ဝူယု
Vol. 14 Ch. 196
မဟာ ဧကရာဇ် ဆိုသော နာမည်မှာ အနန္တဧကရာဇ်ဂိုဏ်း အတွင်း၌ အလေးစား ခံရဆုံးနှင့် အမြင့်မားဆုံးသော သြဇာအာဏာကို ကိုယ်စားပြုသည့် နာမည် တစ်ခု ဖြစ်သည်။ ဂိုဏ်း၏ ဖွဲ့စည်းတည်ဆောက်ပုံ အရ ပုံသေ ဂိုဏ်းချုပ် သို့မဟုတ် ဂိုဏ်းခေါင်းဆောင် မရှိချေ။ မဟာ ဧကရာဇ် တစ်ယောက်သာလျှင် ရှိပေသည်။ ကံဆိုးစွာပင် တတိယမြောက် မဟာ ဧကရာဇ် ကျဆုံးပြီးချိန်မှ စတင်၍ ထိုမျိုးဆက် ပြတ်တောက်သွားခဲ့သည်။
မဟာ ဧကရာဇ် အရိုက်အရာကို ဆက်ခံရန် အတွက် တင်းကြပ်သော စည်းမျဥ်းများစွာ ရှိသည်။ ပထမဆုံး အနေဖြင့် မဟာ ဧကရာဇ် နေရာ ဆက်ခံမည့် သူမှာ အင်ပါယာ ကောင်းကင်ချီ နည်းလမ်း ဟု ခေါ်သော ကျင့်စဥ် တစ်ခုကို ကျင့်ကြံထားရမည် ဖြစ်သည်။
ထိုချီနည်းလမ်းမှာ နတ်ဘုရား ဧကရာဇ် ဟန်ရှဲ့၏ ဆန်းကြယ်ဒြပ်စင် ဝင်္ကပါ ချီနည်းလမ်း ကဲ့သို့ပင် ထူးခြားသည့် ကျင့်စဥ် တစ်ခု ဖြစ်၏။
ဆန်းကြယ် ဒြပ်စင် ဝင်္ကပါ ချီနည်းလမ်းတွင် ကျင့်ကြံသူသည် ညဒြပ်စင် အမတေ ကိုးခုစလုံးကို ကျင့်ကြံရကာ ထိုမှတစ်ဆင့် ဒြပ်စင်ချီ နှလုံးသားနှင့် ဒြပ်စင်ချီ ဝိညာဥ်တို့ကို မွေးဖွားရသည်။ ထိုကျင့်စဥ်ကို ဂိုဏ်းတိုင်း လိုလိုပင် ပိုင်ဆိုင်ထားကြသော်လည်း ကျင့်ကြံနိုင်သူမှာမူ ရွှေထက်ရှားပါးလှသည်။ နတ်ဘုရား ဧကရာဇ် ဟန့်ရှဲ့ပြီးလျှင် ဝေ့ဝူယင်သည် ဒုတိယ အကြိမ်မြောက် အဖြစ် အောင်မြင်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း အင်ပါယာ ကောင်းကင် ချီနည်းလမ်းမှာမူ အတိတ်၏ အပျက်အစီးများ ကြား၌ ပျောက်ဆုံး သွားခဲ့ပြီ ဖြစ်သည်။ နာမည် တစ်ခုသာလျှင် ကျန်ရစ်ခဲ့၏။
နေဦး... နာမည်တစ်ခုအပြင် ထိုကျင့်စဥ်နှင့် ပတ်သက်သည့် စာအုပ် တစ်ခုလည်း ကျန်ရစ်ပေသေးသည်။ သို့သော်လည်း ထိုစာအုပ်ကို လက်ရှိ မဟာ အင်ပါယာ သူတော်စင်များပင် အသုံးမပြုနိုင်ကာ အားလုံး နီးပါးမှာ မေ့ပျောက်၍ပင် နေကြပြီ ဖြစ်သည်။ ထိုစာအုပ်ကို အင်ပါ ကောင်းကင်ချီ နည်းလမ်းအား အောင်မြင်ထားသူများ သာလျှင် အသုံးပြုနိုင်ကြပေသည်။
အနန္တဧကရာဇ်ကျမ်း...
