အခန်း (၇၂၅)
Vol. 52 Ch. 725
သန်မာသူတစ်ယောက်၏ စကားနှင့် အပြူအမူများသည် မရေမတွက်နိုင်သော လူများ၏ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို ဆုံးဖြတ်နိုင်သည်။
‘သူတို့က မရေမတွက်နိုင်တဲ့လူတွေရဲ့ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကို ဂရုစိုက်ကြသလား’
ဂရုမစိုက်ကြပေ။ သူတို့က ထိုက်တန်သောလူကိုသာ ကြည့်ကြသည်။
သူတို့က တခြားလူများ၏ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို ဂရုမစိုက်ကြပေ။
“တာအိုပြိုင်ပွဲ၊ ဒါက တာအိုပြိုင်ပွဲရဲ့ အစပဲ ရှိသေးမှာ ငါစိုးရိမ်မိတယ် ....”
လူတစ်ယောက်က စိုးရိမ်နေသောမျက်နှာထားနှင့် ရေရွတ်သည်။
အင်အားစုများသည် တာအိုပြိုင်ပွဲ အဆုံးမသတ်ခင် လွှမ်းမိုးနိုင်စွမ်းရှိသော ခွန်အားကို ထုတ်ပြခဲ့သည်။
အချိန်စွမ်းအား၊ တည်နေရာစွမ်းအား၊ ထိပ်တန်းအဆင့် ရတနာနှင့် နတ်ဘုရားခုံရုံး၏ ရုပ်သေးရုပ် ....
ဤတာအိုပြိုင်ပွဲတွင် မည်သူက အခွင့်ကောင်းကို စောင့်ဆိုင်း၍ အကျိုးအမြတ်ကို ရှာဖွေနိုင်မည်နည်း။
“ဆရာဦးလေး၊ ကျွန်တော်တို့ ဘာလုပ်ကြမလဲ”
ပိုင်ယွီမင်က ဓားလွယ်ထားသော လူအိုကြီးတစ်ယောက်ကို ကြည့်လိုက်သည်။
တခြားလူများကလည်း ထိုလူကြီးကို လှည့်ကြည့်ကြသည်။
သူတို့က အထက်ဘုံသုံးပါး၏ ဓားဂိုဏ်းမှ ဖြစ်ပြီး ထိုလူအိုကြီးကို ခေါင်းဆောင်အဖြစ် သတ်မှတ်ထားကြသည်။
အမည်မဲ့ဟု သိကြသော လေဝူမင်သည် လောကတွင် နာမည်ကြီးသည်။
ယခုအချိန်တွင် လောဝူမင်၏မျက်နှာထားက လေးနက်နေပြီး မျက်လုံးထဲတွင် သွယ်ယှက်နေသော အလင်းတန်းများကို မြင်ရသည်။
“ဒီတာအိုပြိုင်ပွဲက ငါထင်ထားတာထက် အန္တရာယ်များတယ်”
သူက ပတ်ဝန်းကျင်တွင် ရှိနေသော တပည့်များကို တီးတိုးပြောလိုက်သည်။
အန္တရာယ်များသည်။
သူတို့က တာအိုပြိုင်ပွဲတွင် အကျိုးအမြတ်ရှာပြီး အထိအခိုက်မရှိဘဲ ဆုတ်ခွာရန် စီစဉ်ထားခဲ့ကြသည်။
ယခု အခြေအနေအရ သူတို့၏အစီအစဉ်သည် ကျရှုံးသွားလိမ့်မည်။
“ကောင်းကင်အံ့ဖွယ်ကမ္ဘာနဲ့ အင်မော်တယ်ဝိညာဉ်ကမ္ဘာက လောကကို လွှမ်းမိုးနိုင်စွမ်းရှိတဲ့ စွမ်းအားတွေကို ထုတ်ပြသွားကြတယ်”
လောဝူမင်က တိုက်ခိုက်လိုစိတ်များကို ပြန်လည်သိမ်းဆည်းလိုက်သည်။
တန့်ဝူယို၊ ဟန်မူယဲ့နှင့် ကောင်းကင်နင်းခြေ မဟာသူတော်စင်တို့သည် သူ့ကို ကြောက်ရွံ့သွားစေသည်။
သူက ဓားကျင့်ကြံသူတစ်ယောက် ဖြစ်သောကြောင့် ထိုသုံးယောက်နှင့် ရင်ဆိုင်ရလျှင် မထိခိုက်ဘဲ လွတ်မြောက်နိုင်လိမ့်မည်မဟုတ်ဟု ခံစားမိနေသည်။
