ရှာဖွေတွေ့ရှိမှုနှင့် ခွန်အား
Vol. 73 Ch. 1012
ယုယန်က နောက်ရက်အနည်းငယ်ထိ ကိုယ်တိုင်ရှာဖွေရေးခရီးစဉ်ဖြင့် အချိန်ကုန်ဆုံးခဲ့သည်။ သူမက ဇနီးတစ်ယောက်နှင့် မိခင်တစ်ယောက်ထက် ကိုယ်ပိုင်အနေဖြင့် ဘဝ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ ကြိုက်ခြင်း၊ မကြိုက်ခြင်း အစရှိသည်တို့ကို ပြန်လည်ရှာဖွေခဲ့သည်။
သေမျိုးဘဝနှင့် လူမှုအဖွဲ့အစည်းတို့ကို တွေ့ကြုံခံစားရခြင်းက သူမအတွက် ထူးကဲလှသည်။ သို့သော်လည်း သူမက ကိုယ်ပိုင်အတွက် ရည်ရွယ်ချက်ကို ရှာမတွေ့သေးပေ။ ထို့ကြောင့် သူမက အနားယူဖို့ ဆုံးဖြတ်ခဲ့၏။
ကံကောင်းစွာဖြင့် သူမ ရှိနေသည့် မြို့အတွင်း စစ်တုရင် ပြိုင်ပွဲရှိနေသည့်အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
သူမက စိတ်လှုပ်ရှားမှု မရှိဘဲ အနိုင်ယူခဲ့၏။ သေမျိုးတိုင်းပြည်အတွင်း စစ်တုရင် ပညာရှင် တစ်ယောက် ပေါ်ထွက်လာကြောင်း ကောလဟာလများ ရှိလာသည်။ ပထမဦးစွာ ယုယန်က အာရုံစိုက်မှုကြောင့် ထွက်သွားလိုမိ၏။ သို့သော် သူမက စိတ်ကို ပြောင်းလဲကာ စိန်ခေါ်မှုများကို ဆက်လက် လက်ခံခဲ့သည်။
ထိုဖြစ်စဉ်က သူမ၏ ရှာဖွေမှုကို အကူအညီ ဖြစ်စေ၏။
သူမက စစ်တုရင်အပေါ် သဘောကျမှုအား ပြန်လည်တွေ့ရှိသွားခဲ့သည်။ အစောပိုင်းနှစ်များအတွင်း သူမက အထက်တန်းစားပညာရေးကို သင်ယူနေစဉ် ကစားပွဲတွင် ထူးကဲသည့် ပါရမီကို ရှာဖွေတွေ့ရှိခဲ့သည်။ သို့သော်လည်း သူမ၏ ပါရမီအရ သူမ ဖခင်သည် တိုက်ခိုက်ရေးကိုသာ အာရုံစိုက်ထားခဲ့ပြီး လက်ထပ်ဖို့ ရည်ရွယ်ထားသည့် သူမ၏ အမကိုသာ စစ်တုရင်၊ လက်ရေးလှနှင့် ကဗျာ ရေးရာကိစ္စများကို အာရုံစိုက်ခိုင်းခဲ့သည်။
သူမက သူ့သား၏ တာအိုသက်သေပြနည်းလမ်းတွင် ထိုအရာကို လိုအပ်နေသည်ကို မသိခင်အချိန်အထိ စစ်တုရင်ပညာရပ်ကို အာရုံစိုက်ခြင်း မရှိခဲ့ပေ။ ထိုအချိန်တွင် သူမက ထိုပညာရပ်တွင် မည်မျှပါရမီထူးကဲကြောင်း သဘောပေါက်သွားခဲ့၏။ သားဖြစ်သူကသာ သူမကို အပြိုင်လိုက်နိုင်သည်။ ယုယန်က ထိုသူသည် တစ်ခါတစ်ရံ သူ ရှုံးနိမ့်နေသည့်အခါ တိတ်တဆိတ် လိမ်လည်တတ်ကြောင်း တွေးမိသွားကာ ပြုံးလိုက်မိသည်။
