အခန်း (၇၂၄)
Vol. 52 Ch. 724
ကောင်းကင်စာရင်း၏ အဆင့်ကိုးသည် အချိန်ကိုပင် ထိန်းချုပ်နိုင်သော ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။
‘သူက ဘယ်လိုလုပ်ပြီး အဆင့်ကိုးမှာပဲ ရှိနေရတာလဲ’
‘အင်မော်တယ်ရင်းမြစ်ကမ္ဘာမှာတောင် ထိပ်တန်းအဆင့် ဖြစ်လိမ့်မယ်’
‘ဒီလိုလူမျိုးကို တိုက်ခိုက်ရဲတဲ့လူက ခေါင်းမကောင်းလို့ပဲ’
“ငရဲကို သွားလိုက်တော့ ....”
ဟိန်းဟောက်သံသည် အာကာသထဲတွင် ပဲ့တင်ထပ်သွားသည်။
အနက်ရောင်နဂါးတစ်ကောင်သည် ကောင်းကင်ထက်မှ ဆင်းသက်လာခဲ့သည်။
မရေမတွက်နိုင်သော မှော်အလင်းများသည် မိစ္ဆာနဂါး၏နောက်တွင် တောက်ပသွားပြီး လောကအားလွှမ်းမိုးထားသော ပန်းချီကားတစ်ချပ်ကို ပြသလိုက်သည်။
ဟွမ်ခြောက်သည် စွမ်းအားကို ထိန်ချန်မထားခဲ့ပေ။
အာကာသသည် မိုင်သောင်းချီအထိ တုန်ခါသွားပြီး ကောင်းကင်နှင့်မြေကြီးသည် ချိပ်ပိတ်ခံလိုက်ရသည်။
တိုက်ပွဲကို စောင့်ကြည့်နေသော တာအိုဘိုးဘေးများက လွင့်ထွက်သွားကြသည်။
ဟွမ်ခြောက်သည် အာကာသ၏ မိုင်တစ်သောင်းကို ထိန်းချုပ်ခဲ့သည်။
မိစ္ဆာချပ်ဝတ်နှင့် ဟွမ်ခြောက်သည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး လက်မြှောက်၍ ရိုက်ချသည်။
“ဟန်မူယဲ့က ငါ့ညီလေးပဲ”
“ဘုန်း”
ချီစွမ်းအင်အလင်းရောင်သည် လက်ဝါးချက်ကြောင့် ဖြာထွက်လာခဲ့သည်။
သူက မိစ္ဆာနဂါး၏စွမ်းအားနှင့် သူတော်စင်များကို ဖိနှိပ်ပြီး ရတနာကို အသုံးပြု၍ ကောင်းကင်နှင့်မြေကြီး၏ အခွင့်အာဏာကို သိမ်းယူခဲ့သည်။ သူက မိုင်သောင်းချီပတ်ဝန်းကျင်ကို မိစ္ဆာနယ်မြေအဖြစ် ပြောင်းလဲလိုက်သည်။ သူ့တိုက်ခိုက်မှုကို မည်သူမှ မခုခံနိုင်ခဲ့ပေ။
မဟာကျင့်ကြံသူကြီးများသည် သူ့ရှေ့တွင် ရှိနေလျှင်ပင် အပြင်းအထန် ဒဏ်ရာရသွားကြလိမ့်မည်။
ထိုလက်ဝါးချက်ကြောင့် ဟန်မူယဲ့၏ရှေ့တွင် လူတစ်ယောက်မှ မကျန်တော့ပေ။
