ဂိုဏ်းတူအစ်ကိုကြီး၏ နှုတ်ဆိတ်မှု
Vol. 84 Ch. 1161
လူသားများအား အသက်ရှိနေသေးသည့် လူများနှင့် သေဆုံးသွားသည့် လူများအဖြစ် ခွဲခြားသတ်မှတ်ကြသလို နယ်မြေများကိုလည်း အလင်းနှင့် အမှောင်အဖြစ် ခွဲခြားသတ်မှတ်ထား၏။
အဆုံးမဲ့တာအိုနယ်မြေမှာ လော့၏ အချုပ်အနှောင်ကြောင့် ပေါ်ပေါက်လာသည့် ကျောက်ပြားကမ္ဘာကြီး ဖြစ်နေပါသော်လည်း ထိုကဲ့သို့ ခွဲခြားသတ်မှတ်ခံထားရဆဲပင်။ ထိုသို့သာ မဟုတ်ပါက အရာအားလုံးမှာ ပြီးပြည့်စုံမှု ရှိမည်မဟုတ်ပေ။ သက်ရှိများ အားလုံးမှာလည်း သူတို့ကိုယ်သူတို့ အာဟာရဓာတ် ဖြည့်တင်းနိုင်စွမ်း ရှိမည်မဟုတ်သလို တာအိုအားလုံးမှာလည်း ဆက်လက်တည်မြဲနေနိုင်မည် မဟုတ်ပေ။ ထို့အပြင် ၎င်းတို့မှာ သံသရာလည်နိုင်စွမ်းလည်း ရှိမည်မဟုတ်ပေ။
ယခုတွင် ချန်ရှင်းမှာ ဝမ်ပေါင်လဲ့အား ငရဲကိုးထပ်ကို ဖြတ်၍ ခေါ်ဆောင်သွားပြီး အဆုံးမဲ့တာအိုနယ်မြေ၏ သေမင်းနယ်မြေထဲသို့ ရောက်ရှိသွား၏။
ထိုနေရာအား သေမင်းနယ်မြေ၊ အမှောင်ကမ္ဘာ၊ မဟူရာချောက်နက် အစရှိသဖြင့် အမျိုးမျိုးခေါ်ကြ၏။ ဒဏ္ဍာရီအမျိုးမျိုးထဲတွင် နာမည်အမျိုးမျိုးရှိကြပါသော်လည်း အမှောင်ဂိုဏ်းမှာမူ ဤနေရာအား... အမှောင်နယ်မြေဟု ခေါ်ဆိုကြပေသည်။
သို့သော် ဤနေရာကြီးမှာ အာကာသကောင်းကင်ကြီးထဲရှိ နယ်မြေတစ်ခုဖြစ်နေဆဲပင်။ ထို့ကြောင့် ၎င်းထဲ၌ အဆုံးမဲ့မိုးကောင်းကင်တာအို၏ စည်းမျဉ်းဥပဒေသများ ကိန်းအောင်းနေဆဲပင်။ သို့သော် ၎င်းတို့မှာ သက်ရှိနယ်မြေထဲတွင် ရှိသော စည်းမျဉ်းဥပဒေသများထက် ပို၍ အားပျော့နေ၏။ ထို့အပြင် အမှောင်ဂိုဏ်းမှာ ဘယ်သောအခါကမှ အပြီးတိုင် ပျက်စီးပျောက်ကွယ်သွားခဲ့ခြင်း မရှိပေ။ သူတို့မှာ ဤနေရာအား နှစ်ပေါင်း တစ်သောင်းကျော် ကာကွယ်စောင့်ရှောက်ခဲ့ပြီး ဤ နယ်မြေထဲရှိ အဆုံးမဲ့မိုးကောင်းကင်တာအို အများစုအား ဖယ်ရှားနိုင်ခဲ့၏။
ထို့နောက် ချန်ရှင်းမှာ အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအိုအဖြစ် ပြောင်းလဲသွားခဲ့သဖြင့် အဆုံးမဲ့တာအိုနယ်မြေထဲတွင် မိုးကောင်းကင်တာအိုနှစ်မျိုး ရှိနေပြီဖြစ်သည်။ ထို့ကြောင့် အမှောင်နယ်မြေထဲ၌ အဆုံးမဲ့မိုးကောင်းကင်တာအို၏ အငွေ့အသက်များ ရှိမနေတော့ပေ။ အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအို စွမ်းအားများသာလျှင် ထိုနယ်မြေအား လွမ်းခြုံထားပြီဖြစ်သည်။