ထိုအရာထဲတွင် လောကသုံးပါး အကြောင်း လျှို့ဝှက်ချက်များကို အသေးစိတ် ဖော်ပြထားသည်။ ကြယ်တာရာ အမြုတေ အဆင့်ကို ကျော်လွန်သည့် စွမ်းအားများ အကြောင်းပင်လျှင် ထိုအထဲ၌ ပါသည်ဟု ဆိုကြသည်။ သို့သော်လည်း အနန္တဧကရာဇ်ကျမ်း၏ ရည်ရွယ်ချက်က ထိုစာများ မဟုတ်ပဲ အသွင်ပြောင်းနိုင်စွမ်းပင် ဖြစ်သည်။ မဟာ ဧကရာဇ် တစ်ယောက်ည် ၎င်းအား အလိုရှိသည့် လက်နက် သို့မဟုတ် ပစ္စည်းသဏ္ဌာန် ပြောင်းလဲနိုင်စွမ်း ရှိသည်။
အနန္တဧကရာဇ်ဂိုဏ်း၏ တည်ထောင်သူ ဝူယုသည် အမှန်တကယ်ပင် လုံချန်၏ လက်စွပ်အတွင်း ရောက်ရှိနေခဲ့သည်။ ထိုအရာက ဝေ့ဝူယင် မျှော်လင့်ထားသည်ထက် ကျော်လွန်သော အရာ ဖြစ်၏။ သူ၏ နှလုံးသားက အနည်းငယ် ရှုပ်ထွေးသွားသည်။
ဝူယုသည် ဝေ့ဝူယင် သူ့အား သတိထားမိသွားပြီ ဖြစ်ရာ သူ၏ အသွင်သဏ္ဌာန်ကို ဆက်လက် ဖုံးကွယ် မနေတော့ချေ။ တဖြည်းဖြည်းနှင့် ပိုမို ထင်ရှားလာကာ အပီပြင်ဆုံးသော ပုံသဏ္ဌာန် အသွင် ပြောင်းလဲသွားသည်။ သူသည် အသက်လတ် အရွယ်ရှိမည့် ချောမော ခန့်ညားသော လူကြီး တစ်ဦး ဖြစ်သည်။ ဓားကဲ့သို့ ဖြောင့်တန်းနေသည့် မျက်ခုံးမွေးများ၊ တည်ငြိမ်သော မျက်လုံးများနှင့် သန်စွမ်းသော ဆံပင်များက သူ၏ အထင်ရှားဆုံးသော လက္ခဏာရပ်များ ဖြစ်၏။
ဦးခေါင်းထက်၌ သရဖူ တစ်ခု ဆောင်းထားခြင်းနှင့် အတူ သူ၏ အငွေ့အသက် တစ်ခုလုံးက သဘာဝ အတိုင်း ဖြာထွက်နေသည်။ မတ်မတ်ရပ်သော ကိုယ်ဟန် အနေအထားက သူ၏ ကြီးကျယ်ခမ်းနားသော တည်ရှိမှုကို ပိုမို ပေါ်လွင်စေ၏။ ၎င်းက ဝိညာဥ် ပုံရိပ်တစ်ခုသာ ဖြစ်သည့်တိုင် လောကကို နှစ်ပေါင်းများစွာ အုပ်စိုးနေသည့် သက်ရှိထင်ရှား ဧကရာဇ် တစ်ပါးအလာ ဝေ့ဝူယင် ခံစားလိုက်ရသည်။
ဝူယု၏ တည်ငြိမ်သော မျက်လုံးများက ဝေ့ဝူယင်ကို အကဲခတ်နေ၏။
“အဲဒါက အမှန်တရား ဖြစ်လိမ့်မယ်လို့ ငါ မယုံကြည်ချင်ဘူး... ဒါပေမဲ့ တကယ့်ကို အမှန်တရား ဖြစ်နေတဲ့ ပုံပဲ”
“ ... “
ဝေ့ဝူယင်မှာ သူ့စကားကို သိပ်နားမလည်ချေ။ သို့သော်လည်း လက်ခံရန် ခက်ခဲနေသည့် လေသံတစ်ခု ဖြစ်ကြောင်းတော့ သူ သိပေသည်။
“ဘာကိုဆိုလိုတာပါလဲ မဟာဧကရာဇ်ဝူ...”
