← Chapters

ဝူယု (၂)

Vol. 15 Ch. 197

ဝူယု (၂)

Vol. 15 Ch. 197

ဝေ့ဝူယင်၏ မျက်လုံးများက အရောင်ပြောင်းသွားကာ အမျိုးမျိုးသော အကြောင်းအရာများကို စဥ်းစားလိုက်သည်။ သို့သော်လည်း ထိုအထဲမှ မည်သည့် အစီအစဥ်ကိုမှ သူ၏ လက်ရှိ ခွန်အားနှင့် အောင်မြင်အောင် လုပ်ဆောင်ရန် မဖြစ်နိုင်လောက်ချေ။ အထူးသဖြင့် ဝူယု ဆိုသော မြေခွေးအိုကြီးမှာ ခန့်မှန်းလို့ မရသည့် လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေသော အဓိက အတားအဆီး ဖြစ်သည်။

“ဆိုတော့ကာ ခင်ဗျားနဲ့ လုံချန်တို့က အရိုးချင်း ချိတ်ဆက်ထားပြီးကြပြီပေါ့...”

ဝူယုက မဆိုင်းမတွပင် ခေါင်းညိတ်လိုက်၏။

“အင်ပါယာ ကောင်းကင်ချီနည်းလမ်းကို ကျင့်ကြံထားတဲ့ လူတွေတိုင်းက ပုံစံမဲ့ ချည်နှောင်မှုကြိုး တစ်ခုနဲ့ ချိတ်ဆက်ထားကြပါတယ်... သူတို့ဟာ တစ်ယောက်ကို တစ်ယောက် ခံစားနိုင်ကြတယ်... အထူးသဖြင့် ကျင့်ကြံရေးအတွက် တိုက်ရိုက် ကူညီပေးတဲ့ လူတွေ အကြားမှာပေါ့လေ”

မဟာ အခွင့်အရေးကြီး တစ်ခုကို ဆုံးရှုံးသွားသည့် အလား ဝေ့ဝူယင်၏ မျက်နှာထက်တွင် မချင့်မရဲ အရိပ်အယောင် တစ်ခု ပေါ်လာခဲ့၏။

လုံချန်ဆိုတဲ့‌‌ကောင်က တကယ့်ကို ကောင်းချီးခံပဲ... အဲဒီအတွက် ကမ္မ ကံကောင်းမှု ဘယ်လောက်တောင် သူ ပေးခဲ့ရမယ် မသိဘူး

အတန်ကြာ တိတ်ဆိတ်ပြီးနောက်၌ ဝေ့ဝူယင် ခေါင်းခါကာ သက်ပြင်းချလိုက်သည်။

“မဟာ ဧကရာဇ် ဝူယု... စိတ်မရှိရင် ကျုပ်အတွက် မေးခွန်းအချို့ ဖြေပေးနိုင်မလား”

“ဖြေပေးနိုင်ပါတယ်...”

ဝူယုက ခေါင်းညိတ်လိုက်၏။

“ဒါပေမဲ့ တစ်ခုတော့ ရှိတယ်... ငါ့ကို လုံချန်ဆီ ပြန်ပို့ပေးရမယ်... သူက ငါ့ရဲ့ အမွေခံပဲ... ငါ သူ့ကို လမ်းညွှန်ပေးရမယ်”

ဝူယု၏ စကားတွင် အန္တရာယ် အငွေ့အသက်များ ပါဝင်နေသလို ဝေ့ဝူယင် ခံစားရလိုက်ရသည်။ သူ့ အထင် ထိုမြေခွေးအိုကြီးမှာ ပြန်လည် ရှင်သန်ရန် အတွက် နည်းလမ်း ရှာဖွေနေပုံ ရပြီး လုံချန်မှာ ကိရိယာ တစ်ခု ဖြစ်ဟန်ရသည်။ လုံလောက်ပြီဟု ယူဆသော တစ်နေ့၌ လုံချန်၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ရန် ကြိုးစားလိမ့်မည်လားတော့ သူလည်း မတွေးတတ်ချေ။

