အခန်း (၇၁၆)
Vol. 52 Ch. 716
ဟန်မူယဲ့က သာမန်ဆန်သော ပေတစ်ထောင်မြင့်မားသည့် အစိမ်းရောင်ကျောက်နံရံကို လှည့်ကြည့်သည်။
နတ်ဘုရားခုံရုံး၏ ရတနာတိုက်သည် ထိုကျောက်နံရံထဲတွင် ရှိနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
သူက ရတနာများကို သိမ်းယူခဲ့သော်လည်း ထိုကျောက်နံရံသည် ရှားပါးရတနာတစ်ခု ဖြစ်နေသေးသည်။
အင်မော်တယ်အင်းကွက်များနှင့် ဖွဲ့စည်းထားသော ဝင်္ကပါသည် လောကတွင် ရှားပါးလှသည်။
သူက လက်မြှောက်လိုက်သည်။ အင်မော်တယ်အင်းကွက်များက တောက်ပလာပြီး အစိမ်းရောင်ကျောက်နံရံကို ရစ်ပတ်လိုက်ကြသည်။
အစိမ်းရောင်အလင်းသည် တလက်လက်တောက်ပနေပြီး အစိမ်းရောင်ကျောက်နံရ့သည် လက်ဝါးအရွယ်အစားရှိသော ကျောက်စိမ်းတစ်ခုအဖြစ် ကျုံ့ဝင်သွားသည်။ ထိုကျောက်စိမ်းသည် အင်မော်တယ်အင်းကွက်များဖြင့် တောက်ပနေသည်။
ထိုအရာသည် အင်မော်တယ်ဝင်္ကပါ၏ အခြေခံအုတ်မြစ် ဖြစ်သည်။
ဟန်မူယဲ့က ဤတစ်ကြိမ်တွင် အငွေ့အသက်များကို ဖုံးကွယ်မထားဘဲ ဥက္ကာခဲများကြားမှ ထွက်လာခဲ့သည်။
“ဘုန်း”
သူ့စွမ်းအားသည် မရေမတွက်နိုင်သော ကျွမ်းကျင်သူများကို ဆွဲဆောင်မိခဲ့သည်။
“မြန်လိုက်တာ။ ဘယ်သူလဲမသိဘူး”
လူတစ်ယောက်က ပြောသည်။
“ဓားအလင်းက သိပ်သည်းနေတယ်။ အဲဒီလိုကျွမ်းကျင်သူမျိုးက တာအိုပြိုင်ပွဲနယ်မြေမှာ ဘယ်တုန်းက ပေါ်လာခဲ့တာလဲ။ ကောင်းကင်စာရင်းကလား ....”
လူတစ်ယောက်က ခန့်မှန်းကြည့်နေသည်။
ကောင်းကင်စာရင်းသည် တာအိုပြိုင်ပွဲနယ်မြေ၏ ကျွမ်းကျင်သူအများစုကို ခြုံငုံ၍ ရွေးထုတ်ထားသည်။
“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ အမတ်ချုပ်ကြီး ဟန်မူယဲ့ပဲ”
အာကာသထဲတွင် အံ့အားသင့်နေသောအသံကို ကြားနိုင်သည်။
နတ်အာရုံများသည် ချက်ချင်းဆိုသလိုပင် သွယ်ယှက်လာကြသည်။
ယခင်က တာအိုပြိုင်ပွဲကို စောင့်ကြည့်ခဲ့သော တာအိုဘိုးဘေးများသည် ဟန်မူယဲ့နှင့် အလွန်ရင်းနှီးသည်။ ယခု သေချာကြည့်လိုက်သောအခါတွင် ဟန်မူယဲ့ကို မြင်ရသည်။
နောက်ပိုင်းမှရောက်လာသော တာအိုဘိုးဘေးများသည် ဟန်မူယဲ့၏အကြောင်းကို ကြားဖူးရုံသာ ရှိကြသည်။ သူတို့က ကောင်းကင်စာရင်းတွင် အဆင့်ကိုးရထားသောလူကို အလွန်သိချင်နေကြသည်။
အဝေးတစ်နေရာတွင် ပုန်းအောင်းနေကြသော နတ်ဘုရားဘုရင်များက နတ်အာရုံကို တိတ်ဆိတ်စွာ ထုတ်လွှတ်လိုက်သည်။
“ဝီ”
ဟန်မူယဲ့က ဓားအလင်းကို ထုတ်ဖော်လိုက်သည်။
ဓားအလင်းသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အေးစက်နေပြီး စုံစမ်းရန်ရောက်လာသော နတ်အာရုံများအားလုံးကို တစ်ချက်တည်း ဖျက်ဆီးပစ်လိုက်သည်။
“အားလုံးပဲ ဟန်မူယဲ့က နှုတ်ဆက်လိုက်ပါတယ်”
ဟန်မူယဲ့က တည်ငြိမ်စွာပြောလိုက်သည်။ သူ့အသံကို လူတိုင်းက ရှင်းလင်းစွာကြားရသည်။
တည်နေရာစွမ်းအား ....
