← Chapters

ကြယ်တာရာ ကပ်ဘေး (၄)

Vol. 14 Ch. 194

ကြယ်တာရာ ကပ်ဘေး (၄)

Vol. 14 Ch. 194

ပစ္စုပ္ပန်အာရုံများကို အတိတ်အာရုံဖြင့် ခြယ်သထား သကဲ့သို့ လွန်လေခဲ့ပြီးသော မြင်ကွင်းများကို ဝေ့ဝူယင် ပြန်လည် မြင်တွေ့နေရသည်။ ထိုအရာက ထူးဆန်းသော်လည်း ဟင်းလင်းပြင် တာအိုကြောင့် ဖြစ်ကြောင်း သူ သတိထားမိပေသည်။ ထို့ကြောင့်ပင် တိတ်တဆိတ်နှင့် အဖြစ်အပျက် တစ်ခုချင်းစီတွင် သူ့ကိုယ်သူ နှစ်မြှုပ်ထားခဲ့သည်။

ထိုမြင်ကွင်းများကား သူ မွေးဖွားခါစ အချိန်များ၊ ဆေဘာနှင့် ပထမဆုံး သင်ခန်းစာ၊ ပထမဆုံး လူသတ်ခြင်း၊ ပထမဆုံး အကြိမ် အစီအစဥ် တစ်ခုကို အောင်မြင်စွာ ချမှတ်ခြင်း စသည်ဖြင့် သူ့ဘဝ၏ ပထမဆုံး အတွေ့အကြုံများကို ခြယ်သထားခြင်းပင် ဖြစ်သည်။

မြင်ကွင်းကိုးခုကို ဆက်တိုက် မြင်တွေ့ခဲ့ရပြီးနောက် ဝေ့ဝူယင် ပစ္စပ္ပန်သို့ ပြန်လည် ရောက်ရှိလာသည်။ သူ၏ ငွေရောင်မျက်လုံးများက ဖြည်းညင်းစွာ ပွင့်ဟလာရာ ကောင်းကင်အလွှာ ကြမ်းပြင်နှင့် ကြယ်တာရာ အမြုတေ မြူမှုန်များကို တွေ့မြင်လိုက်ရသည်။ သို့သော်လည်း စိုစွတ်နေသည့် မျက်ရည်စများ‌ကြောင့် ထိုမြင်ကွင်းများက အနည်းငယ် ဝေဝါးနေ၏။

ပုံမှန် စိတ်အခြေအနေသို့ ပြန်လည် ရောက်ရှိရန် အတွက် ဝေ့ဝူယင် အချိန် အနည်းငယ် ယူလိုက်ရသည်။ ထို့နောက် သူက ဟင်းလင်းပြင် နဂါးသွေး ဇာတိဝိညာဥ်ကို “အဲဒါတွေက ဘာတွေလဲ” ဟု မေးခွန်းထုတ် လိုက်သည်။ သူ၏ အသံက အနည်းငယ် တိမ်ဝင်နေ၏။

“ဟင်းလင်းပြင် တာအို... အတိတ်...”

နဂါးသွေး ဇာတိဝိညာဥ်က ပြန်ဖြေ၏။

“အဲဒါတွေက အစစ်လား...”

ဝေ့ဝူယင်၏ အသံက ပထမ တစ်ကြိမ်ကထက်ပင် ပိုမို ဖြူဖျော့ နေ၏။

“ကျွန်တော် မသိဘူး...”

" ... “

အမှောင်ထု နောက်တစ်ကြိမ် ရောက်လာနိုးဖြင့် ဝေ့ဝူယင် မျက်လုံးများကို မှိတ်လိုက်သည်။ သို့သော်လည်း ဘယ်တော့မှ ထပ်ဖြစ် မလာခဲ့တော့။

ယခုအခိုက်အတန့်၌ မှတ်ဉာဏ်ပေါင်း မြောက်များစွာမှာ သူ၏ စိတ်ထဲတွင် ရှုပ်ထွေးနေသည်။ ၎င်းအား နှစ်ပိုင်းခွဲရလျှင် တစ်ပိုင်းမှာ သူ ပုံမှန် လုပ်ဆောင်ခဲ့သည့် နေရာဖြစ်ပြီး အခြားတစ်ခုမူ သူကွဲပြားစွာ လုပ်ဆောင်ခဲ့ခြင်းနှင့် အတူ ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ အကျိုးဆက်များပင် ဖြစ်သည်။

