← Chapters

ထွက်ခွာခြင်း

Vol. 15 Ch. 200

ထွက်ခွာခြင်း

Vol. 15 Ch. 200

အနန္တဧကရာဇ်ဂြိုဟ်တွင် ဟင်းလင်းပြင် ဂိတ်တံခါးများ အများအပြားရှိသော်လည်း အများစုမှာ အဆင့်မြင့် ကျင့်ကြံသူများ၏ ပိုင်ဆိုင်သည့် တစ်ကိုယ်ရည်သုံး ဂိတ်တံခါးများသာ ဖြစ်သည်။ လူတိုင်း အသုံးပြုနိုင်သည့် ဂိတ်တံခါးမှာ တစ်ခုသာ ရှိပြီး ၎င်းမှာ အင်ပါယာ တောင်ထွတ်တွင် တည်ရှိသည်။ လီလင်းဟု ခေါ်သည့် သေမျိုး ခေါင်းဆောင်အဆင့် အကြီးအကဲ တစ်ဦးမှာ ထိုဂိတ်တံခါးကို အုပ်ချုပ်ရသည်။

Iသူမသည် မူလတောင်ထွတ်ရှိ မူလ အင်ပါယာ သူတော်စင်လီ၏ မျိုးဆက်တစ်ယောက် ဖြစ်ပြီး သူ၏ ထောက်ခံမှုဖြင့် ဤနေရာကို ရရှိထားခြင်း ဖြစ်သည်။

ဝေ့ဝူယင်သည် လီလင်းထံသို့ သွားကာ သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးသို့ အန္တရာယ် ကင်းကင်း သွားရောက်ရေး ကိစ္စကို ဆွေးနွေးခဲ့သည်။ ထို့နောက် အပြန်တွင် မျှော်လင့်မထားည့် တစ်ယောက်ကို တွေ့ဆုံခဲ့ရသည်။ သူမ၏ နာမည်သည် ဝမ်မင်ယာ ဖြစ်ပြီး သူ့ကဲ့သို့ပင် အနန္တ ကုန်းမြေတိုက်ကြီးမှလာသူ ဖြစ်သည်။

စုမေ့၏ အစီရင်ခံစာများ အရဆိုလျှင် ဝမ်မင်ယာသည် မတော်တဆမှု တစ်ခုကြောင့် မျက်နှာ ပျက်စီးခဲ့ပြီး စိတ်ပိုင်းဆိုင်ရာတွင်လည်း ဒဏ်ရာများ ရရှိခဲ့သည်။ ထိုအရာကပင် သူမအား အထီးကျန် ဘဝတစ်ခုကို တွန်းပို့ကာ အခြားလူများနှင့် အဆက်အသွယ် ကင်းမဲ့စေခဲ့သည်။

သို့သော်လည်း ၎င်းမှာ သူမကိုယ် သူမ ကာကွယ်ရန် စနစ်တကျ ဖန်တီးထားသည့် အစီအစဥ် တစ်ခု ဖြစ်မှန်း ဝေ့ဝူယင် သိပါသည်။ ဝေ့ဝူယင် ကိုယ်တိုင်ပင်လျှင် သူမ၏ ဉာဏ်ကောင်းမှုနှင့် ပြတ်သားမှုတို့ကို မချီးကျူးပဲ မနေနိုင်အောင် ဖြစ်ရသည်။ သို့သော်လည်း ထိုအကြောင်းပြချက်က သူမ ဘဝကို ဝင်ရောက်စွက်ဖက်လောက်သည် အထိတော့ မလုံလောက်ခဲ့ပါချေ။

ဝေ့ဝူယင် သူမ အကြောင်း ကြားရပြီး သိပ်မကြာခင်မှာပင် မေ့သွားခဲ့သည်။ သို့သော်လည်း ထိုမိန်းကလေး၏ ခန္ဓာကိုယ် အတွင်းတွင် ကွယ်ဝှက်နေသည့် တစ်စုံတစ်ရာ ရှိနေလိမ့်မည်ဟု မည်သူက ထင်မိလိမ့်မည်နည်း။ ထိုတည်ရှိမှုက သူ့ကိုပင် မသက်မသာ ဖြစ်စေကာ မြင့်မြတ်သော ခံစားချက် တစ်မျိုးအား ပေးစွမ်းနိုင်သည်။

ကံကြမ္မာ...

