ငါးဖမ်းမိခြင်း
Vol. 73 Ch. 1017
ရှုရှစ်က သူမ၏ ဆုလာဘ်ကို လက်ခံရရှိပြီးသည့်နောက်တွင် သီချင်းကို ဒုတိယအကြိမ်မြောက် တီးခတ်လိုက်သည်။ ဤတစ်ကြိမ် ကုချင်းသံစဉ်နောက်တွင် သူမ၏ ချိုမြိန်လှဖွယ် အသံပါ လိုက်ပါလာ၏။ လူအားလုံးက သီချင်းသည် စာသားများ ပါရှိကြောင်း ချက်ချင်းသိသွားကြကာ နားထောင်လိုက်ကြသည်။
ဝေဟင်အထက် အမြင်ရုပ်လွှာများ ပေါ်ထွက်လာကာ သူမ၏ အသံက မိုးမြေကြား ပျံ့နှံ့သွားသည်။ ကုချင်းသံစဉ်ကဲ့သို့ သီချင်းစာသားများကလည်း အသင်္ချေအင်ပါယာကမ္ဘာ၏ သမိုင်းကြောင်းကို ထင်ဟပ်ပြသနေသည်။
ရှုရှစ် ပြီးဆုံးသွားသည့်အခါ သူမ၏ ကုသိုလ်အမြောက်အများ ရရှိလိုက်သော်လည်း ကောင်းကင်တာအိုမျက်လုံးက ထပ်မံ ပေါ်ထွက်လာခြင်း မရှိပေ။
……………………………………………………….
အနောက်ပိုင်းကုန်းမြေ
ဖုန်းဟွမ်က သီချင်းကို ခံစားပြီးသည့်နောက် မျက်လုံးဖွင့်လာခဲ့သည်။ သူက အလယ်ပိုင်းကုန်းမြေရှိ ကျောင်းတော်ကို အာရုံစိုက်လိုက်၏။
“သီချင်းက ကမ္ဘာကို ကိုယ်စားပြုနေတာလား။ မဟုတ်သေးဘူး။ ဒါက လူတွေနဲ့ သမိုင်းကြောင်းကို ကိုယ်စားပြုနေတဲ့ သီချင်းတစ်ပုဒ်ပဲ။ ဒကာမ ရှုရှစ်က တကယ်ကို ပါရမီထူးကဲတဲ့ ဧကရီတစ်ယောက်ပဲ”
သူက ရေရွတ်လိုက်ပြီးသည့်နောက်တွင် အကြည့်များက တောက်ပလာသည်။
“ကမ္ဘာမှာ ကိုယ်စားပြုတဲ့ သီချင်းရှိတယ်ဆိုမှတော့ တူညီတဲ့ ကျမ်းလည်း ရှိမလာနိုင်ဘူးလား”
ထိုအတွေး တွေးမိသည်နှင့် သူက မဖယ်ရှားနိုင်တော့ပေ။ ထို့ကြောင့် သူက ရှုရှစ်ဆီ ဂုဏ်ပြုစကားပို့ဆောင်ပြီးသည့်နောက် သီးသန့်ကျင့်ကြံရေး ဝင်ရောက်လိုက်သည်။ သူက အသင်္ချေအင်ပါယာ၏ အနှစ်သာရအားလုံးကို ခြုံငုံနိုင်သည့် ကျမ်းကို ရေးသားနိုင်မည်လားဟု သိချင်နေမိသည်။
ဖုန်းဟွမ်သာ ထိုသို့ တွေးမိခြင်း မဟုတ်ပေ။ လူများက ရှုရှစ်၏ အောင်မြင်မှုကို သဘောပေါက်ပြီးသည့်နောက်တွင် သူမ၏ အောင်မြင်မှုကို ပုံတူပွားဖို့ သို့မဟုတ် အတုခိုးဖို့ ချက်ချင်း တွေးမိခဲ့ကြ၏။ ထိပ်သီး တာအိုအင်အားစုများကလည်း ဖုန်းဟွမ်နှင့် အတွေးအတူတူ ရှိထားပြီး ကမ္ဘာကို ကိုယ်စားပြုသည့် ကျမ်းကို ရေးသားချင်နေကြသည်။
