ဝမ်မင်ယာ (၂)
Vol. 15 Ch. 199
ဝမ်မင်ယာ ဂိုဏ်းသို့ ရောက်ရှိသည်မှာ သုံးနှစ်ကျော်ခဲ့ပြီ ဖြစ်သည်။ ထိုအတောအတွင်း သူမသည် ပတ်ဝန်းကျင်နှင့် လိုက်လျေညီထွေ ဖြစ်အောင် ချိန်ညှိနိုင်ခဲ့ပြီး ဘဝသစ် တစ်ခု၌ အခြေကျ နေခဲ့ပြီ ဖြစ်လေသည်။ အနန္တဧကရာဇ်ဂိုဏ်း အတွင်း ပြိုင်ဆိုင်မှုများစွာ ရှိသည့်တိုင် သူမ ကဲ့သို့ အဆင့်နိမ့် တပည့်များ အကြားတွင်မူ အတော်အတန် ငြိမ်းချမ်းလှသည်။ အလုပ်ကြိုးစားရန် စိတ်အားထက်သန်မှု ရှိနေသေးသမျှ ကာလပတ်လုံး တည်ငြိမ်သော ဝင်ငွေနှင့် အရင်းအမြစ်များကို သူမ ရရှိနိုင်ပေသည်။
ဝမ်မင်ယာသည် အမြဲတမ်း ကိုယ့်ကိုယ်ကို နှိမ့်ချကာ တည်မြဲသော နေရာတစ်ခု ရရှိအောင် စွမ်းဆောင် နိုင်ခဲ့သည်။ လတ်တလော၌ သူသည် သေမျိုးခေါင်းဆောင် အဆင့် လူသား ကျင့်ကြံသူ အမျိုးသမီး၏ လက်ထောက် တစ်ယောက် အနေဖြင့် လုပ်ကိုင်နေသည်။ အလုပ်မှာ တောင်းဆိုမှု များပြားလှသော်လည်း ရရှိသော ဆုလာဘ်များက သူမ၏ နေ့စဥ် အသုံးစရိတ်နှင့် ကျင့်ကြံရန် ရင်းမြစ်များ အတွက်တော့ ကာမိပါသည်။
သူမ၏ လုပ်ဆောင်ချက်များက ကျောထောက်နောက်ခံ မရှိသူ၊ မိသားစု မရှိသူ တစ်ဦးအနေဖြင့် ချီးမွမ်းထိုက်ကာ ယုံကြည်စိတ်ချရသော အလုပ်သမား တစ်ဦး ဟူသော ကိုယ်ပိုင်ဂုဏ်သတင်းကို သူမ ပုံဖော်ထားသည်။
ယနေ့၌ ဝမ်မင်ယာသည် အကြီးအကဲအတွက် နေ့လည်စာကို သွားရောက် သယ်ဆောင်ရန် တာဝန်ကျသည်။ သူမသည် အမာရွတ်ကို ဖုံးအုပ်ထားသည့် အဖြူရောင် မျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထားသည်။ သို့သော်လည်း များစွာသော လူများမှာ သူမ မည်မျှ အကျည်းတန်ကြောင်းနှင့် မျက်နှာဖုံးအောက်၌ ဘာရှိကြောင်း သိထားကြပေသည်။
“သုံးနှစ်အတွင်း ချီပျစ်ခဲခြင်း အဆင့်ကို ငါ ပိုပြီး နီးကပ်လာသလို ခံစားရမယ်... နောက်ထပ် နည်းနည်းလောက် တိုးတက်တာနဲ့”
သူမ ရည်မှန်းချက်များကို စိတ်ထဲမှ ချမှတ်နေ၏။ အကယ်၍ အခြေတည် ဖုန်မှုန့်တပည့် တစ်ယောက်သာ ဖြစ်လာခဲ့ပါက သူမ၏ အဆင့်အတန်းမှာ ပိုမို မြင့်တက်လာမည် ဖြစ်သလို ဝင်ငွေလည်း ပိုမို ကောင်းလာ ပေလိမ့်မည်။ ထိုအခါ ပိုမို များပြားသော ကြွယ်ဝမှုနှင့် ရင်းမြစ်များမှာ သူမ အိပ်ကပ်အတွင်း ရောက်ရှိ လာပေလိမ့်မည်။
နေ့လည်စာကို ထုပ်ပိုးပြီးနောက် သိမ်းငှက်၏ ကျောထက်၌ စီးနင်းရင်း အကြီးအကဲ၏ စံအိမ်သို့ သူ ပြန်လာခဲ့သည်။ ကြယ်တာရာ အမြုတေ အဆင့် အကြီးအကဲများ စားသုံးသည့် အစားအစာများက သာမန် မဟုတ်လှချေ။ အဂ္ဂိရတ် ထုတ်ကုန်များနှင့် ပြုလုပ်ထားသည့် ဟင်းလျာများပင် ဖြစ်သည်။ ထိုဟင်းလျာများမှာ ကျင့်ကြံမှုကို အထောက်အကူ ပြုရုံသာ မက အလွန်လည်း အရသာ ရှိသည်ဟု ဆိုသည်။