ထိုအရာက ကောင်းကင်ဘုံနှင့် ဆက်သွယ်နိုင်သည့် ကံကြမ္မာ စွမ်းအားမျိုးပင်။ ဝေ့ဝူယင် ထိုအရာကို ကောင်းကင်ဘုံ နတ်မျက်လုံးများကြောင့် သတိထားမိခြင်း မဟုတ်ပဲ အပြစ်သား သွေးမျိုးဆက်ကြောင့် သတိထားမိခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ‌ကောင်းကင်ဘုံနှင့် သက်ဆိုင်သည့် စွမ်းအားများ၊ လွှမ်းမိုးမှုများကို သဘာဝ မကျစွာ တုန့်ပြန်တတ်သည်။

မင်ရှုဖုန်းသည်လည်း အလားတူပင် ထိုကဲ့သို့ တော်ဝင် အလင်းမျိုး ပိုင်ဆိုင်ထားသည့် တစ်ယောက် ဖြစ်ပြီး သူမမှာ ကံကြမ္မာ ဟောပြောသူ တစ်ယောက် ဖြစ်သည်။

သို့သော်လည်း ဝမ်မင်ယာ၏ အလင်းမှာ မင်ရှုဖုန်းနှင့် ကွဲပြားသည်ဟု ဝေ့ဝူယင် ခံစားရသည်။ မည်သို့ပင် ကွဲပြားစေကာမူ ကံကြမ္မာချီကို ကျင့်ကြံနိုင်သည့် ပါရမီမှာ အဂ္ဂိရတ် ပါရမီရှင်များထက်ပင် ပိုမို ရှားပါးသည်။ အဂ္ဂိရတ် စွမ်းအင်နှင့် မတူညီသည်က ကံကြမ္မာချီကို ဖန်တီးရန် အတွက်ပင် ပါရမီကို မရှိမဖြစ်လိုအပ်ခြင်း ဖြစ်သည်။

ကံကြမ္မာ ဟောပြောသူ တစ်ယောက်ကို ဘေးတွင် ထားရှိခြင်းဖြင့် ကျင့်ကြံခြင်း ခရီးလမ်းကို ပိုမို လွယ်ကူစေလိမ့်မည် ဖြစ်ပြီး ကံကြမ္မာ အတက်အကျများကိုပါ ကြိုတင် သိရှိနိုင်လိမ့်မည် ဖြစ်သည်။ ဝေ့ဝူယင်သည် တုန့်ဆိုင်းခြင်း မရှိပဲ သူ့ ကောင်းကင်နန်းတော်တွင် လာရောက် ကျင့်ကြံရန် ဝမ်မင်ယာကို ဖိတ်ခေါ်ခဲ့သည်။

သူမမှာ ပထမ၌ တုန့်ဆိုင်းနေခဲ့သေး၏။ လွတ်လပ်စွာ ရပ်တည်လိုသည့် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် သူမတွင် ထည့်သွင်းစဥ်းစားစရာ များစွာ ရှိပေသည်။ ဝေ့ဝူယင်က သူမ ဆန္ဒမရှိသည့် အရာများကို အတင်း ဖိအားပေး မခိုင်းပါဟု ကတိပေးသော အခါတွင်မှ သူမက လက်ခံခဲ့သည်။

ဝေ့ဝူယင် ဝမ်မင်ယာကို သူ၏ ‌ကောင်းကင်နန်းတော်သို့ ခေါ်ဆောင်သွားကာ ကျင့်ကြံခြင်း အခန်းတစ်ခု ပေးအပ်ခဲ့သည်။ ထို့နောက် ပိုကေ၏ ကောင်းကင်နတ်မြင်းပျံကို စီးနင်းကာ ပြန်လည် ထွက်ခွာလာခဲ့၏။ ထိုလေပြင်းသစ်ရွက် နတ်ဆိုးနှင့် ဝေ့ဝူယင်မှာ ယခုတိုင် ခင်မင်နေကြဆဲ ဖြစ်ပြီး လွန်ခဲ့သည့် သုံးနှစ်အတွင်း၌ ပိုမို ကောင်းမွန်သော ဆက်ဆံရေး တစ်ခုကို တည်ဆောက်နိုင်ခဲ့ကြသည်။ လတ်တလော၌ သူတို့သည် အင်ပါယာ တောင်ထွတ်ဆီသို့ ပျံသန်းနေကြခြင်း ဖြစ်၏။

