ကျုပ် လူတစ်ယောက်ကို ရှာနေတာ
Vol. 15 Ch. 201
“ဒီခွေးသားတွေ သေကုန်ပြီဟေ့... ဝူး...”
ပန်းရောင် အသားအရေနှင့် ဝက်နှာခေါင်းကို ပိုင်ဆိုင်ထားသည့် အရပ်ပုပု၊ ဝတုတ်တုတ် ရှို့ရန် တစ်ယောက်က မြူးထူးစွာ အော်ဟစ်လိုက်၏။ သူ၏ လက်ထဲတွင်မူ သံချပ် သူရဲကောင်း တစ်ဒါဇင်နီးပါး၏ သွေးများဖြင့် ရွှဲရွှဲစိုနေသည့် ပုဆိန် တစ်လက် ရှိနေခဲ့သည်။
ခရက်...
အရပ် ခုနစ်ပေခန့် ရှိမည့် လူ့ဘီလူးကြီးက သူ့ခြေထောက်နားသို့ လဲပြိုကျလာသည့် သံချပ် သူရဲကောင်း တစ်ယောက်၏ ခေါင်းကို ခြေထောက်ဖြင့် နင်းခြေ ပစ်လိုက်၏။
“တကယ့်ကို သောက်ရူးတွေပဲ... ဂုဏ်ပုဒ်ဆိုတာတွေကိုသာ လွှင့်ပစ်လိုက်ရင် သူတို့အားလုံး အိမ်ပြန်ပြီး မိန်းမတွေကို နမ်းနိုင်မှာ သေချာတယ်”
သူ၏ ညိုမှောင်သည့် အသားအရေ၊ ကတုံးပြောင်ပြောင်နှင့် သန်မာ ကြီးထွားလှသော ကြွက်သားများက ရက်စက် ကြမ်းကြုတ်သည့် အရှိန်အဝါများကို ထုတ်လွှတ်နေ၏။ လက်ထဲတွင် မည်သည့် လက်နက်မျှ မရှိသော်လည်း သူ့လက်ဆစ်များက သွေးများဖြင့် စိုရွှဲနေသည်။
ဓားကိုင်ဆောင်ထားသည့် အသက်လတ် လူသား တစ်ဦးက ဓားကို ကိုင်ကာ ရှေ့သို့ တက်လာသည်။ ထို့နောက် အလောင်းများကို ကျော်ခွရင်း ရထားလုံး တစ်ခုစီသို့ လျှောက်သွားလိုက်၏။ သူ့အား ကြည့်ရင်း အခြား ပျံကျ အဖွဲ့သားများ၏ မျက်လုံးများတွင် လေးစားမှုများ ဖြစ်ပေါ်လာသည်။
သူ၏ မျက်လုံးများက သန့်စင်သည့် ဖန်သားများနှင့် တူကာ ချွန်ထက်သော နှာခေါင်းနှင့် နှုတ်ခမ်းထက်ရှိ ခပ်ထေ့ထေ့ အပြုံးတို့က ဆန်းကြယ်သော ခံစားချက် တစ်မျိုးကို ဖြစ်ပေါ်စေသည်။ သူသည် ရထားလုံးဆီသို့ ရောက်သည်နှင့် ခေါက်လိုက်၏။ ချက်ချင်းပင် ကြောက်ရွံ့သည့် အသက်ရှူသံများက ရထားလုံး အတွင်းမှ ထွက်ပေါ်လာသည်။
“ထွက်လာခဲ့... ငါ နင့်ကို ကိုက်မစားဘူး...”
သူ၏ အသံက နက်မှောင်ကာ နက်ရှိုင်းသည်။ သူ၏ စကားလုံးများမှာမူ ခြိမ်းခြောက်မှု အငွေ့အသက် ကင်းမဲ့နေသော်လည်း နောက်လိုက်နောက်ပါများမှာမူ ပျော်ရွှင်ဖွယ် ကောင်းသည့် ပြပွဲတစ်ခုကို မြင်ရတော့မည့် အလား အူမြူးနေကြသည်။
"နင် ထွက်မလာရင် ငါရူးသွားလိမ့်မယ်နော်... နင်က ငါ့ကို ရူးစေချင်တာလား...”
တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရထားအတွင်းမှ တံခါး ချက်ဖြုတ်သံ တစ်ခု ထွက်ပေါ်လာ၏။ အသက်လတ် လူက ပြုံးကာ တံခါးကို ဆွဲဖွင့်လိုက်သည်။ ရုတ်ချည်းပင် အရိပ်တစ်ခု ထွက်ပေါ်လာကာ သူ့ ရင်ဘတ် အတွင်း တိုးဝင်လာ၏။
အသက်လတ်လူမှာ တစ်ခဏမျှ အံ့အားသင့် သွားသော်လည်း အစောတည်းကပင် ထိုအရာကို ပြင်ဆင်ထားပုံ ပေါ်သည်။ သူ၏ လက်များက လျှင်မြန်စွာ ရွေ့လျားသွားကာ အရိပ်ကို ဖမ်းဆီးရန် ကြိုးစားလိုက်သည်။ သူ၏ လှုပ်ရှားမှု အမြန်နှုန်းက အတော်လေး အံ့အားသင့်ဖို့ ကောင်း၏။ စက္ကန့်ဝက်မျှ အတွင်းမှာပင် အရိပ်ကို ဖမ်းဆီးမိကာ နောက်သို့ လှည့်လိုက်သည်။
ကလန့်...
ဓားမြှောင် တစ်လက်မှာ အရိပ်၏ လက်ထဲမှ လွတ်ထွက်ကာ မြေပြင်ပေါ် ပြုတ်ကျသည့် အသံတစ်ခု ထွက်ပေါ်လာသည်။
“ဆရာကြီးပိုင်.. ဒီကောင်မက တော်တော် တက်ကြွပါလားဗျ...”
ဝက်နှင့် တူသော သားရဲက ပုဆိန်ကို ကိုင်ရင်း လုပ်ယူထားသော တအံ့တသြ ဟန်ပန်နှင့် ပြောလိုက်၏။ အခြားလူများမှာ သူ့စကားလုံးများကို သဘောကျသွားကာ လိုက်လံ ရယ်မောလိုက်ကြသည်။
ဆရာကြီးပိုင် ဆိုသူမှာ မိန်းကလေးကို ခပ်တင်းတင်း ချုပ်ထားကာ အခြား လက်တစ်ဖက်ဖြင့် သူမ၏ လည်ပင်းအား ဆုပ်ကိုင်ထားသည်။ မိန်းကလေးမှာ ရုန်းကန်ရန် ကြိုးစားနေသော်လည်း သူ့ခွန်အားက ဆရာကြီးပိုင်ထက် အဆ ရာထာင်ချီ ပိုမို နိမ့်ကျလှသည်။ သူမမှာ အလွန် ငယ်ရွယ်သေးသည့် ဆယ်ကျော်သက် သေမျိုး မိန်းမပျို တစ်ယောက်သာ ဖြစ်ပေသည်။
မိန်းကလေးသည် ရွှေဝါရောင် ဆံနွယ်ရှည်များကို ပိုင်ဆိုင်ထား၏။ သူမ၏ နို့နှစ်ရောင် အသားအရေနှင့် မျက်ဝန်းပြာများက မျက်စိဖမ်းစားနိုင်စွမ်း ရှိသည်။ သူမတွင် ရင်သပ်ရှုမောဖွယ်ရာ အကွေ့အကောက်များနှင့် အင်္ဂါ အစိတ်အပိုင်းများ မရှိသေးသည့်တိုင် ဆန့်ကျင်ဘက် လိင်များ အတွက်တော့ ငြင်းရက်စရာ မရှိသည့် သားရိုင်းမလေး ဖြစ်သည်။
