယန်ဝိညာဉ်နဲ့ ယင်ဝိညာဉ်နေရာမှာ ငါ့ထက် သာလွန်နေပြီ’

ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်ဖြင့် ချင်မူသည် ကောင်းကင်တန်သိုင်းများအား တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းသော အမြန်နှုန်းဖြင့် ထုတ်လွှတ်နိုင်၏။ သူ၏သိုင်းကွက်များက လျှပ်စီးလို မြန်သည်၊ မုန်တိုင်းလို ထန်သည်။ ခြေကန်ချက်များ၊ လက်သီးချက်များက ပြင်းထန်အားကောင်းသည်။ မှော်အစီအရင်များ၊ ဓားချက်များနှင့် ရုပ်ခန္ဓာကောင်းကင်နတ်သိုင်းများကိုလည်း လေဆင်နှာမောင်းများပမာ တစ်ပြိုင်တည်း ထုတ်လွှတ်နေသည်။

ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်သည် ချိမင်ခေတ်တွင် အဆင့်မြင့်ဆုံး ကျင့်စဉ်ဖြစ်၏။ ချိမင်းဆက်ကာလနှင့် မင်မင်းဆက်ကာလအကြား ကွာဟသွားခဲ့မှုကြောင့် အားနည်းချက်တစ်ခု ရှိနေခဲ့သည်။ ချင်မူက အဆင့်မြင့်ကျင့်စဉ်နှစ်ခုလုံးကို ကျင့်ကြံခြင်းဖြင့် အားနည်းချက်အား ဖာထေးနိုင်ခဲ့၏။

အားနည်းချက်မရှိသော ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်သည် လူသုံးယောက်နှင့် မခြားပေ။ လူသုံးယောက်ထက်ပင် ပိုမိုသန်မာအားကောင်းသေး၏။ ဖုယန်ချီမှာ ဟာကွက်ရှာမရ ဖြစ်နေသလို၊ ‌လော့ယွင်ချီလည်း ချင်မူ့ကို ဒဏ်ရာအပြင်းအထန်ရစေရန် အခွင့်ကောင်း ရှာမရပေ။

ဖုယန်ချီ၏ သိုင်းအဆင့်သည် အနည်းငယ် နိမ့်ကျ၏။ ကျောက်စိမ်းရေကန်အဆင့် ဖြစ်ပြီး မူလဝိညာဉ် အချုပ်ခံလိုက်ရသည့်အခါ အလွန်ပြင်းထန်သော ဒဏ်ရာများ ရသွားသည်။ တစ်စက္ကန့်အတွင်း မရေမတွက်နိုင်သည့် လက်သီးချက်များ၊ ကန်ချက်များကို လှိမ့်နေအောင် ခံလိုက်ရသည့်အပြင် ဓား‌ရောင်များ၊ ဓားမရောင်များက သူ့ကို ခုတ်ဖြတ်ပစ်လိုက်သည်။

သို့တိုင်အောင် သူက ရုတ်တရက် နောက်ဆုတ်ကာ မင်တု၏အမှောင်ထဲ၌ သွားပုန်းသည်။ သူသည် မင်တုမဟူရာနတ်မင်း၏ တပည့်မဟုတ်ပါလော။ ထိုအခိုက်အတန့်တွင် မင်တု၏အဆင့်မြင့်သိုင်းကွက်ကို ထုတ်လွှတ်ကာ မင်တုထဲ ပျောက်ကွယ်သွား၏။ ဤနည်းဖြင့် မည်သည့်သိုင်းကွက်မှ သူ့အား မထိနိုင်တော့ပေ။

သို့တိုင်အောင် နောက်တခဏတွင် ချင်မူက မင်တုအထဲထိ လိုက်ဝင်လာသည်။

နှစ်ယောက်သား အမှောင်ထုထဲ၌ တိုက်ခိုက်နေကြသည်။ လော့ယွင်ချွီ လာရောက်တိုက်ခိုက်သည့်အချိန်၌ ဖုယွင်ချီ၏ မူလဝိညာဉ်မှာ ခန္ဓာကိုယ်ထဲမှ ရိုက်ထုတ်ခံလိုက်ရပြီဖြစ်သည်။

