အန်ညီအမ
Vol. 15 Ch. 202
ဝေ့ဝူယင်သည် ဤခရီးကို ပစ်မှတ် နှစ်ယောက် အတွက် ထွက်လာခဲ့ခြင်း ဖြစ်ပြီး မျက်မမြင်မှာ ပထမဆုံး ပစ်မှတ် ဖြစ်သည်။ ဆရာကြီးပိုင်နှင့် နောက်လိုက်များမှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြ၏။ ထိုပုဂ္ဂိုလ်က မည်သူ့အကြောင်း မေးနေသနည်း။
ဘုတ်... ဘုတ်...
ထိုစဥ်တွင်ပင် အပိုင်းပိုင်း အစစ ကျိုးကြေနေသည့် ရထားလုံးပျက် အတွင်းမှ မိန်းမငယ်လေး တစ်ယောက် ထွက်ပေါ်လာသည်။ သူမသည် ဆယ်နှစ်၊ ဆယ့်တစ်နှစ်ထက်ပင် ကျော်ပုံ မရသေးချေ။ သူမ၏ အင်္ကျီများက ဖုန်များဖြင့် ပေကျံနေကာ ခေါင်းတွင် သွေးစီးကြောင်း တစ်ခု စီးကျနေသည်။ သူမက အသံ စာစာ ကလေးနှင့် အလျင်စလို အော်ဟစ်လိုက်၏။
“သူ ဘယ်မှာလဲ ဆိုတာ ကျွန်မသိတယ်”
ဆရာကြီးပိုင်နှင့် သူ့လူများမှာ မိန်းကလေးအား လှည့်ကြည့်လိုက်ကြသည်။ ဆရာကြီးပိုင်၏ လက်ထဲတွင် အဖမ်းခံထားရသည့် မိန်းကလေးမှာ ကလေးမလေးကို တွေ့သည်နှင့် စိုးရိမ်တကြီး အော်ဟစ်လိုက်လေတော့၏။
“ပြေးတော့...”
သို့သော်လည်း သူမ၏ စကားမဆုံးခင်မှာပင် ဆရာကြီးပိုင်၏ လက်တစ်ဖက်က လည်ပင်းဆီသို့ ရောက်လာကာ အသံကို တစ်ပိုင်းတစ်စဖြင့် ပိတ်ဆို့သွား၏။ ဝူးဝူးဝါးဝါး အသံများသာ ဆက်လက် ထွက်ပေါ်လာသော်လည်း သူမမှာ ပြေးရန် တိုက်တွန်းနေခြင်း ဖြစ်ကြောင်း ရှင်းလင်းပေသည်။
သို့သော်လည်း ကလေးမလေးမှာ မပြေးချေ။ ပြေး၍ မလွတ်နိုင်မှန်း သိသောကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ သို့မဟုတ် မပြေးချင်သောကြောင့်လည်း ဖြစ်ပေလိမ့်မည်။ ခွဲမရအောင် တူညီသည့် ကြည်ပြာရောင် မျက်ဝန်းများနှင့် ရွှေရောင် ဆံပင်များကို ကြည့်ခြင်းအားဖြင့် ထိုမိန်းကလေး နှစ်ဦး၏ တော်စပ်မှုကို ခန့်မှန်းနိုင်ပေသည်။ သူတို့ နှစ်ယောက်မှာ ညီအမများပင် ဖြစ်ကြ၏။
ဝက်နှင့်တူသည့် ရှို့ရန်မျိုးနွယ်က ကတိုက်ကရိုက်ပင် ကလေးမလေးကို ဖမ်းဆီးရန် ကြိုးစားလိုက်သည်။ အလွန် လျှင်မြန်လှသော လှုပ်ရှားမှုက သူ ထိုအလုပ်ကို အကြိမ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ဖူးကြောင်း သိသာစေသည်။ သူသည် တဒင်္ဂအတွင်းမှာပင် ကလေးမလေး၏ ရှေ့သို့ ရောက်ရှိသွား၏။
ဘုန်း...
