အခန်း (၇၁၉)
Vol. 52 Ch. 719
ဟွမ်ခြောက်က ပြုံးလိုက်ပြီး ဟွမ်ကျစ်ဟူကို လှည့်ကြည့်သည်။
“ငါက ဒီကောင်မလေးကို ဆက်ပြီး လေ့ကျင့်ပေးလိုက်အုံးမယ်။ သူမက လုံလောက်တဲ့ကျွမ်းကျင်သူတွေနဲ့ မတိုက်ခိုက်ခဲ့ရဘူး”
ဟွမ်ကျစ်ဟူက ကောင်းမွန်စွာကျင့်ကြံခဲ့ရသည်။ သို့သော် ဟွမ်ခြောက်ပြောထားသည့်အတိုင်း သူမက ကျွမ်းကျင်သူများနှင့် ပြင်းထန်စွာ မတိုက်ခိုက်ခဲ့ရပေ။
သူမသည် ငယ်ရွယ်စဉ်တွင် အစောင့်အရှောက်များနှင့် နေထိုင်ခဲ့ရသည်။ အံ့ဖွယ်နေမင်းကိုယ်ရံတော်တစ်ယောက် ဖြစ်လာသောအချိန်တွင်လည်း သန်းချီသော ဓားကျင့်ကြံသူများသည် သူမ၏လက်အောက်တွင် ရှိနေခဲ့ကြသည်။ ဓားဝင်္ကပါ၏စွမ်းအားသည် အလွန်အားကောင်းသည်။ သူမက အသက်စွန့်၍ တိုက်ခိုက်ရန် မလိုအပ်ခဲ့ပေ။
ဟွမ်ခြောက်က မိစ္ဆာလမ်းစဉ်ကို သတ်ဖြတ်ခြင်းဖြင့် လျှောက်လှမ်းခဲ့သည်။ သူက သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
သူ့အမြင်တွင် ကိုယ်ပိုင်ခွန်အားသည် အရေးအကြီးဆုံးဖြစ်သည်။
ဟန်မူယဲ့က ဟွမ်ခြောက်၏ သင်ပြမှုနှင့်ပတ်သတ်၍ ဝင်မပြောနိုင်ပေ။
သူက ဟွမ်ကျစ်ဟူကို ကောင်းမွန်စွာသင်ပြခဲ့ပြီး ဟွမ်ခြောက်၏လက်သို့ ပြန်အပ်နိုင်ခဲ့သည်။ သူက အစွမ်းကုန် ကြိုးစားထားခဲ့သည်။ ထို့ကြောင့် ယခုအချိန်တွင် ဝင်မပါသင့်တော့ပေ။
သို့သော် ဘေးတွင်ရပ်နေသော ဟွမ်ကျစ်ဟူကို မြင်လိုက်ရသောအခါတွင် ဟန်မူယဲ့က မှော်ရတနာဓား၊ ဝိညာဉ်သတ္တုအမျိုးမျိုးနှင့် ဆေးလုံးများကို ထုတ်ပေးလိုက်သေးသည်။
ဟွမ်ခြောက်က တင်းကျပ်သော ဖခင်တစ်ယောက်အဖြစ် လုပ်ဆောင်နိုင်သည်။ သို့သော် မွေးစားအဖေ၏ အလိုလိုက်မှုကို တားဆီးနိုင်မည်မဟုတ်ပေ။
ယွင်သွမ့်က အားကျစွာ နှုတ်ခမ်းသပ်သည်။
‘သူက တကယ့်ကို အဖေကောင်းတစ်ယောက်ပဲ’
“အစ်ကိုခြောက်၊ ဒါက ထိပ်တန်းအဆင့် ရတနာတစ်ပါးဖြစ်တဲ့ လောကတည်ငြိမ်ခြင်းမြေပုံပဲ။ ဒါပေမဲ့ အငြိုးအတေးစွမ်းအားတွေနဲ့ ပြည့်နေတဲ့အတွက် စွမ်းအားထုတ်လွှတ်ဖို့ ခက်တယ်”
“အစ်ကိုခြောက်ရဲ့ မိစ္ဆာနည်းစနစ်နဲ့ သန့်စင်ကြည့်ပါ့လား”
ဟန်မူယဲ့က ရတနာတိုက်မှ ရရှိလာသော စာလိပ်ကို ထုတ်ပေးသည်။
ထိပ်တန်းအဆင့် ရတနာ ....