ချင်မူက သူ၏မူလဝိညာဉ်ကို လည်ဂုတ်မှ ဆွဲထားပြီး ကျန်လက်ငါးဖက်ဖြင့် လော့ယွင်ချွီ၏ သိုင်းကွက်များအား ခုခံနေသည်။

ဖုယန်ချီ၏ ရုပ်ခန္ဓာက မြေပြင်ပေါ် ကျသွားပြီး မသေသေးပေ။ သူ ခုန်တက်တော့မည့်အချိန် ချင်မူ့ခေါင်းသုံးလုံးက ကောင်းကင်အလင်းတန်းများ ထုတ်လွှတ်လိုက်သည်။ အလင်းတန်းသုံးတန်းသည် သူ့အား မြေပြင်ထဲ ထိုးစိုက်လိုက်၏။

ချင်မူက တစ်ဖက်လှည့်၍ ခေါင်းတစ်ခေါင်းမှ ကောင်းကင်အလင်းတန်းများဖြင့် လော့ယွင်ချွီအား တွန်းထုတ်လိုက်သည်။

လော့ယွင်ချွီသည် သိုင်းအဆင့်မြင့်မားသည့်အလျောက် ချင်မူ့သိုင်းကွက်ကို ခွန်အားဖြင့် ခုခံနိုင်လိုက်သည်။ သို့သော် ချင်မူ့လည်ပင်းသည် လည်သွားပြန်ပြီး တတိယခေါင်းမှ အလင်းတန်းသုံးတန်းက သူ့အား တွန်းထုတ်လိုက်ပြန်၏။

လော့ယွင်ချွီ ထိတ်လန့်လာသည်။ ချင်မူ ဖုယွင်ချွီနှင့် ခွေ့ချင်းပိုင်ကို သတ်လိုက်လျှင် ကိစ္စမရှိပေ။ နှစ်ယောက်လုံးက မင်တု၏ တပည့်များဖြစ်သည့်အတွက် မင်တုဆီ ပြန်ခေါ်နိုင်သည်။ မဟူရာနတ်မင်းသည် မင်တုကို ထိန်းချုပ်ပြီး သူတို့နှစ်ယောက်အား ပြန်လည်မွေးဖွားပေးနိုင်၏။ နောက်တစ်ချိန်တွင် သူတို့က မဟူရာနတ်မင်း၏တပည့်များ ဖြစ်နေသေးလိမ့်မည်။

ယခင်တုန်းက အကြိမ်ပေါင်းများစွာ ပြန်လည်မွေးဖွားခဲ့ဖူးသောကြောင့် သူတို့အားလုံး သေသွားပြီး လမ်းစဉ်ပျက်စီးမည်ကို မကြောက်ခဲ့ကြပေ။ လူပြန်ဝင်စားကာ ပြန်စတင်နိုင်သည်မဟုတ်ပါ၏လော။

သို့သော် ယခုဖြစ်ရပ်ကတော့ မတူ။

ချင်မူသည် ယိုတု၏ သားတော်ဖြစ်ပြီး သူ၏ ရက်စက်ကြမ်းကြုတ်သော သတင်းများအား သူတို့ ကြားခဲ့ဖူးသည်။ သူ ယိုတုတွင် မွေးဖွားလာတုန်းက ယိုတုထဲရှိ သရဲတစ္ဆေများအပြင် အာဏာပိုင်များကိုလည်း မြိုချခဲ့၏။ ဧကရာဇ်ပလ္လင်အဆင့် သရဲတစ္ဆေများပင် မရှုမလှ ရိုက်နှက်ခံခဲ့ရသည်။

ချင်မူ သူတို့ကို စားလိုက်လျှင် သူတို့ ထာဝရသေသွားလိမ့်မည်။ ပြန်မွေးဖွားနိုင်တော့မည် မဟုတ်ပေ။