ရုတ်တရက် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာကာ မိန်းမငယ်လေး၏ မျက်နှာတစ်ခုလုံးမှာ ကြက်သွေးရောင် သွေးများဖြင့် ရွှဲရွှဲစိုသွား၏။ သို့သော်လည်း ထိုအရာက သူမ၏ သွေးများ မဟုတ်ပဲ ဝက်နှင့်တူသည့် ရှို့ရန် မျိုးနွယ် ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော သွေးများပင် ဖြစ်သည်။ သူ’ အရိုးများ၊ ကလီစာများ၊ အသွေးအသားများနှင့် ပဲနှစ်နှင့် တူသည့် ဦးနှောက်များမှာ မြေပြင်ပင် ပြန့်ကျဲနေ၏။ ၎င်းတို့မှာ ဘယ်တော့မှ သက်ရှိ တစ်ယောက် အဖြစ် ပြန်ဆက်နိုင်တော့မည် မဟုတ်ချေ။
မေးတဆတ်ဆတ် ရိုက်သံများ ထွက်ပေါ်လာကာ အားလုံး၏ အကြည့်များက ပုံမှန်အတိုင်း ပြုံးနေသည့် ဝေ့ဝူယင်ထံ ရွေ့လျားသွားသည်။ သူ၏ ညာဘက် လက်ညိုးတွင် နဂါးအင်အား အလင်းရောင် တစ်ခုက ခပ်မှိန်မှိန် တောက်ပနေသည်ကို တွေ့မြင်ရ၏။ အကယ်၍ သေချာ အာရုံစိုက် နားထောင်မည် ဆိုပါက အစစ်အမှန် နဂါးတစ်ကောင်၏ ဟိန်းဟောက်သံ တိုးညှင်းစွာ ကြားရပေလိမ့်မည်။
ဝေ့ဝူယင်သည် သွေးကွက်နှင့် အသားပုံများကို ရှောင်ရှားကာ ကလေးမလေးထံသို့ လျှောက်သွားလိုက်သည်။
“ဘယ်နေရာမှာလဲ ဆိုတာ မင်း ငါ့ကို ပြောပြနိုင်မလား”
“ ... “
ဒါဇင်နှင့်ချီသည့် ပျံကျ ကျင့်ကြံသူ အုပ်စုမှာ တိတ်ဆိတ်နေကြသည်။ ထိုအခိုက်၌ သူတို့သည် အသက်ကိုပင် ကျယ်လောင်စွာ မရှူရဲခဲ့။ ဆရာကြီးပိုင်၏ လက်အတွင်းရှိ မိန်းကလေးမှာပင် ငြိမ်သက်နေသည်။ သူမသည် လူများ သေသည်ကို တွေ့မြင်ခဲ့ဖူးသော်လည်း ယခုကဲ့သို့ အပိုင်းပိုင်း အစစ အဖြစ် ပေါက်ကွဲသွားသည်ကိုတော့ ယခုမှသာ ပထမဆုံး အကြိမ် ကြုံဆုံဖူးခြင်း ဖြစ်သည်။
ပြန်မဖြေနိုင်အောင် ထိတ်လန့်နေသည့် ကလေးမလေး၏ ပုံစံကို ကြည့်ကာ ဝေ့ဝူယင် စိတ်ထဲမှ သက်ပြင်းချ လိုက်မိသည်။ အမှန်အတိုင်း ဆိုရပါက သူသည် ဝက်နှင့် တူသည့် ရှို့ရန်ကို ဘယ်တုန်းကမှ သတ်ဖြတ်ရန် မရည်ရွယ်ခဲ့ချေ။ ထို့အစား အရိုးများ ကျိုးစေရုံလောက်သာ ဘေးသို့ တွန်းဖယ်လိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း ကံဆိုးစွာပင် ထိုအရာက သူ ဟင်းလင်းပြင် နဂါးသွေး ကြယ်တာရာ အင်အားကို အသုံးပြုသည့် ပထမဆုံး အကြိမ် ဖြစ်နေခဲ့သည်။ သူသည် ထိုတိုက်ခိုက်မှုတွင် တစ်ရာခိုင်နှုန်းမျှသာ အင်အားကိုသာ အသုံးပြုခဲ့သော်လည်း ကံဆိုးသူ မောင်ရှင်အတွက်တော့ ထိချက်ပြင်းခဲ့သည်။
“မင်း ငါ့ကို ပြောပြမယ် ဆိုရင် ဆုလာဘ်အချို့ ချီးမြှင့်မှာပါ”
ဝေ့ဝူယင်က သူ့အသံကို ချိုသာကာ ဖော်ရွေသည့် ပုံစံဖြစ်အောင် လုပ်ယူလိုက်သည်။
“ကျွန်မ...”