လောကတွင် ထိပ်တန်းအဆင့်ရတနာဟု ခေါ်ဆိုနိုင်သော ပစ္စည်းများသည် အနည်းငယ်သာ ရှိကြသည်။
ဟွမ်ခြောက်က စာလိပ်ကိုယူပြီး နတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။ သူက မျက်မှောင်ကြုတ်သည်။
သူသိမ်းဆည်းထားသော မိစ္ဆာဆန္ဒက ရုတ်တရက် ပေါ်ထွက်လာသည်။ မိစ္ဆာနဂါးက ဟိန်းဟောက်လိုက်ပြီး စာလိပ်ထဲသို့ ပြေးဝင်သွားသည်။
မိုင်သုံးထောင်ပတ်ဝန်းကျင်သည် ချက်ချင်းဆိုသလိုပင် မိစ္ဆာချီဖြင့် လွှမ်းခြုံခံလိုက်ရသည်။ အေးစက်နေသောစွမ်းအားသည် လောကတစ်ခုလုံးကို ဝါးမြိုသွားနိုင်သည်။
နတ်ဆိုးနဂါးသည် စာလိပ်ကို ဖြည်းဖြည်းချင်း ဖွင့်သည်။
စာလိပ်ထဲတွင်ရှိနေသော တောင်တန်းနှင့်မြစ်များသည် နတ်ဆိုးနဂါးများအဖြစ် ပြောင်းလဲသွားကြသည်။
လောကတည်ငြိမ်ခြင်းမြေပုံသည် မိစ္ဆာနဂါးပန်းချီကားအဖြစ် ပြောင်းလဲသွားသည်။
“ရတနာကောင်းပဲ”
ဟွမ်ခြောက်က စာလိပ်ကို ကိုင်ထားပြီး မျက်လုံးများက တောက်ပလာကြသည်။
“ဒီရတနာနဲ့ဆိုရင် ငါက တိုက်ခိုက်နိုင်စွမ်းကို အဆတစ်ရာအထိ တိုးမြှင့်နိုင်တယ်။ နတ်ဘုရားဘုရင်တစ်ပါးကိုတောင် သတ်နိုင်လိမ့်မယ်”
သူက စာလိပ်ကို ဆုပ်ကိုင်လိုက်ပြီး ပြောသည်။
“အရိပ်နတ်ဘုရားဘုရင်ကို သတ်ပစ်လိုက်ရမလား”
‘ကျွန်တော်က အခုလေးတင် သူ့အပေါ်မှာ ရင်းနှီးမြှုပ်နှံလာခဲ့တာ။ ဘယ်လိုလုပ်ပြီး အရှုံးခံရမှာလဲ’
ဟန်မူယဲ့က တွေးသည်။
သူက ခေါင်းခါလိုက်ပြီး ပြောသည်။
“အစ်ကိုခြောက်က ဒီရတနာနဲ့ ရင်းနှီးသွားအောင် အရင်လုပ်သင့်တယ်”
“တခြားကိစ္စတွေကိုတော့ ဒီအတိုင်းပဲ ထားလိုက်ပါ”
သူ့စကားကို ကြားလိုက်ရသောအခါ ဟွမ်ခြောက်က ရယ်လိုက်ပြီး စာလိပ်ကို သိမ်းသည်။
“ကောင်းပြီ။ ငါနားလည်ပြီ”
ကျောက်ကျန့်ဟယ်သည် ဟန်မူယဲ့ပြုလုပ်ထားသော အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။
ဟန်မူယဲ့က ပျံသန်းသွားသောအခါတွင် ဟွမ်ခြောက်က ခေါင်းခါသည်။
