← Chapters

ဝမ်မင်ယာ

Vol. 15 Ch. 198

ဝမ်မင်ယာ

Vol. 15 Ch. 198

လွန်ခဲ့သည့် သုံးနှစ်ကျော် ကာလ၊ အနန္တ အခြေတည် တာအို စေတီရှေ့တွင်...

မိန်းကလေး တစ်ဦးသည် ဒဏ်ရာများကို ဆေးထည့်ရင်း တစ်ယောက်တည်း ထိုင်နေခဲ့၏။ အစောပိုင်းကပင် သူမသည် ‌စေတီကို စိန်ခေါ်ခဲ့ပြီး ကျရှုံးခဲ့သည်။ သို့တိုင်အောင် အသက်ရှင်ခဲ့ကာ ကြီးကျယ်ခမ်းနားသည့် အနန္တဧကရာဇ်ဂိုဏ်းကို ဂုဏ်ထူး‌ဆောင် တပည့် တစ်ယောက် အနေဖြင့် ဝင်ရောက်ခွင့် လက်မှတ် ရရှိခဲ့သည်။

လက်ရှိအချိန်၌ လူငယ်များသည် စေတီကို ရင်ဆိုင်မလား၊ အိမ်ပြန်ရန် လမ်းကြောင်းတစ်ခုကို ကိုယ့်ဘာသာ ရှာမလား ဆုံးဖြတ်နေကြသည်။ သူတို့အားလုံးသည် ဤနေရာသို့ လိုက်လာရန် လိုလိုလားလား ရွေးချယ်ခဲ့ကြခြင်း ဖြစ်သော်လည်း အနည်းငယ်တော့ ‌နောင်တရနေမိကြသည်။

တစ်ရက်ပြီးတစ်ရက် လူငယ်များစွာသည် စေတီကို စိန်ခေါ်ရန် ကြိုးစားခဲ့ပြီး ထိုအထဲမှ အချို့မှာ သေဆုံးသွားကြသည်။ အချို့မှာ အောင်မြင်ခဲ့သည်။ အများစုမှာမူ ဂုဏ်ထူးဆောင် တပည့် အဖြစ် ဂိုဏ်းအတွင်း ဝင်ရောက်ခွင့် လက်မှတ်ကိုသာ ရရှိခဲ့သည်။

မာနကြီးသည့် လူငယ်များမှာ ကျွန်တပည့် အဖြစ် ဝင်ရောက်ခွင့် လက်မှတ်များကို တိုက်ရိုက်ပင် လွှင့်ပစ်ကာ သူတို့၏ ဒဏ်ရာရ ခန္ဓာကိုယ်များကို သယ်ပိုးလျှက် ထွက်ခွာသွားကြ၏။ အနန္တကုန်းမြေတိုက်ကြီးတွင် နေထိုင်စဥ်က သူတို့သည် အမြင့်မားဆုံးသော လေးစားမှုများကို ရရှိခဲ့သည်။ ဝမ်းရေးအတွက် ဘယ်တော့မှ စိတ်ပူစရာ မလိုခဲ့။

သူတို့သည် ကိုယ့်ကြမ္မာကို စီရင်ရန် ရွှေဇွန်းကိုက်ကာ မွေးဖွားလာကြသူများ ဖြစ်သည်။ အကယ်၍ အစေခံ တပည့်အဖြစ် ဂိုဏ်းအတွင်း ဝင်‌ရောက်လိုက်ပါက သူတို့၏ အဖြစ်က ကျွမ်းကျင်မှုနှင့် ပါရမီ ကင်းမဲ့လှသော နင်းပြား ပုရွက်ဆိတ်များနှင့် ခြားနားတော့မည် မဟုတ်ချေ။ ချမ်းသာ ကြွယ်ဝမှု၊ သြဇာအာဏာ၊ ထင်ပေါ် ကျော်ကြားမှု... ထိုအရာများကို ကျွန်ဘဝ၏ မည်သည့်နေရာတွင် သွားရောက် ရှာဖွေရပါမည်နည်း။