ပိုကေက မျက်မှောင်ကြုတ်ရင်း ဝေ့ဝူယင်အား မေးလိုက်၏။

“ညီလေး... မင်း အနန္တဧကရာဇ်ဂိုဏ်းရဲ့ အပြင်ကို ထွက်ချင်တာ သေချာပြီလား”

သူ၏ လေသံနှင့် မျက်လုံးများက စိုးရိမ်မှုများနှင့် ပြည့်နှက်နေသည်။ ဝေ့ဝူယင်သည် အဂ္ဂိရတ် အစည်းအရုံး၏ ဖိတ်ခေါ်မှုကို တိုက်ရိုက်ပင် ငြင်းပယ်ကာ ဆန့်ကျင်ခဲ့သည်။ အကယ်၍ သူ အပြင်လောကသို့ ခရီးနှင်သည့် သတင်းသာ ပျံ့နှံ့သွားပါက သူတို့ ဘာလုပ်မည်ကို မည်သူမှ မသိနိုင်ချေ။ အဂ္ဂိရတ် အစည်းအရုံး၏ လွှမ်းမိုးမှုက ပျံ့နှံ့နေသည့် ကောလဟလများထက် အဆများစွာ ပိုမိုသည်။

“ကျွန်တော် ဆုံးဖြတ်ပြီးပါပြီ”

ဝေ့ဝူယင်က ပြုံးရင်း ပြန်ဖြေလိုက်၏။ သူသည် အစောကတည်းကပင် အမျိုးမျိုးသော ဖြစ်နိုင်ချေများကို တွက်ချက်ခဲ့ပြီး ဖြစ်ကာ ထိုအထဲတွင် အဂ္ဂိရတ် အစည်းအရုံး၏ အန္တရာယ်မှာလည်း တစ်ခု အပါအဝင် ဖြစ်သည်။ စိတ်ကျေနပ်လောက်သော ပြင်ဆင်မှု မရှိပါက ဝေ့ဝူယင် ကဲ့သို့သော လူစားမှာ ကောင်းကင်နန်းတော် အတွင်းမှ အပြင်သို့ပင် ထွက်တတ်သူ မဟုတ်ချေ။

မကြာခင်မှာပင် သူတို့သည် ဟင်းလင်းပြင် ဂိတ်တံခါး တည်ရှိရာ အင်ပါယာ တောင်ထွတ်၏ ပထမ အလွှာသို့ ရောက်ရှိလာကြသည်။ သူတို့ ရောက်ရှိချိန်၌ ဟင်းလင်းပြင် ဂိတ်တံခါးတွင် လူများ ရှင်းလင်းနေကာ အစောင့်အကြပ်များ ချမှတ်ထား၏။

ကျောက်စိမ်းပြား တစ်ခုကို ထုတ်ပြလိုက်ရုံဖြင့် ဝေ့ဝူယင်တို့မှဦ အထဲသို့ ဝင်ရောက်ခွင့် ရရှိလိုက်ကြသည်။ ထိုနေရာတွင် ပုံရိပ်လေးခုသာ ရှိပြီး ရှောင်ပိုင်၊ စုမေ့၊ လီလင်းနှင့် ကျူးဟိုင်တို့ပင် ဖြစ်လေသည်။

ကျူးဟိုင်...