ဟန်မူယဲ့က ဟွမ်ခြောက်၏ ကြမ်းတမ်းသောမျက်နှာထားကို ကြည့်လိုက်ပြီး ခေါင်းခါသည်။
‘သူက အရေးအကြီးဆုံးအချိန်ဆိုရင် ရောက်လာပြီ’
‘အာရုံစိုက်မှုတွေ အကုန်လုံးကို လုယူသွားတာပဲ’
ဟန်မူယဲ့က ဝင်္ကပါ၏နောက်ကွယ်တွင် ရှိနေသောလူကို ခေါ်မထုတ်နိုင်ခဲ့ပေ။ နတ်ဘုရားဧကရာဇ်၏ဓားအား တိတ်ဆိတ်စွာ ထိန်းချုပ်နေသောလူကိုလည်း မသိခဲ့ပေ။
‘ထားလိုက်ပါတော့။ ဘယ်လိုပဲဖြစ်ဖြစ် လက်ဝါးတစ်ချက်ကိုတောင် မခံနိုင်ဘူးလေ’
ဟွမ်ခြောက်က ကျွမ်းကျင်သူတစ်ရာကို လက်ဝါးတစ်ချက်ဖြင့် သတ်ပစ်လိုက်သောအခါတွင် ဟန်မူယဲ့က ရုတ်တရက် နားလည်သွားသည်။
ထိုအရာသည် ကျင့်ကြံခြင်းလောက၏ ဥပဒေသပင် ဖြစ်သည်။
ဘုံကိုးပါး၏အထက်တွင် ရှိနေသော မဟာပုဂ္ဂိုလ်ကြီးများကလည်း သူတို့ကို ထိုသို့ပင် မှတ်ယူထားကြသည်။
အစီအစဉ်များ မည်မျှပင်ရှိနေပါစေ ရှင်းထုတ်ရန်အတွက် ရိုက်ချက်တစ်ချက်သာ လိုအပ်လိမ့်မည်။
အဆုံးတွင် အရာအားလုံးသည် ခွန်အားနှင့် သက်ဆိုင်နေသည်။
ထိုအရာသည် အစစ်အမှန်ကျင့်ကြံခြင်း ဖြစ်သည်။
ဟွမ်ခြောက်၏ သတ်ဖြတ်မှုသည် ဟန်မူယဲ့ထက် ပိုမိုသင့်တော်သည်။
ဟန်မူယဲ့က ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီး ဖြစ်သောကြောင့် သတ်ဖြတ်ရာတွင် သတိထားရသည်။ သူက လွယ်ကူစွာ မသတ်ဖြတ်သင့်ပေ။
ဟွမ်ခြောက်က မိစ္ဆာကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ မိစ္ဆာကျင့်ကြံသူများက မျက်တောင်မခတ်ဘဲ လူသတ်နိုင်ကြသည်။
အနာဂတ်တွင် ဟွမ်ခြောက်ကို ထိုအလုပ်မျိုး ပိုလုပ်ခိုင်းမည်ဟု ဟန်မူယဲ့က ဆုံးဖြတ်လိုက်သည်။
သူက ဟွမ်ကျစ်ဟူကို အချိန်အတော်ကြာအောင် စောင့်ရှောက်ပေးခဲ့ရသည်။ ထို့ကြောင့် ပြန်လည်တောင်းဆိုမှ မျှတလိမ့်မည်။
“လောကတည်ငြိမ်ခြင်းမြေပုံ”
အာကာသထဲတွင် အသံတစ်သံကို ကြားနိုင်သည်။ ပုံရိပ်ယောင်လက်တစ်စုံသည် ဟွမ်ခြောက်၏နောက်တွင်ရှိသော စာလိပ်ကို ဖမ်းဆုပ်လိုက်သည်။
နတ်ဘုရားဘုရင် ....