သူမက မိခင်ကဏ္ဍကို ကစားကာ သူမက ရှုံးနိမ့်သွားသည့်အခါ သူက ခက်ခက်ခဲခဲ ကစားသည်ဟုသာ အပြစ်တင်ခဲ့သည်။
ယုယန်က စစ်တုရင် ဝိဇ္ဇာအနေဖြင့် အချိန်ကုန်ဆုံးနေပြီး သူမ၏ ရည်ရွယ်ချက်က ထိုစစ်တုရင်နှင့် တစ်ခုမဟုတ် တစ်ခု ဆက်သွယ်နေသလို ခံစားနေရသည်။
သို့သော်လည်း သူမက ဘာကိုမှ မစဉ်းစားမိပေ။ သူမက အနောက်ပိုင်းကုန်းမြေ မရောက်ခင်အချိန်အထိ ဘာမှအကောင်အထည် ပေါ်မလာခဲ့ပေ။
ဘုံကျောင်းတစ်ခုတွင် သူမက ဘုန်းကြီးများသည် သူတို့၏ စိတ်ကို လေ့ကျင့်ဖို့အတွက် အမှောင်ထုစစ်ဆေးမှုကို ဖြတ်ကျော်ရကြောင်း သိခဲ့ရသည်။ နာမည်အတိုင်း ဘုန်းကြီးများက သူတို့ကိုယ်သူတို့ အမှောင်ထု ရှိနေသည့်အခန်းအတွင်း ပိတ်ဆို့ထားကာ သူတို့၏ တာဝန်က အမှောင်ထုထံ မလွန်ဆန်နိုင်ခြင်း မဖြစ်ရလေအောင် သူတို့စိတ်၏ ခံနိုင်ရည်အပေါ် မှီခိုဖို့ ဖြစ်သည်။
“အဲဒါက လွယ်မဲ့ပုံပဲ” ယုယန်က ထိုစစ်ဆေးမှုကို ကြုံတွေ့ချင်မိသည်။ နှမြောစရာကောင်းလှသည်က ထိုအရာသည် ဘုံကျောင်းမှ ဘုန်းကြီးများအတွက်သာ ဖြစ်နေလေ၏။ ထို့ကြောင့် သူမက ရွေးချယ်စရာ မရှိဘဲ ဇစ်မြစ်ကို ထုတ်ဖော်လိုက်ရသည်။ ကောင်းကင်ဧကရာဇ်၏ မိခင်ဖြစ်သူကို မည်သူကများ ငြင်းဆန်ရဲမည်နည်း။
သူမက ကိုယ်ပိုင်ရှာဖွေရေးခရီးစဉ် ဖြစ်နေသော်လည်း သူမ၏ ဇစ်မြစ်ကို အသုံးမပြုဘဲနေလောက်အောင် အသေးအဖွဲကိစ္စလေးများအပေါ် ဇာကြီးချဲ့မည့်သူ မဟုတ်ပေ။
ယုယန်က ဘုံကျောင်း၏ ကောင်းချီးဖြင့် သေမျိုးအဆင့် အမှောင်ထုစမ်းသပ်မှုကို စတင်ခဲ့သည်။ ထိုစစ်ဆေးမှုက သူမ၏ စိတ်အခြေအနေသည် ကျင့်ကြံသူများကဲ့သို့ မြင့်မားနေသည့်အတွက် လွယ်ကူလှ၏။ ထို့ကြောင့် သူမက ကျင့်ကြံသူတစ်ယောက်၏ ကဏ္ဍကို အာရုံစိုက်ထားခဲ့သည်။
ထို့ကြောင့် သူမက ထိုအမှောင်ထု၏ ပထမအဆင့်တွင် အတိတ်၏ မြင်ကွင်းတချို့ကို ပြန်လည်ကြုံတွေ့လာရသည်။ သူမ၏ မျိုးနွယ်က မွေးဖွားရေးကဏ္ဍတွင် ကံကောင်းထောက်မပြီး ချစ်ချစ်ခင်ခင်ရှိကြသည့် ကလေးနှစ်ယောက်ကို မွေးဖွားနိုင်ခဲ့သည်။ ထို့ကြောင့် သူတို့သည် ကလေးဘဝကတည်းက ရင်းနှီးပြီး အတူတူ ကစားခဲ့ကြ၏။