ဝေ့ဝူယင် စိတ်ထဲတွင်သာ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ သို့သော်လည်း ထိုလောက်နှင့် ဝူယု၏ တောင်းဆိုချက်ကို လွယ်လွယ် လိုက်လျောရအောင် သူက အရူး မဟုတ်ပါချေ။ ပြတ်သားစွာပင် ခေါင်းကိုခါလိုက်သည်။

“ခင်ဗျား အမွေခံရဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ ကျုပ် အတော်လေး ဒုက္ခ ရောက်ခဲ့ရတာ... ဒါပေမဲ့ ကျုပ် ဘာလို့ လုပ်ခဲ့တာလဲ ခင်ဗျား သိလား... အားလုံးက လက်စွပ်နဲ့ ခင်ဗျားကို ရဖို့ပဲ... လုံလောက်တဲ့ အကျိုးအမြတ် မရဘူးဆိုရင် ကျုပ်က လက်ကိုတောင် လှုပ်ချင်တဲ့လူ မဟုတ်ဘူး”

လုံချန်မှာ သူ့ကို သတ်ချင်နေသည့်သူ ဖြစ်သည်။ ထိုကဲ့သို့ လူတစ်ယောက်၏ လက်ထဲသို့ ဝူယုကဲ့သို့သော အကာအကွယ် တစ်ခု ပြန်လည် ပေးအပ်လိုက်ခြင်းက ကိုယ့်သေတွင်းကို တူးခြင်းမျိုး ဖြစ်သည်။ သူ့တွင် များစွာသော ဝှက်ဖဲများ ရှိသည် ဆိုသော်လည်း ထိုအရာများက ဝူယုကို ကျိန်းသေ ရင်ဆိုင်နိုင်လိမ့်မည် ဟု မဆိုလိုချေ။ သို့သော်လည်း... လုံ‌လောက်သည့် အကျိုးအမြတ်၊ သို့မဟုတ် အချက်အလက်များ ရမည် ဆိုပါလျှင်မူ ဝူယု၏ တောင်းဆိုချက်ကို လိုက်လျောကောင်း လိုက်လျောရပေမည်။

“မညှိနှိုင်းခင် ကျုပ်မှာ မေးခွန်းတစ်ခု ရှိတယ်... ကျုပ်က ဘာလို့ မဟာ အင်ပါယာ သူတော်စင်တွေရဲ့ ရှေ့မှာ လူလုံး ထွက်မပြရတာလဲ... ခင်ဗျားသာ ဝန်ခံလိုက်မယ် ဆိုရင် သူတို့က ဂိုဏ်းတစ်ခုလုံးရဲ့ ရင်းမြစ်တွေနဲ့ ပုံအောပြီး လုံချန်ကို ပျိုးထောင်ပေးကြမှာ”

ဝူယုသည် သူ၏ အစစ်အမှန် အဆင့်အတန်းကို ကွယ်ဝှက်ထားချင်သည့်ပုံ ရပြီး ဝေ့ဝူယင်၏ အရှေ့တွင်ပင် သူ့ကိုယ်သူ ဖုံးကွယ်ရန် စွမ်းအင်များစွာ အသုံးပြုခဲ့သည်။ အကယ်၍ ‌ကောင်းကင်ဘုံ နတ်မျက်လုံးသာ မရှိပါက သူ့အား သတိပင် ထားမိလိမ့်မည် မဟုတ်ပါချေ။ ထိုအရာက အဘယ်ကြောင့်နည်း။

လုံချန်သည် မဟာ ဧကရာဇ် မျိုးဆက် ဖြစ်ပြီး အနန္တဧကရာဇ်ဂိုဏ်းကို ခေတ်သစ်တစ်ခုသို့ ယူဆောင်ပေးနိုင်သည့် ကိုယ်စားလှယ်လောင်း တစ်ယောက် ဖြစ်သည်။ လက်ရှိ သူ ရုန်းကန်နေရသမျှ အရာအားလုံးမှာ လုံးဝ မလိုအပ်ဟု ဝေ့ဝူယင် ခံစားရသည်။