ဓားစံအိမ်တွင် ဟန်မူယဲ့က လူအများနှင့် ပေါင်းသင်းဆက်ဆံတတ်ပြီး အံ့ဖွယ်ကိုးပါးတောင်တစ်ခုလုံးတွင် နာမည်ကြီးသည်။
သူ့အမြင်တွင် ထိုနည်းလမ်းက မဆိုးပေ။ သို့သော် လောက၏ အထွတ်အထိပ်တွင် ရပ်တည်နေသော မဟာပုဂ္ဂိုလ်ကြီးများနှင့် ရင်ဆိုင်ရာတွင် အသုံးဝင်မည်မဟုတ်ပေ။
“သွားကြစို့။ သမီးလေ့ကျင့်ဖို့အတွက် ဓားကျွမ်းကျင်သူတွေကို ဆက်ရှာမယ်”
ဟွမ်ခြောက်က ဟွမ်ကျစ်ဟူနှင့် ယွင်သွမ့်ကို ကြည့်လိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။
သူက ဟန်မူယဲ့၏ အစီအစဉ်ကို လျစ်လျူရှုထားပြီး သမီးဖြစ်သူနှင့် အချိန်ဖြုန်းမည်။ အကယ်၍ တိုက်ပွဲဖြစ်လာခဲ့လျှင် အစွမ်းကုန်ထုတ်သုံးမည်။
သူက ကောင်းကင်နင်းခြေ မိစ္ဆာဘုရင်ဖြစ်ပြီး ထိပ်တန်းအဆင့် ရတနာတစ်ခုကိုလည်း ရထားသောကြောင့် လူတချို့ကသာ သူ့ကို ထိခိုက်စေနိုင်လိမ့်မည်။
ဟန်မူယဲ့က အဝေးသို့ ပျံသန်းသွားသည်။ သူက ဥက္ကာခဲတစ်ခု၏ ထောင့်စွန်းတွင်ရှိနေသော ခုနစ်ထပ်ဓားစံအိမ်ကို မြင်လိုက်ရသည်။
သို့သော် ကျင့်ကြံသူရှစ်ယောက်သည် ဓားစံအိမ်၏ရှေ့တွင် ရှိနေကြသည်။
ဓားစံအိမ်သည် အစိမ်းရောင်အလင်းဖြင့် တောက်ပနေသည်။ သူက ဓားစံအိမ်ကို လုယူချင်လျှင် ထိုအလင်းကို ဖယ်ရှားပစ်ရမည်။
နှလုံးသားသန့်စင်ခြင်းနည်းစနစ် မရှိသောကြောင့် သူက ခွန်အားကိုသာ သုံးနိုင်သည်။
ထိုအချိန်တွင် ဓားကျင့်ကြံသူရှစ်ယောက်က လှုပ်ရှားလိုက်ကြသည်။ သူတို့က ဓားထုတ်၍ အစိမ်းရောင်အလင်းကို ခုတ်ပိုင်းလိုက်ကြသည်။ အစိမ်းရောင်အလင်းသည် ဖြာထွက်လာသည်။
ဟန်မူယဲ့ရောက်လာသောအခါတွင် လူရှစ်ယောက်က ကြောင်အသွားပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
“တာအိုရောင်းရင်းက ဒီကိုရောက်လာမှတော့ ဘယ်သူရနိုင်မလဲ ယှဉ်ပြိုင်ကြတာပေါ့။ ဒီစံအိမ်ကို ချိုးဖောက်ဖို့ အတူတူပူးပေါင်းကြမယ်။ ရတနာရှိရင်တော့ ကံအပေါ်မှာပဲ မူတည်တယ်”
အနက်ရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်က ညင်သာစွာပြောလိုက်သည်။