ဥပမာအားဖြင့် သူ့ အမေနှင့် ပတ်သက်သည့် မှတ်ဉာဏ်များက မူလ စီးဆင်းပုံနှင့် မတူချေ။ ယင်းအစား သူမက ပြုံးကာ နွေးထွေးမှု အပြည့်ဖြင့် သူ့နဖူးကို အနမ်းပေးခဲ့ခြင်းသာ ဖြစ်သည်။  တစ်နှစ်ကြာပြီးနောက်မှသာ သူမ၏ အဖြစ်အပျက် ပေါ်လာခဲ့ခြင်း ဖြစ်သည်။ မတူညီသော အချိန်စီးဆင်းမှု နှစ်ခုတွင် ကိုယ်စီ နောက်ဆက်တွဲများ ရှိသည်။ ထိုအရာအားလုံးကို သူ မှတ်မိခဲ့သည်။

ဘယ်လိုဖြစ်နိုင်မှာလဲ...

သူ့တွင် မှတ်ဉာဏ်အတွဲလိုက် နှစ်ခု ရှိနေသည်။ ထိုနှစ်ခုစလုံးတွင် ကွာခြားမှုများစွာ ရှိသည့်တိုင် နောက်ဆုံးတွင် သူ့အား ဤနေရာသို့ ခေါ်ဆောင်လာခဲ့သည်။

(မှတ်ချက်။ မွေးဖွားခါစမှ ပြန်လည်၍ Timeline ခြားနားသည့် နောက်ထပ် ဘဝတစ်ခုကို ဝေ့ဝူယင် ကြုံတွေ့ခဲ့ဟန် ရသည်။ ထိုဘဝတွင် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များက ယခုဘဝနှင့် ခြားနားသည့်တိုင် နောက်ဆုံးတွင် ဤအချိန် ဤနေရာသို့ပင် ရောက်ရှိခဲ့ဟန်  ရသည်။ သို့ဖြစ်ရာ ယခု၌ သူ့တွင် ဘဝဖြတ်သန်းခဲ့ခြင်းနှင့် ပတ်သက်သည့် မှတ်ဉာဏ် နှစ်ခု ရှိနေခဲ့သည်။)

“ငါအတိတ်ကို ပြောင်းလဲခဲ့တာလား... ဒါမှမဟုတ် ပုံရိပ်ယောင် တစ်ခုလား... အင်းလေ... ဘယ်လိုဖြစ်နိုင်မှာလဲ... အဲဒါက အမှန်မဖြစ်လောက်ဘူး...  မဖြစ်လောက်ဘူး”

ဝေ့ဝူယင် လက်သီးကိုတင်းတင်း ဆုပ်လိုက်ရာ လက်သည်းများမှာ အရေပြား အတွင်း ထိုးဖောက် ဝင်ရောက်၍ သွေးများ စီးကျလာ၏။

ဟင်းလင်းပြင် နဂါးသွေး ဇာတိဝိညာဥ်မှာ ဖြည်းညင်းစွာပင် အသွင်ပြောင်းခြင်း ဖြစ်စဥ်ထဲကို နစ်မြုပ်သွားသည်။ သူသည် ဝေ့ဝူယင်၏ မေးခွန်းများကို ထပ်မံ တုန့်ပြန်နိုင်တော့မည် မဟုတ်ချေ။

“ငါ ပြန်သွားလို့ရလား...”

ဝေ့ဝူယင် နူးညံ့စွာ မေးလိုက်သည်။ သို့သော်လည်း သူ ချက်ချင်းပင် သဘောပေါက်လိုက်သည်။ အင်းလေ... ခု လောလောဆယ်တော့ ဘယ်ဖြစ်နိုင်ပါ့ဦးမလဲ...။

...

ကြယ်တာရာကပ်ဘေးတွင် ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်များသည် ဝေ့ဝူယင်ကို အကြီးအကျယ် စိတ်အနှောက်အယှက် ဖြစ်စေခဲ့သည်။ အပြင်ပန်း၌ တည်ငြိမ်နေသည့်တိုင် သူ့စိတ်အတွင်းတွက်မူ လေးနက်သော ခံစားချက်များ ရှိနေခဲ့သည်။ ဖြစ်ပျက်ခဲ့သမျှကို နားလည်ရန် ကြိုးစားရင်း တစ်လလုံးလုံး သူ့ကိုယ်သူ ချိပ်ပိတ်ထားခဲ့သည်။ ကံမကောင်းစွာပင် သူ ဘာကိုမှ နားမလည်နိုင်ခဲ့။