ကျောက်ကျန့်ဟယ်က လက်တစ်စုံကို ကြည့်လိုက်ပြီး ခန္ဓာကိုယ်ကိုလှုပ်ရှား၍ တိတ်ဆိတ်စွာ ထွက်သွားသည်။
နတ်ဘုရားဘုရင်တစ်ပါး၏ တိုက်ခိုက်မှု ဖြစ်သည်။
ထိုစာလိပ်သည် နတ်ဘုရားဘုရင်များ၏ လိုချင်တက်မက်မှုကို လှုံ့ဆော်နိုင်သော ရတနာတစ်ပါး ဖြစ်သည်။
ဟွမ်ခြောက်က ခေါင်းမော့ကြည့်လိုက်ပြီး ပြုံးသည်။
လောကတည်ငြိမ်ခြင်းမြေပုံသည် ပုံရိပ်ယောင်လက်တစ်စုံကို ရစ်ပတ်ပြီး ဆွဲဖြဲလိုက်သည်။
“မင်း လုပ်ရဲတယ်လား ....”
အာကာသထဲတွင် ထိတ်လန့်နေသောအသံကို ကြားနိုင်သည်။
ဟွမ်ခြောက်က ကျယ်လောင်စွာရယ်သည်။ မိစ္ဆာနဂါးသည် ရစ်ခွေလိုက်ပြီး လေဟာနယ်ကို တိုက်ခိုက်လိုက်သည်။
“ဘန်း”
ရုတ်တရက်ပေါ်လာသော နတ်ဘုရားဘုရင်သည် ပြတ်သားစွာ လှုပ်ရှားခဲ့သည်။ သူက ချီစွမ်းအင်လက်တစ်စုံကို ဖြတ်တောက်ပြီး နောက်ဆုတ်သွားသည်။
လောကတည်ငြိမ်ခြင်းမြေပုံသည် လက်တစ်စုံကို ရစ်ပတ်လိုက်ပြီး မူရင်းပုံစံအဖြစ် ပြန်ပြောင်းသည်။ ထို့နောက် ဟွမ်ခြောက်၏လက်ထဲသို့ ကျလာသည်။
ဟွမ်ခြောက်က လေဟာနယ်ကိုဖြတ်သန်း၍ နတ်ဘုရားဘုရင်တစ်ပါးနှင့် တိုက်ခိုက်ပြီး အနိုင်ရခဲ့သည်။
ရတနာ ....
အင်မော်တယ်ရတနာတစ်ခုသည် ဂိုဏ်းကြီးတစ်ဂိုဏ်းကို တည်ငြိမ်စေပြီး ဂိုဏ်းစောင့်ရတနာတစ်ပါး ဖြစ်လာလိမ့်မည်။
ရှေးခေတ်ရတနာသည် နတ်ဘုရားခုံရုံး၏ ကံကောင်းခြင်းကို ထိန်းသိမ်းပေးနိုင်ပြီး လောကတွင် ပြိုင်ဘက်ကင်း ဖြစ်လာစေသည်။
လေဟာနယ်ထဲတွင် အဆုံးမရှိသော အလင်းစက်ကွင်းများသည် လှုပ်ရှားနေကြသည်။ မရေမတွက်နိုင်သော နတ်အာရုံများက သွယ်ယှက်နေကြသည်။
ဟွမ်ခြောက်က စိတ်ကျေနပ်စွာ ရယ်လိုက်ပြီး ဟန်မူယဲ့ကို ခေါင်းညိတ်ပြ၍ ထွက်သွားသည်။
သူက ဆက်လက်လှုပ်ရှားရန် မလိုအပ်ပေ။ ဟန်မူယဲ့နှင့် တစ်ဖက်တည်းရှိနေသည်ဟု တခြားလူများက သိသွားခဲ့လျှင် လုံလောက်သည်။