သူ့အစ်မနှင့်အတူ ကစားဖို့ ကြိုက်သည့် ကစားပွဲတစ်ခုက တူတူပုန်းတမ်း ဖြစ်ပေသည်။ သူမက အမြဲတမ်းလိုလို အနိုင်ရရှိလေ့ရှိ၏။ သူမက သူမအစ်မ ကြောက်သည့် မှောင်မဲနေသော နေရာများတွင် ပုန်းအောင်းလေ့ရှိသည်။ သူမက အသက်ကြီးသော်လည်း အမှောင်ကို ကြောက်ရွံ့နေသည့်အကြောင်း သူ့အစ်မကို စနောက်လေ့ရှိ၏။ နှမြောစရာကောင်းလှသည်က သူတို့အသက်ကြီးလာသည့်အခါ ထိုနည်းဗျူဟာက အလုပ်မဖြစ်တော့ပေ။
ငါက အမှောင်ထုတာအိုကို ရွေးချယ်ခဲ့တာက အလင်းတာအိုရဲ့ ဆန့်ကျင်ဘက် ဖြစ်နေလို့လို့ ထင်ခဲ့မိတာ။ တကယ်လို့ ဒါနဲ့သာ တာအိုသက်သေပြနိုင်မယ်ဆိုရင် ငါတို့မျိုးနွယ်ရဲ့ အုတ်မြစ်က ပိုပြီးတော့ နက်ရှိုင်းလာမယ်ပေါ့။ ဒါပေမဲ့ အဲ့လိုမရိုးရှင်းတဲ့ပုံပဲ။ ငါက အမြဲတမ်း အမှောင်ထုကို သဘောကျခဲ့တာပဲ…
ထိုအချက်ကို သဘောပေါက်ပြီးသည့်နောက်တွင် မေ့လျော့နေခဲ့သည့် ကိစ္စများစွာက ပိုမိုရှင်းလင်းလာခဲ့သည်။ သူမက အံ့ဖွယ်ခန္ဓာကိုယ်အဆင့် ချိုးဖောက်စဉ်အခါက သူမ၏ ကံကြမ္မာကောင်း မီးတောက်အတွင်း ထည့်သွင်းမည့် အတွေးအခေါ်သည် ယုမျိုးနွယ်ကို ပြန်လည်ရှင်သန်အောင် လုပ်ပြီး အမှောင်ထု၏ အလှတရားနှင့် အကြောက်တရားကို ပြသဖို့ရာ ဖြစ်သည်။
ဤနှစ်များစွာတိုင် သူမက ပထမရည်ရွယ်ချက်ကိုသာ ကြိုးပမ်းခဲ့ပြီး ဒုတိယအပိုင်းကို အာရုံမစိုက်ခဲ့မိပေ။ သူမ၏ မျိုးဆက်တွင် ကောင်းကင်တာအိုက အထွတ်အထိပ်လမ်းစဉ်ကို ဖြတ်တောက်ခဲ့ပြီး ကောင်းကင်အလိုဆန္ဒ မရှိကြောင်း သိလိုက်ရသည့်အခါ သူမက နောက်မျိုးဆက်ကို မြှင့်တင်ဖို့ရာသာ အာရုံစိုက်ထားခဲ့သည်။
သူမက သူ့သား မည်မျှပါရမီထူးကဲကြောင်း မမြင်တွေ့ခင်အထိ ယုမျိုးနွယအပေါ် ထားရှိသည့် ရည်ရွယ်ချက်များပင် ပြန်လည်ရှင်သန်လာခြင်း မရှိပေ။ တခြားအရာအတွက်မူ သူမက ယခုအချိန်အထိ မေ့လျော့နေခဲ့၏။
“ဒါက ဒီလိုကိုး” ယုယန်က မျက်လုံးဖွင့်ကာ ရေရွတ်လိုက်သည်။
“အဖြေက ငါ့ရှေ့မှာ ရှိနေခဲ့တာ ကြာလှပြီ။ ငါ့ရဲ့ ရည်ရွယ်ချက်နဲ့ တကယ့်ရည်မှန်းချက်က အမှောင်ထုမှာ ရှိနေတာပဲ”