ချင်မူက လော့ယွင်ချွီကို ခါထုတ်ပြီးသည်နှင့် ပါးစပ်ဟကာ ဖုယန်ချီ၏ မူလဝိညာဉ်အား စုပ်ယူလိုက်သည်။ သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသော အမူအရာ ရှိနေ၏။

လော့ယွင်ချွီ အံတင်းတင်းကြိတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်က ချင်မူ့မျက်လုံးဆီမှ ကောင်းကင်အလင်းတန်းများအား ပေါ်လိုက်ပျောက်လိုက်ဖြင့် တိမ်းရှောင်ရင်း ဖြတ်ပြေးလာသည်။ သူက ချင်မူ ဖုယန်ချီအား မမြိုချနိုင်အောင် တိုက်ခိုက်ရန် ကြိုးစားနေ၏။

ထိုစဉ် လော့ယွင်ချွီသည် ကောင်းကင်နတ်သိုင်းနှစ်ခုဖြင့် ဖုယန်ချီနှင့် ခွေ့ချင်းပိုင်၏ ရုပ်ခန္ဓာဆီသို့ ပစ်ချလိုက်သည်။ အလောင်းနှစ်လောင်း ပျက်စီးသွားသည့်အခါ သွေးယဇ်ပူဇော်မှုက အလောင်းနှစ်လောင်းကို သွေးရောင်အလင်းတန်းနှစ်တန်း ဖြစ်သွားစေသည်။

မာန်ဟုန်မြစ်တက္ကသိုလ် အနားရှိ ကျောက်ရုပ်တုကြီး အသက်ဝင်လာနေသည့်နှုန်းက တမုဟုတ်ချင်း မြန်လာသည်။

ချင်မူ လော့ယွင်ချွီ၏ တိုက်ကွက်များကို ဟန့်တား၍ သူ့မျက်လုံးများမှ ကောင်းကင်အလင်းတန်းများသည် မင်တုမှ ထွက်လာသည့် လော့ယွင်ချွီအား ထိမှန်သွား၏။ သူက ဖုယန်ချီ၏ မူလဝိညာဉ်ကို ဖမ်းဆုပ်ကာ ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။

ထိုအခိုက်အတန့်တွင် ချင်မူ သူ့ခေါင်းပေါ်၌ မည်းမည်းအရိပ်တစ်ခုအား ခံစားလိုက်ရသဖြင့် အလျင်အမြန် ရှောင်တိမ်းလိုက်သည်။ နက္ခတ်ကြည့်မျှော်စင်မှာ အုန်းခနဲ ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး အလွန်မြင့်မားထွားကြိုင်း‌သော နတ်ဘုရားတစ်ပါးသည် မျှော်စင်၏အလယ်၌ မုဆိုးဒူးထောက်ထိုင်နေ၏။

နတ်ဘုရားက တဖြည်းဖြည်း ထရပ်သည်။

‘ညီလေးနှစ်ယောက်ရဲ့ အလောင်းတွေက ကပ်ဘေးနတ်ဘုရားကို အသက်သွင်းပေးနိုင်လိုက်ပြီ’

လော့ယွင်ချွီ ဝမ်းသာသွားပြီး ကပ်ဘေးနတ်ဘုရားနှင့်အတူ ချင်မူ့အား တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပဲ ထိုကပ်ဘေးနတ်ဘုရား၏ လက်သီးကြီးက သူ့အပေါ် ကျရောက်လာသည်။ လော့ယွင်ချွီမှာ သတိလက်လွတ်ဖြစ်သွား၍ မြေကြီးထဲ နစ်ဝင်သွားလေသည်။

မြေကြီး ကျွံကျသွားပြီး ကျင်းနက်ကြီးတစ်ကျင်း ဖြစ်ပေါ်လာသည်။

ကပ်ဘေးနတ်ဘုရား လက်သီးပြန်မြှောက်လိုက်သည့်အခါ လက်သီးမှ သွေးတို့ စက်လက်စက်လက် ကျနေ၏။

လော့ယွင်ချွီမှာ အရိုးအားလုံး ကျိုးကြေသွားပြီး မြေပြင်ထက်၌ ကားရားလဲနေသည်။ သူ နောင်တရနေသည်။ “ဒီကပ်ဘေးနတ်ဘုရားတွေ ဘယ်သူ့မှ မသိတာ မေ့သွားတယ်...”