လူတချို့က တူညီသည့် သက်ရောက်မှုမျိုးရှိသည့် လက်ရေးလှ သို့မဟုတ် ပန်းချီကားကို ဖန်တီးလိုကြသည်။ ဤဖွံ့ဖြိုးတိုးတက်မှုက ကျင့်ကြံသူများ သာမကဘဲ သေမျိုးများပင် ပါဝင်ဆင်နွှဲလာကြ၏။ ဤနှစ်များစွာ ကြာမြင့်ပြီးသည့်နောက်တွင် အနုပညာနှင့် အတတ်ပညာတို့က ရွှေရောင်ခေတ်ကာလသို့ ဝင်ရောက်သွားပြီး ပါရမီထူးကဲသည့် သေမျိုးများစွာကို မွေးထုတ်ပေးနိုင်ခဲ့သည်။ ထိုပါရမီရှင်များက သီချင်းပေါ်ထွက်လာမှုသည် သူတို့ပါဝင်ဆင်နွှဲရမည့် အခွင့်အရေးဖြစ်ကြောင်း သိလိုက်ကြသည်။
မြောက်ပိုင်းကုန်းမြေ၌ အောင်းရှန်ကလည်း သီချင်း၏ အကျိုးကျေးဇူးကို မြင်လိုက်ရသည်။ သူက လူသားမျိုးနွယ်နှင့် ကမ္ဘာ၏ ခြုံငုံမှုကို ဖွဲ့စည်းဖို့ နည်းလမ်းကောင်းတစ်ခု ဖြစ်ကြောင်း သိလိုက်၏။ ထို့ကြောင့် သူက နတ်ဆိုးမျိုးနွယ်အတွက် ကိုယ်ပိုင် နတ်ဆိုးသီချင်းကို ဖန်တီးလိုသည်။ သို့သော်လည်း အတတ်ပညာနှင့် အနုပညာကဲ့သို့ ကိစ္စရပ်မျိုးက သူတို့မျိုးနွယ်စုအတွက် ထူးချွန်သည့် ပညာရပ်မျိုး မဟုတ်ပေ။ ထို့ကြောင့် သူက ပြင်ဆင်ဖို့အတွက် အချိန်တစ်ခု လိုအပ်၏။
သီချင်း ပြီးဆုံးသွားပြီးသည့်နောက်တွင် ဉာဏ်အလင်းပွင့် ဗိမာန်က ပိုမို အရေးကြီးလာခဲ့သည်။ အကြောင်းအရင်းမှာ အနုပညာနှင့် အတတ်ပညာတို့၏ ဖွံ့ဖြိုးတိုးတက်မှုထဲ ဆင့်ကဲအားဖြည့်မှုကို လက်ခံလိုက်ရရှိလိုက်ကြသည်။
…………………………
ကောင်းကင်ခုံရုံး
ဝမ်ဝေ့က ကမ္ဘာ၏ အပြောင်းအလဲကို တည်ငြိမ်စွာ ကြည့်နေလေသည်။
“အခု အချိန်ကျပြီ” သူက ရေရွတ်လိုက်သည်။
“ဟုတ်တယ်။” သူက အိပ်မက်လောကရှိ လုပ်ပိုင်ခွင့်ကို အသုံးပြုကာ ရှုရှစ်၏ သီချင်းကို မှတ်တမ်းတင်ထားခဲ့သည်။
၅နှစ်ကြာမြင့်ပြီးသည့်နောက်တွင် သူ့ကိုယ်ပွားက ကျူးကျော်သူများ ရှိလာသည်ကို ပြောပြခဲ့၍ အတင်းအကြပ် နိုးထလာရသည်။
“အခြေအနေက ဘယ်လိုလဲ”
“ကျူးကျော်သူ ၉ယောက် ရှိတယ်” ကိုယ်ပွားက ပြန်ဖြေလိုက်သည်။
“ထာဝရဧကရာဇ် တစ်ယောက်၊ အတုအယောင် ထာဝရဧကရာဇ်နှစ်ယောက်နဲ့ ပထမတန်းစားအဆင့် သုံးယောက်။ ပြီးတော့ ထာဝရဦးသျှောင် နှစ်ယောက်”
