ကြယ်တာရာ အမြုတေ အဆင့်များ
Vol. 14 Ch. 195
အရွယ်အစား သေးငယ်လှသော်လည်း ထိုအတွင်း သိုလှောင်ထားသည့် ကြယ်တာရာအင်အား ပမာဏကို မြင်တွေ့လိုက်ရချိန်၌ ဝေ့ဝူယင်၏ စိတ်တစ်ခုလုံးမှာ မယုံကြည်နိုင်မှုဖြင့် ပြန့်ကျဲသွားသည်။ အကယ်၍ ရေကန်တစ်ခုကို ဖြည့်ရမည် ဆိုပါက ယင်းမှာ တစ်မိုင် ရှည်လျား၍ ငါးပေနက်သော ရေကန်ကို ဖြည့်နိုင်ပေလိမ့်မည်။
ထိုပမာဏက ကြောက်မက်ဖွယ် ကောင်းလှ၏။ ကြယ်တာရာ အင်အားမှာ အလွန် ပြင်းထန်သည့် စွမ်းအင် တစ်ခု ဖြစ်ပြီး နည်းလမ်းမှန်စွာ အသုံးပြုတတ်ပါက တစ်ပေါက်သော ပမာဏ တစ်ခုပင်လျှင် တောင်ငယ်တစ်ခုကို ဖျက်ဆီးနိုင်သည်။ ကျင့်ကြံသူများမှာ အမှန်တကယ်ပင် နတ်ဘုရားများ ကဲ့သို့ ဖြစ်တည်မှုမျိုး ဖြစ်၏။
တစ်ချိန်တည်း၌ သူ၏ စိတ်၊ ရုပ်နှင့် ဝိညာဥ်စွမ်းအင်များမှာလည်း ပိုမို မြင့်မားသော အဆင့်တစ်ခုဖြင့် အစားထိုး သွားကြသည်။ သူ၏ အတွေးများက အလွန် မြန်ဆန်လှသလို သူ၏ ခန္ဓာကိုယ်မှာလည်း အဆုံးမဲ့ သက်လုံ၊ အင်အားတို့ဖြင့် ပြည့်နှက်နေသည်။ ထို့အတူ သူ၏ ဝိညာဥ်အာရုံမှာလည်း ကီလိုမီတာ ဒါဇင်ပေါင်း မြောက်များစွာ တစ်ပြိုင်နက် ကြည့်ရှုနိုင်သည်အထိ တိုးတက်လာခဲ့၏။
ယခုတွင် သူသည် ကြယ်တာရာ အမြုတေ အလွှာကို လုံးလုံးလျားလျား ခြေချနိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ကြယ်တာရာ အမြုတေ အဆင့်တစ်ဖြင့် ကျေနပ်နေ၍ မဖြစ်။ ချီပျစ်ခဲခြင်း အလွှာနှင့် အခြေခံ အလွှာ ကဲ့သို့ပင် ကြယ်တာရာ အမြုတေ အလွှာတွင်လည်း အဆင့်ကိုးခု ရှိပေသည်။
လောကပင်လယ် အဆင့်...
၎င်းက ကြယ်တာရာ အမြုတေ အဆင့်တစ် ဖြစ်ကာ ကြယ်တာရာ အမြုတေကို စတင် ရရှိသည့် အဆင့်လည်း ဖြစ်သည်။
ကောင်းကင် အုပ်စိုးသူ အဆင့်...
ထိုအဆင့်တွင်မူ ကျင့်ကြံသူမှာ မန်နာကို စတင် ထိန်းချုပ်လာနိုင်ကာ ကြယ်တာရာ အင်အားကိုပါ အဆင့်မြှင့်တင် နိုင်လာလိမ့်မည် ဖြစ်သည်။ ထိုအဆင့်သို့ ရောက်ရှိလာသူများမှာ မန်နာကို အသုံးပြု၍ ပျံသန်းခြင်းနှင့် ကောင်းကင်ဖိအား ဟု ခေါ်သည့် အင်အားတစ်ခု ထုတ်လွှတ်ခြင်းတို့ကို ပြုလုပ်လာနိုင်ပေလိမ့်မည်။
ဝိညာဥ်ဆင်းတု အဆင့်...