ဟွမ်ခြောက်က ရတနာတစ်ခုကို ပိုင်ဆိုင်ထားသောကြောင့် သူ၏ တိုက်ခိုက်နိုင်စွမ်းသည် ကောင်းကင်စာရင်း၏ ထိပ်ဆုံးသုံးယောက်အောက် တစ်ဆင့်သာ နိမ့်လိမ့်မည်။
မဟုတ်သေးပေ။
ယခုအချိန်တွင် ကောင်းကင်စာရင်း၏ အဆင့်နှစ်သည် ဝိုင်းရံတိုက်ခိုက်ခံနေရသည်။ အဆင့်နှစ်က ပျောက်ကွယ်သွားခဲ့လျှင် ဟွမ်ခြောက်က ကောင်းကင်စာရင်း၏ အဆင့်နှစ် ဖြစ်လာနိုင်သည်။
ထို့အပြင် ဟန်မူယဲ့၏ အချိန်နောက်ပြန်ရစ်သော ဓားချက်သည် အလွန်နက်နဲသည်။ သူ၏ အဆင့်ကိုးနေရာသည် မလုံလောက်ပေ။
အာကာသသည် ဖရိုဖရဲဖြစ်နေသည်။
ဟန်မူယဲ့၏ ဓားချက်နှင့် ဟွမ်ခြောက်၏ ထိပ်တန်းအဆင့်ရတနာကို မြင်လိုက်ရသည်။
ယနေ့ဖြစ်ရပ်သည် မရေမတွက်နိုင်သော လူများကို ထိတ်လန့်သွားစေသည်။
ဟန်မူယဲ့က အဝေးတစ်နေရာတွင် လှုပ်ရှားနေသော ကောင်းကင်ကို ကြည့်သည်။
တန့်ဝူယိုက တိုက်ခိုက်နေဆဲ ဖြစ်သည်။
သူတော်စင်နှင့် သူတော်စင်တစ်ဝက်အဆင့်များက သူ့ကို ဝိုင်းရံတိုက်ခိုက်နေကြသည်။
သာမန်သူတော်စင်အဆင့်သည် ထိုတိုက်ခိုက်မှုကြောင့် ကျဆုံးသွားရလိမ့်မည်။
သို့သော် တန့်ဝူယိုက အားမနည်းပေ။ သူက ကောင်းကင်စာရင်းတွင် အဆင့်နှစ်ဖြစ်သောကြောင့် ကိုယ်ပိုင်နည်းလမ်းများကို ပိုင်ဆိုင်ထားလိမ့်မည်။
ဟန်မူယဲ့၏အကြည့်ကို ခံစားမိသည့်အလား အလင်းနှင့်အမှောင်သည် ပေါက်ကွဲထွက်လာခဲ့သည်။
ရွှေရောင်ဗုဒ္ဓအလင်းသည် ကောင်းကင်ထက်တွင် ပေါ်ထွက်လာသည်။
အလင်းတန်းသည် ကောင်းကင်အထိ ထိုးတက်သွားသည်။
သူတော်စင်တစ်ပါး ကျဆုံးသွားခဲ့သည်။
“အင်မော်တယ်ရတနာ”
လူတစ်ယောက်က ထိတ်လန့်စွာရေရွတ်သည်။
အဝေးတစ်နေရာတွင် ပေတစ်ထောင်မြင့်မားသော ရွှေရောင်ချပ်ဝတ်ပုံရိပ်ကို မြင်နိုင်သည်။ ထိုပုံရိပ်က ပေတစ်ရာခန့်ရှည်လျားသော ရွှေရောင်တူနှစ်လက်ကို ကိုင်ထားသည်။ တူနှစ်လက်၏ လှုပ်ရှားမှုကြောင့် လေဟာနယ်သည် တုန်ခါသွားသည်။