ဤ အမှောင်နယ်မြေကြီး၏ အရွယ်အစားမှာ သက်ရှိကမ္ဘာကြီး၏ အရွယ်အစားနှင့် အတူတူဖြစ်ပါသော်လည်း ကြယ်စင်စုများနဲ့ ကြယ်များ များများစားစား ပိုင်ဆိုင်ထားခြင်းမရှိပေ။ မြစ်ဖျားခံရာ နေရာကို မမြင်နိုင်သလို အဆုံးကိုလည်း မည်သူမှမသိကြသည့် အဆုံးမရှိလောက်အောင် ကျယ်ပြောသော အမှောင်မြစ်ကြီးတစ်စင်းသာ ရှိနေသည်။
ထို အမှောင်မြစ်ကြီးမှာ အမှောင်နယ်မြေတစ်ခုလုံးထဲ၌ စီးဆင်းနေ၏။ ထိုမြစ်ကြီးထဲတွင် အလင်းရောင် အစက်အပြောက်များမှာ အတိအကျ ရေတွက်၍ မရနိုင်လောက်အောင် စုဝေးနေကြသည်။ အချို့သော အလင်းရောင် အစက်အပြောက်များမှာဆိုလျှင် ထို မြစ်ကြီးထဲ၌ နစ်မြုပ်နေကြသေးသည်။ ၎င်းတို့အားကြည့်လိုက်မည်ဆိုပါက မည်သည့်ကျင့်ကြံသူမဆို နှလုံးသားထဲ၌ သိမ်ငယ်စိတ်များ ပေါ်ပေါက်လာရမည်သာဖြစ်သည်။
ထို အမှောင်မြစ်ကြီး၏ အလယ်တွင်မူ တစ်လုံးတည်းသော ကြယ်ကြီး ရှိနေ၏။
ထို ကြယ်ကြီးမှာ အလွန်အင်မတန်မှ အရွယ်အစား ကြီးမားပါသော်လည်း လေထဲ၌ ရစ်ဝဲနေခြင်း မရှိပေ။ ၎င်းမှာ ကျွန်းငယ်လေးတစ်ကျွန်းကဲ့သို့ အမှောင်မြစ်ကြီး၏ အလယ်တွင် ရှိနေ၏။ အမှောင်မြစ်ကြီး မည်ကဲ့သို့ပင် စီးဆင်းနေစေကာမူ ၎င်းမှာ ပျက်စီးမသွားပဲ အကောင်းအတိုင်း ရှိနေဆဲပင်။
" ဒီအမှောင်ကြယ်က အမှောင်ဂိုဏ်းရဲ့ မဟာတာအို ကြယ် အလုံးသုံးထောင်ထဲက ကျန်ရစ်ခဲ့တဲ့ တစ်လုံးတည်းသော ကြယ်ပဲ " ချန်ရှင်းမှာ ကျယ်ပြောလှသော အမှောင်မြစ်ကြီး၏ အပြင်ဘက်၌ ရုပ်လုံးပေါ်လာ၏။ ဝမ်ပေါင်လဲ့မှာ သူ၏ဘေးတွင် ရပ်နေသည်။ သူသည် အံသြတုန်လှုပ်မှုများကို ဖုံးကွယ်ထားနိုင်စွမ်းမရှိဘဲ နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ဗြောင်းဆန်နေ၏။