အကွာအဝေးကို လျစ်လျူရှုထားနိုင်သည်။
ထိုစွမ်းအားကို နတ်ဘုရားဘုရင်များကပင် လေ့လာသုံးသပ်နေရသည်။ တာအိုဘိုးဘေးများက တာအိုကို ရရှိရန်အတွက် ထိုစွမ်းအားကို နားလည်ရမည်။
ယခင်က မဟာမိစ္ဆာသူတော်စင်ဖြစ်သော ကောင်းကင်နင်းခြေမိစ္ဆာဘုရင် ဟွမ်လောင်လျှိုသည် တည်နေရာစွမ်းအားကို ထုတ်ပြခဲ့သည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးဟန်ကလည်း ထိုကျွမ်းကျင်သူမျိုး ဖြစ်နေခဲ့သည်။
နတ်အာရုံများအားလုံးသည် ပျောက်ကွယ်သွားကြသည်။
အားကောင်းသော ကျင့်ကြံသူတစ်ယောက်အတွက် လေးစားမှုပြသခြင်း ဖြစ်သည်။
တည်နေရာကို ချိုးဖောက်နိုင်သောစွမ်းအားသည် မည်သည့်နေရာတွင်ဖြစ်စေ လေးစားထိုက်သည်။
ယခုအချိန်တွင် နတ်အာရုံများက ရပ်တန့်သွားကြသော်လည်း မဟာကျင့်ကြံသူကြီးများက ဟန်မူယဲ့ကို အနည်းငယ် အာရုံစိုက်ထားလိုက်ကြသည်။
ဟန်မူယဲ့က နတ်အာရုံများ ရောက်မလာသ၍ ဂရုမစိုက်ပေ။
ဟန်မူယဲ့က လျင်မြန်စွာပျံသန်းလာပြီး နတ်အာရုံကို ဖြန့်ထုတ်သည်။ ချက်ချင်းဆိုသလိုပင် သူက တာအိုပြိုင်ပွဲနယ်မြေ၏ လတ်တလောအဖြစ်အပျက်များကို နားလည်သွားခဲ့သည်။ သူက အချက်အလက်များအားလုံးကို ထိန်းချုပ်ထားသည်။
ယခုအချိန်တွင် တာအိုပြိုင်ပွဲ၏ အကြီးမားဆုံးဖြစ်ရပ်သည် ရတနာတိုက်ဖွင့်ပွဲ ဖြစ်သည်။
လွန်ခဲ့သောဆယ်ရက်တွင် နတ်ဘုရားခုံရုံး၏ ရတနာတိုက်ကို ဖွင့်လှစ်ခဲ့သည်။
အထက်ဘုံသုံးပါးမှ ရောက်လာကြသော ကျွမ်းကျင်သူများသည် နည်းစနစ်အချို့ကို ပိုင်ဆိုင်ထားသည်။ သူတို့က ရတနာတိုက်ကို ခွန်အားသုံး၍ မဖွင့်ခဲ့ကြပေ။ သူတို့က ဝင်္ကပါ ၁၈ခုကို အသုံးပြု၍ မိုင်သုံးထောင်ပတ်ဝန်းကျင်ကို တစ်လွှာပြီးတစ်လွှာ ဖိနှိပ်ခဲ့ကြသည်။
နောက်ဆုံးတွင် ၇၀% အကောင်းအတိုင်းရှိနေသော နတ်ဘုရားခုံရုံး၏ရတနာတိုက်ကို ဖွင့်နိုင်ခဲ့သည်။
ရတနာများသည် မိုင်သုံးထောင်ပတ်ဝန်းကျင်တွင် ပြန့်ကျဲနေကြသည်။ ကျွမ်းကျင်သူနှင့် လက်ရွေးစင်များသည် ရတနာများအတွက် တိုက်ခိုက်နေကြသည်။