“ပုံမှန်ဆိုရင်တော့ ထာဝရပုဂ္ဂိုလ် ငါးယောက်ပေါ့။ ဒီပုံစံက နည်းနည်းတော့ ချဲ့ကားရာတော့ ကျသားပဲ” သူက ထုတ်လွှတ်လိုက်သည့် သတင်းသည် လူများစွာကို ခေါ်ဆောင်လာလိမ့်မည်ဟု ထင်ထားသော်လည်း ဤမျှအင်အားကြီး ပုဂ္ဂိုလ်များ ပါလာလိမ့်မည်ဟု ထည့်တွက်မထားပေ။
“လူတချို့က ဝင်ရောက်စွက်ဖက်ခဲ့တယ်”
“ဘယ်သူတွေလဲ။ အော် ခဏ။ ကုန်သွယ်ရေးဗဟိုချက်ပဲ ဖြစ်ရမယ်”
“ဟုတ်တယ်။” ကိုယ်ပွားက ခေါင်းညိတ်လိုက်၏။
“သူတို့က ကောင်းကင်ခုံရုံးအကြောင်း သိပြီးတော့ အဲဒီရာထူးအပေါ် ချမှတ်ထားတဲ့ ကျိန်စာကိုလည်း သိခဲ့ကြတယ်လေ။ အဲဒါကြောင့် ဒီနယ်ရုပ်တွေကို သုံးပြီးတော့ စမ်းသပ်ချင်နေကြတာ”
ဝမ်ဝေ့က ပြုံးလိုက်သည်။ ကြယ်တာရာသားရဲကမ္ဘာမှ ကုန်သွယ်ရေးဗဟိုချက်ဆီ ခုံရုံးအကြောင်း သတင်းပေါက်ကြားပြီးသည့်နောက်တွင် သူ့အနေနှင့် တချို့သူများသည် လှုပ်ရှားလာလိမ့်မည်ဟု ထင်မှတ်ထားပြီးသား ဖြစ်၏။
“ဒီလူတွေနဲ့ဆိုရင် ကုန်သွယ်ရေးဗဟိုချက်ကို တိုက်ခိုက်ဖို့ မျှတမှု ရှိသွားတာပေါ့”
သူက အကြောင်းအရင်းကို မလိုအပ်သော်လည်း အကူးအပြောင်းကာလမျိုးတွင် အကူအညီ ဖြစ်လာနိုင်သည်။ သူ့အနေဖြင့် စီးပွားရေး လုပ်ဆောင်နေသည့်သူများအတွက် အစီအစဉ်ကျမှုနှင့် အများလက်ခံယုံကြည်မှုက အရေးကြီးဆုံး ကိစ္စနှစ်ခုဆိုတာကို သူက သိထားသည်။
“အဲဒါဆိုရင် ဘာလုပ်စေချင်လဲ။ သူတို့ကို သတ်လိုက်ရမလား။ စည်းပိတ်လိုက်ရမလား”
“မဟုတ်သေးဘူး။ သူတို့ကို တိုက်ခိုက်ပြီးတော့ ခဏအချိန်ဆွဲထားလိုက်။ တချို့ထာဝရပုဂ္ဂိုလ်တွေက ဘယ်လိုတုံ့ပြန်မလဲဆိုတာကို ကြည့်ရအောင်။ ငါတို့တွေ နောက်ကွယ်ကသူတွေကို ထပ်ပြီးတော့ ဆွဲခေါ်နိုင်ဦးမလား မသိဘူး”
“သဘောအတိုင်းပဲ”
ကိုယ်ပွားက ပျောက်ကွယ်သွားပြီးသည့်နောက်တွင် ဝမ်ဝေ့အနားတွင် တစ်စုံတစ်ယောက် ပေါ်ထွက်လာခဲ့သည်။ ထိုသူက ဝမ်ကျူ ဖြစ်၏။ သူ့အနေဖြင့် တစ်စုံတစ်ယောက်က သူ့ကိုယ်ပွားကို ထိုးဖောက်မြင်ကာ ပင်မခန္ဓာကိုယ်ကို တိုက်ခိုက်လာနိုင်ချေကို ကြိုတင်ပြင်ဆင်ထားရသည်။
“ငါ့ရဲ့ဒဏ်ရာတွေက မင်းရဲ့ စွမ်းအားအပေါ် သက်ရောက်မှုမရှိဘူးဆိုတာ သေချာလား”
“အရာအားလုံး အဆင်ပြေပါတယ်”