ဝူယုမှာ အချိန်အတန်ကြာ တိတ်ဆိတ်သွား၏။ ကောင်းကင်နှင့် မြေကြီးကိုပင် လွှမ်းမိုးနိုင်ဟန်ရသည့် အရှိန်အဝါသည် ဝေ့ဝူယင်၏ စကားလုံးများကို အံ့အားသင့်ဟန်ဖြင့် ငြိမ်သက်နေသည်။ အဆုံးသတ်သို့ ရောက်မှ သူက သက်ပြင်းတစ်ချက် ချလိုက်၏။

“ဓားကောင်းတစ်လက် ဖြစ်လာဖို့ ဆိုရင် မီးပြင်းဖိုကို အသုံးပြုရတယ်... ဒါက သူ့အတွက် စမ်းသပ်မှု တစ်ခုပဲ... မဟာ ဧကရာဇ် နေရာကို ဘယ်တော့မှ လွယ်လွယ်ကူကူ မရနိုင်ဘူး”

ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်လိုက်၏။ ထိုအဖြေမှာ ကောင်းမွန်သည့် အကြောင်းပြချက် တစ်ခု ဖြစ်သည့်တိုင် သူ မယုံကြည်ချေ။ သို့သော်လည်း အဘယ်ကြောင့် ထပ်မံ ဖိအား ပေးရမည်နည်း။ ထိုအဖြေက သူ့ဘဝအား မည်သည့် ကောင်းကျိုးမှ မပေးနိုင်ပါချေ။

“ကောင်းပြီလေ... ခင်ဗျားက ကြယ်တာရာ အမြုတေ အလွှာကို ကျော်လွန်တဲ့ အဆင့်တစ်ခုကို‌ ရောက်ခဲ့ဖူးတယ်... ဟုတ်တယ်မလားၑ

ဝူယု၏ နှုတ်ခမ်းထက်တွင် ဂုဏ်ယူသော အပြုံးတစ်ခု ထွက်ပေါ်လာ၏။

သုံးလွှာ ကြယ်တာရာ နယ်မြေကြီး၏ သမိုင်းတစ်လျှောက် ထိုအဆင့်ကို ရောက်ရှိခဲ့သည့် ကျင့်ကြံသူ အရေအတွက်မှာ လက်ချိုးရေ၍ ရသည်။ ထိုထက် ပို၍ ဂုဏ်ယူစရာ ကောင်းသည်က ထာဝရဧကရာဇ်ခေတ်မှ စတင်၍ နှစ်ပေါင်းထောင်ချီ အတွင်း ကျင့်ကြံသူ ထရီလျံပေါင်းများစွာတွင် ထိုအဆင့်ကို ရောက်ရှိခဲ့သည် တစ်ယောက်မှ မရှိခဲ့ခြင်းပင်။

ကျင့်ကြံခြင်းက ခက်ခဲသည်။ မှန်ပေသည်။ သို့သော်လည်း ထိုစကားလုံးလေးများမှာ ဘယ်တော့မှ ကျင့်ကြံခြင်း လောက၏ အစစ်အမှန် ခက်ခဲမှုကို ဖော်ပြရန်ပင် နီးကပ်လိမ့်မည် မဟုတ်ပါချေ။

“ငါ ရောက်ခဲ့ပါတယ်”

"ကောင်းတယ်... ဒါဆို ခင်ဗျား သူတော်စင်တို့ရဲ့ ကျင့်ကြံခြင်း အဆင့်ကို ကြားဖူးလား...”

ဝေ့ဝူယင်၏ မျက်လုံးများက ဝူယုအပေါ်၌ အပြည့်အဝ စူးစိုက်ကျရောက်နေသည်။ ထိုအတောအတွင်း မျက်နှာ အမူအရာ အပြောင်းအလဲ တစ်ခုပင်လျှင် သူ၏ အကြည့်မှ ပြေးမလွတ်ချေ။ ဝူယုမှာ မျက်မှောင်ကြုတ်ရင်း သူ၏ အသိပညာ၊ ဗဟုသုတများကို ပြန်လည် ချိတ်ဆက်နေဟန် ရ၏။ သို့သော်လည်း အဆုံးသတ်၌ သူက ခေါင်းကိုသာ ခါလိုက်သည်။

ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ဒါဆိုရင်ကြယ်တာရာ အမြုတေရဲ့ နောက်တစ်ဆင့်ကလည်း သူတော်စင်တို့ရဲ့ ကျင့်ကြံခြင်းအလွှာ မဟုတ်ပြန်ဘူးပေါ့...