သို့သော် ရတနာတိုက်၏ အစောင့်အကြပ်နည်းလမ်းများက ကျန်ရှိနေကြသေးသည်။ သတ်ဖြတ်ခြင်းဝင်္ကပါများနှင့် ရုပ်သေးစစ်သည်များသည် အလွန်အန္တရာယ်များသည်။
ဆယ်ရက်အတွင်း၌ ကျွမ်းကျင်သူ နှစ်ရာ၊ သုံးရာခန့်က ထွက်သွားကြသည်။ သူတို့က လိုအပ်သောရတနာကို မရခဲ့လျှင် အန္တရာယ်များကြောင့် လက်လျော့သွားခြင်း ဖြစ်လိမ့်မည်။
ယခုအချိန်တွင် ကျင့်ကြံသူတစ်သန်းကျော်သည် မိုင်သုံးထောင်အတွင်း၌ ရှိနေကြသည်။ သူတို့အားလုံးသည် အလွန်သန်မာပြီး ယုံကြည်ချက်ရှိကြသည်။
“အစ်ကိုခြောက်က ပြန်ရောက်လာပြီလား”
ဟန်မူယဲ့က ပြုံးသည်။
သူက ဟွမ်ခြောက်၏ ကျင့်ကြံခြင်းနှင့် တိုက်ခိုက်နိုင်စွမ်းကို သိသည်။ သူက ရှေးတိမ်တိုက်စကြဝဠာ၏ ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။
သူက ရတနာများကို လွယ်ကူစွာရယူနိုင်လိမ့်မည်။
“ဘုန်း”
ဟန်မူယဲ့က အရှိန်မြှင့်လိုက်သည်။
နေ့ဝက်အကြာတွင် ဟန်မူယဲ့က မိုင်သန်းချီအကွာအဝေးကို ကျော်ဖြတ်၍ ရတနာတိုက်ဖွင့်ထားသော နေရာသို့ ရောက်လာသည်။
“ကျွမ်းကျင်သူတစ်ယောက် ရောက်လာတာလား”
လူတစ်ယောက်က ဓားအလင်းကို မြင်ရသောအခါတွင် ထိတ်လန့်စွာရေရွတ်သည်။
“ဓားကျင့်ကြံသူတစ်ယောက်ပဲ။ ကောင်းကင်စာရင်းမှာရှိတဲ့ ဓားကျင့်ကြံသူအများစုက အထဲကို ဝင်သွားကြပြီမဟုတ်လား”
လူတစ်ယောက်က လျင်မြန်စွာနီးကပ်လာသော ဓားအလင်းကို ကြည့်လိုက်ပြီး မေးသည်။
“မြန်လိုက်တာ။ ကောင်းကင်စာရင်းရဲ့ အဆင့် ၃၁မှာ ရှိနေတဲ့ လေတိမ်တိုက်ဓား ချူးယွင်ထျန်းလား။ ဒါမှမဟုတ် အဆင့် ၉၆မှာ ရှိနေတဲ့ လျှိုရီလား”
ဓားကျင့်ကြံသူအများအပြားသည် ကောင်းကင်စာရင်းတွင် ရှိနေကြသည်။ အများစုသည် ရတနာများအတွက် တိုက်ခိုက်နေကြသည်။ ထိုဓားအလင်းမျိုးကို ပိုင်ဆိုင်ထားသောလူသည် ရှားပါးသည်။
“ဝီ”
ဓားအလင်းသည် တားဆီးထားသော ချီစွမ်းအင်အလင်းများကို ဖြတ်ကျော်ပြီး ချပ်ပိတ်ထားသော ရတနာတိုက်နယ်မြေ၏ ဝင်္ကပါအစပ်တွင် ရပ်တန့်လိုက်သည်။
ဓားတစ်လက်လွယ်ထားသော အဖြူရောင်ဝတ်စုံနှင့် ဟန်မူယဲ့က တည်ငြိမ်စွာ ပေါ်လာသည်။