ရွှေရောင်ချပ်ဝတ်ပုံရိပ်သည် ရွှေရောင်ခေါင်းဆောင်းကိုလည်း ဆောင်းထားသည်။ ချပ်ဝတ်၏ ရင်ဘတ်ပေါ်တွင် တောင်တန်းပုံရိပ်များကို ရေးထွင်းပြီး ခါးတွင် ရွှေခေါင်းလောင်းတစ်ခုကို ချိတ်ဆွဲထားသည်။ ထိုလူ၏ မျက်နှာက အနီရောင်သန်းနေပြီး ပြူးကျယ်သော မျက်လုံးများက နတ်ဘုရားအလင်းဖြင့် တောက်ပနေကြသည်။
“အဲဒါက နတ်ဘုရားခုံရုံးရဲ့ အစောင့်အရှောက်ရုပ်သေးပဲ။ တန့်ဝူယိုက နတ်ဘုရားခုံရုံးရဲ့ အမွေအနှစ်ကို ထိန်းချုပ်ထားတယ်”
နတ်ဘုရားခုံရုံး၏ အမွေအနှစ်ကသာ အစောင့်အရှောက်ရုပ်သေးများကို ထိန်းချုပ်နိုင်သည်။ နတ်ဘုရားခုံရုံး၏ အဓိကခန်းဆောင်ကို စောင့်ကြပ်ထားသော ရုပ်သေးရုပ် ၁၈ရုပ် ရှိသည်။
ထိုရုပ်သေးများသည် နတ်ဘုရားဘုရင်တစ်ပါး၏ စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။ သူတို့က ဝင်္ကပါကို ဖွဲ့စည်းလိုက်မည်ဆိုလျှင် တိုက်ခိုက်နိုင်စွမ်းကို အဆုံးစွန်အထိ ထုတ်ဖော်နိုင်ပြီး လောကတွင် ပြိုင်ဘက်ကင်း ဖြစ်နေလိမ့်မည်။
သူတို့က နတ်ဘုရားခုံရုံး၏ နောက်ဆုံးအတားအဆီး ဖြစ်သည်။
ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။
တန့်ဝူယိုက ဤနေရာသို့ လာရဲသည့်အတွက် မထူးဆန်းတော့ပေ။
နတ်ဘုရားဧကရာဇ်၏ဓားကို တိတ်ဆိတ်စွာ ထိန်းချုပ်နေသောလူသည် သူဖြစ်သည်။
အကယ်၍ ဟန်မူယဲ့က ကြားဝင်ပြီး ကျောက်ကျန့်ဟယ်ကို ကူညီမပေးခဲ့လျှင် တန့်ဝူယိုက နတ်ဘုရားဧကရာဇ်၏ဓားနှင့် အစောင့်အရှောက်ရုပ်သေးများ အားလုံးကို ထိန်းချုပ်နိုင်လိမ့်မည်။ သူက တာအိုပြိုင်ပွဲတွင် ပြိုင်ဘက်ကင်းသွားလိမ့်မည်။
သို့သော် ဟန်မူယဲ့က တန့်ဝူယို၏ အစီအစဉ်ကို ဖျက်ဆီးခဲ့သည်။ တန့်ဝူယိုက နတ်ဘုရားဧကရာဇ်၏ဓားကို မရနိုင်တော့ဘဲ တန်ပြန်စွမ်းအားကိုပင် ခံစားခဲ့ရသည်။
ထိုသို့ဖြင့် တခြားလူများက ဟန်မူယဲ့ကို ကြားဖြတ်တိုက်ခိုက်လိုက်ကြသည်။
အဆုံးတွင် ကံကြမ္မာက သူ့ဆီသို့ ပြန်ရောက်လာသည်။
ဟန်မူယဲ့က အရာအားလုံးကို တွေးကြည့်လိုက်ပြီး ခပ်ဟဟရယ်၍ ခေါင်းခါသည်။
ထိုအရာသည် လောက၏ ကံကြမ္မာပင် ဖြစ်သည်။