သူ မချင့်မရဲ ဖြစ်နေမိသည်။ ကပ်ဘေးနတ်ဘုရားကြောင့် သူ၏ရုပ်ခန္ဓာမှာ သုံးစားမရတော့၍ သူ၏မူလဝိညာဉ်က အပြင်ထွက်လာသည်။ ‘ငါတို့အတွက် ရုပ်ခန္ဓာမလိုဘူး... သိုင်းစွမ်းအားကလည်း သိပ်အားနည်းသွားမှာမဟုတ်ဘူး’

သူ၏မူလဝိညာဉ် အပြင်ထွက်လာသည့်အခါ ကောင်းကင်ယံတွင် ချင်မူနှင့် အပြင်းအထန် တိုက်ခိုက်နေသော ကပ်ဘေးနတ်ဘုရားအား မြင်လိုက်ရသည်။

ယခုအချိန်တွင် ချင်မူက အထိန်းအကွပ်မရှိတော့ပေ။ သူ့လက်များမှ ကောင်းကင်နတ်သိုင်းမျိုးစုံ ထွက်လာနေ၏။ သိကြားဗုဒ္ဓ၏ ကျမ်းစာ၊ ပထမလသားဧကရာဇ်၏ ကောင်းကင်မြေပြင်မုဒြာ၊ အစစ်အမှန်နဂါးသိုက်မှ ရှေးဟောင်းနဂါးကျင့်စဉ်၊ ဒုက္ခိတဘိုးဘွားကျေးရွာမှ အဘိုးအဘွားတို့၏ ကျင့်စဉ်သိုင်းကွက်များ၊ လူသားဧကရာဇ်ဟောင်းတို့၏ ကောင်းကင်နတ်သိုင်းများ၊ ချိဧကရာဇ်နှင့် မင်ဧကရာဇ်၏ ကျင့်စဉ်များ — အားလုံး ဆည်ဂိတ်တံခါးက ရေအလျဉ်ပမာ ပြင်းထန်အားကောင်းသော အရှိန်ဖြင့် ထွက်လာနေသည်။

ချင်မူ့တွင် ယိုတုသားတော်၏စွမ်းအား အပြည့်အဝမရှိသော်လည်း ခိုးယူနိုင်ခဲ့သော စွမ်းအားတစ်ပိုင်းအစနှင့် လော့ယွင်ချွီနှင့် ယှဉ်နိုင်သည့် ကျင့်စဉ်စွမ်းအင်အား ပိုင်ဆိုင်သွား၏၊။

ထိုမျှသိပ်သည်းလှသော မှော်စွမ်းအင်ဖြင့် ကောင်းကင်နတ်သိုင်းများအား ရိုးရှင်းလွယ်ကူစွာ ထိန်းချုပ်နိုင်နေသည်။ ကပ်ဘေးနတ်ဘုရား၏ ရှေ့မှောက်တွင်ပင် သူက နောက်ဆုတ်ခြင်းအလျဉ်းမရှိ။ ခံစစ်က နည်းပြီး တိုက်စစ်သာ များနေသည်။

သူ့လက်ထဲ၌ ဝိညာဉ်လက်နက် သို့မဟုတ် ကောင်းကင်လက်နက်တစ်ခုမှ မရှိသည့်အတွက် လက်ဗလာဖြင့်သာ ကပ်ဘေးနတ်ဘုရားကို တိုက်ခိုက်နေသည်။ အနီးကပ်တိုက်ပွဲ၌ဖြစ်စေ၊ အဝေးတိုက်ပွဲ၌ဖြစ်စေ သူကား ဒေါသူပုန်ထနေသော ကျားရိုင်းတစ်ကောင်လို ပြင်းထန်ကြမ်းတမ်း၏။ သူ၏ကောင်းကင်နတ်သိုင်းများက နတ်ဘုရားကို အနားမပေးဘဲ လွှမ်းခြုံထားသည်။