ဝူယုက ခေါင်းခါကာ ကံကြမ္မာ၏ တိုက်ဆိုင်မှုကို ပြက်ရယ်ပြုသည့်နှယ် အနည်းငယ် ရယ်မောလိုက်သည်။
“မင်း သူ့ကို မမြင်ဖူးဘူး မလား... အင်းလေ ဟုတ်တာပဲ... သူက မှတ်တမ်းအများစုက သူ့အမိန့်နဲ့ အတူ ဖျက်ဆီးခံလိုက်ရပြီ... သူ ရွေးချယ်ပြီး ချန်ထားခဲ့တဲ့ ဇာတ်လမ်းအချို့ကိုပဲ မင်းတို့ သိရမှာပေါ့”
ဝူယု၏ ဝေဝေဝါးဝါး စကားလုံးများကို နားထောင်ရင်း ဝေ့ဝူယင်၏ သိချင်စိတ်က ပိုမို မြင့်တက်လာ၏။ ဝူယုက လေးလေးပင်ပင် ခေါင်းခါလိုက်သည်။
လုံချန်မှာ အဘယ်ကြောင့် ဝေ့ဝူယင်နှင့် တွေ့ဆုံရုံသာ မက သူ့အား သတ်ဖြတ်ရန်ပါ ကျိန်ဆိုခဲ့သနည်း။ ယနေ့အချိန်တွင်ပင် ထိုလူငယ်ထံမှ အလွန် ပြင်းထန်သော ခြိမ်းခြောက်မှုများကို ခံစားနေရသည်။ လုံချန်၏ ခရီးလမ်းကို စတင်ချိန်တည်းက လိုက်ခဲ့သော လူတစ်ယောက် အနေဖြင့် ထိုအရာကို သူ သိသည်။
“မင်းလို ငွေရောင် မျက်လုံးတွေ ရှိတဲ့ အခြား တစ်ယောက်ကို မင်းမြင်ဖူးလား...”
ဝူယုက စိတ်ဝင်တစားဖြင့် မေးလိုက်၏။
ဝေ့ဝူယင်က ခေါသ်းညိတ်လိုက်သည်။
“ကျုပ်အမေ...”
ဝူယုမှာ အချိန်တစ်ခဏကြာ တိတ်ဆိတ်သွား၏။ ထို့နောက်တွင်မှ သူက ဆက်ပြောလိုက်သည်။
“ဒီကမ္ဘာကြီးမှာ မင်း မရေမတွက်နိုင်တဲ့ လူတွေ၊ နတ်ဆိုးတွေ၊ ရှို့ရန်တွေနဲ့ အခြား သက်ရှိပေါင်း မြောက်များစွာကို တွေ့ခဲ့ဖူးမှာပဲ... ဒါပေမဲ့ မင်း အမေက လွဲပြီး ငွေရောင် မျက်လုံးရှိတဲ့ အခြား တစ်ယောက်ကို မတွေ့ဖူးဘူး... အဓိပ္ပာယ်ရှိတယ်”
ဝေ့ဝူယင် မျက်မှောင်ကြုတ်ကာ ထို့ပိကျိန်း၏ စကားများကို ပြန်လည် ကြားယောင်လာမိသည်။ သူ၏ ငွေေ၇ာင် မျက်လုံးများက ထူးခြားကာ ကောင်းကင်ဘုံ နတ်မျက်လုံး ကျင့်စဥ် ကျင့်ကြံရန် သင့်တော်သည်ဟု သူက ဆိုခဲ့သည်။ အဘယ်ကြောင့် ဖြစ်ကြောင်း သူမသိခဲ့ချေ။ လွန်ခဲ့သော သုံးနှစ်အတွင် စုံစမ်း စစ်ဆေးမှု အချို့ ပြုလုပ်ခဲ့သည့်တိုင် အသုံးဝင်သည့် အချက်အလက် တစ်ခုတစ်လေမှ သူ မရခဲ့ချေ။ သို့သော်လည်း ဝူယု၏ စကားလုံးများက သူ့အား ပြောပြနေ၏။
“မင်းကို မပြောပြတာ အကောင်းဆုံး ဖြစ်လိမ့်မယ် လို့ ငါထင်တယ်... အချိန်ကျလာတဲ့ တစ်နေ့ကျရင်တော့ မင်း ရှာဖွေတွေ့ရှိလာမှာပါ”
