အခန်း (၇၁၈)
Vol. 52 Ch. 718
ကျောက်ကျန့်ဟယ်က ပြုံးလိုက်ပြီး ပျံတက်သွားသည်။
“ငါက ဒီမှာရှိနေတယ်။ ငါ့ကို ဘယ်သူသတ်ချင်တာလဲ”
သူက အော်ဟစ်လိုက်ပြီး အာကာသထဲတွင် ထွက်ပေါ်လာသည်။
“ဘုန်း”
မျက်နှာမဲ့စစ်သည်များက သူ့နောက်မှ လိုက်သွားပြီး ဆေဘာဓားများဖြင့် ခုတ်ချလိုက်ကြသည်။
ဖရိုဖရဲဖြစ်နေသော ပုံရိပ်များက လှုပ်ရှားသွားကြပြီး သနားစရာကောင်းသော အော်ဟစ်သံများသည် လေဟာနယ်ထဲတွင် ပေါ်ထွက်လာကြသည်။
ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းခါ၍ ထွက်သွားသည်။
ကျောက်ကျန့်ဟယ်က နတ်ဘုရားဘုရင်တစ်ပါး ဖြစ်သည်။ မျက်နှာမဲ့စစ်သည်များက သူ့ကို မတိုက်ခိုက်သောကြောင့် သူက ရတနာတိုက်၏ မိုင်သုံးထောင်နယ်မြေတွင် ပြိုင်ဘက်ကင်းနေလိမ့်မည်။
ကောင်းကင်စာရင်းတွင်ရှိသော ထိပ်တန်းအဆင့် ကျွမ်းကျင်သူများကပင် သူနှင့် ထိပ်တိုက် ရင်ဆိုင်နိုင်ကြမည် မဟုတ်ပေ။
ထို့အပြင် မျက်နှာမဲ့စစ်သည်များက အလွန်အားကောင်းသည်။ သူတို့က လွှမ်းမိုးနိုင်စွမ်းရှိပြီး အကျိုးအကြောင်းမသိကြပေ။
ချီစွမ်းအင်ရှိသော အရာအားလုံးကို ဖိနှိပ်နိုင်သည်။
လေဟာနယ်သည် အက်ကွဲသွားပြီး တုန်ခါနေသည်။
ကျောက်ကျန့်ဟယ်ကို လိုက်ဖမ်းခဲ့သော ကျွမ်းကျင်သူများက ထွက်ပြေးနေရသည်။
ကျောက်ကျန့်ဟယ်က ဟန်မူယဲ့၏အကြံပြုချက်ကို နားထောင်ပြီး ထိုလူများကို မသတ်ခဲ့ပေ။ မျက်နှာမဲ့စစ်သည်များ၏ ဓားချက်သည် သူတို့၏ဝိညာဉ်ကို ဒဏ်ရာရသွားစေသည်။ သူလှုပ်ရှားရန် မလိုအပ်ခဲ့ပေ။
သူ့ဓားကို တိတ်တဆိတ် ထိန်းချုပ်ထားသော လူ၏ ဝိညာဉ်က တုန်ခါသွားပြီး ဖုံးကွယ်၍ မနေနိုင်တော့ပေ။
ကျောက်ကျန့်ဟယ်က အလျင်မလိုပေ။ သူက ဓားနှင့် မျက်နှာမဲ့စစ်သည်များ၏ စွမ်းအားကို ဖော်ပြပြီး တစ်ဖက်လူကို ထိတ်လန့်သွားစေခဲ့သည်။
သူက အချိန်ကြာမြင့်စွာ ထွက်ပြေးနေရသည်။ ယခု လက်စားချေရမည်။
ချက်ချင်းဆိုသလိုပင် ရတနာတိုက်၏ မိုင်သုံးထောင်နယ်မြေသည် ဖရိုဖရဲ ဖြစ်သွားခဲ့သည်။