သူ့လက်ထဲတွင်ရှိသော ဓားအလင်းသည် တောက်ပနေပြီး အစိမ်းရောင်အလင်းလွှာနှင့် ဆက်တိုက်ထိတွေ့နေသည်။
“ဟုတ်တယ်။ ရတနာတိုက်ဖွင့်လာတဲ့အချိန်မှာ ကံပါတဲ့လူက ရတနာကို ရလိမ့်မယ်”
“ငါတို့က ဒါကို မြင်ထားမှတော့ ဒါက အခွင့်အရေးတစ်ခုပဲ”
ပတ်ဝန်းကျင်တွင်ရှိနေသော လူများကလည်း ပြောလိုက်ကြသည်။
သူတို့က ခုနစ်ထပ်ဓားစံအိမ်ကို သိုလှောင်ပစ္စည်းတစ်ခုအဖြစ် မြင်နေကြသည်။
ဟန်မူယဲ့က စဉ်းစားကြည့်လိုက်ပြီး ခေါင်းညိတ်သည်။ ထို့နောက် ရှေ့တက်သွားသည်။ သူက လက်မြှောက်ပြီး ဓားထုတ်၍ တစ်ချက်တည်း ထိုးချသည်။
ထိုဓားအလင်းသည်လည်း တောက်ပနေပြီး တခြားလူများ၏ဓားအလင်းနှင့် ယှဉ်နိုင်သည်။
သူတို့အားလုံးက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
သူတို့ရှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး စိတ်သက်သာသွားသည်။
“အားလုံးပဲ အစွမ်းကုန်ထုတ်သုံးကြရအောင်။ နောက်ထပ်လူတွေ ရောက်လာရင် ရတနာတွေက မလုံလောက်ဘဲ နေလိမ့်မယ်”
အစပိုင်းတွင် စကားပြောခဲ့သောလူက ထပ်ပြောလိုက်ပြီး ဓားဖြင့် လျင်မြန်စွာခုတ်ချသည်။
တခြားလူများကလည်း တိုက်ခိုက်နိုင်စွမ်းနှင့် အမြန်နှုန်းကို ၃၀%ခန့် တိုးလိုက်ကြသည်။
ခုနစ်ထပ်ဓားစံအိမ်ကို ထိုနည်းလမ်းဖြင့် ချိုးဖောက်နိုင်လျှင် ဓားစံအိမ်သည် အထပ်ဘုံသုံးပါးတွင် ဓားတာအို၏ ခေါင်းဆောင်အင်အားစု ဖြစ်လာမည်မဟုတ်ပေ။
သူတို့ရှစ်ယောက်၏ တိုက်ခိုက်မှုသည် ဓားစံအိမ်၏ အပြင်ဘက်တွင်ရှိသော ဝင်္ကပါ၏ အကြွင်းအကျန်စွမ်းအားများဖြင့်သာ ထိတွေ့သွားကြသည်။
သူတို့က ဓားစံအိမ်၏ အကာအကွယ်ကို ချိုးဖောက်နိုင်ပြီဟု ထင်နေကြသည်။
ဟန်မူယဲ့က ဓားဖြင့် ထိုးသွင်းသည်။ တခြားလူများ မမြင်နိုင်သော အင်မော်တယ်အင်းဥွက်တစ်ခုက ဓားသွားပေါ်တွင် တောက်ပသွားသည်။ ဓားသည် အစိမ်းရောင်အလင်းလွှာကို ထိုးဖောက်၍ ဓားစံအိမ်နှင့် ထိတွေ့သွားသည်။ ထို့နောက် အင်မော်တယ်အင်းကွက်ကို ချန်ရစ်ခဲ့သည်။