မိန်းကလေးသည် အော်ဟစ် ရုန်းကန်ရန် ကြိုးစားနေသော်လည်း လက်ပင်းအား ဆုပ်ကိုင်ခံထားရမှုကြောင့် တဝူးဝူး တဝါးဝါး အသံများသာ ထွက်ပေါ်နေသည်။ ထိုမြင်ကွင်းကပင် ကြည့်ရှုနေသည့် ယောက်ျားသားများ၏ စိတ်ကို ပိုမို လှုံ့ဆော်နေသယောင် ထင်ရ၏။ သူမဝတ်ဆင်ထားသည့် တန်ဖိုးကြီး အဝတ်အစားများနှင့် ရတနာများက ချမ်းသာ ကြွယ်ဝသည့် မိသားစု တစ်ခုမှ လာရောက်သူ ဖြစ်ကြောင်း သိသာစေသည်။
ဆရာကြီးပိုင်၏ မျက်လုံးများက သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးကို စုန်ချည်ဆန်ချည် ကြည့်ရင်း ပိုမို တောက်လောင်လာ၏။ ပြင်းထန်သော ဆန္ဒတစ်ခုက သူ၏ စိတ်ထဲတွင် နေရာယူလာသည်။ သူသည် မိန်းကလေး၏ လည်ပင်းအား ဆုပ်ကိုင်ထားသည့် လက်ကို အောက်သို့ ရွေ့လျားရန် ဟန်ပြင်လိုက်၏။
“ဆရာကြီး... အထဲမှာ တစ်ယောက် ရှိနေသေးတယ်”
ထက်ရှသည့် မျက်လုံးပိုင်ရှင် နောက်လိုက် တစ်ယောက်က ရထားလုံးအား ညွှန်ပြရင်း ပြောလိုက်သည်။ လူတိုင်းမှာ စိတ်ဝင်စားကာ ရင်ခုန်လာ၏။ သူတို့၏ မျက်လုံးများက ပိုမို မြူးထားလာသည်။
“ဟဲဟဲ... နောက်တစ်ယောက်လား...”
ဆရာကြီးပိုင် ရထားလုံးဘက်ဆီသို့ ပြန်လည် လှည့်လိုက်စဥ်မှာပင် မြေကြီးမှာ တုန်ခါသွား၏။ ထို့နောက် မလှမ်းမကမ်းတွင် မီတာ ရှစ်ဆယ်ခန့် မြင့်မည့် အနက်ရောင် ဟင်းလင်းပြင် အရိပ်တစ်ခု ထွက်ပေါ်လာသည်။
ထိုအရာကို လှည့်ရင်း ဆရာကြီးပိုင်၏ မျက်လုံးများက ပြူးကျယ်သွား၏။
“ဟင်းလင်းပြင် အစီအရင်...”
တစ်စက္ကန့်မျှ မကြာခင် အတောအတွင်းမှာပင် ထိုအနက်ရောင် ဟင်းလင်းပြင်ထဲမှ ပုံရိပ်လေးခု ထွက်ပေါ်လာခဲ့လေတော့သည်။
...
“ချီးပဲ... မုန်းဖို့ကောင်းလိုက်တာ...”
အသံနက်ကြီး တစ်ခုက ထွက်ပေါ်လာ၏။ လေးယောက်ထဲတွင် ကျူးဟိုင်သည် ပထမဆုံး စကားပြောလိုက်သူ ဖြစ်ပြီး သူ၏ အသံက မကျေနပ်မှုများနှင့် ပြည့်နှက်နေသည်။ ဟင်းလင်းပြင် ဂိတ်တံခါးမှ ခရီးသွားတိုင်း အမြဲလိုလို မူးနောက်နောက် ခံစားချက်ကြီးကို သူခံစားရသည်။ သူ၏ နဖူးနှင့် ခန္ဓာကိုယ် တစ်ခုလုံးမှာ ချွေးများနှင့် စိုရွှဲနေ၏။ သမားတော်ကြီးများက ၎င်းကို “ဟင်းလင်းပြင် ဖျားနားမှု” ရောဂါဟု ခေါ်သည်။
“ဝေါ့...”