သူသည် လမ်းတစ်လျှောက်တွင် ရင်သပ်ရှုမောဖွယ်ရာ အမှောင်မြစ်ကြီးအား မြင်ခဲ့ရသလို ၎င်းဆီမှ ထွက်ပေါ်နေသည့် အားကောင်းသော သေမင်းအငွေ့အသက်များကိုလည်း အာရုံခံမိခဲ့၏။ သူ၏ ခန္ဓာကိုယ်ထဲရှိ အဆုံးမဲ့မိုးကောင်းကင်တာအို၏ စည်းမျဥ်းဥပဒေသများမှာ ဤနေရာတွင် အပြည့်အဝ ဖိနှိပ်ချုပ်တည်းခံထားရသဖြင့် သူသည် ၎င်းတို့အား အနည်းငယ်လေးပင် ထုတ်မသုံးနိုင်ပေ။ အခြားတစ်ဖက်တွင်မူ အမှောင်ဂိုဏ်း၏ စည်းမျဥ်းဥပဒေသများမှာ လှုပ်လှုပ်ရွရွ ဖြစ်နေ၏။ ၎င်းတို့မှာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးထဲ၌ ပြည့်နှက်နေသဖြင့် သူ၏ အမှောင်မီးတောက်မှာလည်း တောက်ပစွာလောင်ကျွမ်းနေသည်။ ၎င်းမှာ သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်၌ ပျံ့နှံ့ကာ အမှောင်မီးပင်လယ် တစ်စင်းအဖြစ် ပြောင်းလဲသွားသည်။
" အမှောင်ကြယ် ဟုတ်လား " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားပြီး လေသံတိုးတိုးဖြင့် ရေရွတ်မိလိုက်၏။ ထို့နောက် သူသည် အမှောင်မြစ်ကြီးအား ကြည့်နေရာမှ အကြည့်လွှဲကာ တစ်လုံးတည်းရှိနေသည့် ကြယ်ကြီးအား လှမ်းကြည့်လိုက်သည်။ သူသည် ၎င်းဆီမှ ထွက်ပေါ်လာနေသည့် ရှေးဟောင်းအငွေ့အသက်များကိုသာမက အမှောင်ဂိုဏ်း၏ အငွေ့အသက်လှိုင်းများကိုပါ အာရုံခံမိနေသည်။
" လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက အဆုံးမဲ့မိုးကောင်းကင်တာအိုက အမှောင်ဂိုဏ်းကို ပုန်ကန်ခဲ့တာ။ အဲဒီတိုက်ပွဲထဲမှာ အမှောင်ဂိုဏ်းရဲ့ မဟာတာအို ကြယ်အလုံးသုံးထောင် အားလုံးနီးပါး ပျက်စီးသွားခဲ့တာလေ။ နောက်ဆုံးကျတော့ မိုးကောင်းကင်တာအိုပါ ပျက်စီးသွားရော။ အစ်ကိုက အဲဒီ ကြယ်တွေထဲက တစ်လုံးကို ပြန်ပြီးတော့ ပြုပြင်နိုင်ဖို့အတွက် နည်းလမ်းမျိုးစုံသုံးပြီး ကြိုးစားခဲ့တာ။ အဲဒီ ကြယ်ကို ပြန်ပြီးတော့ အသက်သွင်းနိုင်ဖို့အတွက် သူ့ရဲ့ အရိပ်ကို အတိတ်ကနေ ပြန်ခေါ်ပြီး သူနဲ့ ပြန်ပြီးတော့ ပေါင်းစည်းခဲ့ရတာ " ချန်ရှင်းမှာ အမှောင်မြစ်ကြီးနှင့် အမှောင်ကြယ်ဆီသို့ လျှောက်လှမ်းသွားနေရင်း တစ်ကိုယ်တည်းရေရွတ်လိုက်၏။
ဝမ်ပေါင်လဲ့မှာ ချန်ရှင်း၏ စကားများကို နားထောင်ရင်း နှလုံးသားတစ်ခုလုံး တုန်ရီသွားရ၏။ သူသည် နှုတ်ဆိတ်ကာ သူ၏နောက်မှ ဆက်လိုက်သွားလိုက်သည်။ ထိုသို့ဖြင့် သူတို့နှစ်ယောက်မှာ အမှောင်မြစ်ကြီးနှင့် အမှောင်ကြယ်၏ အနီးသို့ ရောက်ရှိလာတော့သည်။