ဝိညာဥ်စွမ်းအားကို ဝိညာဥ်ဆင်းတု အဖြစ် စုစည်းနိုင်သည့် စွမ်းအားတစ်မျိုးကို ပိုင်ဆိုင်လာကြသည်။ ထိုဆင်းတုတွင် မွေးရာပါ အရည်အသွေးကို သတ်မှတ်ပေးမည့် ကွင်းကိုးကွင်း ရှိလိမ့်မည် ဖြစ်ပြီး ယင်းမှာ ကြယ်တာရာ ကပ်ဘေးအား ကျော်လွှားရာ ထိရောက်မှု အပေါ် မူတည်ပြီး အလိုအလျောက် သဘာဝ အလျောက် မွေးဖွားလာလိမ့်မည် ဖြစ်သည်။ ထိုအဆင့်တွင် ဝိညာဥ်ဆင်းတု အခြေခံပေါ် မူတည်ပြီး ဝိညာဥ် အင်အား၊ အရောင်အဝါနှင့် အရုံအားလုံးမှာ ပိုမို မြင့်မားသော အဆင့်တစ်ခုကို ရောက်ရှိပေလိမ့်မည်။
အာကာသ ပဲ့တင်သံ အဆင့်...
ကြယ်တာရာ ကပ်ဘေးကို ကျော်လွန်ပြီးနောက် ကျင့်ကြံသူများ၏ ခန္ဓာကိုယ်နှင့် ကြယ်တာရာ အင်အားက အာကာသ စွမ်းအင်များနှင့် ပိုမို လိုက်လျောညီထွေ ဖြစ်လာသည်။ ထိုစွမ်းအင်များကို စုပ်ယူသန့်စင်ကာ အသုံးချနိုင်စွမ်း ရှိလာကြသည်။ ထိုအဆင့်ရှိ ကျင့်ကြံသူများမှာ သူတို့၏ အာကာသအကျဥ်းထောင်နှင့် အာကာသ အမှတ်အသား စွမ်းရည်များဖြင့် ကျော်ကြားကြသည်။ ဝိညာဥ်ဆင်းတု အဆင့် ကဲ့သို့ပင် ၎င်းကိုလည်း ကျင့်ကြံသူ၏ အာကာသ စွမ်းရည် အရေအသွေးနှင့် ခွန်အားပေါ် မူတည်၍ ကိုးဆင့် ခွဲခြားထားသည်။
အလင်းပြန်ခြင်းအဆင့်...
ထိုအဆင့်၌ ကျင့်ကြံသူများမှာ သဘာဝ ယန်အလင်း စွမ်းအင်များကို စုပ်ယူကာ သန့်စင်၍ သူတို့၏ ခန္ဓာကိုယ်နှင့် ကြယ်တာရာ အင်အားများထဲသို့ ပေါင်းစည်းလာနိုင်ကြသည်။ ယင်းက ကြယ်တာရာ အင်အား လည်ပတ်မှု အရှိန်နှင့် ဝိညာဥ်အာရုံကို အကျိုးပြုသည့် အပြင် သက်တမ်းကိုလည်း နှစ်သုံးရာမှ သုံးရာ အထိ ပိုမို တိုးမြင့်သွားစေသည်။
ဝေ့ဝူယင် အခြားအဆင့်များကိုမူ နားမလည်ချေ။ သူ သိသလောက်က ၎င်းတို့၏ နာမည်များသာ ဖြစ်ပြီး ဆွဲအား ထုတ်လွှတ်ခြင်း အဆင့်၊ လောကအလွှာ အဆင့်၊ လောကီမျက်လုံး အဆင့်နှင့် ကြယ်အမြုတေ အဆင့်တို့ ဟူ၍ ဖြစ်သည်။ ၎င်းတို့မှာ အဆင့်ခြောက်မှ အဆင့်ကိုးထိ အစဥ်လိုက် ကျင့်ကြံခြင်း အဆင့်များ ဖြစ်ကာ အဆင့်ခုနစ် လောကအလွှာအဆင့်ကို လောကအရှင်များ အဖြစ် ယူဆထားကြသည်။
သူတို့သည် ကောင်းကင်အလွှာများကို ဖောက်ထွက်ကာ အမှောင် ဟင်းလင်းပြင်ထဲတွင် ထိခိုက်မှု မရှိပဲ ပျံသန်းနိုင်ကြသည်။ သူတို့သည် လက်ရှိခေတ်၏ အသန်မာဆုံး ကျင့်ကြံသူများ ဖြစ်ကြပေသည်။
မည်သို့ပင် ဆိုစေကာမူ... သူသည် ကြယ်တာရာ အမြုတေ အဆင့်သို့ အပြည့်အဝ ခြေချနိုင်ခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်ရာ ဝိညာဥ် ချိပ်ပိတ်ခြင်း သေတ္တာကို အာရုံစိုက်ရန် သူ ဆုံးဖြတ်လိုက်၏။
“အခုက လက်စွပ်ထဲမှာ ဘယ်သူ ရှိနေတယ် ဆိုတာ ကြည့်ရမယ့် အချိန်ပဲ”