သို့သော်လည်း ယင်းတို့က အလွန်အမင်း စျေးကြီးလှကာ အဆင့်ခြောက် ဆေးလုံးတစ်လုံးနှင့်ပင် ညီမျှသည်။ ကြယ်တာရာ အမြုတေ အဆင့်များသာလျှင် ယင်းတို့ကို စားသုံးရန် တတ်နိုင်ကြသည်။
ဝမ်မင်ယာ ကဲ့သို့သော လူတစ်ယောက် အတွက်မူ နေ့လည်စာ တစ်ပွဲ ရရှိရန် တစ်နှစ်လုံး လုပ်အားခကို အသုံးပြု ရပေလိမ့်မည်။ တစ်နေ့နေ့ တစ်ချိန်ချိန်၌ ထိုကဲ့သို့ စားပွဲမျိုးကို စားသုံးနိုင်ရမည် ဟု ဝမ်မင်ယာ ရည်မှန်းချက် ထားထားသည်။ သို့သော်လည်း ထိုအရာက အရေးအပါသော ဆန္ဒလေးသာ ဖြစ်ပေသည်။
သူမ အကြီးအကဲ၏ စံအိမ်သို့ ပြန်လည် ရောက်ရှိသော အချိန်၌ အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ အခြားလူများ၏ ပြောစကားအရဆိုလျှင် သူမ၏ အကြီးအကဲမှာ ရုံးခန်းအတွင်း၌ အလွန် အရေးကြီးသော ဧည့်သည် တစ်ယောက်ကို လက်ခံတွေ့ဆုံနေသည်ဟု ဆိုသည်။
ဝမ်မင်ယာ တံခါးအနီးတွင် တိတ်တဆိတ် ရပ်ရင်း အစားအသောက်များ အေးမသွားအောင် မီးချီကို ထုတ်လွှတ်လျှက် နွှေးနေလိုက်သည်။ သူမ၏ အကြီးအကဲမှာ ဟင်းလင်းပြင် ဂိတ်တံခါးကို တာဝန်ယူထားရသူ ဖြစ်ပြီး မကြာခဏ ဆိုသလို အနန္တဧကရာဇ်ဂြိုဟ်ပြင်ပသို့ ထွက်ခွာလိုသူများမှာ သူမထံ လာရောက်ကြလေ့ ရှိသည်။
မိနစ် အနည်းငယ် ကြာမြင့်ပြီးနောက် တံခါးပွင့်လာကာ အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ မျက်နှာဖုံးအောက်ရှိ ဝမ်မင်ယာ၏ မျက်လုံးများမှာ ရွေ့လျားသွားခဲ့၏။
ထိုပုဂ္ဂိုလ်မှာ လူငယ် တစ်ယောက် ဖြစ်ပြီး အရပ်ရှည်သည်။ သူ၏ ငွေရောင်မျက်လုံးများက ညကောင်းကင်ရှိ ကြယ်များ ကဲ့သို့ လင်းလက်နေ၏။ ပြုံးယောင်သမ်းနေသော နှုတ်ခမ်းပါးများက ယုံကြည်ချက် ရှိမှုကို တိတိကျကျပင် ဖော်ပြနေ၏။
ဝမ်မင်ယာ ခေါင်းကို ငုံ့လိုက်မိသည်။ လောက၏ လျှို့ဝှက်ချက် အားလုံးကို မြင်နိုင်စွမ်း ရှိသည့် မျက်လုံးများက မှားနိုင်စရာ အကြောင်း မရှိချေ။ သူမ သူ၏ နာမည်ကို မရေမတွက်နိုင်လောက်အောင် ကြားခဲ့ဖူးသည်။ ကြယ်များကို မြင်တွေ့ခွင့်ရအောင် ကောင်းကင်အလွှာများကိုပင် အပေါက်ဖောက်ခဲ့သူ၊ စကားတစ်ခွန်းတည်းဖြင့် မူလ သူတော်စင် အင်ပါယာ သူတော်စင်ပင် မဖြေရှင်းနိုင်သည့် ပြဿနာကို ပြီးပြတ်စေခဲ့သူ၊ တရားရေး အဖွဲ့ဝင်များကို အိပ်ကပ်ထဲ ထည့်ထားနိုင်သူ၊ မဟာ အင်ပါယာ သူတော်စင်၏ ကျောထောက်နောက်ခံကို ရရှိထားသူ...