သူတို့ ရောက်ရှိလာသည်ကို အမှောင်ကြယ်ပေါ်ရှိ အမှောင်ဂိုဏ်းသားများမှာ အာရုံခံမိလိုက်၏။ ထို့ကြောင့် အစွမ်းထက် နတ်ဘုရားအာရုံအမြောက်အမြားမှာ သူတို့အား လွှမ်းခြုံသွားကြသည်။ ထို့နောက် အမှောင်ကြယ်ထဲမှ လူရိပ်အမြောက်အမြား ပျံထွက်လာပြီး သူတို့ဆီသို့ ဦးတည်လာကြ၏။
" ပေါင်လဲ့။ မင်း အမှောင်ဂိုဏ်းရဲ့ တာဝန်က ဘာလဲဆိုတာသိလား " ချန်ရှင်းမှာ အမှောင်ကြယ်ထဲမှ ပျံထွက်လာသည့် လူများအား ဂရုစိုက်နေခြင်းမရှိဘဲ လေသံတိုးတိုးဖြင့် မေးလိုက်သည်။
ဝမ်ပေါင်လဲ့မှာ အရင်ဆုံး ခေါင်းညိတ်ပြလိုက်ပြီးမှ ခေါင်းပြန်ယမ်းလိုက်၏။ သူသည် စကားတစ်ခွန်းမှမပြောဘဲ နှုတ်ဆိတ်နေသည်။
" အမှောင်ဂိုဏ်းက... စည်းမျဉ်းစည်းကမ်းတွေကို ကြပ်မတ်ရတဲ့ အဖွဲ့အစည်းတစ်ခုထက် မပိုပါဘူး "
" ဘယ်သူ့ရဲ့ စည်းမျဥ်းစည်းကမ်းတွေလဲ "
" အဆုံးမဲ့တာအိုနယ်မြေက ကျောက်ပြားတစ်ပြားထက် မပိုဘူး။ အဲဒီကျောက်ပြားကို ဒီနယ်မြေကြီးရဲ့ အပြင်ဘက်မှာရှိတဲ့ အစွမ်းထက်ပုဂ္ဂိုလ်ကြီးတစ်ယောက်က ဖန်တီးထားတာ။ အမှောင်ဂိုဏ်း ကြပ်မတ်ရတဲ့ စည်းကမ်းတွေက အဲဒီ အစွမ်းထက်ပုဂ္ဂိုလ်ကြီး ချမှတ်ခဲ့တဲ့ စည်းကမ်းတွေပဲ "
" အမှောင်ဂိုဏ်းက အတိတ်ဘဝတွေထဲမှာကတည်းက ရှိနေခဲ့တာ။ ဒါပေမဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ တစ်သားတည်း ပေါင်းစည်းပြီးတော့ နောက်ကွယ်ကနေပဲ အုပ်ချုပ်ခဲ့တာ။ ဒီဘဝမှာ.... အဲဒီ စည်းမျဥ်းစည်းကမ်းတွေ လျော့ရိလျော့ရဲ ဖြစ်သွားလို့ တစ်ကမ္ဘာလုံးက အမှောင်ဂိုဏ်းကို သိသွားကြတာပဲ "
" အဲတာကြောင့်မလို့လည်း အမှောင်ဂိုဏ်က ချေမှုန်းခံခဲ့ရတာ။ အဲတာကြောင့်မလို့လည်း အဆုံးမဲ့မျိုးနွယ်စုက ပြန်ပြီးတော့ ဘုန်းတန်ခိုးအာဏာ ကြီးမားလာခဲ့တာပဲ "
" ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ အမှောင်ဂိုဏ်းရဲ့ တာဝန်က အချုပ်အနှောင်ကြီး ထာဝရတည်မြဲနေအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ပဲ။ ငါတို့တွေ ဘယ်သက်ရှိကိုမှ ဒီနယ်မြေထဲကနေ ထွက်ပြေးလွတ်မြောက်ခွင့် ပေးလို့မဖြစ်ဘူး " ချန်ရှင်းမှာ အတိတ်ကို လွမ်းဆွတ်သတိရနေသည့် မျက်ဝန်းများဖြင့် ရေရွတ်လိုက်၏။ သို့သော် ခဏအကြာတွင် သူသည် သက်ပြင်းချကာ စိတ်ကိုတည်ငြိမ်အောင်ပြန်ထားလိုက်သည်။