မှိန်ဖျော့သော ချီစွမ်းအင်အလင်းတစ်ခုသည် ဓားစံအိမ်၏အောက်ခြေတွင် ပေါ်လာသည်။
ထိုအလင်းသည် အလွန်မှိန်ဖျော့နေသောကြောင့် သတိထားမိရန် ခက်ခဲသည်။
ဟန်မူယဲ့က ဓားကို ဆွဲယူပြီး ဓားနည်းစနစ်တစ်ခုကို ထပ်မံအသုံးပြုသည်။
သူက ကိုးထပ်ဓားစံအိမ်ကို သန့်စင်နိုင်ခဲ့သည်။ ထို့ကြောင့် ခုနစ်ထပ်ဓားစံအိမ်ကို သန့်စင်ရန် အလွန်လွယ်ကူသည်။
ဓားအလင်းသည် ဓားစံအိမ်နှင့် ထိတွေ့သွားပြီး ပထမထပ်သည် ဖြည်းဖြည်းချင်း တောက်ပလာခဲ့သည်။
တခြားလူများ၏အမြင်တွင် ဟန်မူယဲ့က ကိုယ်ပိုင်နာမည်ကို ဖုံးကွယ်ချင်သောကြောင့် ဓားနည်းစနစ်အမျိုးမျိုးကို ထုတ်သုံးနေသည်။
ထိုဓားနည်းစနစ်များသည် အဆင့်သိပ်မမြင့်ဘဲ သန်မာခြင်းလည်း မရှိကြပေ။
သူတို့က ခွန်အားကို ဖုံးကွယ်ထားသော ဟန်မူယဲ့ကြောင့် ပျော်ရွှင်နေကြသည်။ ရတနာများကို ရှာဖွေရာတွင် အကျိုးပြုမှု အများဆုံးလူသည် အကျိုးအမြတ်ကို ပိုရလိမ့်မည်။
တခြားလူများက မည်သည့်အရာကိုမှ ထုတ်မပြောဘဲ တိတ်ဆိတ်စွာ တိုက်ခိုက်နေကြသည်။
ဓားစံအိမ်၏ သုံးထပ်မြောက်သည် တောက်ပလာခဲ့သည်။
သူတို့အားလုံးက ပျော်ရွှင်သွားကြသည်။ သူတို့၏ဓားချက်များက ပိုမိုလျင်မြန်လာကြသည်။
“ဝီ”
လေးထပ်မြောက်သည် တောက်ပသွားသည်။
တိုက်ခိုက်နေသော တာအိုတန်ခိုးရှင်၏ မျက်နှာထားက ပြောင်းလဲသွားသည်။ သူက ခပ်အုပ်အုပ် အော်ပြောသည်။
“မြန်မြန်လေး၊ တစ်ယောက်ယောက် လာနေပြီ”
“တစ်ယောက်တည်းမဟုတ်ဘူး။ အများကြီးလာနေကြတာ”
သူက ဆက်ပြောသည်။
ဒါဇင်ချီနေသော ပုံရိပ်များက လျင်မြန်စွာ ပျံသန်းလာကြသည်။
ထိုလူများသည် ချီစွမ်းအင်အလင်းဖြင့် တောက်ပနေပြီး အားကောင်းသော ကျွမ်းကျင်သူများပင် ဖြစ်ကြသည်။
အများစုသည် မဟာတာအိုစွမ်းအားကို ထုတ်ဖော်ပြီး ကံကြမ္မာစွမ်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ထားကြသည်။
သူတော်စင်တစ်ဝက်အဆင့် ....
ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူရှစ်ယောက်က ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ထိုလူများကို စိုးရိမ်စွာ လှည့်ကြည့်နေကြသည်။
သူတို့က ထိုလူများကို ခုခံနိုင်မည်မဟုတ်ပေ။
ရတနာတိုက်ပွဲသည် ပြင်းထန်သည်။
ရတနာနှင့် အသက်ကို ရွေးချယ်ရာတွင် လိုအပ်သောအရာကို ရွေးချယ်ရသည်။
ထို့ကြောင့် သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ရမည်။
ထိုအချိန်တွင် ဟန်မူယဲ့က နောက်သို့ လှည့်မကြည့်ပေ။ သူက ဓားကို ညင်သာစွာလှုပ်ရှားလိုက်ပြီး ဓားအလင်းများက ဓားစံအိမ်နှင့် ထိတွေ့သွားကြသည်။
ဓားစံအိမ်၏ လေးထပ်မြောက်သည် တောက်ပနေသည်။ ဟန်မူယဲ့က ဓားစံအိမ်၏ တစ်ဝက်ကျော်ကို ထိန်းချုပ်ထားနိုင်သည်။
ဓားစံအိမ်ကို လုယူသွားမည့်လူမရှိလျှင် သူက ပိုင်ရှင်ဖြစ်လာပြီး ဖြည်းဖြည်းချင်း ဆက်လက်သန့်စင်ရန် လိုအပ်သည်။
သူက ဓားစံအိမ်၏စွမ်းအားကို အချိန်အတိုင်းအတာတစ်ခုအထိ အပြည့်အဝ မဖော်ထုတ်နိုင်ရုံသာ ရှိလိမ့်မည်။
“ဘုန်း”
ကျယ်လောင်သောအသံနှင့်အတူ ပေတစ်ရာမြင့်မားသော ဓားအလင်းသည် အဝေးတစ်နေရာမှ ပြေးထွက်လာခဲ့သည်။
သူတော်စင်တစ်ဝက်အဆင့်နှင့် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ၏ မျက်နှာထားသည် တင်းမာနေပြီး နောက်သို့ လှည့်မကြည့်ရဲကြပေ။
သူတို့က ဆက်လက် ပျံသန်းသွားကြသည်။
‘ထွက်သွားတာလား’
ဓားကိုင်ထားသော ဓားကျင့်ကြံသူရှစ်ယောက်က နားမလည်နိုင်ခဲ့ပေ။
‘သူတို့က ဒီအတိုင်းပဲ ထွက်သွားကြတာလား’
“အရိပ်နတ်ဘုရားဘုရင်ပဲ”
လူတစ်ယောက်က အော်ဟစ်လိုက်သည်။
ဓားအလင်းသည် ပျောက်ကွယ်သွားပြီး မျက်နှာမဲ့စစ်သည်သုံးဦး ပေါ်လာခဲ့သည်။ ထို့နောက် လူတစ်ယောက်ကို မြင်ရသည်။ အရိပ်နတ်ဘုရားဘုရင် ကျောက်ကျန့်ဟယ် ဖြစ်သည်။
“ခုနစ်ထပ်ဓားစံအိမ်လား”
ကျောက်ကျန့်ဟယ်က အစိမ်းရောင်အလင်းဖြင့် ရစ်ပတ်နေသော ဓားစံအိမ်ကို ကြည့်လိုက်ပြီး အနည်းငယ် အံ့အားသင့်သွားသည်။
သူက အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ နတ်ဘုရားဘုရင်တစ်ပါးဖြစ်သောကြောင့် ဓားစံအိမ်ကို မှတ်မိနေသည်။
ခုနစ်ထပ်ဓားစံအိမ်သည် ရတနာတစ်ခု ဖြစ်ပြီး အားကောင်းသော ဓားကျင့်ကြံသူများသာ ပိုင်ဆိုင်နိုင်ကြသည်။
ခုနစ်ထပ်ဓားစံအိမ်သည် ကိုယ်ပိုင်ကျင့်ကြံခြင်းနှင့် အရောင်းအဝယ်ပြုလုပ်ခြင်းအတွက် ကောင်းမွန်သောပစ္စည်းတစ်ခု ဖြစ်သည်။ ထိုအတွေးနှင့်အတူ ကျောက်ကျန့်ဟယ်က ရှေ့သို့ တိုးလိုက်သည်။
ဓားကျင့်ကြံသူရှစ်ယောက်၏ မျက်နှာက ဖြူဖျော့သွားပြီး နောက်သို့ ဆုတ်လိုက်ကြသည်။
ဟန်မူယဲ့က ပုံမှန်အတိုင်း ဆက်ရှိနေသည်။
သူက ဓားစံအိမ်နှင့် မျက်နှာချင်းဆိုင်ပြီး ဓားကို ဆက်လက်လှုပ်ရှားနေသည်။
ကျောက်ကျန့်ဟယ်က နောက်ထပ်တစ်လှမ်း ရှေ့တိုးလာသောအခါတွင် ဓားကျင့်ကြံသူရှစ်ယောက်၏ မျက်နှာထားက လေးနက်သွားပြီး အဝေးသို့ ထွက်ပြေးသွားကြသည်။
‘ရတနာလား။ အသက်လား’
‘အသက်ပေါ့’
ကျောက်ကျန့်ဟယ်က ခပ်ဟဟရယ်လိုက်ပြီး ဆက်လက်တိုက်ခိုက်နေသော ဟန်မူယဲ့ကို ကြည့်သည်။
သူက အဖြူရောင်ဓားအိမ်ကို မြင်လိုက်သောအခါတွင် မျက်မှောင်ကြုတ်သည်။
“ခလွမ် ....”