ဝေ့ဝူယင်...
သူ့အား နောက်ဆုံးအကြိမ် အပြင်တွင် တွေ့ခဲ့ဖူးသည်က လွန်ခဲ့သော သုံးနှစ်ကျော်ခန့်က ဖြစ်သည်။ ထိုနေ့၌ သူသည် နဂါးကိုးကောင်ကို ဆင့်ခေါ်ကာ လုံချန်ကို အနိုင်ယူခဲ့သည်။ ကြယ်တာရာ အမြုတေ အဆင့်၏ လက်ကိုပင် ဖြတ်တောက်ပစ်ခဲ့သည်။ ထိုစဥ်ကတည်းက သူမ သူ့အား အထင်ကြီးခဲ့မိသော်လည်း ယခုလောက်ထိ မျှော်လင့်မထားခဲ့သည်ကတော့ အမှန်ပင်။
သူ ဖြတ်လျှောက်သွားသော အခိုက်၌ သူမ လက်ထဲရှိ မီးချီမှာ ထိန်းချုပ်မှု လွတ်ထွက်သွား၏။ ရည်ရွယ်ချက် မရှိပါပဲ ဝမ်မင်ယာမှာ သူမ ကိုင်ထားသည့် အကြီးအကဲ အတွက် နေ့လည်စာကို မီးရှို့လိုက်မိတော့သည်။ ချက်ချင်းပင် အသားကျွမ်းသည့် ညှော်နံ့များ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားလေတော့၏။
“ချီးပဲ...”
သူမ လျှင်မြန်စွာပင် မီးကို ငြိမ်းသတ်ရန် ကြိုးစားလိုက်သော်လည်း အချိန်လွန်နေခဲ့ပြီ ဖြစ်သည်။ မီးလောင်နေသည့် အစားအသောက်များကို ကြည့်ရင်း (ယုံကြည် စိတ်ချရသော ငယ်သားတစ်ယောက် အဖြစ်) သူမ သုံးနှစ်ကြာ တည်ဆောက်ထားခဲ့သော ဂုဏ်သိက္ခာပပါ ကျွမ်းလောင်သွားကြောင်း သူမ မြင်တွေ့လိုက်ရသည်။
တစ်နှစ်စာ လုပ်အားခများကား ထိုနည်းဖြင့် အလဟသတ် ဖြစ်သွားခဲ့ရချေပြီ။
“နင့်အဝတ်အစားတွေပါ လောင်ကုန်ဦးမယ်”
ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာကာ သူတစ်ဖက်က သူမအား ဆုပ်ကိုင်လိုက်၏။ ရေချီစွမ်းအင်များက ထိုလက်မှ တစ်ဆင့် စီးဆင်းလာကာ သူမ လက်နှင့် အင်္ကျီစရှိ မီးတောက်များကို ငြိမ်းသတ်ပစ်လိုက်သည်။
သူမ မော့ကြည့်လိုက်ရာ နူးညံ့ကြည်လင်နေသည့် ငွေရောင်မျက်လုံးများကို မြင်တွေ့လိုက်ရ၏။
“သူ ငါ့ကို မှတ်မိသွားတာလား...”