သို့သော်လည်း ဝမ်မင်ယာမှာမူ သူတို့ကဲ့သို့ မတွေးချေ။ ကိုယ်ပိုင်လမ်းကြောင်းအား ရှာဖွေရန် ထွက်ခွာသွားသူ အချို့က သူမအား သူတို့နှင့် အတူ လိုက်ပါရန် ဖိတ်ခေါ်ခဲ့သည်။ တုန့်ဆိုင်းခြင်း မပြုပဲ သူတို့ကို သူမ ငြင်းပယ်ခဲ့သည်။ သူအား ကမ်းလှမ်းသူ အများစုမှာ ယောက်ျားသားများ ဖြစ်ပြီး သူတို့ မျက်လုံးများထဲရှိ ဆန္ဒများကို သူမ မြင်ရသည်။ သူတို့က သူမကို ရဲရင့် ပါရမီမြင့်မားစည့် ကျင့်ကြံသူ တစ်ယောက်ထက် လှပသော မိန်းမပျို တစ်ယောက် အနေဖြင့်သာ မြင်နေကြခြင်း ဖြစ်သည်။

ဝမ်မင်ယာ ဒဏ်ရာများမှ အပြည့်အဝ ပြန်လည် ကောင်းမွန်လာသော တစ်နေ့၌ အနန္တအခြေတည် တာအို စေတီရှေ့ရှိ တစ်ရာကျော်သော လူငယ် အရေအတွက်မှာ နှစ်ဆယ့်ငါးယောက် အထိ ကျဆင်းသွားခဲ့သည်။

သူမ သိုလှောင်လက်စွပ်ထဲမှ ကြေးမုံ သေး‌သေးလေး တစ်ခုကို ထုတ်ယူလိုက်၏။ ရောင်ပြောင်ဟပ်မှု အောက်တွင် ပန်းရောင် နှုတ်ခမ်းသားများ၊ ရစ်ခွေနေသည့် အညိုရောင် ဆံနွယ်များနှင့် အလွန်အမင်း လှပသော မိန်းကလေး တစ်ဦးကို သူမ မြင်တွေ့ရသည်။ တော်ဝင်မျိုးနွယ်တို့၏ မြင့်မြတ်မှုနှင့် မာနတရားတို့သည် သူမ၏ မျက်ဝန်းအိမ်များတွင် နေရာယူနေခဲ့လေသည်။

သူမ ထိုရုပ်ရည်အတွက် ဂုဏ်ယူမိသည်။ သို့သော်လည်း နှလုံးသားထဲတွင်မူ အလှတရားကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များ အကြောင်း သူမ နားလည်ပါသည်။ ကြည်လင် ပြတ်သားသည့် မျက်ဝန်းများနှင့် အတူ ဝိညာဥ်အာရုံကို ဖြန့်ကျက်ရင်း မြူနှင်း အကာအကွယ်တစ်ခု သူမ ဖန်တီးလိုက်သည်။ ထို့နောက် သင်တုန်းဓားတစ်ခုကို ထုတ်ယူကာ ဆံပင်များကို ဖြတ်တောက်ပစ်လိုက်တော့၏။

မကြာခင်မှာပင် သူမ၏ လှပ ရှည်လျားသော ဆံနွယ်ဆံသားများက ယောက်ျားသား တစ်ယောက် ကဲ့သို့ တိုတောင်း သွားသည်။ ဝမ်မင်ယာ ထိုမျှနှင့် မကျေနပ်သေး။ ပိတ်ဖျင်များကို ထုတ်ယူကာ ရင်သား၊ ခြေထောက်နှင့် တင်ပါးများကို တင်းကြပ်စွာ ရစ်ပတ်လိုက်၏။ ရင်သက်ရှုမောဖွယ်ရာ ကောင်းလှသည့် သူမ၏ အရှိုက်အမို့များက တစ်ခဏအတွင်းမှာပင် ရက်စက်စွာ ပျောက်ကွယ်သွားသည်။