‌လော့ယွင်ချွီ၏ ကျင့်စဉ်စွမ်းအင်မှာ ချင်မူ့ထက် အားကောင်းပါသော်လည်း ကောင်းကင်နတ်သိုင်းများအား အလိုက်သင့်ပြောင်းလဲနိုင်စွမ်းတွင် ချင်မူ့အောက် နိမ့်ကျ၏။ ထို့အပြင် မင်တု၏ကောင်းကင်နတ်သိုင်းက ဝိညာဉ်ကို ပစ်မှတ်ထားသည်။ ခွန်အားသုံးရသည့် တိုက်စစ်များ၌ ချင်မူ့အား မယှဉ်နိုင်ပေ။

‘ဒီလူ ကောင်းကင်နတ်သိုင်းဘယ်နှစ်ခုတောင် တတ်ထားတာတုန်း’

လော့ယွင်ချွီ တိုက်ပွဲကို ကြည့်ရင်း ရင်ထဲ ထိတ်လန့်နေမိသည်။ ‘ဒါက ယိုတုသားတော်ရဲ့ ခွန်အားအပြည့်လား... အမှန်တကယ် အင်အားကြီးတာပဲ... ဆရာ သူ့ကို ဘယ်လိုဖြစ်ဖြစ် ရအောင် ဖမ်းချင်နေတာ အံ့ဩစရာမရှိဘူး’

ချင်မူ ငှားထားသည့် စွမ်းအားသည် ယိုတုသားတော်စွမ်းအား၏ တစ်ရာပုံ၊ တစ်ပုံပင် မရှိမှန်း သူ မသိပေ။ ကောင်းကင်နယ်စားမင်းနှင့် ချိဧကရာဇ်က လက်လွန်ကြက်သွန် ဖြစ်မည်စိုး၍ ကြားမှထိန်းပေးထားခြင်း ဖြစ်သည်။

ကပ်ဘေးနတ်ဘုရား၏ ခွန်အားသည် အတိုင်းအဆမဲ့၏။ သူက ကောင်းကင်နတ်သိုင်းတစ်ခုတည်းဖြင့် ချင်မူ့ကို တွန်းထုတ်နိုင်သလို၊ ဒဏ်ရာရအောင်ပင် လုပ်နိုင်သည်။ သို့သော် ချင်မူသည် ချိဧကရာဇ်နှင့် မင်ဧကရာဇ်၏ ဖန်ဆင်းကျင့်စဉ်များကို ပူးတွဲကျင့်ကြံထားသဖြင့် ရုပ်ခန္ဓာဖြစ်စေ၊ မူလဝိညာဉ်ဖြစ်စေ လျင်မြန်စွာ သက်သာလာနိုင်၏။ မည်သည့်ဒဏ်ရာမဆို တမုဟုတ်ချင်း ပျောက်ကင်းနိုင်ရာ မသေနိုင်ပေ။

ချင်မူ၏ ကောင်းကင်နတ်သိုင်းများက ဧရိယာကျဉ်းပြီး အင်အားကြီးသည်။ သူ၏ကောင်းကင်နတ်တိုင်းသည် အလွန်တိုတောင်းသော အကွာအဝေးတွင် ပေါက်ကွဲနိုင်ပြီး ကြောက်မက်ဖွယ်ရာစွမ်းအားမှာ ထိုဧရိယာကျဉ်းကျဉ်းထဲ၌ ထိန်းချုပ်ဖိနှိပ်ခံထားရ၏။ သူ့တွင် လက်နက်မရှိသော်လည်း သူ၏ချီစွမ်းအင်က အလွန်သေးမျှင်သော ဓားပျံများအသွင် ဖွဲ့တည်ထားကာ သူ့အား လှည့်ပတ်ပျံဝဲနေသည်။ ဓားပျံများ ဆုတ်ချည်၊ ခွာချည် ရွေ့လျားနေမှုမှာ ပို၍ပင် အံ့အားသင့်ဖွယ်ကောင်းပေသည်။