ဟန်မူယဲ့က လျင်မြန်စွာပျံသန်းပြီး မိုင်တစ်ထောင်ကို ဖြတ်သန်း၍ ဥက္ကာခဲတစ်ခုပေါ်တွင် ရပ်နားလိုက်သည်။
ထိုအချိန်၌ လူများသည် ဥက္ကာခဲပေါ်တွင် တိုက်ခိုက်နေကြသည်။
ဓားနှစ်လက်ကိုင်ထားသော ဟွမ်ကျစ်ဟူက ဓားအလင်းများကို ထုတ်ပေးနေသည်။
သူမနှင့် မျက်နှာချင်းဆိုင်တွင် အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်က စုတ်ပြတ်နေပြီး မြင်းပြီးကြာပွတ်ကလည်း ပြတ်တောက်သွားခဲ့သည်။
သို့သော် တာအိုတန်ခိုးရှင်သည် ကျင့်ကြံဆင့်မြင့်သည်။ သူသည် သူတော်စင်တစ်ဝက်အဆင့်တွင် ရှိနေပြီး အမြင်အာရုံနှင့် လှုပ်ရှားမှုများက လျင်မြန်သောကြောင့် ဒဏ်ရာမရခဲ့ပေ။
တိုက်ပွဲ၏အစပ်တွင် သတိထားနေသော တာအိုတန်ခိုးရှင် ရှစ်ယောက်၊ ကိုးယောက်ခန့် ရှိနေကြသည်။
ဟန်မူယဲ့ရောက်လာသောအခါတွင် ဟွမ်ခြောက်က လှည့်ကြည့်သည်။
“ဟားဟား၊ ညီလေး”
ဟွမ်ခြောက်က ရယ်လိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။
သူ့ရှေ့တွင်ရှိသော တိုက်ပွဲက ချက်ချင်း ရပ်တန့်သွားသည်။ ဟွမ်ကျစ်ဟူက မမြင်နိုင်သောကြိုးတစ်ချောင်းနှင့် ဆွဲခေါ်ခံလိုက်ရသကဲ့သို့ ဟွမ်ခြောက်၏ဘေးတွင် ရောက်လာသည်။
ဟွမ်ကျစ်ဟူက ဓားနှစ်လက်ကို သိမ်းသည်။
“မွေးစားအဖေ”
ယွင်သွမ့်က အံ့အားသင့်စွာ ပြောသည်။
“အမတ်ချုပ်ကြီးဟန်”
မျက်နှာချင်းဆိုင်တွင် ရှိနေသော တာအိုတန်ခိုးရှင်များ၏ မျက်နှာထားက ပြောင်းလဲသွားကြသည်။
သူတို့က ဟွမ်ကျစ်ဟူနှင့် တိုက်ခိုက်နေသောအချိန်တွင် မသက်မသာ ခံစားရသည်။
မိစ္ဆာကျင့်ကြံသူ ဟွမ်ခြောက်သည် ဘေးတွင် ရပ်နေသည်။ သူတို့က ဟွမ်ကျစ်ဟူနှင့် သေဆုံးသည်အထိ မတိုက်ခိုက်ရဲကြပေ။
ယခုအချိန်တွင် နောက်တစ်ယောက် ထပ်ရောက်လာသည်။
ကောင်းကင်စာရင်းတွင် အဆင့်ကိုးဖြစ်သော ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးဟန် ဖြစ်သည်။
သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မျက်နှာများ ဖြူဖျော့သွားကြသည်။ သူတို့က ဖြည်းဖြည်းချင်း နောက်ဆုတ်သည်။