ဝူယုက ဆိုလိုက်၏။ ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများမှ ဘယ်တော့မှ ဝူယုအား ခွာခဲ့ခြင်း မရှိချေ။ သူသည် စကားအား ထိုကဲ့သို့ မရှင်းမရှင် ပြောသူများကို အလွန်မုန်းသည်။ သူ၏ စိတ်က လျှင်မြန်စွာပင် တွက်ချက်ကာ ဖြစ်နိုင်ချေ ရှိသည့် အခြေကို ရှာဖွေနေ၏။
“ထာဝရ ဧကရာဇ်မှာလည်း ငွေရောင် မျက်လုံးတွေ ရှိတယ်... ကျုပ်က သူ့ရဲ့ မျိုးဆက်လို့ ခင်ဗျား ထင်နေတာလား”
ဝေ့ဝူယင် မေးလိုက်၏။ သူသည် အနန္တ ဧကရာဇ်ဂိုဏ်းသို့ စတင် ရောက်ရှိချိန်မှ စကာ ထာဝရ ဧကရာဇ်၏ ဒဏ္ဍာရီများစွာကို ကြားခဲ့ရသည်။ သို့သော်လည်း သူ၏ ပုံတစ်ပုံမှ မမြင်တွေ့ခဲ့ဖူးသလို သူ၏ အသွင်အပြင်ကို ဖော်ပြထားသည့် မည်သည့် စာအုပ်တစ်အုပ်ကိုမှလည်း မဖတ်ဖူးချေ။
ဝူယု၏ ခန္ဓာကိုယ်က မသိမသာလေး တုန်လှုပ်သွားသည်ကို ဝေ့ဝူယင် သတိထားလိုက်မိသည်။ သူ ခေါင်းအား ခါလိုက်၏။ ထိုအချက်အလက်များက စိတ်ဝင်စားစရာ ကောင်းသည့်တိုင် သူ၏ အနာဂတ်နှင့် လားလားမျှ သက်ဆိုင်ခြင်း မရှိချေ။ အားလုံးက အတိတ်သာ ဖြစ်သည်။
သူသည် ထာဝရ ဧကရာဇ်နှင့် တစ်ကြိမ်မျှ မဆုံတွေ့ခဲ့ဖူးသလို သူ့မိခင်၏ ဇစ်မြစ်ကိုလည်း မသိပါချေ။ သို့သော်လည်း သူ့အတွက် အကျိုးအမြတ် မရှိမည့် အဖြေများကို ရှာဖွေခြင်းဖြင့် အချိန်ကုန်ဆုံးမည့် အလုပ်မျိုးကိုတော့ ဘယ်တော့မှ လုပ်လိမ့်မည် မဟုတ်ချေ။
သို့သော်လည်း သူ၏ အဂ္ဂိရတ် ပါရမီ သဘာဝ အလျှောက် မြင့်မားနေခြင်းနှင့် စိတ်တာအိုနှင့် ဆက်နွယ်နေသည့် ကောင်းကင်ဘုံ နတ်မျက်လုံး နည်းလမ်းကိုပါ ပေါင်းထည့်ပါက ထိုအရာက အတော်လေး ရှင်းလင်းလှပေသည်။ မည်သို့ပင် ဆိုစေကာမူ သူ့ဘဝကတော့ ပြောင်းလဲလိမ့်မည် မဟုတ်ချေ။ သဘာဝ ပါရမီအတွက် ဘိုးဘေးအား ကျေးဇူးတင်ရုံမှ တစ်ပါး ထွေထွေထူးထူး သူခံစားနေလိမ့်မည် မဟုတ်ချေ။
“ကြောက်ဖို့ကောင်းအောင် ဉာဏ်ကောင်းလွန်းတာပဲ”
ဝူယု၏ မျက်လုံးများထဲတွင် ထိတ်လန့်မှု အချို့ ပေါ်လာခဲ့၏။ ဝေ့ဝူယင်က အပြုံးမဟုတ်သည့် အပြုံး တစ်ခုကို ဆင်မြန်းလိုက်သည်။
“အဲဒါတွေ ထားလိုက်ပါလေ... ကျုပ်တို့မှာ အခြား ဆွေးနွေးစရာတွေ ရှိသေးတယ် မဟာဧကရာဇ်ယု...”