“ဘယ်သူ ....”
လူတစ်ယောက်က မျက်လုံးပြူးသွားသည်။
“အမတ်ချုပ်ကြီးဟန်ပဲ”
လူတစ်ယောက်က အံ့အားသင့်စွာ ပြောလိုက်သည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးဟန်၊ ကောင်းကင်စာရင်းတွင် အဆင့်ကိုးဖြစ်သော ဓားအင်မော်တယ်။
ချက်ချင်းဆိုသလိုပင် ဟန်မူယဲ့၏နာမည်သည် မိုင်သုံးထောင်ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားခဲ့သည်။
ရတနာတိုက်ကို စောင့်ကြပ်နေသော ကျွမ်းကျင်သူများ၏ မျက်နှာထားက ပြောင်းလဲသွားခဲ့သည်။
ရတနာတိုက်ဖွင့်သောအချိန်တွင် ကျင့်ကြံသူရှစ်သန်းခန့် ရောက်လာခဲ့ကြသည်။
သို့သော် တစ်သန်းကသာ မိုင်သုံးထောင်အတွင်းသို့ ဝင်သွားကြသည်။ ကျန်လူများအားလုံးသည် အပြင်ဘက်တွင် အထောက်အပံ့အဖြစ် ကျန်နေခဲ့ကြသည်။
ရတနာများကို လုယက်ရာတွင် လူအရေအတွက်သည် အသုံးမဝင်ပေ။ အမှန်တကယ် လွှမ်းမိုးနိုင်သော အစစ်အမှန် ကျွမ်းကျင်သူကိုသာ လိုအပ်သည်။
“အမတ်ချုပ်ကြီးဟန်”
ကုန်းစွန်းချင်ဖုန်းနှင့် ကိုယ်ရံတော်များက လျင်မြန်စွာ ဦးညွတ်လိုက်ကြသည်။
“ဂိုဏ်းတူအစ်ကိုဟန်”
လုချန်းဖျင်က စိတ်လှုပ်ရှားနေသည်။ သူမ၏နောက်တွင်ရှိသော အနက်ရောင်ဝတ်စုံနှင့် မိစ္ဆာကျင့်ကြံသူများသည် လေးစားစွာ ဦးညွတ်လိုက်ကြသည်။
“သူက ကောင်းကင်စာရင်းမှာ အဆင့်ကိုးပဲ”
နောက်ပိုင်းမှ ရောက်လာသော ကျင့်ကြံသူများ၏ မျက်လုံးများသည် တောက်ပနေကြသည်။
ဟန်မူယဲ့သည် ဆယ်စုနှစ်များကြာသည်အထိ မလှုပ်ရှားခဲ့သော်လည်း ကောင်းကင်စာရင်းတွင် အဆင့်ကိုးဖြစ်သည်။
သူ၏ ဓားအလင်းကို ကြည့်ခြင်းဖြင့် အဆင့်ကိုးနှင့် ထိုက်တန်သော ခွန်အားကို မဆုံးဖြတ်နိုင်ပေ။
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ဟန်မူယဲ့သည် ဤနေရာသို့ ရောက်လာသောကြောင့် ရတနာတိုက်၏တိုက်ပွဲသည် ပိုမိုအသက်ဝင်လာလိမ့်မည်။
“မရီးခြောက်”
ဟန်မူယဲ့က လုချန်းဖျင်ကို ခေါင်းညိတ်ပြလိုက်ပြီး စိတ်အတွေးကို ပို့လွှတ်သည်။ ထို့နောက် သူ့နောက်တွင်ရှိနေသော ကုန်းစွန်းချင်ဖုန်းနှင့် အံ့ဖွယ်နေမင်းကိုယ်ရံတော်များကို ကြည့်လိုက်သည်။