ကလေးမလေးမှာ တွေးရေယာဥ်ကြောမှ ပြန်လည် နိုးထလာဟန် ရ၏။ သူမ ဝေ့ဝူယင် ဆိုလိုသည့် အဓိပ္ပာယ်ကို ကောင်းစွာ နားလည်ပေသည်။ လှပသော မျက်ဝန်းပြာများက တဖြည်းဖြည်း ရွေ့လျားသွားကာ မြက်ခင်းပြင်ထက်ရှိ အလောင်းများထံ ရောက်ရှိသွားသည်။ ထိုသူရဲကောင်းများသည် သူမတို့ ညီအမကို ကာကွယ်ရန် အတွက် အသက်စွန့်ခဲ့ရသည်။
ကလေးမလေး၏ မျက်လုံးများမှာ နာကျည်းမှု အပြည့်ဖြင့် ရက်စက် ကြမ်းကြုတ်သည့် ထိုဓားပြများထံ ကျရောက်သွား၏။ ထို့မှတစ်ဆင့် အမဖြစ်သူကို ချုပ်ကိုင်ထားသည့် သူတို့ ခေါင်းဆောင်...
ဝေ့ဝူယင် ကလေးမလေး ဖြစ်စေချင်သည့် သဘောထားကို ချက်ချင်းပင် နားလည်လိုက်၏။ သူက သက်ပြင်းတစ်ချက် ချကာ ကျင့်ကြံသူ အုပ်စုဘက်သို့ ခပ်ဖြည်းဖြည်း လှည့်လိုက်သည်။
ဆရာကြီးပိုင်သည် သူ၏ နောက်လိုက်များထက် ပိုမို ပါးနပ်သူ ဖြစ်သည်။ သူသည် လျှင်မြန်စွာပင် ခါးတွင် ချိတ်ထားသည့် ဓားကို ဖြုတ်လိုက်ကာ မိန်းကလေး၏ လည်ပင်းထက်သို့ တင်လိုက်သည်။
ရွှစ်...
ရုတ်တရက် လေတိုးသံ တစ်ခုနှင့် အတူ ဆရာကြီးပိုင်၏ လည်ပင်းတွင် သွေးစင်းကြောင်း တစ်ခု ဖြစ်ပေါ်လာ၏။ ခပ်မြန်မြန်ပင် ယင်းက လည်ဂုတ်အထိ ကျယ်ပြန့်သွားည်။
ဘုတ်...
ခပ်လေးလေး အသံတစ်နှင့် အတူ ဆရာကြီးပိုင်၏ ခေါင်းက ကိုယ်လုံးဆီမှ ကင်းကွာကာ မြက်ခင်းစိမ်းပေါ် လိမ့်ဆင်းသွားလေတော့၏။ ဝေ့ဝူယင်၏ လက်ရှိ ဆေဘာအရိပ်က လျှင်မြန်စွာပင် ပြန်လည် မှေးမှိန် ပျောက်ကွယ်သွားသည်။
"ဘယ်လိုလဲ...”
သူက ကလေးမလေးအား စောင်းကြည့်ရင်း ပြုံးပြလိုက်သည်။ မိန်းကလေး၏ မျက်လုံးများက နတ်ဘုရားထံမှ ဆုတောင်းတစ်ခုကို ရရှိလိုက်သည့် အလား တလက်လက် တောက်ပသွားသည်။ ထိုအရာက သူမ လိုလားတောင့်တ နေသည့် ထိုက်တန်သော လက်စားချေမှုပင် ဖြစ်လေတော့သည်။
နောက်ထပ် အစဥ်လိုက် ဖြစ်ပေါ်လာသည့် အဖြစ်အပျက်များကား သေသပ်၊ သပ်ရပ်ကာ သွေးထွက်သံယိုကို နှစ်သက်သူများ အတွက် ပြပွဲကောင်း တစ်ခု ဖြစ်နေလေတော့သည်။
...