စတင် ဆုံတွေ့ချိန်က ပုံစံနှင့် ခြားနားစွာပင် ကျူးဟိုင်သည် သန့်ရှင်းစင်ကြယ်နေ၏။ သူ၏ ငွေရောင် ဆံနွယ်ရှည်များက ထူထဲလှပကာ တလက်လက် တောက်ပနေသည်။ သူ၏ မျက်နှာ အစိတ်အပိုင်းများမှာ ယောက်ျားတစ်ယောက် အတွက် အလွန် လှပလွန်းကာ ကျားမ၊ မခွဲခြားပဲ သက်ရှိတိုင်းကိုပင် ပြင်းထန်စွာ ဆွဲဆောင်နိုင်စွမ်း ရှိသည်။ တစ်ချိန်တည်း၌ သူ၏ ဖြူရော်ရော် အသားအရေနှင့် သွေးနီရောင် မျက်လုံးများက တစ်မျိုးတစ်ဖုံ ထူးခြားနေကာ ပါးလွှာသော နှုတ်ခမ်းများနှင့် ချွန်ထက်သော သွားစွယ်တို့က သူ့အား အနည်းငယ် ရိုင်းစိုင်းစေသည်။

သူသည် မီးခိုးရောင် ဘောင်းဘီကို ဝတ်ဆင်ထားကာ ခြေဗလာနှင့် ဖြစ်သည်။ ခန္ဓာကိုယ် အပေါ်ပိုင်းတွင်မူ ဝတ်ရုံရှည် တစ်ခုမျှသာကို ဝတ်ဆင်ထားပြီး အမွေးအမျှင် ကင်းမဲ့သော ရင်ဘတ်ကို ဟင်းလင်းဖွင့်ထား၏။ သူ၏ လက်များကိုမူ ရှည်လျားသော အင်္ကျီလက်အိုးများအောက်၌ ဝှက်ထားကာ ကမ္ဘာပေါ်ရှိ အရာအားလုံးကို စိတ်မဝင်စား သကဲ့သို့ ပျင်းရိသော ဟန်ပန်ဖြင့် ရပ်တည်နေသည်။

သို့သော်လည်း ဝေ့ဝူယင် ရောက်ရှိလာချိန်တွင်မူ သူ၏ သွေး‌ရောင် မျက်လုံးများထဲ၌ လေးစားမှု အရိပ်အယောင် အချို့ ဖြတ်ပြေးသွား၏။

“အရှင်ဝေ့...”

စုမေ့က နှုတ်ဆက်လိုက်၏။ ဝေ့ဝူယင် သူမအား ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ရှည်ရှည်ဝေးဝေး စကားမပြောတော့ပဲ  ဟင်းလင်းပြင် ကျောက်စိမ်းပြားကို အာကာသ ဂိတ်တံခါးအတွင်း ပစ်ထည့်လိုက်၏။ အစီအရင် အသက်ဝင်ကာ အနက်ရောင် ဟင်းလင်းပြင် ‌ပေါ်တယ် ပေါ်လာချိန်၌ သူ၏ မျက်လုံးများက လေးနက်သွား၏။

“သွားကြစို့...”

သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးကား စောင့်ကြိုနေခဲ့ပြီ ဖြစ်လေတော့သည်။

...

သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးသည် အနန္တဧကရာဇ် ကြယ်တာရာ နယ်မြေအတွင်းရှိ ကမ္ဘာပြားများတွင် ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး တိုက်ကြီး ဖြစ်ပြီး နာမည်အတိုင်းပင် ၎င်းမှာ ပန်းပဲတာအိုကို အလေးပေးသည်။ ၎င်း၏ အရွယ်အစားက အနန္တကုန်းမြေတိုင်ကြီးနှင့် နှိုင်းယှဥ်နိုင်ကာ မြေပြင်အများစုမှာ မိုင်းတွင်းများ၊ သတ္တုတွင်းများနှင့် ပြည့်နှက်နေသည်။ ထိုသတ္တုများကို သူတို့သည် ပန်းပဲတာအို၌ အသုံးပြုသည့် အပြင် အခြား ကုန်းမြေတိုက်ကြီးများသို့ပါ တင်ပို့ ရောင်းချသည်။

သို့ဖြစ်ရာ သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးမှာ အလွန် အကျိုးအမြတ်များသော နေရာတစ်ခု ဖြစ်ပြီး ကုန်းမြေတိုက်ကြီး ဆယ့်နှစ်ခုထဲ၌ ပြဿနာ အများဆုံးလည်း ဖြစ်သည်။ သွေးပန်းပဲဖို တိုက်ကြီးတွင် အုပ်စိုးသူ စစ် ဟူ၍ မရှိခဲ့ပဲ နယ်မြေရှစ်ဆယ် ရာခိုင်နှုန်းကို ကောင်းကင်နိုဘယ်များ၏ အဖွဲ့များက လွှမ်းမိုးထားသည်။