လောကပင်လယ် အဆင့်သို့ ခြေချနိုင်ခဲ့ပြီး နောက်ဆုံး၌ ဝေ့ဝူယင်သည် လုံချန်၏ အနက်ရောင် လက်စွပ်လေးကို ကိုင်တွယ်ရန် ယုံကြည်ချက် ရှိနေခဲ့ပြီ ဖြစ်သည်။ အနန္တ ကုန်းမြေတိုက်ကြီးတွင် ရှိစဥ်ကတည်းကပင် သူသည် ထိုလက်စွပ်အတွင်း ရှိသော အရာက ပုံမှန် မဟုတ်ကြောင်း သတိထားမိသည်။
ထိုအရာက သူ့အောင်မြင်မှုများ အဓိက သော့ချက် မဟုတ်လျှင်ပင် အနည်းဆုံးသော အလွန် အရေးကြီးသော အခိုက်အတန့်များတွင် သူ့အား ကာကွယ်ပေးခဲ့သည်။ ဝေ့ဝူယင်သည် ထိုလက်စွပ်ကြောင့်ပင် လုံချန်အား ရင်ဆိုင်ရန် မလွယ်ကူဟု အမြဲတမ်းလိုလို ခံစားခဲ့ရသည်။
အနက်ရောင် အဂ္ဂိရတ် ဝတ်စုံကို လဲလှယ် ဝတ်ဆင်လိုက်ရာ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက တည်ငြိမ်မှု၊ ကြွယ်ဝမှု စွမ်းအင်များဖြင့် ပြည့်နှက်သွားသည်။ မကြာခင်မှာပင် အစီအရင် သခင်များ မွမ်းမံ တည်ဆောက်ထားသည့် အခန်း တစ်ခန်းသို့ သူ ရောက်ရှိလာ၏။ ထိုအခန်းမှာ လေးထောင့် ပုံသဏ္ဌာန်ရှိကာ ပေပေါင်း နှစ်ထောင်ခန့် ကျယ်ဝန်းပေသည်။
အခန်းထဲ၌ သတိထားမိနိုင်အောင် သိသာ ထင်ရှားသည့် တစ်ခုတည်းသော အရာက လေးပေခန့် မြင့်မားသော စင်မြင့်တစ်ခု ဖြစ်သည်။ ၎င်း၏ အပေါ်တွင် အမျိုးမျိုးသော သင်္ကေတများ ထွင်းထုထားကာ ဝိညာဥ်ရေး အရောင်များဖြင့် တောက်ပနေသည့် သေတ္တာလေး တစ်ခု ရှိ၏။
ဝေ့ဝူယင် တံခါးကို ပိတ်ကာ အမျိုးမျိုးသော လက်ဟန်စည်းများ ချမှတ်လိုက်သည်။ သူ၏ ကြယ်တာရာ စွမ်းအားက အပြင်ဘက်သို့ စီးထွက်သွားကာ ဝိညာဥ် ဝင်္ကပါ ကိုးဆယ့် ကိုးခု၊ ကြယ်တာရာ ဝင်္ကပါ ကိုးခုနှင့် ချိတ်ဆက် သွား၏။
ဝိညာဥ် ဝင်္ကပါနှင့် အစီအရင် တစ်ခုချင်းစီတွင် ကိုယ်ပိုင်နာမည်များ ရှိကြသော်လည်း ၎င်းတို့ အားလုံး၏ ရည်ရွယ်ချက်များကတော့ ရိုးရှင်းစွာပင် တူညီကြသည်။ လွှမ်းမိုးရန်နှင့် တားမြစ်ရန်ပင်။
အဆင့်မြင့် အဂ္ဂိရတ် ပညာရှင် တစ်ယောက်၊ ချမ်းသာ ကြွယ်ဝသူ တစ်ယောက် အနေဖြင့်... အဆင့်မြင့် ဗိသုကာ ပညာရှင်များကို ငှားယမ်းကာ ဘာမှန်းမသိရသော ဝိညာဥ် တည်ရှိမှုကို ထိန်းချုပ်နိုင်သည့် လှောင်အုပ်တစ်ခု ဖန်တီးရန် သိပ်မခက်လှချေ။
လေထုပင်လျှင် မဝင်နိုင် မထွက်နိုင်သည် အထိ အခန်းအား ချိပ်ပိတ်လိုက်ပြီးနောက် ဝေ့ဝူယင် အရောင် အမျိုးမျိုးရှိသည့် အဆင့်ရှစ် ထိပ်ဆုံး အဆင့် ဆေးလုံးလေးလုံးစီကို သိုလှောင်ထားသည့် ကြည်လင်သော ပုလင်း ငါးခုကို ထုတ်ယူလိုက်သည်။ အတွေးတစ်ချက်ဖြင့်ပင် ပုလင်းများမှာ ပွင့်ဟသွားကြကာ အမျိုးမျိုးသော အလင်းများမှာ အပြင်သို့ ထွက်ပေါ်လာ၏။
ဘုန်း...