ဤအကွက်ကို သူ့အဖေ ချင်ဟန်ကျန်းဆီမှ သင်ထားခြင်းဖြစ်သည်။ ချင်ဟန်ကျန်း၏ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများမှတစ်ဆင့် အဆုံးမဲ့စွမ်းအားကို သာမန်ဓားတစ်လက်၌ စုဝေးနိုင်၏။ ‌ပေါက်ကွဲတတ်သော ကောင်းကင်နတ်သိုင်းသည် ဧရိယာကျဉ်းကျဉ်းကိုသာ ဖောက်ခွဲဖျက်စီးနိုင်သော်လည်း ပြင်းထန်အားကောင်းမှုက မယုံနိုင်စရာကောင်းသည်။

ချင်ဟန်ကျန်းနှင့် အတန်ကြာ ကျင့်ကြံပြီးနောက် ချင်မူ သူ့အဖေ၏ အစွမ်းအစတချို့ကို သင်ယူခဲ့ရသည်။ ချင်ဟန်ကျန်းက ခိုင်ဧကရာဇ်၏ လမ်းစဉ်ကို လျှောက်ခဲ့သောကြောင့် ချင်မူမှာ သေးငယ်သော ဧရိယာလေးအတွင်း ကောင်းကင်နတ်သိုင်း၏စွမ်းအားကို မည်သို့မျှ မထိန်းချုပ်တတ်ခဲ့ပေ။

သို့သော် ဤအခိုက်အတန့်တွင် ဤသိုင်းကွက်မှာ သူ့အတွက် မခက်ခဲတော့ပေ။

“မင်းကို သေအောင် ရိုက်သတ်ပြီး စားပစ်မယ်”

ချင်မူက အမြင့်သို့ ခုန်ပြီး စိတ်လှုပ်ရှားနေသည်။ သူက ကပ်ဘေးနတ်ဘုရားကို လှည့်ပတ်ကာ မရေမတွက်နိုင်သော ကောင်းကင်နတ်သိုင်းများဖြင့် ထိုးနှက်နေ၏။

ကပ်ဘေးနတ်ဘုရားမှာ လျှပ်စီးလို အမြန်နှုန်းဖြင့် ခုခံနေသော်လည်း အဆက်မပြတ် ရိုက်နှက်ခံနေရသေးသည်။ ရုတ်တရက် ကပ်ဘေးနတ်ဘုရားက အသံတစ်သံ ပြုလိုက်ရာ မာန်ဟုန်မြစ်တက္ကသိုလ်ထဲ၌ ချင်မူ ထား,ထားသော မိုးကြိုးငါးသွယ်အိုးသည် အုန်းခနဲ ပေါက်ကွဲသွားပြီး မိုးကြိုးလျှပ်စီးများ တဖျတ်ဖျတ် ထွက်လာကြ၏။

မိုးကြိုးငါးသွယ်အိုးက လေပေါ် မြောက်တက်လာပြီး အဖုံးပွင့်သွား၏။ အိုးထဲမှ မဟာမိုးကြိုးတိမ်တိုက်ငါးခု ထွက်လာကာ တိမ်တိုက်များအတွင်း၌ မီးခေါင်းလောင်းကောင်းကင်လက်နက်များ ရောနေသည်။ မီးခေါင်းလောင်းတို့က လက်သီးဆုပ်အရွယ် ရှိပြီး တုန်ခါသည့်အခါ တချွင်ချွင် မမြည်ပေ။ ဧရာမခေါင်းလောင်းကြီးတစ်လုံးအား တီးလိုက်သကဲ့သို့ တဒေါင်ဒေါင်မြည်သံများ ထွက်လာနေသည်။

ကပ်ဘေးနတ်ဘုရားသည် မိုးကြိုးငါးသွယ်အိုးကို ထိန်းချုပ်နေပြီး မိုးကြိုးတိမ်တိုက်များက ချင်မူ့ဆီ တန်းတန်းမတ်မတ် ပြေးဝင်လာသည်။ ဂျိုးဂျိုးဂျိမ့်ဂျိမ့် မြည်ဟည်းပစ်ခတ်နေသော မိုးကြိုးလျှပ်စီးတို့၏ စွမ်းအားက တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းအောင် ကြောက်စရာကောင်းချေသည်။