ဓားစံအိမ်သည် တုန်ခါသွားပြီး ငါးထပ်မြောက်သည် တောက်ပလာသည်။
“ရတနာတွေကို သွားမရှာတော့ဘူးလား။ ဒီဓားစံအိမ်ကို စိတ်ဝင်စားလို့လား”
ဟန်မူယဲ့က နောက်သို့ လှည့်မကြည့်ဘဲ ဓားကို ဆက်လက်လှုပ်ရှားနေသည်။
ကျောက်ကျန့်ဟယ်၏ ခန္ဓာကိုယ်က တောင့်တင်းသွားသည်။
ဟန်မူယဲ့ ....
‘ဒီနောက်ကျောကို မြင်ဖူးနေပါတယ်လို့ ထင်သားပဲ’
သူက အစိမ်းရောင်အလင်းဖြင့် တောက်ပနေသော ဓားစံအိမ်ကို ကြည့်လိုက်ပြီး နောင်တရသွားသည်။
ထိုပစ္စည်းက ကောင်းသော်လည်း ကံမကောင်းခဲ့ပေ။
သူက ဟန်မူယဲ့၏ရတနာကို လုယူနိုင်မည်မဟုတ်ပေ။
ဟန်မူယဲ့က သူ့ကို အခွင့်အရေးတစ်ခု ပေးခဲ့သည်။ ထို့အပြင် သူက ဟန်မူယဲ့ကို ထွင်းဖောက်၍ မမြင်နိုင်ပေ။
သတိကြီးသော အရိပ်နတ်ဘုရားဘုရင်က ယုံကြည်ချက်မရှိသောအရာကို ပြုလုပ်မည်မဟုတ်ပေ။
“ဆက်လုပ်ပါ အမတ်ချုပ်ကြီးဟန်”
ကျောက်ကျန့်ဟယ်က ရယ်လိုက်ပြီး မျက်နှာမဲ့စစ်သည်များကို ခေါ်ဆောင်သွားသည်။
သူက လေပြင်းနှင့်မိုးကြိုးကို ဆင့်ခေါ်၍ ပေါက်ကွဲသံများကို ဖန်တီးနေသည်။ သူက ရှေ့တွင် ထွက်ပြေးနေသော ကျင့်ကြံသူများ၏အပေါ်တွင် ဒေါသဖြေနေသည်။
ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းခါသည်။ သူ့လက်ထဲတွင်ရှိသော ဓားက တောက်ပလာပြီး ရှေ့သို့ ထိုးသွင်းလိုက်သည်။
“ဘုန်း”
ချီစွမ်းအင်များသည် ဓားစံအိမ်၏အပြင်ဘက်တွင် ပြန့်ကျဲသွားကြသည်။
ခုနစ်ထပ်ဓားစံအိမ်သည် တုန်ခါသွားပြီး တလက်လက်တောက်ပနေသည်။ ဓားချီများက ဖြာထွက်လာကြသည်။