“စိတ်ဝင်စားစရာပဲ” သူက ဝမ်ကျူ၏ အခြေအနေကို မြင်တွေ့ပြီးသည့်နောက်တွင် သူ့ဘိုးဘေးသည် သခင့်အရိပ်နည်းစနစ်အား အဆင့်မြင့် အရင်းအမြစ်နည်းစနစ် ပေးခဲ့ကြောင်း သဘောပေါက်သွားခဲ့သည်။ သူ့အနေဖြင့် ထိုအရာမှ တစ်စုံတစ်ခု သင်ယူလိုသော်လည်း ဘာမှမလုပ်နိုင်ခဲ့ပေ။
သို့သော်လည်း အဆင့်မြင့် ကျင့်ကြံသူများက ထာဝရလမ်းစဉ် လျှောက်လှမ်းခြင်း မရှိဘဲ တည်ရှိမှု သဘောတရားကို နားလည်မှုတချို့ ရှိကြောင်း သဘောပေါက်ခဲ့၏။ မဟုတ်ပါက ထိုနည်းစနစ်သည် ဝမ်ကျူအား သူ့ဒဏ်ရာ ဘယ်လိုပင်ဖြစ်စေကာမူ သက်ရောက်ခံရခြင်းမှ ကာကွယ်ပေးထားနိုင်မည် မဟုတ်ပေ။
ဝမ်ဝေ့က သူ့ရှေ့တွင် ရှိနေသည့် ပိတ်ကားချပ်ကို အာရုံစူးစိုက်ပြီး အဝေးတွင် ရှိနေသည့် အရာအားလုံးကို စောင့်ကြည့်နေလိုက်သည်။
……………………………………………………………………….
ယနေ့က အသင်္ချေအင်ပါယာကမ္ဘာရှိ လူများအတွက် ပုံမှန် နေ့ရက်တစ်ရက်သာ ဖြစ်သင့်ပေသည်။ လူများက သူတို့၏ နေ့စဉ် လုပ်ငန်းဆောင်တာများအတိုင်း လုပ်ဆောင်နေကြပြီး ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နေကြသည်။ သို့သော်လည်း ကမ္ဘာ၏ ရက်စက်မှုကို သတိပေးသည့် တစ်စုံတစ်ခု ဖြစ်ပျက်လာခဲ့၏
အားကောင်းသည့် အရှိန်အဝါ ၉ခု ကကောင်းကင်အထက် ရုတ်တရက် ထွက်ပေါ်လာကာ နှုတ်ဆက်ဖို့ပင် အချိန်မရဘဲ ချက်ချင်း တိုက်ခိုက်လာကြသည်။ သူတို့က ကမ္ဘာနှင့် လူများကို အားနည်းအောင် လုပ်သည့် နည်းဗျူဟာဖြင့် တိုက်ခိုက်ဖို့ ကြိုးစားနေဟန်ပေါ်၏။
ဒိုင်းကာတစ်ခုက ထိုတိုက်ကွက်အားလုံးကို ကာဆီးမပေးထားခင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
ထို့နောက် လူများက ကောင်းကင်ဧကရာဇ်ဆီ တိုင်တည်ကာ ဆုတောင်းသည့်အသံများက ပဲ့တင်ထွက်လာ၏။
ထို့နောက် တစ်နေရာမှ လူများသည် ကမ္ဘာ့ကိုယ်စားပြုသီချင်းကို သံပြိုင်သီဆိုလာကြပြီး အသင်္ချေအင်ပါယာကမ္ဘာတွင် ထူးဆန်းသည့် အရှိန်အဝါတစ်ခု ဖြစ်တည်လာစေသည်။
တိုက်ခိုက်သည့် ၉ယောက်က ပထမဦးဆုံးတိုက်ကွက် ကျရှုံးသွားသည်ကို မြင်ပြီးသည့်နောက်တွင် စကားပြောလိုက်ကြ၏။