သို့သော်လည်း သူတော်စင်တို့၏ အဆင့်မှာ ကျင့်ကြံခြင်း အလွှာကြီး တစ်ခု မဟုတ်ပဲ၊ အဆင့်ခွဲ တစ်ခု ဆိုသည့် ဖြစ်နိုင်ချေ တစ်ခုလည်း ရှိနေပေသေးသည်။ ဥပမာအားဖြင့် လောကသခင်၊ အချိန်သခင်၊ ကြယ်တာရာ သခင်၊ သေမျိုး နတ်ဘုရား၊ နတ်ဘုရား အရှင်... စသည်တို့မှာ ဘွဲ့နာမည်များ ဖြစ်ပြီး ယင်းတို့တွင် တိကျသေချာသည့် ကျင့်ကြံခြင်း နာမည်များ ရှိနေပေသေးသည်။

ဝေ့ဝူယင် ခေါင်းခါလိုက်၏။ သူတော်စင်တို့၏ ကျင့်ကြံခြင်း အဆင့်ကို အဘယ်ကြောင့် တစ်ချိန်လုံး ခေါင်းထဲ ထည့်ထားရမည်နည်း။ အနာဂတ်၌ ထိုအဆင့်ကို မရောက်ခဲ့လျှင်ပင် ဘယ်တော့မှ သူ အသက်ရှင်သန်ရေးကို လက်လွှတ်လိမ့်မည် မဟုတ်ချေ။

“ထားလိုက်ပါလေ... လိုရင်းကိုပဲ သွားလိုက်ရအောင်...”

ဝေ့ဝူယင် ခေါင်းခါကာ ဝူယုကို ကြည့်လိုက်၏။

“ကျုပ် ခင်ဗျားကို လုံချန်ဆီ ပြန်ပို့ပေးနိုင်တယ်... ဒါပေမဲ့ အပြန်အလှန်အနေနဲ့ ကျုပ် လိုချင်တာလေးတွေ ရှိတယ်”

ထိုကဲ့သို့ ဆိုလိုက်သည်နှင့် သူ၏ စိတ်ရှုပ်ထွေးနေသည့် မျက်နှာထက်တွင် တည်ငြိမ်သည့် အပြုံးတစ်ခုက အစားထိုး နေရာယူသွားသည်။

“ ... “ ဝူယု

...

ချိပ်ပိတ်ထားသည့် အခန်းအတွင်း လူတစ်ယောက်နှင့် ဝိညာဥ်တစ်ကောင် အကြိတ်အနယ် ဆွေးနွေးနေစဥ်မှာပင် သုံးရက်၊ သုံးညက လျှင်မြန်စွာပင် ကုန်လွန်သွားသည်။ သုံးရက် ကုန်လွန်ပြီးနောက် ဝေ့ဝူယင်သည် အခန်းအတွင်းမှ ထွက်ခွာလာခဲ့၏။ သူသည် ကြယ်တာရာ အင်အား ကြိုးမျှင်တစ်ခုဖြင့် လက်စွပ်ကို မီတာ အနည်းငယ် ခွာကာ သယ်ဆောင်လာသည်။

ကြယ်တာရာ နန်းတော်မှ ထွက်ခွာလာပြီးနောက် သူ လက်စွပ်အား ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်၏။ ထို့နောက် အောက်သို့ ပစ်ချလိုက်သည်။ အနက်ရောင် လက်စွပ်လေးသည် ကောင်းကင်အလွှာကို တိုက်ရိုက်ပင် ထိုးဖောက်ကာ အောက်သို့ ကျဆင်းသွား၏။ ဝူယုသည် လက်စွပ်ကို ထိန်းချုပ်ရင်း သူ ရှိသင့်ရှိထိုက်သည့် တစ်စုံတစ်ယောက်ထံသို့ ပြန်သွားခဲ့ပြီ ဖြစ်လေတော့သည်။

“ငါ အဆင့်ရှစ်ဆေး အလုံး နှစ်ဆယ်တောင် ဖြုန်းလိုက်ရတယ်... ဟူး...”