ဟွမ်ခြောက်က တစ်ဖက်သို့လှည့်ကြည့်ပြီး လက်မြှောက်သည်။ ချီစွမ်းအင်အလင်းတချို့ ပျံသန်းလာကြသည်။
“ငါ့ရဲကျစ်ဟူနဲ့ လေ့ကျင့်ပေးဖို့ မင်းတို့ကို တောင်းဆိုခဲ့တယ်။ ဒီပစ္စည်းတွေကို ယူသွားကြပါ”
သူတို့က ရတနာများကို လက်ခံလိုက်ပြီး လျင်မြန်စွာ ဦးညွတ်ကြသည်။ ထို့နောက် ပေတစ်ထောင်အထိ ဖြည်းဖြည်းချင်း နောက်ဆုတ်ပြီး အဝေးသို့ ပျံသန်းသွားကြသည်။
ဟန်မူယဲ့က ပြုံးလိုက်ပြီး ပြောသည်။
“ကျစ်ဟူကို အစ်ကိုခြောက်ဆီ အပ်လိုက်ပြီ”
သူ့စကားကြောင့် ဟွမ်ကျစ်ဟူ၏မျက်လုံးများက နီရဲသွားသည်။
ဟွမ်ခြောက်က စိတ်လှုပ်ရှားနေသည်။ သူက ခေါင်းညိတ်လိုက်ပြီး တီးတိုးပြောသည်။
“ညီလေးအတွက် ခက်ခဲခဲ့မှာပဲ။ ငါက အဖေတစ်ယောက် ဖြစ်နေပေမဲ့ မင်းလောက် လုပ်မပေးနိုင်ခဲ့ဘူး”
ဟန်မူယဲ့က ခံစားချက်များနှင့်အတူ ခေါင်းခါသည်။
“ကျွန်တော်က ကောင်းကောင်သင်ပြမပေးနိုင်ဘူးလို့ မထင်ရင် ရပါပြီ”
ဟွမ်ခြောက်က လျင်မြန်စွာပြောသည်။
“ဘယ်လိုလုပ်ပြီး ထင်ရမှာလဲ”
သူက ပြုံးလိုက်သည်။
“ဒီကောင်မလေးက ငါ့ထက် သာတယ်”
ထို့နောက် သူက မျက်မှောင်ကြုတ်သည်။
“သူက နည်းနည်း ယောင်္ကျားဆန်နေတာလေးပဲ ရှိတာ။ ကြည့်လိုက်အုံး။ သူက အနက်ရောင်ချပ်ဝတ်ကို လဲထားတယ်။ အရမ်းခံ့ညားနေသလိုပဲ”
ဟန်မူယဲ့၏မျက်နှာက တောင့်တင်းသွားသည်။
ယွင်သွမ့်နှင့် ဟွမ်ကျစ်ဟူက အကြည့်လွှဲလိုက်ကြသည်။
ဟန်မူယဲ့က အရေးကြီးကိစ္စအတွက် ဟွမ်ခြောက်ကို လာရှာခဲ့သည်။
တာအိုပြိုင်ပွဲ၏ လက်ရှိအခြေအနေသည် ရှုပ်ထွေးနေပုံပေါ်သော်လည်း စတေးခံရမည့်အပေါ်တွင် မူတည်နေသေးသည်။
မဟာပုဂ္ဂိုလ်ကြီးများက အင်မော်တယ်တက်လှမ်းစင်မြင့်ကို ပြန်ဖွင့်ရန်အတွက် ဤနယ်မြေကို စတေးလိုက်လျှင် သူတို့၏ အစီအစဉ်များအားလုံးက ပျက်စီးသွားလိမ့်မည်။
ရှေးခေတ်အချိန်မှ ရှင်သန်ခဲ့သော မဟာပုဂ္ဂိုလ်ကြီးများအတွက် ကျင့်ကြံခြင်းကသာ အရေးကြီးသည်။ ကျန်အရာများအားလုံးသည် အရေးမပါကြပေ။