“စား”

ချင်မူက ပါးစပ်ဟ၍ မိုးကြိုးတိမ်တိုက်များနှင့် မီးခေါင်းလောင်းများ တစ်ခါတည်း မြိုချနေသည်။

‘မြောက်နတ်မင်းရဲ့ ကောင်းကင်နတ်သိုင်းကိုတောင် စားနေတာလား’ ‌လော့ယွင်ချွီ အထိတ်တလန့် ထခုန်မိ၏။ မင်တုထဲ၌ နေ၍ ချင်မူ့ကို သတ်ရန် ပြင်ထားခဲ့သော်လည်း ထိုမြင်ကွင်းကို မြင်သည့်အခါ သူ မလှုပ်ရှားရဲတော့ပေ။

နောက်တခဏတွင် ချင်မူက မိုးကြိုးငါးသွယ်အိုးကို ဖက်ကာ အရက်သောက်နေသကဲ့သို့ အားရပါးရ မော့သောက်နေသည်။

‘ဒါက...’

လော့ယွင်ချွီ ထိတ်လန့်ကြောက်ရွံ့လာ၏။ မိုးကြိုးတိမ်တိုက်ငါးခုနှင့် မီးခေါင်းလောင်းများအား အရက်သောက်နေသကဲ့သို့ သောက်စားနေသော ထိုမိစ္ဆာနတ်ဆိုးအား သူ မည်သို့ယှဉ်နိုင်နည်း။

‘ဂရုမစိုက်တော့ဘူးကွာ’

သူ ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည့်အခါ သူ့အနောက်၌ မုခ်ဝတစ်ခု ပေါ်လာသည်။ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “မင်တုကောင်းကင်မုခ်ဝ၊ မင်တုရဲ့ မိစ္ဆာနတ်ဆိုးအ‌ပေါင်းတို့ ငါ့အမိန့်ကို နာခံလော့... ထွက်လာပြီး ဒီရန်သူကို သတ်ကြလော့”

အမှောင်ထုထဲ၌ အခြားကမ္ဘာဆီသို့ လမ်းတစ်လမ်း ပွင့်လာသည်။ အရိုးသာရှိသည့် ငရဲမြင်းတစ်ကောင်စီးထားသော စ္ဆာနတ်ဘုရားတစ်ပါး ထွက်လာသည်။

ထို့နောက် မင်တုမှ မိစ္ဆာနတ်ဘုရားအုပ်တစ်အုပ်ကား ချင်မူ့ဆီ တရှိန်ထိုး ပြေးဝင်သွားကြချေပြီ။

ချင်မူက မိုးကြိုးငါးသွယ်အိုးကိုသာ အငမ်းမရသောက်နေသောကြောင့် တခဏအတွင်း မိစ္ဆာနတ်ဘုရားတို့ဖြင့် ဝိုင်းအုံခံလိုက်ရသည်။

ချင်စာလုံးမြေပြင်တွင် ကောင်းကင်နယ်စားမင်းနှင့် ချိဧကရာဇ်မှာ ရင်တမမဖြင့် အပြင်အခြေအနေကို ကြည့်နေကြသည်။ ကောင်းကင်နယ်စားမင်းက တွန့်ဆုတ်နေပြီး ပြောလိုက်၏။ “သူက ယိုတိုသား‌တော်ရဲ့ စွမ်းအား တစ်ရာပုံတစ်ပုံတောင် မငှားထားဘူး.... ကြည့်ရတာ သူတို့ကို မနိုင်တော့ဘူးထင်တယ်... ငါတို့ နည်းနည်းလောက် ထပ်ပေးသင့်လား”

ချိဧကရာဇ် အေးစက်စက် ပြန်ဖြေလိုက်သည်။ “ဘယ်လောက် ပေးမှာလဲ... ငါတို့ မှားသွားရင် ဒီအရှုပ်ထုပ်ကြီးကို ဘယ်လိုရှင်းမတုံး”

All Chapters