လူတစ်ယောက်က ကိုယ်ပိုင်ကံကြမ္မာကို ဖြတ်တောက်နိုင်လျှင်ပင် ကောင်းကင်နှင့်မြေကြီး၏ ကံကြမ္မာမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။ နတ်ဘုရားခုံရုံး၏ ရတနာတိုက်နှင့် ရတနာအတွက် တိုက်ခိုက်နေကြသော မရေမတွက်နိုင်သည့်လူများ၏ ကံကြမ္မာက တစ်ပတ်ပြန်လည်လာသည်။
လူတစ်ယောက်က အရာအားလုံးမှ လွတ်မြောက်ချင်လျှင် အဆုံးမဲ့နတ်ဘုရားဘုရင်၏ လမ်းစဉ်အတိုင်း လုံ့လရှိစွာ ကြိုးစား၍ လွတ်မြောက်ခြင်းလမ်းစဉ်ကို ရှာဖွေရမည်။
လောကတွင်ရှိသော စွမ်းအားများအားလုံးမှ လွတ်မြောက်သွားခဲ့လျှင် လောက၏ ကံကြမ္မာကိုလည်း ဖြတ်တောက်နိုင်လိမ့်မည်။
“ဘုန်း”
ရုပ်သေးရုပ်က တူဖြင့် ရိုက်ချလိုက်သည်။ ကောင်းကင်သို့ ထိုးတက်သွားသော ချီစွမ်းအင်အလင်းသုံးခုကို မြင်နိုင်သည်။
အာကာသသည် တုန်ခါနေပြီး လှိုင်းလုံးများအဖြစ် ဖြာထွက်လာသည်။
တာအိုဘိုးဘေးများက အစွမ်းကုန်ကြိုးစား၍ ထိန်းသိမ်းနေကြသည်။
တန့်ဝူယို၏ ခွန်အားက တာအိုဘိုးဘေးများနှင့် ယှဉ်နိုင်သည်။ နတ်ဘုရားခုံရုံး၏ ရုပ်သေးရုပ်က နတ်ဘုရားဘုရင်တစ်ပါးနှင့် ယှဉ်နိုင်သည်။
သူက ကောင်းကင်စာရင်း၏ အဆင့်နှစ် ဖြစ်သင့်သည်။
ရွှမ်ကျီက သေဆုံးသွားခဲ့သည်။ တန့်ဝူယိုကို ဝိုင်းရံတိုက်ခိုက်ခဲ့သော လူအများစုကလည်း သေဆုံးသွားကြသည်။ လူအနည်းငယ်ကသာ ထွက်ပြေးနိုင်ခဲ့သည်။
တန့်ဝူယိုက သူတို့၏နောက်သို့ လိုက်မသွားခဲ့ပေ။ သူက ပေတစ်ထောင်မြင့်မားသော ရုပ်သေးရုပ်ပေါ်တွင် ရှိနေပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။
အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ ခေါင်းဆောင်၊ နတ်ဘုရားခုံရုံး၏ ရုပ်သေးရုပ်ကို ထိန်းချုပ်ထားသော တန့်ဝူယို ....
အချိန်ကို ကျော်ဖြတ်နိုင်သော ဓားတာအိုကျင့်ကြံခြင်းနှင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးဟန် ....