သူတို့၏ ကျင့်ကြံခြင်းနည်းစနစ်များက သူတို့၏ ခံစားချက်ကို ဖြတ်တောက်သွားခြင်း မဟုတ်ပေ။ သူတို့က အချိန်ကြာမြင့်စွာ ရှင်သန်ခဲ့ကြသောကြောင့် သူတို၏ စိတ်ဝင်စားမှုနှင့် ထိုက်တန်သောအရာများသည် အနည်းငယ်သာ ရှိကြသည်။
“အဲဒီ လူအိုကြီးတွေက ဒီနယ်မြေကို စတေးမယ်ဆိုရင် တန်ဖိုးကြီးကြီးပေးရမယ်ဆိုတာ သိသွားအောင် လုပ်ပေးရမယ်”
ဟွမ်ခြောက်၏စကားက လွှမ်းမိုးနိုင်စွမ်းများဖြင့် ပြည့်နှက်နေသည်။
ကောင်းကင်နင်းခြေမိစ္ဆာဘုရင်သည် အလကားမဟုတ်ပေ။ သူက ပြဿနာ၏အရင်းအမြစ်ကို တစ်ခါတည်း မြင်နိုင်သည်။
ဟန်မူယဲ့၊ တန့်ဝူယိုနှင့် တခြားလူများကလည်း အကောင်းဆုံးကြိုးစား၍ ထိုသို့ဖြစ်အောင် လုပ်နေကြသည်။
“အဲဒါဆိုရင် လူအိုကြီးတချို့ကို ထောင်ချောက်ထဲဆွဲသွင်းလိုက်တာ အကောင်းဆုံးပဲ”
ဟွမ်ခြောက်က အဝေးတစ်နေရာသို့ ကြည့်လိုက်ပြီး တီးတိုးပြောသည်။
“အဲဒီလူတွေကို ရတနာတစ်ခုတည်းနဲ့တင် လှုံ့ဆော်လို့မရဘူး”
ယခုအချိန်တွင် နတ်ဘုရားခုံရုံး၏ ရတနာတိုက်ကြောင့် ကျွမ်းကျင်သူများ စုဝေးလာကြသော်လည်း အဆင့်မြင့်ပုဂ္ဂိုလ်များ ရောက်မလာကြပေ။
နတ်ဘုရားဘုရင်နှင့် တာအိုဘိုးဘေးများသည် အခြေခံအားဖြင့် ဂိုဏ်း၏ တပည့်နှင့် မျိုးဆက်သစ်များပင် ဖြစ်ကြသည်။
အထက်ဘုံသုံးပါးမှ အင်အားစုကြီးများ၏ ကျွမ်းကျင်သူများသည် ရောက်မလာကြပေ။
သူတို့က ရတနာများကို စိတ်ဝင်စားပုံမရပေ။
သို့မဟုတ် ဤနယ်မြေကို စတေးဖို့ ဆုံးဖြတ်ထားပုံပေါ်သည်။
“ကြည့်ရတာ ကျွမ်းကျင်သူတွေကို ဆွဲခေါ်ဖို့ မလွယ်ဘူးပဲ”
ဟန်မူယဲ့က ခံစားချက်များနှင့် ခေါင်းခါသည်။
နတ်ဘုရားခုံရုံး၏ ရတနာတိုက်နှင့် နတ်ဘုရားဧကရာဇ်၏ ဓားသည် သူထုတ်ပေးနိုင်သော အဖိုးအတန်ဆုံးရတနာများပင် ဖြစ်ကြသည်။
သူ့စကားကို ကြားလိုက်ရသောအခါတွင် ဟွမ်ခြောက်က ရယ်လိုက်သည်။
“ညီလေးက ကွန်ဖြူးရှပ်တာအိုကို အကြာကြီး ကျင့်ကြံခဲ့တယ်။ မင်းက အရာအားလုံးကို ပြီးပြည့်စုံချင်ပြီး အသေးစိတ်အချက်အလက်တိုင်းကို ဂရုစိုက်ထားတယ်”