သူမ မှန်ကို နောက်တစ်ကြိမ် ပြန်လည် ကြည့်လိုက်၏။ နှုတ်ခမ်းအား တင်းတင်း ကိုက်လိုက်ရာ သွေးစိမ်းများမှာ စိုရွှဲသွားသည်။ သင်တုန်းဓားကို ကိုင်ဆောင်ထားသော သူမ၏ လက်က နဖူးဆီသို့ တဖြည်းဖြည်းချင်း ရွေ့လျားသွား၏။ တစ်ချက် လက်တုန်သွားသော်လည်း ရုတ်ချည်းပင် ပြတ်သားသော ဆုံးဖြတ်ချက်များက သူမ၏ မျက်လုံးများတွင် ပေါ်လာသည်။

“ငါ ဒါကို လုပ်မှ ဖြစ်မယ်... လုပ်ကို လုပ်ရမယ်”

သင်တုန်းဓားသည် နဖူးမှ နေ၍ နှုတ်ခမ်းကို ဖြတ်ကာ ထောင့်ဖြတ် အနေအထားဖြင့် ကျဆင်းသွားသည်။ ချင်းချင်းနီသော သွေးများသည် မျက်နှာတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ သူမ ချီစွမ်းအင်ကို အသုံးပြုကာ သွေးတိတ်သွားအောင် ပြုလုပ်လိုက်သည်။ သို့သော်လည်း အကျဥ်းတန်သော အမာရွတ်ကြီး တစ်ခုမှာမူ သူမ၏ မျက်နှာထက်၌ ကန့်လန့်ဖျက် ကျန်ရစ်နေခဲ့ပြီ ဖြစ်လေသည်။

ဝမ်မင်ယာ မှန်ကို နောက်တစ်ထပ် ထပ်ကြည့်လိုက်၏။ မွေးသမိခင်ပင်လျှင် သူမ၏ ရုပ်ရည်သွင်ပြင်ကို မှတ်မိရန် ခက်ခဲသွားလောက်ပြီ ဖြစ်သည်။ သူမ လေးပင်စွာ သက်ပြင်းတစ်ချက် ချရင်း ချီအကာအကွယ်ကို ပြန်လည် ရုတ်သိမ်းလိုက်သည်။ အခြားလူများမှာ စူးစမ်းသော အကြည့်များဖြင့် သူမကို ကြည့်ကြသော်လည်း ဘာမှတော့ မေးမြန်းခြင်း မပြုကြချေ။

ဝမ်မင်ယာ အရာအားလုံးကို လျစ်လျူရင်း မြေပြင်တွင် ထိုင်ချလိုက်သည်။ ထို့နောက် သိုလှောင်လက်စွပ်ထဲမှ အမတေ ကျောက်တုံးတစ်ခုကို ထုတ်ကာ စုပ်ယူရင်း ဂိုဏ်းမှ အကြိုတော် ရောက်လာမည့် အချိန်ကိုသာ စောင့်ဆိုင်း နေလိုက်တော့သည်။

...

တစ်လ ကြာမြင့်ပြီးနောက်၌ သူမ၏ ကျင့်ကြံခြင်းက ချီပျစ်ခဲခြင်း အဆင့်ခုနစ် မြင့်မြတ်သောချီ အဆင့်သို့ တဖြည်းဖြည်း နီးကပ်လာနေပြီ ဖြစ်ကြောင်း သတိထားလိုက်မိသည်။ ရှည်ကြာလှသော တစ်လအတွင်း၌ သူမ အမတေ ကျောက်တုံး သုံးတုံးကို စုပ်ယူခဲ့ပြီး ဖြစ်သည်။ နောက်ထပ် ဆယ်စုနှစ်တစ်ခုအတွင်း သူမ ထိုအဆင့်ကို ခြေချနိုင်ပေတော့မည်။

ဝှစ်...