သူ၏ ချောမောကာ အထီးကျန်ဆန်သည့် အမူအရာက ပျက်စီးသွားကာ ဝမ်းဗိုက်ကို နှိပ်လျှက် ထိုးအန် လိုက်တော့၏။ ချက်ချင်းပင် အသားများ၊ ဆေးများနှင့် နို့အရည်များက စိမ်းမြမြ မြက်ခင်းပြင်ကို ပွေ့ဖက်သွားသည်။
ဝေ့ဝူယင်၊ စုမေ့နှင့် ရှောင်ပိုင်တို့မှာ သူနှင့် ခပ်လှမ်းလှမ်း ခွာနေလိုက်၏။ သူတို့၏ မျက်လုံးများတွင် ရွံရှာမှု အရိပ်အမြွက်များ စွန်းထင်းနေသည်။
ဝေ့ဝူယင်သည် ဟင်းလင်းပြင် ဖျားနာမှု ရောဂါကို သိသော်လည်း ကျူးဟိုင်တွင် ရှိနေလိမ့်မည် ဟုတော့ ထင်မှတ် မထားခဲ့ပါချေ။ သူ၏ လေ့လာမှုများ အရဆိုလျှင် ဟင်းလင်းပြင် ဖျားနာမှု ရောဂါသည် ခန္ဓာကိုယ် အတွင်း ဟင်းလင်းပြင်ဓာတ် ချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ကံကောင်းထောက်မစွာပင် ထိုရောဂါ အတွက် ဆေးတစ်မျိုး ရှိပေသည်။ သို့သော်လည်း ကံဆိုးသည်က သူ ထိုဆေးလုံးကို တစ်ခါမှ မဖော်စပ်ခဲ့ဖူးခြင်းပင် ဖြစ်၏။
“နောက်တစ်ခေါက်ကျရင် မင်းအတွက် ဟင်းလင်းပြင်ပုံမှန်ဆေး ဖော်စပ်ပေးမယ်”
ထိုအရာမှာ အဆင့်ခုနစ် အထွတ်အထိပ် ဆေးတစ်မျိုးသာ ဖြစ်ရာ သူ့အတွက် ဖော်စပ်ရန် သိပ်ခက်ခဲလိမ့်မည် မဟုတ်ပါချေ။ အထူးသဖြင့် သူ လောလောလတ်လတ် ပိုင်ဆိုင်ထားသည့် အဂ္ဂိရတ် အင်အားဖြင့် ထိုအရာက ပိုမို လွယ်ကူပေလိမ့်မည်။
ကျူးဟိုင်မှာ စိတ်လှုပ်ရှားသွား၏။ ဟင်းလင်းပြင် ပုံမှန်ဆေးလုံး... ဒါက ခန္ဓာကိုယ်ထဲမှ ရှိတဲ့ ဟင်းလင်းပြင် စွမ်းအင်ကို မြှင့်တင်ပေးနိုင်တဲ့ ဆေးလုံးကို ပြောတာမလား...
သို့သော်လည်း ဝေ့ဝူယင်၏ အောင်မြင်မှုနှင့် ကျော်ကြားမှုများ အကြောင်း ပြန်လည် စဥ်းစားလိုက်မိသော အခိုက်၌ သူ၏ စိတ်က ပြန်လည် တည်ငြိမ်သွားသည်။
“ကျေးဇူးပါ သခင်..."
ဝေ့ဝူယင် သူ့အား ခေါင်းညိတ်ပြလိုက်သည်။ စျေးကွက်ထဲတွင် ဆိုပါက ဟင်းလင်းပြင် ပုံမှန် ဆေလုံးမှာ ကြယ်တာရာ ကျောက်တုံး ဆယ်တုံး ခန့် တန်ကြေး ရှိပေသည်။ ထိုပမာဏကို အမတေ ကျောက်တုံးများဖြင့် ဖော်ပြရပါက သန်းတစ်ရာ ဖြစ်၏။ သို့သော်လည်း သူ ထိုအရာကို မိနစ်ပိုင်း သို့မဟုတ် စက္ကန့်ပိုင်း အတွင်း အပြီးအစီး ဖော်စပ်နိုင်သည်။
ပျံကျ ကျင့်ကြံသူ အုပ်စုမှာ အသစ်ရောက်ရှိလာသည့် လူများကြောင့် တိတ်ဆိတ်သွားသော်လည်း ဟင်းလင်းပြင် မူလ ဆေးလုံး ကြားလိုက်ရသော အချိန်တွင်မူ သူတို့၏ မျက်လုံးများက တုန်လှုပ် ချောက်ချား သွားကြသည်။ သူတို့သည် ချီပျစ်ခဲခြင်း အဆင့် ကျင့်ကြံသူများသာ ဖြစ်သော်လည်း ဗဟုသုတ မရှိသည့် နာလပိန်းတုံးများတော့ မဟုတ်ပါချေ။ မည်သည့် အရာက တန်ဖိုးကြီးသည်၊ မည်သည့် အရာက ရှားပါးသည်ကို သူတို့ သိကြပေသည်။
ဆရာကြီးပိုင်သည် တိတ်တဆိတ် ရပ်ရင်း ဝေ့ဝူယင်တို့ အုပ်စုကို အကဲခတ်နေသည်။ အထူးသဖြင့် ထောင်လွှားမှု အပြည့်ဖြင့် ရပ်နေသည့် အနက်အဖြူကြား နတ်မြင်းပျံကို တွေ့လိုက်ရသော အခိုက်၌ သူ၏ မျက်လုံးများက ကျဥ်းမြောင်းသွား၏။
နတ်မြင်းပျံ...