“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ အမတ်ချုပ်ကြီးဟန်က ခုနစ်ထပ်ဓားစံအိမ်ကို ထိန်းချုပ်ထားတယ်။ ဓားစံအိမ်ရဲ့ စည်းမျဉ်းတွေအရဆိုရင် ငါတို့က သူ့ကို အပြည့်အဝ ကူညီပေးသင့်တယ်”
လောဝူမင်၏စကားကြောင့် တပည့်များက ခေါင်းညိတ်လိုက်ကြသည်။
သူတို့က အင်အားစုတစ်ခုကို ရွေးချယ်ရမည်ဆိုလျှင် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးဟန်သာ ဖြစ်လိမ့်မည်။
“သွားကြစို့။ ငါတို့က ဆုံးဖြတ်ပြီးပြီဆိုတော့ တုံ့ဆိုင်းနေစရာ မလိုတော့ဘူး”
လောဝူမင်က ပြောလိုက်ပြီး ခြောက်ထပ်ဓားစံအိမ်ကို ထုတ်ဖော်သည်။
သူတို့အားလုံးက ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ဦးတည်လိုက်ကြသည်။
ဆယ်ရက်အကြာတွင် အာကာသထဲတွင် သတင်းတစ်ခု ထွက်လာခဲ့သည်။
သူတော်စင်နှင့် သူတော်စင်တစ်ဝက်အဆင့်များ ဦးဆောင်ထားသော အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ သန်းရှစ်ဆယ်စစ်တပ်သည် အာကာသကို ရှင်းလင်းခဲ့သည်။
ဟွမ်ကျစ်ဟူက ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ သန်းဆယ်ချီသော ဓားကျင့်ကြံသူများကို ဦးဆောင်ထားပြီး ထွက်ခွာသွားသည်။
လိုက်နာသောလူများက ချမ်းသာရာရပြီး ဆန့်ကျင်သောလူများက အသတ်ခံရမည်။
တိုက်ပွဲတွင် မဟာမိတ်နှင့် ရန်သူများသာ ရှိသည်။
ဓားစံအိမ်၏ လောဝူမင်သည် ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့် ပူးပေါင်းသွားခဲ့သည်။
တစ်လအကြာတွင် ယွီလင်တာအိုနန်းတော်သည် အင်မော်တယ်ဝိညာဉ်ကမ္ဘာနှင့် မဟာမိတ်ဖွဲ့ခဲ့သည်။
တာအိုပြိုင်ပွဲနယ်မြေသည် ရှုပ်ထွေးနေသည်။
နတ်ဘုရားခုံရုံး၏ ရတနာတိုက်မှ ရတနာများကို ရရှိထားသော ကျင့်ကြံသူများသည် သီးသန့်ကျင့်ကြံရန်အတွက် စီစဉ်ထားခဲ့သော်လည်း လုံခြုံသောနေရာကို မရှာနိုင်ကြပေ။
သူတို့က မည်သည့်နေရာတွင် ပုန်းအောင်းနေပါစေ ရှာဖွေခံလိုက်ရသည်။
သူတို့က အညံ့မခံလျှင် တိုက်ခိုက်ခံရလိမ့်မည်။
လွတ်လမ်းမရှိပေ။
ထိုအချိန်တွင် လူတိုင်းက တာအိုပြိုင်ပွဲ၏အဓိပ္ပာယ်ကို နားလည်သွားခဲ့သည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ ဟွမ်ကျစ်ဟူ၏ဓားဝင်္ကပါသည် အလွန်စွမ်းအားကြီးပြီး လူတိုင်းကို လွှမ်းမိုးထားနိုင်သည်။
ကောင်းကင်စာရင်း၏ အဆင့်၁၅ဖြစ်သော အထက်ဘုံသုံးပါး၏ အံ့ဖွယ်တာအိုဂိုဏ်းမှ တာအိုသခင် ရွှမ်ယွီနှင့် လက်ရွေးစင်တပည့် သုံးရာသည် ကြယ်သေတစ်စင်းပေါ်တွင် ဝိုင်းရံခံထားရသည်။