၎င်းတို့ ပေါက်ကွဲသွားရာ အခန်းမှာ ရောင်စုံအလင်းတန်းများဖြင့် ပြည့်နှက်သွား၏။ တစ်ခဏ ကြာပြီးနောက်၌ အခန်းက ဘာမှ မဖြစ်ခဲ့သလို ပုံမှန် ပြန်ဖြစ်သွား၏။ ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်ကာ ဝိညာဥ် ချိတ်ပိတ်ခြင်း သေတ္တာထံ လျှောက်သွားလိုက်သည်။ သူက လက်တစ်ဖက်အား ဝှေ့ယမ်းလိုက်ရာ အဖုံးမှာ ပွင့်ဟသွား၏။ အလွန် ပါးလွှာသည့် ချီမျှင်လေး တစ်ခုကို စေလွှတ်ကာ သူ အနက်ရောင် လက်စွပ်လေးကို ဆွဲထုတ်ယူ လိုက်သည်။
ထို့နောက် နောက်သို့ ခြေနှစ်လှမ်း ဆုတ်ရင်း တည်ငြိမ်စွာ အကဲခတ်လိုက်၏။ သူ၏ ကောင်းကင်ဘုံ နတ်မျက်လုံးများက ငွေရောင် တဖျပ်ဖျပ် လက်ကာ စစ်ဆေးနေဟန် ရသည်။ အနက်ရောင် လက်စွပ်လေးမှာ သာမန် လက်စွပ် တစ်ကွင်းအလား ငြိမ်သက်စွာပင် ရှိနေ၏။ ကွယ်ဝှက်ထားသည့် အရာ တစ်ခုတစ်လေမျှ မရှိသည့် အလားပင်။ အကယ်၍ ကောင်းကင်ဘုံ နတ်မျက်လုံးသာ မရှိပါက ဝေ့ဝူယင် ပင်လျှင် ၎င်း၏ ထူးခြားမှုကို သတိပြုမိနိုင်လိမ့်မည် မဟုတ်ချေ။
တစ်ခဏ ကြာပြီးနောက်က ဝေ့ဝူယင်က စတင် စကားပြောလိုက်၏။
“ကျုပ် အချိန်မဖြုန်းချင်ဘူး... ဒီတော့ တိုက်ရိုက်ပဲ ပြောတော့မယ်... ခင်ဗျား ထွက်လာမလား.. ကျုပ် လုံချန်ကို သတ်ဖို့ လူစေလွှတ်လိုက်ရမလား”
သူ၏ အသံက အပြင်းထန်ဆုံးသော တည်ငြိမ်မှု တစ်ခုကို ဆုပ်ကိုင်ထားသည်။
“ခင်ဗျား သုံးစက္ကန့် အချိန်ရမယ်...”
“ ... “ လက်စွပ်မှာ မလှုပ်မရှား တည်ငြိမ်နေဆဲ ဖြစ်သည်။
“တစ်...”
ဝေ့ဝူယင်က စတင် မှတ်သားလိုက်၏။
"..."
"နှစ်..."
"..."
“သုံး...”