အကယ်၍ လက်စွပ်ထဲမှ ဝိညာဥ်သာ ဝူယု မဟုတ်ပါက ဝေ့ဝူယင်သည် ညှင်းပန်းနှိပ်စက်သည့် နည်းလမ်းများကို သုံးကာ သူ လိုချင်သည့် အရာတိုင်းကို ရအောင် ယူခဲ့လိမ့်မည် ဖြစ်သည်။

ကံဆိုးစွာပင် ဝူယု ဖြစ်ကြောင်း သိရှိပြီးနောက်၌ အရာရာက ပိုမို ခက်ခဲသွားခဲ့သည်။ အနန္တဧကရာဇ်ဂိုဏ်း တည်ထောင်သူကို သူ၏ ကိုယ်ပိုင် ဂြိုဟ်ထက်၌ ဆိုးယုတ်သော နည်းလမ်းများ သုံးရန် ကြံစည်ခြင်းက ရူးမိုက်သည် ဆိုသော စကားလုံးထက်ပင် ပိုမို ရူးမိုက်ရာ ကျပေလိမ့်မည်။

“လျှို့ဝှက်အာဏာ အလွှာ...”

ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်ရင်း ခေါင်းခါလိုက်သည်။ ထို့နောက် သူ ဆက်သွယ်ရေး သလင်းကျောက်ကို ထုတ်ယူကာ စုမေ့အား စာပို့လိုက်၏။ အာဏာရှင်များ အဖွဲ့အတွက် သူ မျက်စိကျနေသည့် အခြား ပုဂ္ဂိုလ်များကို ရှာဖွေရိတ်သိမ်းရန် အချိန်ကား ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သုံးနှစ်ကာလ ကျော်လွန်ခဲ့သည့် အတောအတွင်း သူ သူတို့ အကြောင်းကို ပိုမို စုံစမ်းနိုင်ခဲ့လေသည်။

...

နာရီ အနည်းငယ်ခန့် ကြာမြင့်ပြီးနောက်၌ ကောင်းကင်နန်းတော် အတွင်းတွင်...

စုမေ့သည် တည်ငြိမ်‌သော အမူအရာနှင့် ဝေ့ဝူယင် ရှေ့တွင် ရပ်လျှက် ရှိ၏။ အစဥ်အမြဲ သန့်စင်ကာ ရှင်းလင်းနေခဲ့သော သူမ၏ မျက်လုံးများက ယနေ့၌ အနည်းငယ် အလိုအကျမှုများနှင့် ပြည့်နှက်နေဟန် ရလေသည်။

“အရှင်ဝေ့ တံခါးပိတ် ကျင့်ကြံနေတုန်းမှာ သတင်းထူး အချို့ ဖြစ်ပျက်သွားခဲ့တယ်”

စုမေ့က အပြည့်အစုံကို ရှင်းမပြခင် စကားဦးသမ်းလိုက်သည်။ ပထမဆုံး တဖြစ်လည်း အရေးအကြီးဆုံးကား အဂ္ဂိရတ် အစည်းအရုံးမှ လာသည့် သတင်းများပင် ဖြစ်လေသည်။

လွန်ခဲ့သည့် သုံးပတ်ခန့်က အဂ္ဂိရတ် အစည်းအရုံးသည် အလွန် ထူးချွန်သည့် ပါရမီရှင် တစ်ယောက်ကို စတင် မိတ်ဆက်ပေးခဲ့သည်။ သူမသည် မိန်းကလေး တစ်ယောက် ဖြစ်ပြီး အဂ္ဂိရတ် ချီနှလုံးသားကို ပိုင်ဆိုင်ထားသည်။ ထိုအရာက ဘာမှ မထူးဆန်း။ လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားစေလောက်သော ကိစ္စများမှာ နောက်မှသာ ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။