သူမ ထပ်မံ ကျင့်ကြံရန် ဟန်ပြင်လိုက်စဥ်မှာပင် မိုးကုပ်စက်ဝိုင်း အလွန်၌ အရိပ်မည်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအရိပ်က တဖြည်းဖြည်း နီးကပ်လာကာ မီတာ ရှစ်ဆယ်ခန့် ကြီးမားသော သိမ်းငှက်ကြီး အသွင် ပြောင်းလဲသွားသည်။

လူငယ်အားလုံး၏ မျက်လုံးများက သိမ်းငှက်ကြီးနှင့် ၎င်း၏ ကျောထက်ရှိ သေးငယ်သော ပုံရိပ်တစ်ခုထက်သို့ ကျရောက်သွား၏။ ဝမ်မင်ယာမှာလည်း ရင်တဒိတ်ဒိတ်ခုန်သွားကာ ထိုပုံရိပ်ကို လှမ်းကြည့်လိုက်သည်။

“ဂုဏ်ထူးဆောင် တပည့်တွေနဲ့ အခြေတည် ဖုန်မှုန့်တပည့်တွေ ရှေ့ကို တက်ခဲ့ကြ...”

အာဏာပြည့်ဝသော ယောက်ျားသံနှင့် အတူ သိမ်းငှက်ထက်ရှိ ပုံရိပ်မှာ ခုန်ဆင်းလာ၏။ သူကား ရှုံ့တွနေသည့် ကတုံးပြောင်ပြောင် အဘိုးအိုတစ်ယောက်ပင် ဖြစ်သည်။

“ငါ့နာမည်က တိုင်ချွင်း... မင်းတို့အားလုံးကို အနန္တဧကရာဇ်ဂိုဏ်းဆီ ခေါ်သွားပေးမယ်”

စကားပြောခြင်းနှင့် အတူ တိုင်ချွင်း၏ ပျင်းရိသော မျက်လုံးများက လူငယ် တစ်ယောက်ချင်းစီကို လိုက်လံ ကြည့်နေခဲ့သည်။ သူသည် ကြယ်တာရာ အမြုတေ အဆင့်တစ် ကျင့်ကြံသူ တစ်ယောက်မျှသာ ဖြစ်ပြီး အသက်အရွယ်နှင့် ယှဥ်ပါက သူ၏ ကျင့်ကြံခြင်းက အလွန် နိမ့်ပါးလှသည်။

လုံချန့် ဘေးနားရှိ မိန်းကလေးများကို မြင်သော အခိုက်၌ သူ၏ မျက်လုံးများက ရမ္မက်မီး တစ်ခုဖြင့် တောက်လောင်သွားသည်။ သို့သော်လည်း ဝိညာဥ် ရှန်းလင်၏ သတိပေးစကားကို ကြားယောင်လိုက်ရသော အခိုက်၌ ထိုမီးတောက်က ပြန်လည် မှေးမှိန်သွား၏။ သူမ၏ တပည့်မ တစ်ယောက်နှင့် တစ်စုံတစ်ရာ ဆက်စပ်နေသော ထိုမိန်းကလေးများကို သူမ ထိ၍ မရချေ။

အခြားလူများနှင့် မ‌ရောမနှောပဲ တစ်ယောက်တည်း ရပ်နေသည့် ဝမ်မင်ယာကို မြင်ရ‌သော အခိုက်၌ တိုင်ချွင်းက သက်ပြင်းတစ်ချက် ချလိုက်သည်။

“ရုပ်ဆိုးလိုက်တဲ့ မိန်းကလေး...”