နယ်မြေပိုင်ဆိုင်လိုမှုနှင့် ရင်းမြစ်ခွဲဝေမှု အရှုပ်တော်ပုံများကြောင့် နောက်ပိုင်းတွင် အနန္တဧကရာဇ်ဂိုဏ်းက မူရင်း နေထိုင်သူများအတွက် သီးသန့်နယ်မြေ တစ်ခု တည်ထောင်ပေးကာ ဘုရင်တစ်ပါ’ ကိုယ်ပိုင် ရွေးချယ် တင်မြှောက်ခွင့် ပြုခဲ့သည်။ ထိုဘုရင်သည် ကောင်းကင်နိုဘယ် တပည့် တစ်ယောက်၏ သြဇာ အာဏာ အရှိန်အဝါကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။

ထို့အပြင် အနန္တဧကရာဇ်ဂိုဏ်းသည် ချီပျစ်ခဲခြင်း အဆင့်နှစ် အထက် မည်သည့် ကျင့်ကြံသူကိုမှ တိုက်ပွဲများ အတွင်း တိုက်ရိုက် မပါဝင်ရန် တားမြစ်ထားသည်။ ထိုနည်းဖြင့် အဆင့်မြင့် အကြီးအကဲများ၊ ကောင်းကင် နိုဘယ်များကြောင့် ကပ်ဘေးများ မဖြစ် ကာကွယ်ထား၏။ ထိုစည်းမျဥ်းက ကမ္ဘာပြားများ အားလုံးနီးပါး အတွက် အကျုံးဝင်ပေသည်။ မဟုတ်ပါက ကမ္ဘာပြားများ ငြိမ်းချမ်းတော့မည် မဟုတ်ချေ။

သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီး၏ လက်ရှိ ဘုရင်မှာ ရွှယ်ထျန်း ဖြစ်၏။ သူသည် ချီပျစ်ခဲခြင်း အဆင့်နှစ်တွင် ရှိကာ သွေးပန်းပဲဖို ဧကရာဇ် ဟု နာမည် ကျော်ကြားသည်။ သူ၏ ကျင့်ကြံခြင်း အဆင့်က ကုန်းမြေတိုက်ကြီး တစ်ခုတွင် ထိပ်ဆုံးအဆင့်၌ ရှိရာ မေးခွန်းထုတ်စရာ မလိုအောင် ဧကရာဇ် အဆင့်အတန်းနှင့် ထိုက်တန်သည်။ အနန္တဧကရာဇ်ဂိုဏ်းမှ အချို့ အဖွဲ့ငယ်များနှင့် တပည့်များပင် သူ့အား ဆန့်ကျင်ရန် မကြိုးစားကြချေ။

သို့သော်လည်း သူ၏ သြဇာအာဏာတွင် အကန့်အသတ်များ ရှိပေသည်။ သူသည် သူ့နယ်မြေအတွင်းရှိ နေထိုင်သူများနှင့် ရင်းမြစ်များ အတွက်သာ စီရင်ပိုင်ခွင့် ရှိကာ ထိုနယ်မြေအပြင်ဘက်တွင်မူ ဘာသြဇာအာဏာမှ မရှိချေ။ အတိတ်၌ နယ်မြေချဲ့ထွင်ရန် ကြိုးပမ်းမှုကြောင့် အသတ်ခံခဲ့ရသော သွေးပန်းပဲဖိုဧကရာဇ်များ၏ သာဓက များစွာ ရှိပေသည်။

သွေးပန်းပဲဖို ဧကရာဇ် ပိုင်နက်သည် ကုန်းမြေတိုက်ကြီး တစ်ခုလုံး၏ နှစ်ဆယ် ရာခိုင်နှုန်းမျှသာ ရှိပြီး ထိုနေရာမှာ တိုင်းသူပြည်သူများနှင့် ငြိမ်းချမ်းမှုကို ရှာဖွေလိုသည့် လူများအတွက် အလုံခြုံဆုံးသော နေရာလည်း ဖြစ်ပေသည်။ ၎င်းအား ရွှယ်တိုင်းပြည်ဟု နာမည် ပေးထား၏။

...

သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီး၊ ရွှယ်တိုင်းပြည်...

ရွှယ်တိုင်းပြည်သည် မျိုးနွယ်စုပေါင်းစုံ မှီတင်းနေထိုင်ကြသည့် ကြီးကျယ်ခမ်းနားသော မြို့ကြီး၊ မြို့ငယ်များ၊ ရွာငယ်နှင့် ရှုပ်ထွေးပွေလီနေ၏။ ထိုနေရာများ အကြားတွင် တောရိုင်း သစ်ပင်များ၊ မြက်ခင်းလွင်မြင်များနှင့် တောင်တန်းများ ဝန်းရံထားသည့် ကွေ့ကောက်သော လမ်းမများ ရှိပေသည်။

မြို့တစ်မြို့ကို ဦးတည်နေသည့် လမ်းများထဲမှ တစ်ခုအနားရှိ မြက်ခင်းလွင်ပြင်ထဲတွင် ပျက်စီးနေသည့် ရထားတွဲများနှင့် လဲကျနေသည့် မြင်းသေများ ရှိနေသည်။ သွေးနံ့နှင့် နာကျင် ညည်းညူသံများက နေရာအနှံ့ ပြန့်ကျဲနေကာ ထိုးသံ ခုတ်သံနှင့် မာန်သွင်းသံများက ပဲ့တင်ထပ်နေ၏။

ထန်... ထန်...

အုပ်စုနှစ်ခုသည် အသေအကြေ တိုက်ခိုက်နေကြကာ ချီများက ပြန့်ကြဲနေသည်။ ပထမ အုပ်စုတွင် တူညီဝတ်စုံ မရှိသည့် အရောရော အနှောနှော ကျင့်ကြံသူများ ပါဝင်နေ၏။ သို့သော်လည်း သူတို့သည် အနက်ရောင် တောင်တန်းနှင့် သွေးစွန်းနေသည့် အလင်း တံဆိပ်တစ်ခုကိုတော့ ထိုးခြယ်ထားကြသည်။ ထိုအဖွဲ့တွင် ပါဝင်သည့် ကျင့်ကြံသူများ၏ အမူအရာများက သွေးအေး ရက်စက်ဟန် ရကာ သူတို့၏ ချီကျင့်စဥ်များနှင့် လက်နက်တို့က ရန်သူ၏ သေကွင်းသေကွက်များကိုသာ ဦးတည်နေသည်။

အခြား အုပ်စုတစ်ခုမှာမူ ပိုမို စုစည်းဟန်ရကာ သံချပ်ကာ သူရဲကောင်း ဝတ်စုံများကို ဆင်မြန်းထားကြသည်။ သူတို့သည် ဓား သို့မဟုတ် လှံများကို ကိုင်ဆောင်ထားကာ သံခေါင်းဆောင်းများ ဆောင်းထားကြသည်။ သို့သော်လည်း သူတို့ အဖွဲ့က အ‌ရေအတွက်အားဖြင့် နည်းပါးလှပြီး ပထမ ပျံကျ အုပ်စု၏ သုံးပုံ တစ်ပုံမျှသာ ရှိပေသည်။

ပျံကျအုပ်စုသည် ဝိုင်းပြုံတိုက်ခိုက်သည့် နည်းလမ်းကို သုံးကာ ရန်သူများကို အညှာအတာ အရှိ တိုက်ခိုက် သတ်ဖြတ်နေသည်။ သံချပ် သူရဲကောင်း အုပ်စုသည် စုစည်းမှု ရှိသည့်တိုင် မည်ကဲ့သို့ ယှဥ်နိုင်ခြင်း မရှိပဲ တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားသည်။

အား...

စူးစူးဝါးဝါး အော်ဟစ်သံများက စဥ်ဆက်မပြတ် ထွက်ပေါ်နေ၏။ သိပ်မကြာခင်မှာပင် အနိုင်ရသည့် ဘက်က ပိုမို ရှင်းလင်းလာတော့သည်။

***

All Chapters