ဟန်မူယဲ့က တောက်ပနေသော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်သည်။
သူက လှုပ်ရှားလိုက်သည်။ သူ့ပုံရိပ်က ဖျတ်ခနဲ ပျောက်ကွယ်သွားပြီး ချိပ်ပိတ်ထားသောနေရာသို့ ဝင်ရောက်သွားသည်။
“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ အမတ်ချုပ်ကြီးဟန်က ရတနာတွေအတွက် ရောက်လာတာပဲ”
ဟန်မူယဲ့က ဝင်္ကပါအတွင်းသို့ ဝင်သွားသောအခါတွင် လူအများအပြားက တီးတိုးပြောလိုက်ကြသည်။
“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ ဝမ်မော့ရှန်နဲ့ အင်မော်တယ်ဝိညာဉ်ကမ္ဘာရဲ့ တန့်ဝူယိုတို့က ရောက်မလာကြဘူး။ ဟန်မူယဲ့က အားသာချက်ရှိနေတယ်”
လူတစ်ယောက်က ခံစားချက်များနှင့် သက်ပြင်းချသည်။
ဝမ်မော့ရှန်နှင့် တန့်ဝူယိုတို့သည် အစီအစဉ်ချနေပြီး ကိုယ်တိုင်ရောက်မလာကြပေ။
သို့သော် သူတို့ ရတနာတစ်ခုကို လိုချင်လျှင် ရအောင်ယူနိုင်မည့် နည်းလမ်းများကို ပိုင်ဆိုင်ထားကြသည်။
“ကောင်းကင်စာရင်းမှာ အဆင့်လေးရထားတဲ့ ယွီလင်တာအိုနန်းတော်ရဲ့ တာအိုသခင်သွမ်ယွင် ရောက်လာပြီ”
လူတစ်ယောက်က စိတ်လှုပ်ရှားစွာ ပြောသည်။
“ကောင်းကင်စာရင်းရဲ့ အဆင့် ၂၃ ဓားစံအိမ်တပည့် ပိုင်ယွီမင်နဲ့ ယွီလင်တာအိုနန်းတော်ရဲ့ အဆင့် ၁၇ စွန်းကျိုးရှန့်တို့ကလည်း ဒီမှာ ရှိနေကြတယ်။ ဟားဟား၊ တကယ်ပျော်စရာပဲ”
လူတစ်ယောက်၏ မျက်လုံးများက တောက်ပသွားကြသည်။
ကောင်းကင်စာရင်းကို တိုက်ခိုက်နိုင်စွမ်းဖြင့် ဆုံးဖြတ်ထားသည်။ သို့သော် ဟန်မူယဲ့က မလှုပ်ရှားခဲ့သောကြောင့် လူအများစုက လက်မခံချင်ကြပေ။
“တကယ်လို့ ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ အင်မော်တယ်ရတနာသုံးခု ရောက်လာခဲ့ရင် လူတိုင်းက သတိထားနေရလိမ့်မယ်”
လူတစ်ယောက်က ခေါင်းခါလိုက်ပြီး ပေါ့ပါးစွာရယ်သည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အင်မော်တယ်ရတနာသုံးခုကို ဟန်မူယဲ့က တစ်ဦးတည်း ပိုင်ဆိုင်ထားသည်။