“အမှန်အတိုင်း ပြောရမယ်ဆိုရင် ဒီလောကကြီးမှာ စိုးရိမ်စရာတွေ သိပ်မရှိပါဘူး”
ဟန်မူယဲ့က ပြန်မပြောခဲ့ပေ။
သူက ကျင့်ကြံခြင်းလမ်းစဉ်တွင် ဓားတာအိုကို အဓိက ဂရုစိုက်ထားသည်။ အာခီမီနှင့် ကွန်ဖြူးရှပ်တာအိုသည် အထောက်အပံ့သာ ဖြစ်ကြသည်။ သူက အလွန်လျင်မြန်စွာ တိုးတက်လာခဲ့သော်လည်း ကြီးကြီးမားမား ပြုလုပ်ရန်အတွက် ဆုံးဖြတ်မထားသေးပေ။
အနောက်ဘက်နယ်စပ်ကုန်းမြေ၊ အလယ်ပိုင်းကုန်းမြေနှင့် အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ တိုက်ပွဲများတွင် သူက အဆုံးအထိ မတိုက်ဘဲ ညှိနှိုင်းရန် အခွင့်အရေး ချန်ထားခဲ့သည်။ သူက ငြိမ်းချမ်းစွာ ဖြေရှင်းချင်သည်။
“ငါ့အမြင်မှာတော့ အင်မော်တယ်ဝိညာဉ်ကမ္ဘာကို အစွမ်းကုန်သိမ်းပိုက်ပြီး ဒီနယ်မြေကို လွှမ်းမိုးလိုက်မယ်ဆိုရင် အဆင်ပြေလိမ့်မယ်။ တာအိုပြိုင်ပွဲမပြီးခင် နှစ်သုံးဆယ်ကျန်သေးတယ်။ ဒီနှစ်သုံးဆယ်အတွင်းမှာ ငါတို့က တိုက်ခိုက်ဖို့ ပြင်ဆင်ထားနိုင်တယ်”
“သူတို့က စတေးဖို့ လုပ်မယ်ဆိုရင်တောင် ကျင့်ကြံသူတွေက မိစ္ဆာလမ်းစဉ်ကိုပဲ ရွေးချယ်သွားကြလိမ့်မယ်”
သူ့ရှေ့တွင်ရှိနေသော မဟာကျင့်ကြံသူကြီးသည် ကျင်းယန်မြို့တွင် သာမန်အတိုင်း နေထိုင်ချင်သော ဟွမ်လောင်လျှို မဟုတ်တော့ပေ။
ဟွမ်ခြောက်၏လေသံသည် အုပ်ချုပ်သူတစ်ဦး၏ အေးစက်မှု၊ ပြတ်သားမှုများနှင့် ပြည့်နှက်နေသည်။
ဟန်မူယဲ့က အစ်ကိုခြောက်နှင့် မယှဉ်နိုင်ဟု ခံစားလိုက်ရသည်။
သူ၏ မဟာမိတ်များသည် အကျိုးအမြတ်များအပေါ်တွင် မူတည်နေသည်။
သူက ထိုလူများကို မှီခို၍ နောက်ကွယ်တွင်ရှိနေသော မဟာပုဂ္ဂိုလ်ကြီးများကို တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။
အဆုံးမရှိသော နတ်ဘုရားဘုရင်များကို ဆွဲဆောင်ထားနိုင်လျှင်ပင် သေဆုံးသည်အထိ တိုက်ခိုက်ကြမည်မဟုတ်ပေ။
အသက်ရှည်သောလူများသည် အသက်ကို တန်ဖိုးထားကြသည်။
“ပြေလည်သွားဖို့အတွက် နည်းလမ်းမရှိဘူး။ သူတို့က အင်မော်တယ်တက်လှမ်းစင်မြင့်ကို ပြန်ဖွင့်ချင်နေကြတယ်။ မင်းက တားလေ သူတို့က ပိုဖွင့်ချင်လေပဲ”