ထိုအရာက ကြွယ်ဝချမ်းသာနေသည့် အတန်းဖော် သူငယ်ချင်း တစ်ယောက်နှင့် ပြန်လည် တွေ့ဆုံရသည့် ခံစားချက်မျိုးလား မပြောတတ်။
“ဝမ်မင်ယာ... နင်...”
ဒေါသထွက်နေသော အသံနှင့် အတူ အကြီးအကဲမှာ အခန်းအတွင်းမှ ထွက်လာခဲ့၏။ သို့သော်လည်း ဝေ့ဝူယင်ကို မြင်သော အခိုက်၌ သူ၏ အမူအရာက ပြန်လည် တည်ငြိမ်သွားသည်။ သူမသည် အသက်လေးဆယ်ခန့် အရွယ် ရှိသော်လည်း သူမ၏ အသံကမူ အသက်ရှစ်ဆယ်ကျော် အဘွားအို တစ်ယောက်နှင့် တူနေခဲ့သည်။ သူမသည် အဂ္ဂိရတ် ဆေးလုံးများကို သုံးကာ ကိုယ့်ကိုယ်ကို အရွယ်တင် နုပျိုရန် စီမံထားကြောင်း မြင်ရုံဖြင့်ပင် သိသာနိုင်ပါသည်။
“ကျွန်မ... ကျွန်မ တောင်းပန်ပါတယ် အကြီးအကဲလီ... ကျွန်မ အမှားပါ... ကျွန်မကို အပြစ်ပေးပါ”
ဝမ်မင်ယာက လျှင်မြန်စွာပင် အမှားကို ဝန်ခံကာ တောင်းပန်လိုက်၏။ တစ်ချိန်က ရွှေပေါ်မြတင် မင်းသမီး တစ်ယောက် ဖြစ်ခဲ့သော်လည်း လွန်ခဲ့သော သုံးနှစ်အတွင်း၌ မည်ကဲ့သို့ နှိမ့်ချရမည်ကို သူမ သင်ကြားခဲ့ပြီး ဖြစ်သည်။
သို့သော်လည်း ဝေ့ဝူယင်က ခေါင်းခါလိုက်၏။
“ကျုပ်အမှားပါ... သူ့အမှား မဟုတ်ဘူး... ဒီမတော်တဆမှုကို ကျုပ်တို့ မေ့လိုက်ကြရင် ဘယ်လိုလဲ”
“ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ...”
အကြီးအကဲလီက လျှင်မြန်စွာပင် ခေါင်းညိတ်လိုက်သည်။ ဝေ့ဝူယင် ပြုံးကာ ခေါင်းတစ်ချက် ညိတ်လိုက်၏။
“ကောင်းတယ်... ဒါက စောနက ပျက်စီးမှု အတွက် ကျုပ် လျော်ကြေးပေးတာပါ”
သူက အင်္ကျီလက်အား ဝှေ့ယမ်းလိုက်ရာ ပန်းရောင် ဆေးတစ်လုံး ပါဝင်နေသည့် ကျောက်စိမ်းပုလင်း တစ်ခု ထွက်ပေါ်လာသည်။
“နုပျိုကြယ်တာရာ ဆေးလုံး...”