ထိုစကားကြောင့် စကားပြောခဲ့သောလူ၏ မျက်နှာထားက ပြောင်းလဲသွားခဲ့သည်။ ပတ်ဝန်းကျင်တွင် ရှိနေသော လူများက ရယ်မောလိုက်ကြသည်။
မည်သို့ပင်ဖြစ်စေ ဟန်မူယဲ့ရောက်လာသောကြောင့် ပြင်းထန်နေသော ရတနာတိုက်ပွဲသည် ပိုမိုအားကောင်းလာလိမ့်မည်။
ထို့ကြောင့် ပွဲကြည့်ပရိသတ်များက စောင့်မျှော်နေကြသည်။
ဟန်မူယဲ့က ရတနာတိုက်၏ နယ်မြေထဲသို့ ရောက်သွားပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
အာကာသထဲတွင် ကျိုးပဲ့နေသော ဥက္ကာခဲများကို မြင်နိုင်သည်။ အမျိုးမျိုးသော အလင်းရောင်များလည်း တောက်ပနေကြသည်။
ပေါက်ကွဲသံကို ကြားနိုင်သည်။
တာအိုဆရာတယန်က တောက်ပနေသော မျက်လုံးများဖြင့် လက်နှစ်ဖက်ကို ပွတ်သပ်နေသည်။
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ပြောသည်။
“ယန်နဂါးသလင်းကျောက်နဲ့ ကောင်းကင်ဝိညာဉ် အဆီအနှစ်အရည်ကို ထုတ်လိုက်”
တာအိုဆရာတယန်က ကြောင်အသွားသည်။
ဟန်မူယဲ့က ရတနာအများအပြားကို ထုတ်ယူ၍ အာကာသထဲသို့ ပစ်ချလိုက်သည်။
“ဒီပစ္စည်းတွေကို အင်အားစုအမျိုးမျိုးရဲ့ လက်ရွေးစင်တွေက လိုအပ်နေကြတယ်။ သူတို့က ဒီတိုက်ပွဲကနေ တစ်ခုခုရသွားဖို့ လိုတယ်”
“သူတို့က လျင်လျင်မြန်မြန် တိုးတက်မလာခဲ့ရင် ဒီပြိုင်ပွဲက ဘယ်လိုလုပ်ပြီး စိတ်ဝင်စားဖို့ ကောင်းတော့မှာလဲ”
ကိုယ်ပိုင်ရတနာကို ငါးစာအဖြစ် အသုံးပြုခဲ့သည်။
ငါးစာမဟုတ်ပေ။ တိုက်ရိုက် ပေးလိုက်ခြင်း ဖြစ်သည်။
ဥပမာအနေဖြင့် ဓားစံအိမ်၏ ပိုင်ယွီမင်သည် ယန်နဂါးသလင်းကျောက်ကို အရေးပေါ် လိုအပ်နေသည်။
ကောင်းကင်ဝိညာဉ် အဆီအနှစ်အရည်ကိုတော့ ယွီလင်တာအိုနန်းတော်၏ စွန်းကျိုးရှန့်က လိုအပ်နေသည်။
အထက်ဘုံသုံးပါး၏ လက်ရွေးစင်များသည် ရတနာကို ရယူရန်အတွက် တာအိုပြိုင်ပွဲနယ်မြေအတွင်းသို့ ဝင်လာကြသည်။
ထိုပစ္စည်းများသည် သူတို့၏ ကျင့်ကြံခြင်းနှင့် တိုက်ခိုက်နိုင်စွမ်းကို လျင်မြန်စွာ တိုးတက်လာစေနိုင်သည်။
ထိုအရာသည် ဟန်မူယဲ့၏ထောင်ချောက် ဖြစ်သည်။ သူတို့က ထောင်ချောက်ကို သတိထားမိလျှင်ပင် တိုးဝင်လာကြလိမ့်မည်။