“ပစ်မှတ်ရဲ့ တည်ရှိမှုကို ခံစားမိလား” ခေါင်းဆောင်ဖြစ်ဟန်ပေါ်သည့် ရှေ့တွင် ရှိနေသည့်သူက မေးလိုက်သည်။
“ဟင့်အင်း ကျုပ်တော့ ဘာမှမခံစားမိဘူး” တခြားသူများက ပြောလိုက်စဉ် လူတစ်ယောက်က ထပ်ပြောလိုက်သည်။
“ဒိုင်းကာက သူဒဏ်ရာမရခင် ကမ္ဘာအတွက် ချန်ထားခဲ့တဲ့ ခုခံရေးအလွှာ ဖြစ်လိမ့်မယ်”
“အဲဒါဆိုတော့ တာဝန်ကို ဆက်လုပ်မှာလား” အားလုံးက အဖွဲ့ထဲတွင် အစစ်အမှန်ထာဝရဧကရာဇ်ဖြစ်သူ ခေါင်းဆောင်ကိုသာ ကြည့်လိုက်ကြသည်။
“ငါတို့တွေက သတိထားလွန်းနေတယ်လို့ ထင်တယ်” အတုအယောင်ထာဝရ ဧကရာဇ်တစ်ယောက်က ပြောလိုက်သည်။
“တစ်ယောက်ယောက်က ဒီလောက်ကြီးထိ အားကောင်းနေတာ မဖြစ်နိုင်ဘူးလေ”
သူက ကျိန်စာသည် ဒိုင်မေးရှင်းအမြင့်မှ လွတ်ထွက်လာသည့် အမည်မသိ စွမ်းအား သို့မဟုတ် အသုံးအဆောင်ပစ္စည်းကြောင့် ဖြစ်လိမ့်မည်ဟု ယုံကြည်ထားလေ၏။
“စိတ်ကြီးဝင်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှုက အကဲဖြတ်နိုင်စွမ်းအပေါ် အမှောင်ဖုံးသွားနိုင်တယ်။ ငါက ဒီလိုအမှားမျိုး လုပ်မှာမဟုတ်ဘူး” ခေါင်းဆောင်က တုံ့ပြန်လိုက်သည်။
“ အစီအစဉ်ကို ပုံမှန်အတိုင်းပဲ ဆက်လုပ်မယ်။ မှတ်ထား။ သူတို့ရဲ့ မွေးရပ်မြေကို ကာကွယ်ဖို့ တခြားထာဝရပုဂ္ဂိုလ်တွေကလည်း ဝင်ရောက်စွက်ဖက်လာနိုင်ချေ ရှိတယ်”
“သူတို့က ဘာသီချင်း ဆိုနေကြတာလဲ”
“မသိဘူး။ ဒါပေမဲ့ အသံနည်းစနစ်ရဲ့ ရှေ့ပြေးပုံစံ ဖြစ်လောက်တယ်”
သူတို့က သီချင်းသည် မိုးမြေ၏ စွမ်းအားနှင့် တူညီသည့် ထူးကဲစွမ်းအားတစ်ခုကို စုစည်းနေကြောင်း မြင်နိုင်လေသည်။
“ငါတို့တွေ အပြောင်းအလဲ မဖြစ်လာအောင် မြန်မြန်လုပ်ဖို့ လိုတယ်”
သူတို့၏ စကားဝိုင်းက မြန်ဆန်လွန်းလှသည်။
ခေါင်းဆောင်က အမိန့်ပေးလိုက်၏။ သို့သော်လည်း သူတို့မတုံ့ပြန်နိုင်ခင် ဗလာကျင်းနေသည့် ပုံရိပ်တစ်ခုက သူတို့ရှေ့မှောက် ပေါ်ထွက်လာခဲ့သည်။
“လေဟာနယ် တိုက်ပွဲကွင်းပြင်လား” သူ့မျက်နှာထားက ပြောင်းလဲသွားသည်။ အကြောင်းအရင်းမှာ သူ့လက်ခံရရှိထားသည့် သတင်းအချက်အလက်က မှားယွင်းနေကြောင်း သိရှိသွား၏။