ကြယ်တာရာ အမြုတေ အဆင့်အား ခြေချနိုင်ခဲ့ပါက ပျော်ရွှင်ကာ စိတ်လှုပ်ရှားရလိမ့်မည် သူ ယုံကြည်ခဲ့သည်။ ထိုအစား အမှတ်တရတွေထဲမှာသာ နစ်မြုပ်နေခဲ့ကာ ကာလရှည်ကြာ မျိုသိပ်ထားခဲ့သော အရာများမှာ မျက်နှာပြင်ပေါ် ပြန်လည် ပေါ်ထွက်လာခဲ့သည်။

ကျင့်ကြံသူ တစ်ယောက် အနေဖြင့် သူသည် ကိုယ့်ကိုယ်ကို သန်မာအောင် အမြဲတမ်း ပြုစုပျိုးထောင်ခဲ့သည်။ အကယ်၍ မိုးပြိုကာ သူ့အပေါ်  ပိကျလာလျှင်ပင် ဉာဏ်ပညာနှင့် ဆေဘာတို့ကို ဆွဲကိုင်လျှက် သူ ရင်ဆိုင်ဦးမည် ဖြစ်သည်။ သို့သော်လည်း ဘဝ၏ ပထမဆုံး အတွေ့အကြုံများနှင့် သူ ချစ်ရသော၊ သူ ဆုံးရှုံးခဲ့ရသော လူများကို လက်တွေ့ဘဝမှာလို ပြန်လည် မြင်တွေ့ရခြင်းက စကားလုံးများဖြင့် အတိအကျ ဖော်ပြနိုင်သော အရာများ မဟုတ်ပါချေ။

သို့သော်လည်း သူသည် ကျင့်ကြံခြင်းအတွက် သန်မာသော နှလုံးသားကို ဆက်လက် ထိန်းသိမ်းထားသည့်ပြီး အမှန်တရားကို ရှာဖွေရန် အကြိမ် အနည်းငယ်မျှသာ လိုအပ်ခဲ့သည်။ အကယ်၍ ယနေ့၌ သူ နားမလည်နိုင်လျှင် တစ်နေ့တော့ သေချာပေါက် လုပ်နိုင်ရမည်။ နောက်တစ်ကြိမ် ပြန်လည် စွန့်စားဖို့ အခွင့်အရေး ရှိမည် ဆိုလျှင် သူ အစွမ်းကုန် ဆုပ်ကိုင်ပေလိမ့်မည်။

မျှော်လင့်ချက်ထဲတွင် နစ်မြုပ်နေခြင်းက ထိန်းသိမ်းထားပါက ပစ္စုပ္ပန်ကို မျက်ခြေပြတ်သွားနိုင်သည်။ မျှော်လင့်ချက်ကြီးလျှင် ဆုံးရှုံးမှု ပိုကြီးသည်။ သူသည် မျှောလင့်ချက်များနှင့် ရုန်းကန်နေရသည့် ပုဂ္ဂိုလ်မျိုး မဖြစ်လိုချေ။

ကံကြမ္မာကို သူပိုင်သည်။

ဝေ့ဝူယင် တင်ပျဥ်ချိတ်ကာ ထိုင်ရင်း မျက်လုံးများကို မှိတ်ထားခဲ့၏။ သူ၏ စိတ်က ကြယ်တာရာ ဝိညာဥ်များနှင့် အပြန်အလှန် ဆက်သွယ်နေသည်။ မှန်ပေသည်။ သူတို့အားလုံးမှာ အသွင်ပြောင်းလဲခြင်း ဖြစ်စဥ်ကို ကျော်လွန်ကာ ကြယ်တာရာ အမြုတေ အလွှာကို အပြည့်အဝ ခြေချခဲ့ကြပြီး ဖြစ်သည်။

သို့သော်လည်း အကြီးမားဆုံး အပြောင်းအလဲက ကြယ်တာရာ အင်အား မဟုတ်ပဲ သူတို့၏ နာမည်များ ဖြစ်ပေလိမ့်မည်။ အချိန်အတော်ကြာ အငြင်းအခုန် ဖြစ်ပြီးနောက်မှ ကြယ်တာရာ ဝိညာဥ်လေးမှာ သူတို့၏ အမည်သစ်များကို သဘောကျကာ လက်ခံခဲ့သည်။

ဆန်းကြယ်ဆေဘာ ဝိညာဥ်က ဘုရင်...