ကျင့်ကြံခြင်းသည် အခွင့်အရေးများအပေါ်တွင် မှီခိုနေရသည်။ သူတို့က အခွင့်အရေးအတွက် မတိုက်ခိုက်လျှင် တစ်သက်လုံး ခြေနင်းတုံးအဖြစ် နေသွားရလိမ့်မည်။
ထို့ကြောင့် စိတ်ဝင်စားဖွယ်ကောင်းသည်။
အင်အားစုကြီးများ၏ လက်ရွေးစင်များအပြင် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် တာအိုပြိုင်ပွဲနယ်မြေတွင် စုဝေးနေကြသည်။
‘သူတို့ကို စတေးလိုက်ရင် မဟာပုဂ္ဂိုလ်ကြီးတွေက နာကျင်သွားကြမှာလား’
‘ဂိုဏ်းကြီးတွေကရော လက်ရွေးစင်တပည့်တွေကို စတေးခံမှာလား’
လူသားလောက ဖြစ်စေ ကျင့်ကြံခြင်းလောက ဖြစ်စေ လူသားခံစားချက်နှင့် လောကီရေးရာ ဆက်သွယ်မှုများပင် ဖြစ်သည်။
ခံစားချက်နှင့် အလိုဆန္ဒကို ဖြတ်တောက်ထားကြသော လူများကပင် အကျိုးအမြတ်နှင့် စွမ်းအားကြောင့် ဆွဲဆောင်ခံရလိမ့်မည်။
မည်သည့်အရာကိုမှ ဂရုမစိုက်ဘဲ ရတနာကိုသာ လိုချင်သော အရိပ်နတ်ဘုရားဘုရင်က မတူညီပေ။
ဟန်မူယဲ့က အရိပ်နတ်ဘုရားဘုရင်ကို တွေးမိလိုက်ပြီး ပြုံးသည်။
မျက်နှာမဲ့စစ်သည်များ၏ လိုက်ဖမ်းခြင်းကို ခံနေရသော အရိပ်နတ်ဘုရားဘုရင်ကလည်း ဤနေရာတွင် ရှိနေသည်။
သူက အရိပ်နတ်ဘုရားဘုရင်၏ တည်နေရာကို အာရုံခံမိနေသည်။
သူက ရတနာများကို အရူးအမူး လုယူနေသောကြောင့် ကျွမ်းကျင်သူများ၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရသည်။
သို့သော် ရတနာတိုက်၏စွမ်းအားသည် မျက်နှာမဲ့စစ်သည်များကို ဖိနှိပ်နိုင်ပုံပေါ်သည်။ ထို့ကြောင့် အရိပ်နတ်ဘုရားဘုရင်က အနည်းငယ် သက်သာနေသည်။
ဟန်မူယဲ့က နှေးကွေးနေသော မျက်နှာမဲ့စစ်သည်များကို ကြည့်လိုက်သည်။
လူတချို့က နတ်ဘုရားဧကရာဇ်၏ဓားကို လိုချင်နေပုံရသည်။
ထို့အပြင် လူတစ်ယောက်က ထိုဓား၏စွမ်းအားကို တိတ်ဆိတ်စွာ ထိန်းချုပ်ထားပုံပေါ်သည်။ အရိပ်နတ်ဘုရားဘုရင်က ယခုအချိန်အထိ သတိမထားမိသေးပေ။
ထိုသို့ ဆက်ဖြစ်နေလျှင် ဓားက သူ့ကို ပြန်သတ်လိမ့်မည်။ သူက အကြောင်းအရင်းကိုပင် သိလိုက်မည်မဟုတ်ပေ။