ထိပ်သီး ပါရမီရှင်များထဲတွင်မှ ကတုံးပေါ် ထိပ်ကွက်နိုင်သူများသာ ကောင်းကင် နတ်မြင်းပျံ တစ်ကောင်ကို ပိုင်ဆိုင်နိုင်ကြသည်။ ထို့အပြင် သားပေါက် အရွယ် ကောင်းကင် နတ်မြင်းပျံ တစ်ကောင်သည် ကြယ်တာရာ အမြုတေ အဆင့် တစ်ယောက်နှင့် ခွန်အားချင်း ယှဥ်နိုင်သည်။ သူ အံကြိတ်လိုက်မိ၏။ သူကား ချီအမတေ နှစ်ဆယ့် နှစ်ခုကိုသာ ပိုင်ဆိုင်ထားသည့် ချီပျစ်ခဲခြင်း အဆင့်ရှစ် တစ်ယောက်သာ ဖြစ်သည်။ မည်ကဲ့သို့ သူတို့ကို စိန်ခေါ်နိုင်မည်နည်း။
ဝေ့ဝူယင် သူတို့အား ဂရုမစိုက်ပဲ ရှောင်ပိုင်ကို တစ်ချက် ကြည့်လိုက်၏။ ရှောင်ပိုင်က ခွာကို ယက်ရင်း အတောင်ပံများကို ခပ်ပြင်းပြင်း ခပ်လိုက်သည်။ ချက်ချင်းပင် ထိုနေရာ၌ ကြောက်မက်ဖွယ်ရာ မုန်တိုင်းတစ်ခု တိုက်ခတ်သွားကာ ပျံကျ ကျင့်ကြံသူ အားလုံးကို မြေပြင်ပေါ် လဲကျသွားစေသည်။ ခပ်လှမ်းလှမ်းရှိ ရထားလုံးမှာလည်း လိမ့်လျှက် ပြုတ်ကျကာ အစိတ်အမွှာမွှာ ပျက်စီးသွား၏။
ရှောင်ပိုင်သည် အရှိန်အဟုန်နှင့် အတူ ကောင်းကင်ဆီ ပျံတက်ကာ အနက်ရောင် လျှပ်စီးတန်း တစ်ခု အသွင် ပြောင်းလဲသွားသည်။ စက္ကန့်ပိုင်း အတွင်းမှာပင် သူသည် သွေးပန်ပဲဖို ကုန်းမြေတိုက်ကြီး၏ ကောင်းကင်အလွှာကို ဖောက်ထွက်ကာ တိုးဝင်သွားတော့၏။
ကြယ်အဆင့် သားရဲများသည် သူတို့၏ ထူးခြားသော ခန္ဓာကိုယ်များဖြင့် ကောင်းကင်အလွှာများကို ထိုးဖောက်နိုင်ရုံသာ မက အမှောင် ဟင်းလင်းပြင်အတွင်းတွင်လည်း ရှင်သန် နေထိုင်နိုင်ကြသည်။ ကြယ်တာရာများ ကဲ့သို့ပင် သူတို့သည် အမှောင်ထု အတွင်း လွတ်လပ်စွာ ကူးလူးနိုင်ကြ၏။ ထိုအရာက အတော်လေး အံ့အားသင့်ဖို့ ကောင်းပေသည်။
စုမေ့က ရှေ့သို့ တိုးကာ မြေပြင်ထက်၌ လဲကျနေသည့် လူများကို ကြည့်လိုက်၏။ မိန်းကလေးကို မလွတ်တမ်း ချုပ်နှောင်ထားဆဲ ဖြစ်သည့် ဆရာကြီးပိုင်ကို မြင်ရသော အခိုက်၌ သူ၏ မျက်လုံးများက ကျဥ်းမြောင်းသွားသည်။
“မင်းတို့ နှစ်ယောက် အရင်ဆုံး သူ့နေရာကို သွားစုံစမ်းလိုက်ကြ”