ဤတိုက်ခိုက်မှုအပေါ် တာဝန်ရှိသူများ ပြောစကားအရ တာအိုအခွင့်အလမ်းဂိုဏ်းသည် လေဟာနယ်တိုက်ပွဲကွင်းပြင်ကို ဖန်တီးဖို့ လိုအပ်သည့် ပါဝင်ပစ္စည်းများကို ရှာဖွေနေကြောင်း ပြောခဲ့သည်။ သို့သော်လည်း သူတို့၏ ကြိုးကိုင်မှုဖြင့် အရေးကြီးသည့် အစိတ်အပိုင်းများကို မရရှိခဲ့သေးပေ။ တခြားနည်းဖြင့် ပြောရလျှင် သူတို့က လေဟာနယ်တိုက်ပွဲကွင်းပြင် မရှိသင့်သေးပေ။
ခေါင်းဆောင်က တုံ့ပြန်လိုသော်လည်း တိုက်ပွဲကွင်းပြင်ထဲ အတင်းအကြပ် ဝါးမျိုခံလိုက်ရသည်။ ထိုနေရာတွင် ကိုယ်ပွားက စောင့်ဆိုင်းနေလေ၏။
ဝမ်ဝေ့ကို မြင်တွေ့ပြီးသည့်နောက်တွင် သူက တည်ငြိမ်နေဆဲ ဖြစ်သည်။ ဤတိုက်ပွဲကွင်းပြင်အတွက် ပြင်ဆင်မှုများစွာ ပြုလုပ်ထားပြီးဖြစ်ကာ သုံးသပ်ချက်များစွာအပြီးတွင် ပထမကောင်းကင်ဧကရာဇ်က လူများအား သူ့ကို တိုက်ခိုက်အောင် မျှားခေါ်နေခြင်းဖြစ်ကြောင်း ဆုံးဖြတ်လိုက်သည်။ သူတို့က တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့သည်မှာ သူသည် ဒဏ်ရာအပြင်းအထန် ရရှိနေပြီး အားနည်းနေကြောင်း ဆုံးဖြတ်ထား၍ ဖြစ်သည်။
ထို့ကြောင့် ခေါင်းဆောင်က သူသည် ကောင်းကင်ဧကရာဇ်နှင့် ရင်ဆိုင်နိုင်ရချေကို ပြင်ဆင်ထားသော်လည်း ထိုသူက အားနည်းနေသရွေ့ အဆင်ပြေလေသည်။
“စိတ်ဝင်စားစရာကောင်းတဲ့သူတွေပဲ” ဝမ်ဝေ့၏ ကိုယ်ပွားက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
“အရမ်းအားကောင်းတဲ့ ဂမ္ဘီရဆန့်ကျင် အသုံးအဆောင်က ခင်ဗျားတို့ကို ကောင်းချီးပေးထားတာပဲ”
ကုန်သွယ်ရေးဗဟိုချက်က နက်ရှိုင်းသည့် အုတ်မြစ်ရှိကြောင်း သိထားသော်လည်း ဤအဆင့်အထိ ရောက်နေလိမ့်မည်ဟု ထင်မထားခဲ့မိပေ။ အသုံးအဆောင်ပစ္စည်းက ကိုယ်ပွား၏ ကန့်သတ်ချက်ရှိသည့် စွမ်းအားအပေါ်တွင် အလုပ်ဖြစ်လုနီးပါး ဖြစ်ခဲ့၏။ သို့သော်လည်း အကြမ်းဖျင်း သုံးသပ်ပြီးသည့်နောက်တွင် ကုန်သွယ်ရေးဗဟိုချက်က အဘယ်ကြောင့် ဤပစ္စည်း ရှိနေကြောင်း နားလည်နိုင်လေသည်။
သူတို့က ကမ္ဘာထောင်ချီ၏ အလဲအလှယ်များကို မှတ်တမ်းတင်ကို ကိုင်ဆောင်ထားသည်။ ထိုသတင်းအချက်အလက်က မှန်ကန်သည့် လက်ထဲတွင် အင်မတန် အဖိုးတန်လာမည်ဖြစ်ကာ သူတို့အနေဖြင့် ထိုသတင်းအချက်အလက်ကို ဂမ္ဘီရတွက်ချက်သူများလက်ထဲ ပေါက်ကြားခြင်းကို တားဆီးဖို့ နည်းလမ်း ရှာဖွေရမည်။