အကြီးအကဲလီက လျှင်မြန်စွာပင် ဆေးပုလင်းကို လက်ခံလိုက်သည်။ သူမ၏ နှလုံးသားက တဒိန်းဒိန်း မြည်နေခဲ့၏။ ထိုအရာမှာ အဆင့်ခုနစ် ဆေးတစ်လုံး ဖြစ်ပြီး သူမအား ငယ်ရွယ်နုပျိုအောင် ပြုလုပ်ပေးနိုင်စွမ်း ရှိသည်။
သူမသည် ထိုအထက် အဆင့်ခြောက် အဆင့်နိမ့် ဆေးများကိုသာ သုံးခဲ့ရပြီး ဤနုပျို ကြယ်တာရာ ဆေးလုံးမှာမူ အဆ တစ်သောင်းမက ပိုမို စျေးကြီးလွန်းလှသည်။ သူမ မတတ်နိုင်ခဲ့။ ယခုတွင်မူ မတော်တဆ ဖြစ်ရပ်တစ်ခုကြောင့် ထိုဆေးလုံးကို သူမ လက်ခံ ရရှိခဲ့ပြီ ဖြစ်သည်။ သူမ ဝမ်မင်ယာကို စိတ်ထဲမှ ကြိတ်၍ ကျေးဇူးတင်လိုက်ကာ ထိုထက်ပင် ပိုမို လောင်ကြွင်းသင့်ကြောင်း တွေးလိုက်မိသည်။
ဝမ်မင်ယာမှာ ငြိမ်သက်စွာပင် ကြည့်နေခဲ့၏။ သူမသည် အဆင့်နိမ့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည့်တိုင် အဆင့် ခုနစ် ဆေးတစ်လုံး မည်မျှ တန်ဖိုးရှိကြောင်း မသိရလောက်သည် အထိတော့ မတုံးပါချေ။ အဆင့်ခုနစ် အဂ္ဂိရတ် ထုတ်ကုန် အများစုမှာ ကြယ်တာရာ ကျောက်တုံး တစ်တုံး တန်ဖိုးရှိပြီး အမတေ ကျောက်တုံး အရေအတွက်ဖြင့် ဆိုပါက ဆယ်သန်း ဖြစ်သည်။
“ဒါဆို ကျုပ် သွားလိုက်ပါဦးမယ်”
ဝေ့ဝူယင် ဝမ်မင်ယာကို တစ်ချက် ပြုံးပြလိုက်ပြီးနောက် စတင် ထွက်ခွာလိုက်သည်။ အကြီးအကဲလီက ခေါင်းညိတ်ကာ လက်သီးနှစ်ဖက်ကို ဆုပ်လျှက် အရိုအသေ ပြုလိုက်၏။
ဝမ်မင်ယာမှာ ဝေ့ဝူယင်၏ နောက်ကျောကို ကြည့်ရင်း စိတ်ထဲ ဟာလာဟင်းလင်း ဖြစ်သွားခဲ့သည်။ ကံဆိုးစွာပင် သူမတွင် ဝေ့ဝူယင်ကို နှုတ်ဆက်ရန် အရည်အချင်း မရှိချေ။ သက်ပြင်းတစ်ချက် ချရင်း သူမ ထွက်ခွာရန် ဟန်ပြင်လိုက်၏။
ရုတ်တရက် ဝေ့ဝူယင်၏ ခြေလှမ်းများက ရပ်သွား၏။ အလွန်တရာ စူးရှသော ငွေရောင် မျက်ဝန်းများက မသေချာ မရေရာမှုများဖြင့် သူမ ဘက်သို့ ပြန်လှည့်လာသည်။
ထို့နောက် သူက ခပ်ဖြည်းဖြည်းပင် သူမဘက်သို့ ပြန်လည် လျှောက်လာခဲ့၏။ ဝမ်မင်ယာမှာ ခန္ဓာကိုယ် တစ်ခုလုံး တုန်ရီသွားကာ သူမ၏ ယင်စွမ်းအင်များ ပိုမို လျှင်မြန်စွာ လှည့်ပတ်လာသလို ခံစားလိုက်ရသည်။ သူမ၏ ရှေ့ ပေအနည်းငယ် အကွာတွင် ရပ်နေသည့် ဝေ့ဝူယင်ကို ကြည့်ရင်း ထိုလူငယ် မည်မျှ ချောမောကြောင်း သူမ တွေးလိုက်မိသည်။
“နင်က ဝမ်မင်ယာလား...”
ဝမ်မင်ယာမှာ ယောင်ချာချာနှင့် ခေါင်းကို ညိတ်လိုက်မိ၏။
“ငါတို့ တစ်ခုခု စားရင်း စကားပြောကြရင် ဘယ်လိုလဲ”
သူမ လန့်ဖျန့်သွား၏။ အယောင်ယောင်အမှားမှားနှင့် “ဟင်” ဟူသော စကားလုံး တစ်လုံးသာ သူမ နှုတ်ခမ်းထက်မှ ထွက်လာခဲ့သည်။
ဝေ့ဝူယင်မှာ သူမကို ကြည့်ရင်း သဘောကျဟန်နှင့် ရယ်မောလိုက်၏။
“နင် ဗိုက်ဆာလား...”