သူက ခပ်မြန်မြန်ပင် အကြည့်လွှဲလိုက်၏။ ဂုဏ်ထူးဆောင် တပည့် အဖြစ် ဝင်ရောက်ခွင့်ရထားသူများထဲတွင် မိန်းကလေး တစ်ယောက်လည်း ပါဝင်နေသည်။ သူမသည် ချီပျစ်ခဲခြင်း အဆင့်ခြောက် ဖြစ်ပြီး တိုင်းပြည် တစ်ခု၏ မင်းသမီးလေးလည်း ဖြစ်သည်။ ဝမ်မင်ယာ ကဲ့သို့ပင် သူမသည် အလွန်လှပသူ တစ်ယောက် ဖြစ်ကာ သူမ၏ မျက်ဝန်းများမှာ မွေးရာပါ မောက်မာမှုတို့နှင့် ပြည့်နှက်နေသည်။

မကြာခင်မှာပင် ဝမ်မင်ယာတို့ အားလုံးမှာ သိမ်းငှက်ပေါ် ရောက်ရှိကြကာ ဂိုဏ်းဆီသို့ ထွက်ခွာလာကြသည်။ တစ်နှစ်ကြာပြီးနောက်၌ သူတို့ အုပ်စုထဲရှိ မောက်မာသော မင်းသမီးလေးနှင့် အခြား မိန်းကလေး တစ်ယောက်မှာ တိုင်ချွင်း၏ ၉၃ ယောက်မြောက်နှင့် ၉၄ ယောက်မြောက် မောင်းမများ ဖြစ်လာခဲ့ကြလေသည်။

...

သုံးလ ကြာပြီးနောက်...

“မြန်မြန်လုပ်ပါဟ... ချီးတဲ့... နင့်ကို ခိုင်းရတာလည်း နွားမောင်းနေရတဲ့ အတိုင်းပဲ”

စိတ်မရှည်မှုများ ပြည့်နှက်နေသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံက ဂုဏ်ထူးဆောင် တပည့် ဝတ်စုံ ဝတ်ဆင်ထားသည့် အသက်လတ် မိန်းမကြီး တစ်ဦး အပေါ် ပစ်မှတ်ထားနေခြင်း ဖြစ်သည်။

မိန်းမကြီးသည် အလွန်တရာ ကြီးမားလှသည့် သတ္တုသေတ္တာကြီး တစ်ခုကို ကျောထက်၌ ထမ်းပိုးကာ ကယိမ်းကယိုင်နှင့် ဆယ်မီတာခန့် ရှိမည့် သိမ်းငှက်ကြီး တစ်ကောင်ထံသို့ ရွေ့လျားသွား၏။ မကြာခင်မှာပင် သူမမှာ သိမ်းငှက်နှင့် အတူ ကောင်းကင်သို့ ပျံတက်ထွက်ခွာသွားတော့သည်။

သူမအား အော်ဟစ်လိုက်သူမှာ အရပ်ပုပု အသက်လတ် အရွယ် အမျိုးသား တစ်ဦး ဖြစ်သည်။ သူသည် အခြေတည် ဖုန်မှုန့်တပည့် တစ်ယောက်ဖြစ်ကာ ချီပျစ်ခဲခြင်း အဆင့်ကိုးတွင် ရှိနေသည်။ အနန္တကုန်းမြေတိုက်ကြီးတွင် ဆိုလျှင် သူ၏ ကျင့်ကြံခြင်း အဆင့်မှာ သန်းနှင့်ချီသော ကျင့်ကြံသူများကို လွှမ်းမိုးရန် လုံလောက်သော်လည်း အနန္တဧကရာဇ်ဂိုဏ်းတွင်မူ သာမန် ပို့ဆောင်ရေးမှူး တစ်ယောက်သာ ဖြစ်နေခဲ့သည်။

သူနှင့် မလှမ်းမကမ်း တစ်နေရာတွင်မူ အမှိုက်များကို လှည်းကျင်းနေသော ဝမ်မင်ယာ ရှိသည်။ သူမ၏ တောင့်တောင့်တင်းတင်း ခန္ဓာကိုယ်နှင့် မျက်နှာထက်ရှိ ကန့်လန့်ဖြတ် အမာရွတ်ကြီးမှာ မိန်းမသား တစ်ယောက်နှင့်ပင် လိုက်ဖက်ခြင်း မရှိလှပဲ အကျဥ်းတန်နေ၏။