သူတို့က သုံးရက်အတွင်း အညံ့မခံလျှင် ဓားဝင်္ကပါသည် သူတို့အားလုံးကို သတ်ဖြတ်လိမ့်မည်။
ထိုတိုက်ပွဲကြောင့် လူတစ်ယောက်သည် မည်မျှပင် သန်မာနေပါစေ တာအိုပြိုင်ပွဲတွင် အစေ့မပါသော အခွံတစ်ခုသာဖြစ်သည်ဟု သိလိုက်ရသည်။
ယခုအချိန်တွင် လူတိုင်းက အရှိန်အဟုန်ကို စုစည်းရန်အတွက် တိုက်ခိုက်နေကြသည်။
အရှိန်အဟုန်ကို စုစည်းနိုင်မှသာ လောက၏ ရှားပါးသော ခွန်အားကို ရရှိနိုင်လိမ့်မည်။
ထိုတိုက်ပွဲအပြီးတွင် ကောင်းကင်စာရင်းကို ပြန်လည်စီစဉ်လိုက်သည်။
ကောင်းကင်စာရင်း၏ ပထမသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ဝမ်မော့ရှန် ဖြစ်သည်။
ကောင်းကင်စာရင်း၏ ဒုတိယသည် အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ တန့်ဝူယို ဖြစ်သည်။
ကောင်းကင်စာရင်း၏ တတိယသည် ကောင်းကင်နင်းခြေ မဟာသူတော်စင် ဟွမ်လောင်လျှို ဖြစ်သည်။
ကောင်းကင်စာရင်း၏ စတုတ္ထသည် ဓားစံအိမ်၏ လောဝူမင် ဖြစ်သည်။
....
ကောင်းကင်စာရင်း၏ နဝမသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ဟန်မူယဲ့ ဖြစ်သည်။
ဟွမ်ကျစ်ဟူက ကောင်းကင်စာရင်း၏ အဆင့်တစ်ရာအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ကိုယ်ပိုင်ခွန်အားကိုသာ အားကိုးကြသော ကျွမ်းကျင်သူများက အောက်ရောက်သွားသည်။
သို့သော် ကောင်းကင်စာရင်း၏ လူသုံးရာအပြင် ကမ္ဘာမြေစာရင်း၏ လူသုံးရာလည်း ပေါ်လာခဲ့သည်။
ကမ္ဘာမြေစာရင်း၏ ကျွမ်းကျင်သူအများစုသည် ရတနာတိုက်ကြောင့် တိုးတက်လာကြသည်။
သူတို့က ရတနာများ၏ အကူအညီကြောင့် ကျင့်ကြံဆင့်နှင့် တိုက်ခိုက်နိုင်စွမ်း တိုးတက်လာသည်။
ကိုယ်ပိုင်စွမ်းအားကို ကြည့်မည်ဆိုလျှင် သူတို့က ကောင်းကင်စာရင်း၏ အဆင့်နှစ်ရာအတွင်းသို့ ဝင်ရောက်နိုင်ကြသည်။
ကမ္ဘာမြေစာရင်း၏ နာမည်များသည် လျင်မြန်စွာ ပြောင်းလဲနေကြသည်။
ကမ္ဘာမြေစာရင်း၏ ကျွမ်းကျင်သူအများစုသည် လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်။
သူတို့က ရတနာများကြောင့် အသတ်မခံရလျှင် ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့် အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ စစ်တပ်များကြောင့် သေဆုံးသွားရသည်။
အာကာသထဲတွင် လုံခြုံသောနေရာ တစ်ခုသာရှိသည်။
ရောင်းအဝယ်လုပ်နိုင်သော မိုင်သုံးထောင်ပတ်ဝန်းကျင် ဖြစ်သည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးဟန်သည် ထိုနေရာနှင့် မိုင်တစ်သောင်းပတ်ဝန်းကျင်တွင် တိုက်ခိုက်ခွင့်မပြုကြောင်း ကိုယ်တိုင် ပြောခဲ့သည်။