မိနစ် အနည်းငယ် ကြာပြီးနောက် အမျိုးသမီးငယ်သည် ရေချီအား အသုံးပြုလျှက် ညီမဖြစ်သူ၏ အဝတ်အစားနှင့် ဆံပင်များထက်ရှိ သွေးများကို သန့်စင်ပေးနေခဲ့သည်။ တူညီစွာပင် သူတို့ နှစ်ဦးစလုံး၏ မျက်နှာထက်၌ ချိုသာသော အပြုံးများက နေရာယူ နေခဲ့သည်။ ထိတ်လန့်ဖွယ် အိပ်မက်ဆိုးများကို ဖြတ်ကျော်ပြီးနောက်တွင် မည်သူက မပြုံးပဲ နေနိုင်ပါမည်နည်း။
ဝေ့ဝူယင်သည် သူတို့ နှစ်ယောက်ကို စောင့်ရင်း ကောင်းကင်သို့ မော့ကြည့်နေခဲ့သည်။ သူ၏ ကောင်းကင်ဘုံ နတ်မျက်လုံးများက မိုင်ပေါင်း ထောင်ချီကို ကျော်လွန်ကာ ကောင်းကင်အလွှာ အထက်တွင် ပျင်းရိစွာ ကျင့်ကြံနေသည့် ရှောင်ပိုင်အား မြင်ရသည်။
သူ့အနေဖြင့် ဖြစ်နိုင်လျှင် ရှောင်ပိုင်ကို ဤနေရာသို့ပင် ခေါ်မလာလိုချေ။ အဂ္ဂိရတ် အစည်းအရုံး အပါအဝင် များစွာသော အန္တရာယ်များ ဝန်းရံနေချိန်၌ သူ တိတ်တဆိတ်သာ လှုပ်ရှားလိုသည်။ သို့သော်လည်း သူသည် သားရဲတစ်ကောင်၊ သို့မဟုတ် အဆင့်မြင့် တိုက်ခိုက်ရေး သမားတစ်ဦးကိုတော့ လိုအပ်နေဆဲ ဖြစ်သည်။ သူသည် ရှောင်ပိုင်ကို ကောင်းကင်အလွှာထက်၌သာ စောင့်ဆိုင်းရန် စေခိုင်းထားခဲ့သည်။
မကြာခင်မှာပင် မိန်းကလေး နှစ်ယောက်မှာ သန့်စင် ပြီးစီးသွား၏။
"ကျေးဇူးတင်ပါတယ် အကြီးအကဲ...”
“အကြီးအကဲ...”
ဝေ့ဝူယင် ခပ်တိုးတိုး လိုက်လံ ရေရွတ်လိုက်မိ၏။ ဒုက္ခနွံများ အတွင်း သေလုမြောပါး ရုန်းကန်ခဲ့ရသည့် လွန်လေခဲ့ပြီးသော ဘဝများက သူ့အာရုံတွင် ဖျပ်ခနဲ ပေါ်လာခဲ့သည်။ ယခုတွင်မူ သူသည် အကြီးအကဲဟု ခေါ်ဆိုခံရသည့် ကျင့်ကြံခြင်း အဆင့် တစ်ခုသို့ ရောက်ရှိနေခဲ့ချေပြီ။
“ဘာဖြစ်လို့လဲ... အကြီးအကဲ...”
မိန်းကလေးက အနည်းငယ် ရီဝေနေသည့် ဝေ့ဝူယင်၏ မျက်လုံးများကို ကြည့်ရင်း မေးလိုက်သည်။
“ဘာမဟုတ်ပါဘူး...”
ဝေ့ဝူယင်က ခေါင်းခါရင်း ဖော်ရွေသည့် အပြုံး တစ်ခုကို ထုတ်ဖော်လိုက်၏။
“မျက်မမြင် အဘိုးကြီးက ဘယ်နေရာမှာ နေလဲ ဆိုတာ မင်းတို့ ငါ့ကို ပြောပြလို့ ရပြီလား”
ကလေးမလေးက ခေါင်းညိတ်ကာ အနောက်ဖက် အရပ်သို့ လက်ညိုး ညွှန်ပြလိုက်သည်။
“သူက ဟိုးရေကန်နားက သက်ကယ်တဲအိုလေးမှာ နေတယ်”
နေဝင်ရာ အရပ်ကို လှမ်းကြည့်ရင်း ဝေ့ဝူယင်၏ မျက်လုံးများက ဖျပ်ခနဲ တောက်ပသွားသည်။ နှစ်မိုင်ခန့် ခရီးဆက်လိုက်သည်နှင့် ထိုရေကန်ကို သူ ရောက်ရှိပေတော့မည်။ အသက်ဓာတ်နှင့် နှလုံးခုန်သံ ဖျော့ဖျော့ကို သူ ဤနေရာမှပင် ခံစား၍ ရ၏။ ကလေးမလေးအား ခေါင်းညိတ်ပြလိုက်ရင်း ဝေ့ဝူယင် ထွက်ခွာရန် ဟန်ပြင်လိုက်သည်။
“အကြီးအကဲ ခဏစောင့်ပါဦး...”
ဝေ့ဝူယင် ခြေလှမ်းများကို ရပ်တန့်ရင်း မိန်းကလေးကို လှည့်ကြည့်လိုက်၏။ သူ၏ မျက်ခုံးများက မေးခွန်းထုတ်ဟန်နှင့် အပေါ်သို့ အနည်းငယ် မြင့်တက်သွားသည်။
“အကြီးအကဲက အဂ္ဂိရတ် ပညာရှင် တစ်ယောက်လား...”