“အဲဒါဆိုတော့ မင်းက ပထမ ကောင်းကင်ဧကရာဇ်ပဲ” ခေါင်းဆောင်က ပြောလိုက်သည်။
“ငါ့ကို လက်သီးသူတော်စင်ဧကရာဇ်လို့ ခေါ်လို့ရတယ်”
“ပထမကောင်းကင်ဧကရာဇ်တဲ့လား။ အဆုံးမဲ့လေဟာနယ်က ငါ့ကို ခေါ်တဲ့ပုံစံလား။ ဟင်း ခေါင်းစဉ်ကတော့ သိပ်မဆိုးပါဘူး။ ဒါပေမဲ့ နည်းနည်းတော့ ပိုပြီးတော့ ဖန်တီးဉာဏ် ရှိသင့်တာပေါ့။ သာလွန်ကောင်းကင်ဧကရာဇ် ဒါမှမဟုတ်ဘူးဆိုရင် အထွတ်အထိပ် ကောင်းကင်ဧကရာဇ်တို့လိုမျိုးပေါ့”
“မင်းရဲ့ ဂုဏ်သတင်းက မင်းထက် ရှေ့ပြေးနေတဲ့ပုံပဲ” လက်သီးသူတော်စင် ဧကရာဇ်က မှတ်ချက်ပေးလိုက်သည်။
“ဂုဏ်သတင်းတဲ့လား။ ကမ္ဘာကြီးက ဘယ်လိုမြင်နေလဲဆိုတာကို သိချင်မိသွားပြီ”
“လွတ်လပ်တယ်၊ ပြိုင်ဘက်ကင်းပါရမီရှိပြီး ဉာဏ်ပညာလည်း ကြွယ်ဝတယ်။ ပိုပြီးအရေးကြီးတာက အပြုံးနောက်ကွယ်မှာ မောက်မာမှုမျိုး လျှို့ဝှက်ထားတယ်”
“စိတ်ဝင်စားစရာပဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။
“မင်းတို့တွေက ဒီသုံးသပ်ချက်ကို ရဖို့ ကုရွှမ်စစ်ဆေးမှုထဲမှာ ငါ လုပ်ခဲ့သမျှအရာအားလုံးကို ပြန်ပြီးတော့ လေ့လာထားတဲ့ပုံပဲ။ ငါ စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းအပေါ် လုပ်ခဲ့တဲ့အရာတွေလည်း သိလောက်ရောပေါ့”
“အင်း မင်းက တချို့ရပ်ဝန်းမှာတော့ အတော်လေးကို နာမည်ကြီးပါတယ်”
“အဲ့လိုလား။ ငါက ဂုဏ်သတင်းကျော်ကြားမှုကို မကြိုက်ဘူးလို့ ကိုယ့်ဘာသာကိုယ် ပြောနေမိပေမဲ့ တကယ်တမ်းတော့ အလိမ်အညာ ဖြစ်နေတာပဲ။ လူတွေက ငါ့ကို သိတာကို သဘောကျတယ်” ဝမ်ဝေ့က ပြုံးကာ ပြောလိုက်သည်။
သို့သော် သိပ်မကြာခင် အပြုံးက ချက်ချင်း ပျောက်ကွယ်သွား၏။ သူက မျက်နှာဖုံးတစ်ခု လွှဲပြောင်းတပ်သလိုမျိုး မြန်ဆန်လှသည်။
“တော်ပြီ။ စကားစမြည် ပြောနေတာကို ရပ်လိုက်တော့” သူက အလေးအနက် ပြောလိုက်သည်။
“မင်းတို့ ကြွက်စုတ်တွေက ငါ့ရဲ့ ငြိမ်းချမ်းမှုကို လာပြီး နှောင့်ယှက်နေတာ။ အဲဒါကို ငါ သဘောမကျဘူး။ အဲဒါဆိုတော့ အခု ဖြစ်ပျက်လာမဲ့ ကိစ္စအတွက် အရမ်းကြီး စိတ်ထဲမထားနဲ့”