သူမ၏ အရှိန်အဝါက ရုတ်တရက် ပြောင်းလဲသွားကာ တည်ငြိမ်ပြီး ပိုမိုဉာဏ်ပညာကြွယ်ဝလာကာ ငြိမ်းအေးသွားပြီး ပြီးပြည့်စုံလာသည်။ သူမ၏ တာအိုနှလုံးသားက ငယ်ရွယ်ကာ တက်ကြွမှုအသစ် ဖြစ်လာ၏။ ယုယန်က သူမသည် ငယ်ရွယ်တက်ကြွမှုအပြည့် ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။ ကျင့်ကြံသူတစ်ယောက်၏ သွင်ပြင်က သက်တမ်း၊ ရွေးချယ်မှုနှင့် စိတ်အခြေအနေတို့ကြောင့် ပြောင်းလဲမှုရှိသည်။
ပထမနှစ်ခုက နားလည်၍ ရသော်လည်း နောက်ဆုံးတစ်ခုကမူ ရှားပါးလှ၏။ လူတချို့က ဆိုးဆိုးရွားရွား အတွေ့အကြုံ သို့မဟုတ် သူတို့၏ တာအိုနှလုံးသား ကွဲကြေပြီးသည့်နောက်တွင် တစ်ညတည်းဖြင့် ရုတ်တရက် သက်တမ်းကြီးရင့်သွားနိုင်ကြသည်။ ထိုအရာက သူတို့၏ တာအိုနှလုံးသားကို ပြန်လည်ပြုပြင်ပြီးသည့်နောက်တွင်လည်း ငယ်ရွယ်မှုကို ပြန်လည်ရရှိနိုင်လေ၏။ သွင်ပြင်ကို ဆုံးဖြတ်သည့် ဤနည်းလမ်းက အင်မော်တယ်အဆင့် ကျင့်ကြံသူများ အသုံးပြုလေ့ရှိသည်။
ယခင်က ယုယန်သည် ရွေးချယ်မှုဖြင့် ငယ်ရွယ်ခဲ့ခြင်း ဖြစ်၏။ သူမ၏ စိတ်အနေအထားကြောင့် မဟုတ်ခဲ့ပေ။ တာအိုအခွင့်အလမ်းဂိုဏ်း၏ ဂိုဏ်းချုပ်ကတော် တစ်ဖြစ်လဲ အားအကောင်းဆုံး ကောင်းကင်ရွေးချယ်ခံ တစ်ယောက်၏ မိခင်အနေဖြင့် သူမက အမြဲတမ်း ကြည့်ကောင်းနေရသည်။
ယခု သူမက စိတ်အခြေအနေကြောင့် ငယ်ရွယ်သွားခဲ့၏။ သူမ၏ စိတ်ဝိညာဉ်က ကမ္ဘာကြီးက အဆုံးမဲ့ဖြစ်နိုင်ချေများဖြင့် ပြည့်နှက်နေသည့် အချိန်သို့ ပြန်ရောက်သွားသလိုမျိုး ခံစားနေရသည်။
“အခု အချိန်ပဲ” ယုယန်က ရေရွတ်ပြီးသည့်နောက်တွင် စစ်ဆေးမှုမှ ထွက်လာလိုက်၏။ သူမက ဘုန်းကြီးအား ဧည့်ဝတ်ကျေမှုအကြောင်း ကျေးဇူးတင်ကာ ထွက်လာလိုက်သည်။ သူမက နောက်ဆုံးသော အခိုက်အတန့်အနေဖြင့် ဘုံကျောင်းကို လှည့်ကြည့်ကာ ရေရွတ်လိုက်သည်။
“မျိုးနွယ်အတွက် အမှောင်ထုစစ်ဆေးမှုကို တည်ဆောက်သင့်တယ်။ ဒါက စိတ်အခြေအနေ၊ တာအိုနှလုံးသားနဲ့ စိတ်စွမ်းအားတို့ကို လေ့ကျင့်ပေးဖို့ နည်းလမ်းကောင်း တစ်ခုပဲ”
ယုယန်က ထွက်လာကာ ကောင်းကင်ခုံရုံးဆီ ပြန်ရောက်လာသည်။