ထိုမိန်းကလေးသည် အဂ္ဂိရတ် အစညးအရုံးမှ အဆင့်ရှစ် အဂ္ဂိရတ် အင်ပါယာများနှင့် ပူးပေါင်းကာ ထာဝရ ခြေချခြင်း ဆေးလုံးကို နှစ်နှစ်အတွင်း ဖော်စပ်နိုင်ခဲ့သည်။ ၎င်းမှာ သာမန် ဆေးလုံးမဟုတ်ပဲ ဒဏ္ဍာရီထဲမှ အဆင့်ကိုး ဆေးလုံးပင် ဖြစ်၏။

တစ်ချိန်က ထာဝရ ဧကရာဇ်သည် ထိုဆေးလုံးကို ဖော်စပ်ကာ ကြယ်တာရာ အမြုတေ ကပ်ဘေးကို ကျော်လွှားခဲ့သည်။ ထိုနည်းဖြင့် သူသည် အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ်ကို ပိုင်ဆိုင်သည့် ပထမဆုံးနှင့် တစ်ဦးတည်းသော ကျင့်ကြံသူ ဖြစ်လာခဲ့သည်။

မဟုတ်သေး... ယခုတွင်မူ သူ့ကိုအဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ်ကို ပိုင်ဆိုင်သည့် တစ်ဦးသော ကျင့်ကြံသူဟု မဆိုနိုင်တော့ချေ။ အဂ္ဂိရတ် အစည်းအရုံးမှ မိန်းကလေးသည်လည်း အောင်မြင်ခဲ့သည်။

သူမသည် ထာဝရ ခြေချခြင်း ဆေးလုံး၏ အကူအညီနှင့် အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ်ကို ပိုင်ဆိုင်ခဲ့သည်။ “အဂ္ဂိရတ် ဝိညာဥ် ပိုင်ဆိုင်မထားသည့် ပါရမီရှင်” ဟု ကျော်ကြားသော ဝေ့ဝူယင်နှင့် ခြားနားစွာပင် သူမသည် ထာဝရ ဧကရာဇ်၏ လမ်းကြောင်းအတိုင်း အတိအကျ လျှောက်လှမ်းနိုင်ခဲ့ခြင်းပင် ဖြစ်သည်။

သူမသည် ထာဝရ နတ်မိမယ် ဟုပင် စတင် ကျော်ကြားလာကာ ထိုဘွဲ့ကို အဂ္ဂိရတ် အစည်းအရုံး ကိုယ်တိုင်က သူမအား တရားဝင် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ဝေ့ဝူယင် ကဲ့သို့ ကောလဟလများနှင့် ကျော်ကြားလာခြင်းမျိုး မဟုတ်ချေ။ သုံးပတ်အတွင်းမှာပင် ဝေ့ဝူယင်၏ ကျော်ကြားမှု၊ တောက်ပမှု၊ ဘွဲ့နာမည် အားလုံးကို ထိုမိန်းကလေးက အစားထိုးနေရာယူ သွားခဲ့သည်။

ဝေ့ဝူယင်မှာ ထိုအရာကို ကြားသိရရာ အံ့သြမိရုံမှ လွဲ၍ ထွေထွေထူးထူး သိပ်မခံစားရပါချေ။ သူ့တွင် အဂ္ဂိရတ် ဧဒင် ကြယ်တာရာ ဝိညာဥ် အပြင် ကောင်းကင်ဘုံ နတ်မျက်လုံးများပါ ရှိသည်။ သူ့အမြင်၌ ထိုမိန်းကလေးမှာ ခြိမ်းခြောက်မှုတစ်ခု မဟုတ်သေးချေ။

အကယ်၍ သူမ အနေဖြင့် သူ့ထက် အဂ္ဂိရတ် ထုတ်ကုန်များကို ပိုမို လျှင်မြန်စွာ၊ အရည်အသွေးမြင့်စွာ ထုတ်လုပ်နိုင်လျှင်‌ရော ဘာအရေးနည်း။ သူ ဂရုမစိုက်ချေ။