“သူတို့ရဲ့စွဲလမ်းမှုက ပိုဆိုးလာလိမ့်မယ်”
ဟွမ်ခြောက်၏အသံက ထက်မြိနေသည်။ သူ့ခန္ဓာကိုယ်သည် မိစ္ဆာအငွေ့အသက်များနှင့် ပြည့်နေပြီး သူ့မျက်လုံးများက နက်ရှိုင်းနေကြသည်။
“အင်မော်တယ်တက်လှမ်းစင်မြင့်ကို ဖွင့်ပြီး သူတို့ကို သေလမ်းပို့ပေးလိုက်ဖို့ပဲ ကျန်တော့တယ်”
ထို့နောက် သူက ရပ်တန့်လိုက်ပြီး တီးတိိုးပြောသည်။
“သူတို့က စမ်းသပ်ကြည့်ဖို့အတွက် ဒီလောကကို တမင်သက်သက် စတေးလိုက်တာလို့ ငါထင်တယ်”
သူတို့က အင်မော်တယ်ကမ္ဘာ၏ ပြောင်းလဲမှုများကို အာရုံခံကြည့်ချင်ကြသည်။
ဟန်မူယဲ့က ဟွမ်ခြောက်ကို ကြည့်သည်။ ယခုအချိန်တွင် ဟွမ်ခြောက်က အလွန်တည်ငြိမ်နေသည်။
“ဘိုးဘေးမိစ္ဆာကြယ်မှာ လူတစ်ယောက်က ရူးသွပ်မနေရင် သေဆုံးသွားလိမ့်မယ်”
“တကယ်ရူးသွပ်နေရင်လည်း သေသွားလိမ့်မယ်”
ဟွမ်ခြောက်က ဟန်မူယဲ့၏အတွေးကို သတိထားမိပုံပေါ်ပြီး ပြောလိုက်သည်။
ဟန်မူယဲ့က ခေါင်းညိတ်သည်။
ကျင့်ကြံခြင်းလမ်းစဉ်ပေါ်တွင် ရှိနေကြသော လူများကသာ ကျင့်ကြံခြင်း၏ ခက်ခဲမှုကို နားလည်နိုင်မည်။
ဟွမ်ခြောက်၏စကားသည် မှန်သည်။ တာအိုပြိုင်ပွဲနယ်မြေတွင်ရှိသော အင်အားစုများအားလုံးကို စုစည်းပြီး မဟာပုဂ္ဂိုလ်ကြီးများနှင့် ရင်ဆိုင်နိုင်သည်။
သို့သော် ဟန်မူယဲ့က ထိုလမ်းစဉ်ကို ရွေးမည်မဟုတ်ပေ။
အနိုင်ရမည် မဟုတ်ပေ။
သူက နတ်ဘုရားခုံရုံးကို လက်ဝါးချက်ဖြင့် ဖြိုခွဲခဲ့သော သစ်သားနတ်ဘုရားမ၏ တိုက်ခိုက်မှုကို မြင်ခဲ့ရသည်။
ထိုအင်အား၏ရှေ့တွင် အကြံအစည်များအားလုံးသည် အသုံးမဝင်တော့ပေ။
ထို့ကြောင့် တခြားနည်းလမ်းကို အသုံးပြုရမည်။
“ဟားဟား၊ မင်းမှာ အကြံရှိတယ်ဆိုတာ ငါသိတယ်”
ဟွမ်ခြောက်က ရယ်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။
“မလိုအပ်ဘူးဆိုရင် မင်းက ငါပြောတဲ့အတိုင်း လုပ်မှာမဟုတ်ဘူး”
“ပြီးတော့ ငါတို့မှာ အမတ်ချုပ်ကြီးဝမ်နဲ့ တခြားလူတွေ ရှိနေသေးတယ်”
“အမြဲတမ်း နည်းလမ်းတစ်ခု ရှိနေလိမ့်မယ်”