စတင် ကြားသိခဲ့သည့် အချိန်မှ စတင်၍ ဝေ့ဝူယင် အနန္တဧကရာဇ် ကျမ်းစာကို ပိုင်ဆိုင်လိုခဲ့သည်။ ကျင့်ကြံခြင်း၏ လျှို့ဝှက်ချက်များအား သိုမှီးထားသည့် စာအုပ်တစ်အုပ်ကို မည်သူက မပိုင်ဆိုင်လိုမည်နည်း။ ကြယ်တာရာ အမြုတေ အဆင့်ထက်ပင် ကျော်လွန်နေသည့် ရတနာ တစ်ခုကို မည်သူက မမက်မောပဲ နေမည်နည်း။
ဝူယုမှာ ဝေ့ဝူယင်၏ ရည်ရွယ်ချက်ကို သိဟန်ရကာ ခေါင်းခါလိုက်သည်။
“မင်းအနေနဲ့ ကိုယ့်အကန့်အသတ်ထက် ပိုပြီး လောဘမကြီးသင့်ဘူး... အနန္တဧကရာဇ် ကျမ်းစာကို မဟာဧကရာဇ် မျိုးဆက်တွေပဲ သန့်စင်နိုင်လိမ့်မယ်”
ထိုစကားလုံးများက ဝေ့ဝူယင်ကို မျက်မှောင်ကြုတ် သွားစေသည်။
“ဒါဆိုလည်း ကျုပ် တိုက်ရိုက်ပဲ ပြောတော့မယ်... အင်ပါယာ ကောင်းကင်ချီ နည်းလမ်းကို ကျုပ်ကိုပေး... ထိုက်တန်တဲ့ ဆက်ခံသူ တစ်ယောက်ကို ရှာဖွေပြီး သူ့အတွက် ကျုပ် အစွမ်းကုန် ပံ့ပိုးပေးမယ်”
ချီနည်းလမ်း တစ်ခုကို စတင် ကျင့်ကြံရန် အတွက် ကျင့်ကြံမည့် သူမှာ ချီပျစ်ခဲခြင်း အဆင့်တွင် ရှိရန် လိုအပ်သည်။ ဝေ့ဝူယင်သည် ကြယ်တာရာ အမြုတေ အဆင့်ကို ခြေချခဲ့ပြီး ဖြစ်ရာ ၎င်းကို မကျင့်ကြံနိုင်တော့သလို ကျင့်ကြံရန် စိတ်ကူးလည်း မရှိချေ။ သို့သော်လည်း အင်ပါယာ ကောင်းကင်ချီ နည်းလမ်းအား ကျင့်ကြံနိုင်သည့် လူတစ်ယောက်ကို ရုပ်သေးရုပ် အဖြစ် ကြိုးဆွဲထားနိုင်ပါက ထိုအရာမှာ သူ ကိုယ်တိုင် ကျင့်ကြံခြင်းနှင့် ခြားနားလိမ့်မည် မဟုတ်ချေ။
"မရဘူး...”
ဝူယုက ပြတ်သားစွာပင် ခေါင်းခါလိုက်၏။ ဝေ့ဝူယင်၏ မျက်လုံးများက ကျဥ်းမြောင်းသွားကာ အစီအရင်များကို အသက်သွင်းလျှင် ထိုဝိညာဥ်အား အမှုန့်ချေလိုသည့် ဆန္ဒတစ်ခု ဖြစ်ပေါ်လာသည်။ သို့သော်လည်း ထိုအရာက ဂိုဏ်း၏ တည်ထောင်သူ ဝူယုဖြစ်ရာ သူ ရက်ရက်စက်စက် မလုပ်လိုချေ။ ထို့အပြင် နှစ်ထောင်ပေါင်းများစွာ အသက်ရှင်ခဲ့သည့် ထိုလူအိုကြီး၌ ဝှက်ဖဲမျာ ရှိ၊ မရှိ မသေချာချေ။
သူ ဆေးလုံးများ၊ ကြယ်တာရာ အစီအရင်များကို ပြင်ဆင်ထားသည့် ဝူယုက အနန္တဧကရာဇ် ကျမ်းစာကို ဆင့်ခေါ်၍ သူ့အား သတ်ဖြတ်လျှင် မည်ကဲ့သို့ လုပ်မည်နည်း။
“မဟာ ဧကရာဇ် နေရာအတွက် ဆက်ခံမယ့်သူကို ငါ ရွေးပြီးပြီ...”
ဝူယုက တည်ငြိမ်စွာ ပြောလိုက်၏။
“လုံချန်လား...”
ဝေ့ဝူယင်က မေးလိုက်သည်။ ငြိမ်သက်နေသည့် ဝူယုအား ကြည့်ရင်း ထိုအရာက အမှန်တရား ဖြစ်ကြောင်း ဝေ့ဝူယင် နားလည်လိုက်သည်။
“လုံချန်က အင်ပါယာ ကောင်းကင်ချီ နည်းလမ်းကို ကျင့်ကြံထားတယ်ပေါ့”
ဝေ့ဝူယင်၏ မျက်လုံးများက အရောင်ပြောင်း သွားခဲ့လေသည်။
***