ပထမ၌ ဝေ့ဝူယင်သည် ဆန်းကြယ် ဆေဘာ ဝိညာဥ်ကို “ကလန့်” ဟူသော နာမည်ပေးချင်ခဲ့သော်လည်း ၎င်းက အကြောက်အကန် ငြင်းဆိုခဲ့သည်။ ထို့ကြောင့်ပင် “ဘုရင်” ဟု သူ့ စိတ်ကြိုက် ပေးခဲ့ရသည်။

ဆန်းကြယ် ဒြပ်စင် ဝိညာဥ်မှာမူ အိုရီရန်နာ (အတိုကောက် အိုရီ)...

ထိုနာမည်က ဝေ့ဝူယင်၏ မျက်နှာကို အနည်းငယ် မှောင်မဲစေသည်။ သူသည် ထိုကဲ့သို့ မိန်းမဆန်သော နာမည်ကို မပေးချင်သော်လည်း ထိုအရာက ၎င်း၏ ပြင်းပြ‌သော ဆန္ဒ ဖြစ်နေခဲ့သည်။ ထိုနာမည်ကို သူ ဘယ်က ဘယ်လို ရရှိလာသည်ကိုမူ ဘုရားစူး သူပင် မသိ။

အဂ္ဂိရတ် ဧဒင်ဝိညာဥ်က... ဧဒင်။

ဆုံးဖြတ်ရသည်က အတော်လေး လွယ်ကူခဲ့သည်။ ငြင်းခုန်စရာ ဘာမှ မရှိခဲ့။

ဟင်းလင်းပြင် နဂါးသွေး ဝိညာဥ်က ခရာတို...

ပထမ၌ ဒရာတိုနှင့် ခရာတို အကြား ဆုံးဖြတ်ရခက်နေခဲ့သော်လည်း နောက်ဆုံးတွင် ခရာတိုကသာ ရေပန်းစား သွားခဲ့သည်။ ဝေ့ဝူယင်ကတော့ ဒရာတိုဟုသာ ပေးချင်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ခရာတိုနှင့် ပတ်သက်သည့် ဒဏ္ဍာရီများမှာ ကြီးကျယ် ခမ်းနားကာ စိတ်ဝင်စားဖို့ ကောင်းသည်။ ငယ်ရွယ်စဥ် အခါ၌ ဝေ့ဝူယင်သည် ခရာတိုနှင့် ပတ်သက်သည့် ပုံပြင်များကို မကြာခဏ နားထောင်ဖူးသည်။ ပုံဖော်ထားမှုများ အရဆိုလျှင် ခရာတိုသည် ခွန်အား ကြီးမားကာ ဇွဲလုံ့လနှင့် ပြည့်စုံသည့် နတ်ဆိုးကြီး တစ်ကောင် ဖြစ်သည်။  ၎င်းသည် ခန္ဓာကိုယ် ခွန်အားသက်သက်ဖြင့်ပင် လောကကို နှစ်ပေါင်းများစွာ အုပ်စိုးခဲ့သည်။

အချို့ ဒဏ္ဍာရီများကမူ ခရာတိုမှာ နဂါးမင်းနှင့် နတ်ဆိုး မင်းသမီးတို့ ကာမစပ်ယှက်ခြင်းမှ ပေါက်ဖွားလာသည့် မျိုးဆက် တစ်ယောက် ဖြစ်သည်ဟု ဆိုကြသည်။ သို့သော်လည်း နောက်ဆုံး၌ သူသည် နတ်ဆိုးဘုရင်နှင့် တိုက်ခိုက်ခဲ့ကာ ခေါင်းကို ကိုက်ဖြတ်၍ သတ်ဖြတ်ပစ်နိုင်ခဲ့သည်။ အနန္တကုန်းမြေတိုက်ကြီး၌ ထိုဒဏ္ဍာရီများကို ယုံကြည်ကာ ခရာတိုကို ဘာသာတရား အဖြစ် ကိုးကွယ်ကြသည့် လူနည်းစု ရှိပေသည်။

ထိုနာမည်နှင့် ပတ်သက်၍ ဝေ့ဝူယင်တွင် ထူးခြားသော အဓိပ္ပာယ်များ ရှိပေသည်။ ၎င်းမှာ သူ့ ကလေးအား ပေးရန် ရည်ရွယ်ထားသည့် ပထမဆုံး နာမည် ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ သူ ခရာတို၏ ဆန္ဒကို လက်ခံခဲ့ပေသည်။