“ပြန်ရောက်လာပြီလား” ဝမ်ဝေ့က ပြုံးကာ မေးလိုက်၏။ သူက သူ့အမေ၏ ကွဲပြားမှုကို သတိထားမိခဲ့သည်။ သူမ၏ မျက်ဝန်းများက ယခင်ထက် ပိုမိုတောက်ပနေပြီး စိတ်အားတက်ကြွနေမှုမျိုးကို ပြသနေသည်။
“ဟုတ်တယ်။ အမေ့ရဲ့ လမ်းစဉ်ကို ရှာတွေ့ခဲ့ပြီ”
“အိုး ပြောပြပါဦး”
ယုယန်က သူမ၏ ရည်မှန်းချက်အကြောင်း ပြောပြလိုက်၏။
“နည်းနည်းတော့ အဓိပ္ပာယ် မရှိဘူးမလား”
“အဲ့လိုဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ရဲ့ လွတ်လပ်ခွင့်ကို လိုချင်တဲ့ အိပ်မက်နဲ့ အတူတူပဲ မဟုတ်ဘူးလား။ အမေက အဲဒီရည်မှန်းချက်ကို ခိုင်ခိုင်မာမာ လမ်းလျှောက်ပြီး ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် လက်မလျှော့ဘူးဆိုရင် အဆင်ပြေပါတယ်။ အမေ နောင်တရမှာ မဟုတ်ပါဘူး”
“ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်လား” ယုယန်က ခေါင်းယမ်းလိုက်သည်။
“အမေက မင်းနဲ့ ဟုန်အာလိုမျိုး ရည်မှန်းချက်ကို ရောက်နိုင်ဖို့ ဘာမဆိုလုပ်နိုင်မယ်လို့တော့ ဖြစ်မယ် မထင်ဘူး”
“ကျွန်တော်တို့တွေက အစွန်းရောက်နေတာလေ။ အမေက အဲ့လိုမဟုတ်လည်း အဆင်ပြေပါတယ်။ တစ်ခါတစ်လေ အစွန်းမရောက်တာကလည်း ကိစ္စကောင်းတစ်ခုပဲလေ”
“ဟုတ်တယ်” ယုယန်က ခေါင်းညိတ်လိုက်၏။
“အခု လှုပ်ရှားရမဲ့ အချိန်လို့ ထင်တယ်”
“ကျွန်တော်တို့တွေ နည်းနည်း စောင့်ရဦးမယ်”
နောက်ဆုံးအချိန် သူစစ်ဆေးကြည့်စဉ်အခါက သူတို့၏ လှည့်ဖျားမှုသည် အလုပ် ဖြစ်ခဲ့လေသည်။ အတိအကျပြောရလျှင် အစစ်အမှန်ကောင်းကင်တာအိုက ခွင့်ပြုပေးခဲ့၏။
သို့သော်လည်း သူက နည်းနည်းလေး စောင့်ဆိုင်းချင်မိသေးသည်။
“အခု အချိန်က အခွင့်ကောင်းပါပဲ။ မင်းက ငါးမျှားနေတာဆိုတော့ အမေ စလိုက်တယ်ဆိုရင် သူတို့တွေက ကုသဖို့ ကုသိုလ် လိုအပ်နေတယ်ဆိုပြီး ကောက်ချက်ချသွားမှာလေ။ အဲ့လိုဆိုရင် သူတို့ရဲ့ အပြုအမူတွေကို တွန်းအားပေးဖို့ ဖိအားများများ ဖြစ်သွားစေလိမ့်မယ်”
“အဲဒါက အကြံကောင်းပဲ။ ဒါပေမဲ့ ရက်သတ္တပတ် အနည်းငယ်လောက်တော့ စောင့်ရဦးမယ်။ ကျွန်တော်ရဲ့ ကိုယ်ပွားက မဟာမူလတောင်ဆီ ရောက်နေတယ်”
“အော ဘယ်လိုစီစဉ်ထားလဲ”