ထိုနေရာသည် တစ်ကိုယ်တော်ကျင့်ကြံသူများအတွက် နောက်ဆုံးခိုလှုံရာ ဖြစ်လာသည်။
သို့သော် ထိုနေရာသည်လည်း ကြာရှည်ခံမည်မဟုတ်ပေ။
ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့် အင်မော်တယ်ဝိညာဉ်ကမ္ဘာက ထိုနေရာကို မတိုက်ခိုက်လျှင်ပင် နည်းလမ်းအမျိုးမျိုးနှင့် ဝင်ရောက်စွက်ဖက်နိုင်ကြသည်။
အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ တန့်ဝူယိုက လက်ထဲတွင် အမိန့်အာဏာကို ဆုပ်ကိုင်ထားပြီး အရပ်လေးမျက်နှာလုံးကို တင်းကျပ်စွာ စောင့်ကြည့်နေသည်။ စွန်းယိုတောက်နှင့် တခြားသူတော်စင်များက နာခံစွာ ရှိနေရသည်။
နောက်ပိုင်းတွင် ပူးပေါင်းပြီး အညံ့ခံလာသော ကျွမ်းကျင်သူများကပင် နတ်ဘုရားခုံရုံး၏ ရုပ်သေးရုပ်ကြောင့် ဂရုစိုက်နေရသည်။
တစ်ဖက်တွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာက ငြိမ်းချမ်းနေသည်။
ဟန်မူယဲ့က တံခါးပိတ်ကျင့်ကြံနေသည်။ ဝမ်မော့ရှန့်က ပျောက်နေသည်။
ဟွမ်ကျစ်ဟူနှင့် လုယန်က စစ်တပ်များကို ဦးဆောင်ထားကြသည်။ ဧကရာဇ်နှင့် မှူးမတ်များက လောကကို အုပ်ချုပ်နေသည်။ ကျောင်းတော်သားနှင့် တန်ခိုးရှင်များက ကိုယ်ပိုင်လမ်းစဉ်အတိုင်း ကျင့်ကြံနေကြသည်။
အာကာသ၏ တိုက်ပွဲများနှင့် နှိုင်းယှဉ်ကြည့်လိုက်လျှင် ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် အလွန်တည်ငြိမ်သည်။
အမျိုးမျိုးသော ဂိုဏ်းများနှင့် အညံ့ခံလာသော ကျင့်ကြံသူများသည် ကိုယ်ပိုင်နည်းလမ်းအတိုင်း ကျင့်ကြံနိုင်ကြသည်။
တာအိုပြိုင်ပွဲကြောင့်သာမဟုတ်လျှင် ငြိမ်းချမ်းသော ပတ်ဝန်းကျင်ကြောင့် လူတိုင်းက ပျော်ရွှင်နေကြလိမ့်မည်။
အထက်ဘုံသုံးပါးမှ ရောက်လာသော ကျင့်ကြံသူများကလည်း ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် ငြိမ်းချမ်းစွာကျင့်ကြံနိုင်ကြသည်။
....
အဆုံးမဲ့ပင်လယ် ....
ပြန့်ကျဲကြယ်ကျွန်းများ၏ကြားတွင် ရေလှိုင်းများကို မြင်နိုင်သည်။
ပိုင်ကျီယုက တောက်ပနေသော မျက်လုံးများနှင့် လေထဲတွင် ရပ်နေသည်။
“ဘုန်း”
ဓားအလင်းသည် လေထုကို ထိုးခွဲသွားသည်။
သူက ပျံတက်သွားပြီး ကိုယ်ပိုင်ဓားဖြင့် ဓားအလင်းကို ခုခံသည်။ သို့သော် ထိုဓားအလင်းသည် ထောင်ချီနေသော ဓားအလင်းများအဖြစ် ပြောင်းလဲသွားပြီး သူ့ကို ပင်လယ်ထဲသို့ တွန်းပို့လိုက်သည်။