ပို့ဆောင်ရေးမှူးက သူမအား လှမ်းကြည့်ကာ သနားဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် ခပ်မြန်မြန်ပင် သူ့ အခန်းအတွင်း ပြန်လည် ဝင်ရောက်သွားတော့၏။

ဂိုဏ်းသို့ ရောက်ရှိပြီးနောက် ဝမ်မင်ယာသည် အင်ပါယာ တောင်ထိပ်တွင် အမျိုးမျိုးသော ယာယီ အလုပ်များ လုပ်ခဲ့ရသည်။ သန့်ရှင်းရေး၊ ပို့ဆောင်ရေး၊ သားရဲ ပြုစုရေး... စသည်ဖြင့် သူမ အသက်နှင့်တစ်ကိုယ် စိတ်ကူး မယဥ်ဖူးသော ဘဝသို့ ကျရောက်ခဲ့သည်။ သို့သော်လည်း အပြန်အလှန် အနေဖြင့် သူမ မည်သည့် အဖွဲ့ကိုမှ ဝင်ရောက်ခြင်း မရှိပဲ ငြိမ်းချမ်းသော ဘဝတစ်ခုကို ပိုင်ဆိုင်ခဲ့ပါသည်။

ထို့အပြင် သူမ၏ ရုပ်ပျက်ဆင်းပျက် မျက်နှာ၊ ကိုယ်လုံးတို့ကြောင့် လူအများ၏ သနားစွာ ခိုင်းစေခြင်းကို မကြာခဏ ခံခဲ့ရသည်။ လွန်ခဲ့သည့် သုံးလအတွင်း သူမ အင်ပါယာ အမှတ်များကို မည်သည့် အနှောက်အယှက်မှ မရှိပဲ ငြိမ်းငြိမ်းချမ်းချမ်းပင် စုဆောင်း နိုင်ခဲ့လေသည်။

သန့်ရှင်းရေး လုပ်ငန်း ပြီးဆုံးပြီးနောက် သူမ ပို့ဆောင်ရေး တာဝန်တစ်ခုကို ထမ်းဆောင်ရသေးသည်။ ညနေ အတော်စောင်းမှ သူမ အင်ပါယာ တောင်ခြေရှိ ကိုယ်ပိုင် စံအိမ်ကလေးကို ပြန်လာခဲ့ရ၏။

စံအိမ်ကလေးမှာ သေးငယ်သည့်တိုင် အမတေ စုဆောင်းခြင်း ဝင်္ကပါ တစ်ခုတော့ ရှိပေသည်။ အားလပ်သည့် အချိန်တိုင်း သူမ ကျင့်ကြံခြင်းကို အပြည့်အဝ အာရုံစိုက်ခဲ့သည်။ စုဆောင်းထားသည့် အင်ပါယာ အမှတ်အချို့နှင့် ပိုကောင်းသည့် စံအိမ်တစ်ခု ဝယ်ယူကောင်း ဝယ်ယူနိုင်သော်လည်း သူမ၏ ရည်ရွယ်ချက်က ဇိမ်ခံ ပစ္စည်းများ မဟုတ်ချေ။ ကျင့်ကြံခြင်းကို အထောက်အကူ ပြုနိုင်သည့် အဂ္ဂိရတ် ထုတ်ကုန်များသာ ဖြစ်ပေသည်။

ကံကောင်းထောက်မစွာပင် ဤကမ္ဘာ၌ အဆင့်ငါးနှင့် အဆင့်ခြောက် ဆေးလုံးများမှာ သိပ်မရှားလှချေ။ သူမသည် လွန်ခဲ့သည့် သုံးလအတွင်း အဆင့်ငါး ဆေးလုံး ဆယ်ဂဏန်းခန့်ကိုပင် ဝယ်ယူ အသုံးပြုနိုင်ခဲ့သည်။ အနန္တကုန်းမြေ တိုက်ကြီးတွင် နေထိုင်စဥ်ကဆိုလျှင် သူမ ကဲ့သို့ မင်းသမီး တစ်ယောက် အတွက်ပင် အဆင့်ငါး ဆေးလုံးများမှာ ရှားပါးခဲ့သည်။ ဘာပဲဖြစ်ဖြစ်... သူမ ပျော်ပါသည်။

“ကောင်းကင်ဧကရာဇ်ဝေ့...”

လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ထိုနာမည်ကို သူ မကြာခဏ ဆိုသလို ကြားခဲ့ရသည်။ သူသည် ကြယ်တာရာ အမြုတေ အဆင့်နှစ် တစ်ယောက်ကို အင်ပါယာ တိုက်ပွဲ ဆင်နွှဲ သတ်ဖြတ်ခဲ့ကာ စကားလုံး အနည်းငယ်ဖြင့် အင်အားကြီး အဖွဲ့ တစ်ခုကို ရှင်းလင်းပစ်ခဲ့သည်။

ကောင်းကင်ဧကရာဇ်ဝေ့မှာ သူမ ကဲ့သို့ပင် အနန္တကုန်းမြေတိုက်ကြီးမှ လာရောက်သူ ဖြစ်သည်။

“ငါ သူ့ဆီကို သွားပြီး အကူအညီတောင်းရင် ကောင်းမလား... သူသာ ကူညီရင် ငါ့ဘဝက ပြောင်းလဲသွားမှာ သေချာတယ်... မကောင်းပါဘူးလေ... ကိုယ့်ရည်ရွယ်ချက် ရောက်တဲ့အထိ တစ်လှမ်းချင်း ကိုယ့်အားကိုယ်ကိုးတာပဲ ကောင်းပါတယ်”

ထိုအရာက သူမ အတွေး...။

အနန္တဧကရာဇ်ဂိုဏ်းမှာ အလွန်ကျယ်ပြောရာ များစွာသော အဖြစ်အပျက်ထူးများမှာ နေ့စဥ်နေ့တိုင်းလိုပင် ဖြစ်ပျက်ခဲ့သည်။

“နင်ကြားမိလား... သေမျိုးဘုံ တပည့် ကျိယုကို အခြေတည် ဖုန်မှုန် တပည့် တစ်ယောက်က စိန်ခေါ်ခဲ့တယ် တဲ့”

“လာနောက်မနေနဲ့... ဘယ်သူက အဲဒီလောက် မိုက်ရူးရဲဆန်မှာလဲ”

“ငါလည်း မသိဘူးလေ... ဒါပေမဲ့ သူ့နာမည်က လုံ... လုံ ဘာဆိုလဲ... အခြားလူတွေတော့ အဲဒီ တိုက်ပွဲကို ကြည့်ဖို့ သွားကြပြီ...  ငါတို့ရော သွားကြမလား”

“အင်း... ဝေ့ဝူယင် နောက်တစ်ယောက် ပေါ်မလာဘူးလို့ ဘယ်သူက ပြောနိုင်မှာလဲနော့”

မရေမတွက်နိုင်သော ဂုဏ်ထူးဆောင် တပည့်များမှာ စိတ်ဝင်တစားဖြင့် ထိုအဖြစ်အပျက်ဆန်းများတွင် စီးမြောလေ့ ရှိကြသည်။ ထိုအရာက သူတို့ ဘဝအတွက် တစ်ခုတည်းသော အရသာခံစရာ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

ဝမ်မင်ယာ ကိုယ်တိုင်မှာလည်း လူသားတစ်ယောက် ဖြစ်ရာ သတင်းထူးများကို စိတ်ဝင်စားသည်။ သို့သော်လည်း အဆုံးသတ်တိုင်း၌ သူမက အလုပ်လုပ်ရန်သာ ဆုံးဖြတ်ခဲ့သည်။

ကိုယ်ပိုင်ခွန်အား တိုးတက်လာစေရန် အတွက်၊ ရည်မှန်းချက်များ ပေါက်မြောက်စေရန် အတွက် သူမ အလုပ်လုပ် ရမည်။ အလုပ်လုပ်မှ ဖြစ်ပေလိမ့်မည်။

***

All Chapters