ဝေ့ဝူယင်၏ ရေရွတ်သံ မဆုံးသေးခင်မှာပင် ပုံမှန်မဟုတ်သည့် စွမ်းအား တစ်ခု၏ တွန်းအားပေးခြင်းကို ခံရသည့်နှယ် လောကြီးမှာ အနည်းငယ် တုန်ရီသွားသည်။ ဝေ့ဝူယင်၏ မျက်လုံးများက ကျဥ်းမြောင်းသွားသော်လည်း သူ၏ နှလုံးသားကမူ တည်ငြိမ်စွာပင် ရှိနေဆဲ ဖြစ်သည်။
မထင်မရှား ပုံရိပ် တစ်ခုက သူ၏ အရှေ့တွင် တဖြည်းဖြည်း ပေါ်လာခဲ့၏။ ထိုပုံရိပ်သည် ကောင်းကင်နှင့် မြေကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် စွမ်းအင်များကို ပိုင်ဆိုင်ထားဟန် ရကာ လောကတစ်ခုလုံးကို မြင့်မြတ်စွာ ဖန်ဆင်း အုပ်ချုပ်နိုင်ဟန် ရသည်။
ကိုးရာကိုးဆယ့် ကိုးခုသော ဝိညာဥ် ဝင်္ကပါများမှာ အခန်းအတွင်း စတင် အသက်ဝင်လာကာ အကန့်အသတ် ရောက်သည် အထိ လင်းလက်လာ၏။ အမျိုးမျိုးသော ဝိညာဥ်စွမ်းအားများက ထိုပုံရိပ်ထံသို့ ဦးတည်၍ ဖိနှိပ်ကြရာ အလုံးပိတ် အခန်းတွင် အာမေဍိတ်သံ တစ်ခု ထွက်ပေါ်လာသည်။
ဝင်္ကပါများ၏ စွမ်းအားက ပုံရိပ်၏ လွှမ်းမိုးမှုများကို ရုတ်ချည်းပင် ပယ်ဖျက်သွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ ဝေ့ဝူယင်သာ ကြယ်တာရာ အမြုတေ အဆင့်ကို မရောက်သေးပါက ထိုအရှိန်အဝါက သူ့ခန္ဓာကိုယ် တစ်ခုလုံးကို ထိန်းချုပ်သွားနိုင်ချေ ရှိ၏။ သာမန် ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူ တစ်ဦးပင်လျှင် ပြုစားခြင်း ခံရကာ ၎င်း၏ အမိန့်အားလုံးကို နာခံလိမ့်မည် ဖြစ်သည်။
အသက်ပြင်းပြင်း ရှူလိုက်ရင်း ဝေ့ဝူယင် ပုံရိပ်ကို ကြည့်လိုက်၏။ ပုံရိပ်မှာ ဝေါဝါးကာ အရပ်ခြောက်ပေ ခုနစ်လက်မမှ လွဲ၍ မည်သည့် အစိတ်အပိုင်းကိုမှ သေချာ မမြင်ရသည့်တိုင် ဝေ့ဝူယင်၏ ကောင်းကင်ဘုံ နတ်မျက်လုံးများမှာမူ ယင်း၏ အသွင်အပြင်ကို အသေးစိတ်မှ အစ မြင်တွေ့နေရသည်။
“မဖြစ်နိုင်တာ... သူက...”
ပုံရိပ်အား ကြည့်ရင်း ဝေ့ဝူယင်၏ မျက်လုံးများက မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။ အနန္တ ဧကရာဇ်ဂိုဏ်း အတွင်းရှိ ဂိုဏ်းဝင်တိုင်း လိုလိုမှာ ထိုပုဂ္ဂိုလ် မည်သူ ဖြစ်ကြောင်း တန်းကာ သိရှိလိမ့်မည် ဖြစ်သည်။
“ပါရမီရှင် လူငယ်လေး... မင်းက မင်းအသက်အရွယ်နဲ့ ယှဥ်ရင် အတော်လေး ဉာဏ်ရည်ထက်မြက်ပြီး ထူးချွန်တာပဲ”
ဝိညာဥ်ပုံရိပ်၏ အသံက အင်အားကြီးကာ ရှေးဟောင်း အငွေ့အသက်များ ပါဝင်နေ၏။ ဘုရင်တစ်ပါး၊ ဧကရာဇ် တစ်ပါး၏ ခန့်ညားထည်ဝါလှသော လေသံမျိုးပင်။
“အခုလို ဆုံတွေ့ခွင်ရတာ ဂုဏ်ယူမိပါတယ်...”
ဝေ့ဝူယင်က လေးစားသမှုဖြင့် လက်နှစ်ဖက်အား ယှက်ကာ ကိုယ်ကို အနည်းငယ် ကိုင်းညွှတ်လိုက်သည်။ ထိုတုန့်ပြန်မှုက မထင်မရှား ပုံရိပ်၏ ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ခါသွားစေသည်။ သူက အံ့အားသင့်မှုများ ပြည့်နှက်နေသည့် လေသံဖြင့် မေးလိုက်သည်။
“ငါဘယ်သူလဲ မင်းသိတာလား...”
ဝေ့ဝူယင်က ခေါင်းညိတ်လိုက်သည်။
“အနန္တဧကရာဇ်ဂိုဏ်း တည်ထောင်သူ ဝူယု... ပထမဆုံး မဟာ ဧကရာဇ်... ခင်ဗျားကိုမှ မသိရင် ကျုပ်ကိုကျုပ် အနန္တဧကရာဇ် ဂိုဏ်းသားလို့ မခံယူဝံ့ပါဘူး မဟာဧကရာဇ်ယု...”
***