အမေနှင့်သားက သူတို့၏ အကျိုးအမြတ်အတွက် ရရှိမည့်အကြောင်းကို ဆွေးနွေးလိုက်ကြသည်။ ထို့နောက် ယုယန်က သူမ၏ မျိုးနွယ်ဆီ ပြန်ရောက်သွားပြီး ရောက်ရှိလာမည့် ဖြစ်ရပ်အတွက် ပြင်ဆင်ထားလိုက်သည်။ သိပ်မကြာခင် ခုံရုံးအထက် ကောင်းချီးမင်္ဂလာတိမ်တိုက်များ ထွက်ပေါ်လာကာ အားလုံးကို အလန့်တကြား ဖြစ်သွားစေသည်။
တစ်နာရီပင် မကြာမြင့်သေးဘဲ တာအိုအခွင့်အလမ်းဂိုဏ်းက ကောင်းကင်တာအိုကို အတုခိုးပြီး အစီအရင်ကို အသုံးပြုကာ ဆေးလုံး၊ လက်နက်နှင့် အဆောင်များကို သန့်စင်ပေးနိုင်သည့် ပင်ကိုသန့်စင်ရေးနည်းစနစ်အကြောင်း သတင်းအချက်အလက်ကို ထုတ်ဖော်လာခဲ့သည်။ ကမ္ဘာက အံ့အားသင့်သွားပြီး လူများစွာက ကျွမ်းကျင်အတတ်ပညာများ၏ ရွှေရောင်ခေတ်ကာလသည် အစပျိုးလာပြီဖြစ်ကြောင်း သိရှိသွားကြသည်။
………………………………………………………………………..
မဟာမူလတောင်၊ အထက်ပိုင်း အစည်းအဝေး
“အချိန်မရှိတော့ဘူး” ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူရှိသည့် ခပ်ထွားထွား လူအိုကြီးတစ်ယောက်က ပြောလိုက်သည်။ သူက အနက်ရောင်ကို ဝတ်ဆင်ထားပြီး သူ့အရွယ်အစားအတွက် မူမမှန်လောက်အောင် ကြီးမားသည့် လက်များ ရှိလေသည်။
“တကယ်လို့ သူ ကုသပြီးသွားရင် ငါတို့ရဲ့ အပြုအမူက ဘာမှအဓိပ္ပာယ်ရှိတော့မှာ မဟုတ်ဘူး”
“မဟာအကြီးအကဲရှစ် ပြောတာကို သဘောတူတယ်။ တကယ်လို့ ကျုပ်တို့ရဲ့ အပြုအမူတွေက သူရဲ့ မျက်နှာသာပေးမှုကို မရနိုင်ဘူးဆိုရင် အလကားပဲ”
အားလုံးက ဂိုဏ်းချုပ် ချန်းယဲ့ကို ကြည့်လိုက်ကြသည်။ ထိုသူက ဆံပင်ဖြူများ ရှိထားသည့် လူလတ်အရွယ် ခပ်ချောချော အမျိုးသားတစ်ဦး ဖြစ်၏။ သူက အခန်းအတွင်းရှိ လူများလောက် ထွားကျိုင်းနေခြင်း မရှိဘဲ ကြော့ရှင်းသည့် လေထုမျိုး ပိုင်ဆိုင်ထားသည်။ သူ့တုံ့ဆိုင်းနေမှုက သူသည် ချန်းချန်၏ မွေးစားအဖေ ဖြစ်နေ၍ မဟုတ်ဘဲ သူ ပေးဆပ်ရမည့် တန်ကြေးကြောင့်သာ ဖြစ်၏။
“အကြံပေးခန် ဘယ်လိုထင်လဲ”
သူတို့၏ အင်အားစုက လက်နက်သန့်စင်သူများနှင့် ဖွဲ့စည်းထားသည့်အတွက် သူတို့ကျင့်ကြံသည့် ကျမ်းကြောင့် စိတ်မြန်လက်မြန် ရှိကြသည်။ ထို့ကြောင့် မျိုးဆက်တစ်ခုချင်းစီတွင် ဂိုဏ်းချုပ်ကို စိတ်အေးဖို့ရာ ကူညီပေးနိုင်ဖို့ အကြံပေး ရာထူးကို ခန့်အပ်လေ့ရှိ၏။