ဝေ့ဝူယင်က တည်ငြိမ်စွာပင် ဆိုလိုက်၏။ ကျူးဟိုင်က ခေါင်းတစ်ချက် ညိတ်ကာ ကြယ်တာရာ အင်အားများကို လှည့်ပတ်လိုက်သည်။ ထို့နောက် အရိပ်တစ်ခု အသွင် ပြောင်းလဲကာ ကောင်းကင်ဆီ ပျံတက်သွားတော့၏။
အလားတူပင် စုမေ့မှာလည်း ထွက်ခွာသွားသည်။ သို့သော်လည်း ကျူးဟိုင်နှင့် မတူညီစွာပင် သူမမှာ ချီပျစ်ခဲခြင်း အဆင့်ရှစ် တစ်ယောက်သာ ဖြစ်ရာ ပျံသန်းခြင်း မပြုနိုင်ချေ။ သူမက အနီးဆုံးမြို့ ရှိနိုင်မည့် အရပ်မျက်နှာကို ရှာဖွေရင်း မြေပြင်အား ခြေထောက်ဖြင့် ကန်ကာ တဟုန်ထိုး ပြေးလွှားသွားသည်။
ဝေ့ဝူယင် တစ်ခဏအတွင်း ဝေးကွာသွားသည့် စုမေ့၏ ကျောပြင်ကို လှမ်းကြည့်လိုက်မိသည်။ သူမသည် ချီပျစ်ခဲခြင်း အဆင့်ရှစ်တွင်သာ ရှိသေးသည့်တိုင် သာမန် အဆင့်ကိုးများကို ယှဥ်နိုင်နေခဲ့ပြီ ဖြစ်သည်။ သူမ၏ ကျင့်ကြံခြင်းက အလွန် ချောမွေ့ခဲ့ပြီး မကြာခင် သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့်ကို ရောက်ရှိကာ ကြယ်တာရာ ကပ်ဘေးကို ဖြတ်ကျော်နိုင်တော့မည် ဖြစ်သည်။ သူ့အား အံ့အားသင့်စေသည့် အချက်ကား သူမမှာ သုံးနှစ်အတွင်းမှာပင် ချီအမတေ ကိုးဆယ့် ရှစ်ခုအထိ စုစည်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုအရာက အတော်လေး အထင်ကြီးစရာ ကောင်းသည်။
ပျံကျ ကျင့်ကြံသူ အုပ်စုမှာ လူလဲကာ ထလာကြ၏။ ဝေ့ဝူယင်အား ကြည့်သည့် သူတို့၏ မျက်လုံးများက ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေသည်။ ထိုငယ်ရွယ် ချောမောသည့် ကျင့်ကြံသူတွင် ကောင်းကင် နတ်မြင်းပျံ တစ်ကောင် အပြင် သူတို့ပင် အာရုံမခံနိုင်သည့် နောက်လိုက် နှစ်ယောက်လည်း ရှိနေခဲ့သည်။ ထိုအခိုက်၌ သူတို့မှာ အသက်ကိုပင် ပြင်းပြင်း မရှူဝံ့ခဲ့ကြချေ။
ဝေ့ဝူယင်က သူတို့အား ကြည့်ကာ အနည်းငယ် ပြုံးလိုက်၏။
“ကျုပ် လူတစ်ယောက်ကို ရှာနေတာ... စိတ်မရှိရင် ခင်ဗျားတို့ ကူညီပေးနိုင်မလား”
“ဘယ်... ဘယ်သူလဲ...”
အညိုရင့်ရောင် အသားအရေနှင့် လူ့ဘီလူးကြီးက မေးလိုက်သည်။ အခြားလူများနှင့် စာပါက သူသည် အနည်းငယ် အကြောက်အရွံ့ ကင်မဲ့ဟန် ရသည်။
“မျက်မမြင် တစ်ယောက်ပါ... သူ ဒီနေရာတစ်ဝိုက်မှာ နေတယ်လို့ ကျုပ် သတင်းရထားတယ်”