မိန်းကလေး၏ လေသံက တုန့်ဆိုင်းမှု၊ မျှော်လင့်ချက်၊ စိတ်ပျက် အားလျှော့မှု အရိပ်အငွေ့တို့ဖြင့် ပြည့်နှက် နေသည်။ ၎င်းတို့က ခံစားချက်များ ရောယှက်နေသည့် မှတ်ဉာဏ်တစ်ခုနှင့် ချိတ်ဆက်နေဟန် ရသည်။
"အင်း...”
ဝေ့ဝူယင် ခေါင်းညိတ်ပြလိုက်၏။ သူသည် အဂ္ဂိရတ် အစည်းအရုံး၏ တရားဝင် အသိအမှတ်ပြု ခံထားရသည့် အဂ္ဂိရတ် ပညာရှင် မဟုတ်သေးသည့်တိုင် အဆင့်ရှစ် ဆေးများကိုတော့ အလွယ်တကူ ဖော်စပ်နိုင်သူ ဖြစ်သည်။ ထို့ကြောင့်ပင် သူ့ကို အဂ္ဂိရတ် ပညာရှင်ဟု ခေါင်းစဥ် တပ်လိုပါက တပ်နိုင်ပေသည်။
မိန်းကလေး၏ မျက်လုံးများက ဝင်းလက်သွားကာ လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် ယှက်လိုက်သည်။
“အကြီးအကဲ... ကျွန်မ နာမည်က အန့်ပိုင်ရုပါ... သူကတော့ ကျွန်မ ညီမလေး အန်ဖေးကျင်းပါ... ကျွန်မတို့ ညီအမက သွေးတိုက်တန် မြို့တော် အန်မျိုးနွယ်စုက လာတာပါ... အကြီးအကဲဆီကနေ အကူအညီ တစ်ခုလောက် တောင်းလို့ရမလား”
ဝေ့ဝူယင် တိတ်တဆိတ်ပင် စဥ်းစားလိုက်သည်။ တစ်ခဏမျှ ကြာပြီးနောက်၌ သူက မိန်းကလေး၏ မျက်ဝန်းပြာများကို စိုက်ကြည့်လိုက်၏။
“ဘာအတွက်လဲ...”
အန်ပိုင်ရုမှာ ဝေ့ဝူယင်၏ စူးရှ အေးစက်သော အကြည့်များကြောင့် အနည်းငယ် တုန်ရီသွားသည်။ သို့သော်လည်း သူမက အားတင်းရင်း ရှင်းပြလိုက်သည်။ သူမတို့ မျိုးနွယ်ကို ကယ်တင်နိုင်သည်က ထိုအကြီးအကဲ တစ်ယောက်တည်းသာ ရှိနိုင်သည် မဟုတ်ပါလား။
“ဒီလိုပါရှင်... ကျွန်မတို့ မျိုးနွယ်ဟာ အဂ္ဂိရတ် တိုက်ပွဲ ဆင်နွှဲဖို့ စိန်ခေါ်ခံထားရပါတယ်... ဒါပေမဲ့ ခုထိ ဝင်ပြိုင်ဖို့လူ ရှာလို့ မရသေးပါဘူး... ကျွန်မ တောင်းဆိုမှုက များသွားမှန်း သိပါတယ်... ဒါပေမဲ့ အကြီးအကဲ အတွက် လုံလောက်တဲ့ အကျိုးအမြတ်တွေကို ကျွန်မတို့ဘက်က ပြန်ပေးနိုင်ပါတယ်”
ဟင်းလင်းပြင် အစီအရင်မှ ထွက်လာပြီးပြီးချင်း ဝေ့ဝူယင်နှင့် ကျူးဟိုင်တို့ ပြောနေသည့် စကားဝိုင်းကို သူတို့ ကြားခဲ့ရသည်။ ထိုချောမောသော အကြီးအကဲမှာ လှပသော နောက်လိုက်အတွက် အဆင့်ခုနစ် ဆေးတစ်လုံး ဖော်စပ်ပေးမည်ဟု ကတိပေးခဲ့သည်။ ထို့အပြင် သူတို့သည် နတ်မြင်းပျံ တစ်ကောင်ကိုလည်း ပိုင်ဆိုင်ထားသေးသည်။
အထက်ပါ အချက်များကို ထောက်ချင့်ပါက ဤချောမောသော အကြီးအကဲမှာ အဂ္ဂိရတ် ဧကရာဇ် တစ်ပါး ကျိန်းသေ ဖြစ်နိုင်ပေသည်။
***