‘သူတို့နှစ်ယောက်က တိုက်ခိုက်ကြတော့မှာလား’
သူတို့နှစ်ယောက်၏ တိုက်ပွဲသည် တာအိုပြိုင်ပွဲကို အဆုံးအဖြတ် ပေးနိုင်လိမ့်မည်။
သတ်ဖြတ်လိုစိတ်များသည် အာကာသထဲတွင် ပျံ့နှံ့သွားကြသည်။
မရေမတွက်နိုင်သောလူများက မသက်မသာဖြစ်လာကြသည်။
တာအိုပြိုင်ပွဲ၏ အဆုံးအဖြတ်တိုက်ပွဲသည် လူတိုင်းနှင့် သက်ဆိုင်နေသည်။
တာအိုပြိုင်ပွဲသည် သေခြင်းရှင်ခြင်းနှင့် ပတ်သတ်နေသည်။ မည်သူက တည်ငြိမ်နိုင်မည်နည်း။
ဟန်မူယဲ့က တန့်ဝူယိုကို ကြည့်သည်။ သူတို့က မိုင်ထောင်ချီကွာဝေးနေသော်လည်း နတ်အာရုံများက ထိတွေ့သွားခဲ့ကြသည်။
ကောင်းကင်နှင့်မြေကြီးသည် တုန်ခါသွားပြီး ပေါက်ကွဲသံကို ကြားနိုင်သည်။
ပိုင်ယွီမင်က ဆက်တိုက်နောက်ဆုတ်နေသည်။ သူ့လက်ဝါးများက ချွေးထွက်နေသောကြောင့် ဓားကိုပင် မကိုင်နိုင်တော့ပေ။
သူက ကျင့်ကြံခြင်းလမ်းစဉ်တွင် အသက်လုခဲ့ရသော အခြေအနေများနှင့် ကြုံဖူးသည်။ သို့သော် ယနေ့ကဲ့သို့ အန္တရာယ်မျိုးကို မခံစားဘူးပေ။
အကယ်၍ ဟန်မူယဲ့နှင့် တန့်ဝူယိုက တိုက်ခိုက်ခဲ့လျှင် မိုင်ထောင်ချီပတ်ဝန်းကျင်သည် ဗလာအဖြစ် ပြောင်းလဲသွားလိမ့်မည်။
တစ်ယောက်က အချိန်ကို ထိန်းချုပ်ထားနိုင်သော ဓားကျင့်ကြံသူတစ်ဦး ဖြစ်ပြီး တစ်ယောက်က သန်မာသော ရုပ်သေးရုပ်နှင့် သူတော်စင်တစ်ပါး ဖြစ်သည်။ သူတို့က ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့် အင်မော်တယ်ဝိညာဉ်ကမ္ဘာကို ကိုယ်စားပြုနေသည်။
‘ဒီတိုက်ပွဲက ....’
“အခြေအနေက ဘယ်လိုလဲ”
ဟန်မူယဲ့က ပြောလိုက်သည်။ ရန်လိုနေသောအငွေ့အသက်ကို မမြင်ရပေ။
“ငါထင်ထားတာထက် ပိုအဆင်ပြေတယ်”
တန့်ဝူယို၏အသံကလည်း တည်ငြိမ်နေသည်။
သူတို့နှစ်ယောက်က တိုက်ခိုက်ရန် စိတ်ကူးမရှိကြပေ။
အာကာသထဲတွင် မရေမတွက်နိုင်သောလူများက သက်ပြင်းချလိုက်ကြသည်။
သူတို့က ယခုအချိန်တွင် မတိုက်ခိုက်ချင်ကြပေ။
ထိုတိုက်ပွဲကို နတ်ဘုရားဘုရင်တစ်ပါးကပင် ခုခံနိုင်မည်မဟုတ်ပေ။
ဝင်ပါသောလူတိုင်းက သေဆုံးရလိမ့်မည်။
“အကူအညီလိုရင် ပြောလိုက်ပါ”
ဟန်မူယဲ့က ညင်သာစွာပြောလိုက်ပြီး ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
“မင်းလည်း အတူတူပဲ”
တန့်ဝူယို၏ ရွှေရောင်ချပ်ဝတ်ရုပ်သေးရုပ်က အဝေးသို့ ပျံသန်းသွားသည်။
သူတို့နှစ်ယောက် ထွက်သွားသောအချိန်တွင် အာကာသသည် ပြန်လည်ဆူညံလာသည်။
“ဒါက သန်မာသူတွေရဲ့ လောကပဲ ....”
လူတစ်ယောက်က ရေရွတ်လိုက်ပြီး စိတ်ဝင်စားမှု ပျောက်ဆုံးသွားသည်။
သန်မာသောလူတစ်ယောက်သည် ထိုက်တန်သောရန်သူကိုသာ လေးစားမှုပြလိမ့်မည်။