ပိုင်ကျီယုက ရေထဲမှ ပြန်ထွက်လာပြီး ဆင်းသက်လာသောပုံရိပ်ကို အပြုံးတစ်ခုနှင့်အတူ ကြည့်သည်။
“ရွှေယွဲ့အာ၊ မင်းက ခင်ပွန်းလောင်းကိုသတ်ဖို့ ကြိုးစားနေတာလား”
သူ့စကားကို ကြားလိုက်ရသောအခါတွင် ကျောက်စိမ်းရောင်ဝတ်စုံနှင့် ရွှေယွဲ့အာက မျက်လုံးပြူးပြီး ရှက်သွားသည်။
“ပြောစရာရှိရင် တစ်ခါတည်းပြောလိုက်”
သူမ၏အသံက အေးစက်နေသော်လည်း ဒေါသထွက်နေပုံမပေါ်ပေ။
ပိုင်ကျီယုက ခေါင်းခါလိုက်ပြီး ပြောသည်။
“ငါက ပြောစရာမရှိပါဘူး”
ရွှေယွဲ့အာက မျက်ခုံးပင့်သည်။ ပိုင်ကျီယုက လက်ညှိုးညွှန်သည်။
“သူက ပြောစရာရှိတာ”
ရွှေယွဲ့အာက ပေတစ်ထောင်အကွာတွင် ရှိနေသော အဖြူရောင်ဝတ်စုံနှင့် ဓားအိမ်တစ်ခုလွယ်ထားသည့် ဟန်မူယဲ့ကို မြင်လိုက်ရသည်။
သူမက ဟန်မူယဲ့ကို အာရုံမခံမိခဲ့ပေ။
သို့သော် မအံ့သြပေ။
သူမက ဟန်မူယဲ့၏ခွန်အားကို သိသည်။ ရေဝိညာဉ်နန်းတော်၏ ခေါင်းဆောင်ကပင် ဟန်မူယဲ့ကို ရန်မစရန် သတိပေးထားသည်။
“ရှင်လား”
ရွှေယွဲ့အာက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သည်။
“ကျွန်မတို့ရဲ့ ရေဝိညာဉ်နန်းတော်နဲ့ ရန်ငြိုးရှိတာ မဟုတ်ဘူးလား”
သူမက ဓားဆန္ဒကို ထုတ်ဖော်လိုက်သည်။
ဟန်မူယဲ့က ပြန့်ကျဲကြယ်ကျွန်းတွင် ရေဝိညာဉ်နန်းတော်၏ ကျွမ်းကျင်သူများကို သတ်ဖြတ်ခဲ့သည်။
“အဟမ်း၊ ယွဲ့အာ။ ဟန်မူယဲ့က ငါ့မိတ်ဆွေပဲ”
ပိုင်ကျီယုက လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ပြောလိုက်သည်။
ရွှေယွဲ့အာက သူ့ကို လျစ်လျူရှုထားသည်။
ပိုင်ကျီယုက ပခုံးတွန့်လိုက်ပြီး ပြောသည်။
“ကျွန်တော်က အကောင်းဆုံးကြိုးစားပြီး သူမကို ခေါ်လာပြီနော်”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ရွှေယွဲ့အာကို ကြည့်သည်။
“ငါက ရေဝိညာဉ်နန်းတော်ကို သွားချင်တယ်”
‘ရေဝိညာဉ်နန်းတော်ကို သွားချင်တာလား’
ရွှေယွဲ့အာက အံ့အားသင့်သွားသည်။
‘ဟန်မူယဲ့က ရေဝိညာဉ်နန်းတော်မှာ ပြဿနာရှာချင်တာလား’
ပိုင်ကျီယုက ပြုံးသည်။
‘သူက ငါ့ထက် ပိုသတ္တိရှိတယ်’
သူက ရွှေယွဲ့အာကို ရှာဖွေရန်အတွက် ရေဝိညာဉ်နန်းတော်သို့ မသွားရဲပေ။
ရွှေယွဲ့အာက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ခေါင်းညိတ်သည်။
“ကျွန်မက နန်းတော်သခင်မကို သတင်းပို့ပေးမယ်။ ဒါပေမဲ့ တွေ့ခွင့်ရမယ်လို့ အာမမခံဘူး”
ဟန်မူယဲ့က ခေါင်းညိတ်သည်။
ရွှေယွဲ့အာက လှုပ်ရှားလိုက်ပြီး ပျောက်ကွယ်သွားသည်။
ပိုင်ကျီယုက တောက်ခေါက်လိုက်သည်။
“အာ၊ ဆိုးလိုက်တာ ....”
ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်ပြီး အေးစက်နေသော ကျောက်စိမ်းပြားတစ်ခုကို ပစ်ပေးသည်။
ပိုင်ကျီယုက ကျောက်စိမ်းပြားကို ဖမ်းယူလိုက်ပြီး ပြုံးသည်။
“မဆိုးဘူး။ မဆိုးဘူး။ ဒီရတနာနဲ့ဆိုရင် ရွှေယွဲ့အာကို ခုနစ်ကြိမ်၊ ရှစ်ကြိမ်လောက် ခေါ်ထုတ်လို့ရတယ်”
သူက ရပ်တန့်လိုက်ပြီး ရှက်ရွံ့မှုအချို့နှင့်အတူ ဟန်မူယဲ့ဆီသို့ ရောက်လာသည်။ သူက တီးတိုးပြောသည်။
“အစ်ကိုဟန်က အာခီမီပညာရပ်မှာ ကျွမ်းကျင်တယ်လို့ ကြားတယ်။ သွေးမျိုးဆက်ဆေးလုံးတွေကိုတောင် သုတေသန လုပ်ဖူးတယ်ဆို ....”
ဟန်မူယဲ့၏လက်ထဲတွင် ချီစွမ်းအင်အလင်းနှင့်အတူ ကျောက်စိမ်းပုလင်းတချို့ ပေါ်လာကြသည်။
သူနှင့် မူဝမ်က စွေ့စွေ့နှင့် ရှောက်တထျန်းအတွက် သွေးမျိုးဆက်ဆေးလုံးများကို ဖော်စပ်ခဲ့ကြသည်။
“ဆေးလုံးတွေကို သုံးရင် ဂရုစိုက်ပါ။ ဘေးထွက်ဆိုးကျိုးရှိတယ်”
သူက ပိုင်ကျီယု၏ မျက်နှာပေါ်တွင်ရှိသော စိတ်လှုပ်ရှားမှုကို မြင်နေရသည်။
ပိုင်ကျီယုက ပြုံးလိုက်ပြီး သူ့သတိပေးစကားကို အလေးအနက် မထားခဲ့ပေ။
‘ငါက နတ်ဘုရားသားရဲပဲ။ ဆေးလုံးရဲ့ ဘေးထွက်ဆိုးကျိုးက ငါ့ကို အန္တရာယ်ပေးနိုင်မှာမလို့လား’
သူက တိုက်ခိုက်နိုင်စွမ်း သိပ်မကောင်းသော်လည်း နတ်ဘုရားသားရဲတစ်ပါး ဖြစ်နေသေးသည်။
လေထုထဲတွင် ရွှေယွဲ့အာသည် ချီစွမ်းအင်အလင်းနှင့်အတူ ပြန်ပေါ်လာခဲ့သည်။
“ဒါက ဝင်ခွင့်တံဆိပ်ပြားပဲ။ နန်းတော်သခင်မက ရေဝိညာဉ်နန်းတော်မှာ တွေ့လို့ရတယ်လို့ ပြောလိုက်တယ်”
ရွှေယွဲ့အာက ကျောက်စိမ်းတံဆိပ်ပြားတစ်ခုကို ထုတ်ပေးသည်။
ဟန်မူယဲ့က ခေါင်းညိတ်သည်။ ချီစွမ်းအင်အလင်းကြောင့် တံဆိပ်ပြား၏ အလင်းစီးကြောင်းက ဟန်မူယဲ့ကို ရစ်ပတ်ပြီး ခေါ်ဆောင်သွားသည်။
ရွှေယွဲ့အာက တစ်ဖက်သို့ လှည့်လိုက်သောအခါတွင် ပိုင်ကျီယုက သူမ၏ လက်မောင်းကို ဆုပ်ကိုင်ထားခဲ့သည်။
“အမ်၊ ယွဲ့အာ။ ငါတို့ မတွေ့တာ အတော်ကြာနေပြီ ....”
ရွှေယွဲ့အာက ပိုင်ကျီယုကို လှည့်ကြည့်လိုက်ပြီး စဉ်းစားနေသည်။ ထို့နောက် သူမက တီးတိုးပြောသည်။
“နင့်ကို ဆယ့်ငါးမိနစ် အချိန်ပေးလိုက်မယ်”
“ဆယ့်ငါးမိနစ်က မလုံလောက်ဘူး ....”
“နင်က ဆယ့်ငါးမိနစ်ထက် ပိုကြာဖူးလို့လား”