ထိုအရာက အနန္တဧကရာဇ်ဂိုဏ်းရှိ သူ့အဆင့်အတန်းကို အကျိုးသက်ရောက်လိမ့်မည် မဟုတ်သလို အဆင့်ခုနစ် ထုတ်ကုန်များ ရရှိရန် လူများ သူ့ထံ လာ‌ရောက်ခြင်းကိုလည်း တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။ သူသည် အဂ္ဂိရတ် အစည်းအရုံး၏ ကျွန်တစ်ယောက်သာသာ ဖြစ်ပြီး သူမ၏ လုပ်အား အားလုံးကို အဂ္ဂိရတ် အစည်းအရုံးက ထာဝရ ထိန်းချုပ်ထားပေလိမ့်မည်။

သို့သော်လည်း သူ့တွင်မူ လွတ်လပ်မှု ရှိသည်။ မိမိလုပ်အားဖြင့် ရရှိလာသည့် အကျိုးအမြတ်များကို ကိုယ်တိုင် စီမံပိုင်ခွင့် ရှိသည်။

သူမမှာ လှောင်အိမ်ထဲမှ လင်းယုန်ငှက် တစ်ကောင် ဖြစ်ပြီး သူကိုယ်တိုင်ကမူ လွတ်လပ်စွာ ပျံသန်းနေသည့် သိမ်းငှက် တစ်ကောင် ဖြစ်ပေသည်။

ထို့ကြောင့်ပင် ဝေ့ဝူယင် ထိုကိစ္စကို စိတ်ထဲမှ ခပ်မြန်မြန်ပင် ထုတ်ပစ်လိုက်သည်။

စုမေ့ ယူဆောင်လာသည့် အခြား သတင်း နှစ်ခုမှာမူ သေးငယ်ကာ သိပ်အရေး မကြီးလှချေ။ ပထမ သတင်းက အနန္တဧကရာဇ်ဂိုဏ်း အတွင်း၌ ချီပျစ်ခဲခြင်း အဆင့် ကျင့်ကြံသူများ အတွက် ပြိုင်ပွဲ တစ်ခု ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ဒုတိယ သတင်းမှာမူ လုံချန်နှင့် ချင်ချူးမူတို့ ထိပ်ဆုံး သုံးယောက်စာရင်း ဝင်ခဲ့ခြင်းပင် ဖြစ်သည်။

ထိုအထဲ၌ မည်သည့် ထူးခြားမှုကိုမှ သူ ရှာမရခဲ့ချေ။

“သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးကို ခရီးထွက်ဖို့ အားလုံး ပြင်ဆင်ပြီးပြီလား...”

ဝေ့ဝူယင်က မေးလိုက်၏။ သူသည် လွန်ခဲ့သည့် သုံးနှစ်ကတည်းက ထိုနေရာသို့ ခရီးထွက်ရန် စီစဥ်ထားခဲ့ခြင်း ဖြစ်သည်။ အာဏာရှင်များ အဖွဲ့အတွက် အလွန် သင့်တော်သည့် ပါရမီရှင် နှစ်ယောက်မှာ ထိုနေရာတွင် ရှိနေပေသည်။ ကြားထဲ၌ အလှည့်အပြောင်း အချို့ ဖြစ်ပျက်သွားခဲ့သည့်တိုင် သူသည် မူလ ရည်ရွယ်ချက် နောက်သို့ လိုက်ရန် ဆန္ဒရှိနေဆဲ ဖြစ်၏။

စုမေ့က ခေါင်းညိတ်လိုက်၏။

“ပြင်ဆင်မှုတွေ အားလုံးပြီးပါပြီ... အရှင်ဝေ့ အဆင်သင့်ဖြစ်ရင် ထွက်လို့ ရပြီ”

“ကောင်းတယ်...”

ဝေ့ဝူယင်၏ နှုတ်ခမ်းထက်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာခဲ့လေ၏။

***

All Chapters