“ကောင်းကင်ဧကရာဇ်က သခင်လေးချန်းကို ဘာလို့သတ်ခဲ့တာလဲ” အကြံပေးခန်က မေးလိုက်သည်။
“ဘာကိုပြောချင်တာလဲ”
“သူက တခြားသူတွေကို သတ်ဖို့ အခွင့်အရေးရှိတယ်။ ဒါပေမဲ့ တိထျန်းဘက်က လူတွေအပြင် သူက သခင်လေးကိုပဲ သတ်ခဲ့တာ”
“ခွေးကောင်ခန်က ကြားဝင်သွေးထိုးဖို့ လုပ်နေတာလား”
“ကျုပ် ပြီးအောင် ပြောပါရစေဦး” အကြံပေးက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“သိပ်မကြာသေးခင်တုန်းက အရင်ကောင်းကင်ရွေးချယ်ခံဟောင်း အားလုံးကို ဆင့်ခေါ်ခဲ့တယ်လို့ သတင်းရတယ်။ သူတို့တွေ ဘာတွေ ဆွေးနွေးခဲ့ရတယ်ဆိုတာ မသိခဲ့ရပေမဲ့ ဒုတိယအကြိမ် ကောင်းကင်အလိုဆန္ဒတိုက်ပွဲ အသေးစား ကျင်းပမယ်ဆိုတဲ့ သတင်းတော့ ထွက်လာခဲ့တယ်။ တကယ်လို့ လတ်တလောသတင်းတွေကြောင့်သာ မဟုတ်ဘူးဆိုရင် အခု အဲဒါ အပြောအများဆုံး ဖြစ်နေမှာပဲ”
“ဘာကို ပြောချင်တာလဲ”
“ကောင်းကင်ဧကရာဇ်က အမြင်ကျယ်တဲ့သူ၊ ကမ္ဘာပေါ်မှာ အပြောင်းအလဲတွေအများကြီးက သူ နှစ်သောင်းချီကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့တာ”
“သူက သူ့မျိုးဆက်တွေကသူတွေကို အသက်ရှင်ရက် ထားဖို့ ကြံစည်ထားတယ်လို့ ပြောချင်တာလား။ ဒါပေမဲ့ ချန်းအာ ရဲ့ ရုပ်သေးရုပ်အသွင်ပြောင်းမှုကြောင့် သူ့ကို သတ်ခဲ့တယ်လို့ ပြောတာလား” ဂိုဏ်းချုပ်ချန်းယဲ့က မေးလိုက်သည်။
“ဟုတ်တယ်”
“အဲဒါဆိုတော့.. ”
“သူက ကျုပ်တို့ဆီမှာ အဲဒီနည်းလမ်း ရှိနေသေးတယ်လို့ ယုံကြည်ပြီးတော့ ကျုပ်တို့ဂိုဏ်းအပေါ် သံသယဖြစ်လာခဲ့ရင် ဘယ်လိုလုပ်မလဲ”
“သူက အဲ့ထက် ဉာဏ်ကောင်းပါတယ်”
“အဓိကအချက်က ငါတို့ဂိုဏ်းရဲ့ ကိစ္စတွေကို ဝင်ရောက်စွက်ဖက်ဖို့ သူ့ဆီ အကြောင်းပြချက် မရှိစေဖို့ပဲ ” သူက တည်ငြိမ်စွာ ပြောလိုက်သည်။
ချန်းယဲ့က ထိုသူ၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွား၏။ သူတို့သည် စိတ်အေးဖို့ရာအတွက် ကောင်းကင်ဧကရာဇ်နှင့် ဆက်ဆံရေးကို ပြန်လည်ပြုပြင်ရမည်။