ယခု၌ သူတို့အားလုံးတွင် နာမည်များ ကိုယ်စီ ရှိသွားခဲ့ပြီ ဖြစ်ရာ ရည်ညွှန်းရန် အတွက် ရှည်လျားစွာ ခေါ်ဆိုရန် မလိုအပ်တော့ချေ။ ဝိညာဥ်များမှာ မှော်စကားလုံး တစ်ခုကို ရရှိသွားသည့် ကလေးများ အလား စိတ်လှုပ်ရှားစွာဖြင့် တစ်ယောက် နာမည်ကို တစ်ယောက် ခေါ်ကာ ဆက်သွယ်နေကြ၏။ ထိုမြင်ကွင်းက သူ၏ မြူခိုး အများစုကို ဖယ်ရှားပစ်သွားသည်။

ထိုအခိုက်တွင် သူ၏ ကြယ်တာရာ ဝိညာဥ်အားလုံးမှာ သက်ဝင် လှုပ်ရှားနေကြပေသည်။ သူတို့ အားလုံးတွင် အိမ်ကဲ့သို့ စက်ဝိုင်း သဏ္ဌာန် အလုံးလေးများ ရှိနေကြကာ ထိုအလုံးလေးများမှာ ကြယ်တာရာ အမြုတေများ ပင် ဖြစ်သည်။ ၎င်းသည် လောကပင်လယ်ကို ကိုင်ဆောင်ထား၏။

ကြယ်တာရာ အင်အားမှာ လောကပင်လယ်တွင် ပင်လယ် ဖြစ်ပြီး အမြုတေ တစ်ခုလုံးကို ပြည့်နှက်နေသည်။ သို့သော်လည်း ကြယ်တာရာ အမြုတေများ၏ အရွယ်အစားက အလွန်သေးငယ်ကာ မီလီလီတာ တစ်ဝက်မျှသာ ရှိသည်။ ထိုအရာက သူမျှော်လင့်ထားသည်နှင့် နှိုင်းယှဥ်လျှင် အတော်လေးကို ငေးငယ်ပေသည်။ ထို့အပြင် ဖန်သားအလား ကြည်လင်နေသည့် ဧဒင်သစ်ပင် တည်ရှိရာ အသိစိတ် ပင်လယ် ဗဟိုတည့်တည့်တွင်လည်း ကြယ်တာရာ အမြုတေ တစ်ခု ရှိပေသည်။ သို့သော်လည်း ကျယ်ပြန့်လှသည့် အသိစိတ် ပင်လယ်နှင့် နှိုင်းယှဥ်ပါက ၎င်းမှာ ဖုန်မှုန့်တစ်စလို သေးငယ်လှပေသည်။

အလားတူပင် သူ၏ နှလုံးသား၏ ဗဟိုတွင်လည်း ကြယ်တာရာ အမြုတေ တစ်ခု တစ်ခု ရှိပြီး သာမန် လူသား နှလုံးသားထက် သုံးဆမျှ ပိုမို ကြီးမားသည့် သူ၏ နှလုံးအတွက်မူ ၎င်းမှာ အလွန်ပင် သေးငယ်လှသည့် ဆံချည်မျှင် သွေး‌ကြောစ တစ်ခုလိုပင်။ ဤအတိုင်းသာ ဆိုပါက သူ၏ ထျန်းတျန်မှာ ထောင်ပေါင်း များစွာသော ကြယ်တာရာ အမြုတေများကိုပင် သိုမှီးထားနိုင်လိမ့်မည် ဖြစ်သည်။

ကံကောင်းထောက်မစွာပင် သူသည် အဂ္ဂိရတ် ပညာရှင် တစ်ယောက်ဖြစ်ရာ ကြယ်တာရာ အမြုတေ ကြီးထွားစေနိုင်မည့် နည်းလမ်းပေါင်း မြောက်များစွာကို ပိုင်ဆိုင်ထားသည်။ အမျိုးမျိုးသော မှတ်တမ်းများ အရဆိုလျှင် ကြယ်တာရာ အမြုတေသည် ကြယ်တာရာ အင်အားကို ဆုံးဖြတ်ပေးနိုင်ကာ ထုတ်လုပ်သည့် ကြယ်တာရာ အင်အား အရည်အသွေးနှင့် တိုက်ရိုက် သက်ဆိုင်မှု ရှိသည်။

ဝေ့ဝူယင် ထပ်မံ လေ့လာကြည့်ရာ ပုံမှန် ကြယ်တာရာ အမြုတေ တစ်ခု၏ အရွယ်အစားက တစ်မီတာ၏ တစ်သောင်းပုံ တစ်ပုံသာ ရှိသည်ဟု တွေ့ရှိရသည်။ ထိုအရာက သူ၏ ကြယ်တာရာ အမြုတေများထက် ငါးဆခန့်ပင် ပိုမို ‌သေးငယ်နေသေး၏။

***

All Chapters