" မင်းပုံစံ ကြည့်ရတာ ဒီစကားတွေကြောင့် အံ့အားသင့်နေတဲ့ပုံလည်း မပေါ်ဘူး "
ဝမ်ပေါင်လဲ့မှာ သူ၏ ဂိုဏ်းတူအစ်ကိုကြီးအား ကြည့်ရင်း သူသည် ထူးဆန်းနေသည်ဟု ပို၍ပင် ခံစားလာရ၏။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးမှ သူသည် လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည်။
" ကျွန်တော် ကံကြမ္မာဂြိုဟ်ဆီကို သွားပြီးသွားပြီမလို့ လျှို့ဝှက်ချက်တချို့ကို သိထားပြီးပါပြီ။ လော့ သေသွားတဲ့အချက်ကိုလည်း သိထားပြီးပါပြီ။ အမှောင်ဂိုဏ်းရဲ့ တာဝန်က တကယ်ကို အဲလောက် အရေးကြီးလို့လား "
" အဲတာ အမှောင်ဂိုဏ်း ရှိနေရတဲ့ အကြောင်းရင်းပဲ " ချန်ရှင်းမှာ တည်ကြည်စွာ ပြန်ပြောလိုက်ပြီး ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါပါ စိုက်ကြည့်လိုက်၏။ ထို့နောက် သူသည် ထိုအကြောင်း ဆက်ပြောနေခြင်း မရှိတော့ပေ။
" ပေါင်လဲ့။ မင်း ပိုပြီးတော့ အစွမ်းထက်ချင်တယ်မလား "
ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားပါသော်လည်း စကားတစ်ခွန်းမှ ပြန်မပြောဘဲ သူ၏ ဂိုဏ်းတူအစ်ကိုကြီးကိုသာ စိုက်ကြည့်လိုက်၏။
" ပိုပြီးတော့အစွမ်းထက်ချင်ရင် သေမင်းအငွေ့အသက်တွေကို အများကြီးစုပ်ယူဖို့လိုတယ်။ ပြီးတော့... တခြားနည်းလမ်းတစ်ခုလည်း ရှိသေးတယ်။ အဲတာ မင်းရဲ့ ပြည်ထောင်စုကြီးရဲ့ လူနေမှုအဆင့်အတန်းကို မြှင့်တင်ဖို့ပဲ။ ပြည်ထောင်စုကြီး တိုးတက်လာတာနဲ့ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကလည်း အချိန်တိုလေးအတွင်း အထွတ်အထိပ်အထိ ရောက်သွားမှာ "
ချန်ရှင်းမှာ ထိုသို့ဆိုလိုက်ပြီးနောက် အမှောင်မြစ်အား လက်ညှိုးထိုးလိုက်၏။
" အမှောင်မြစ်ထဲမှာ ဘာတွေရှိလဲဆိုတာ မင်း သိလား "
ဝမ်ပေါင်လဲ့မှာ အချိန်အတော်အတန်ကြာအောင် နှုတ်ဆိတ်နေပြီးမှ လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်၏ " ရှေးပဝေသဏီကတည်းကနေ အခုထိ သက်ရှိထင်ရှားရှိခဲ့တဲ့သက်ရှိတွေရဲ့ အကြွင်းအကျန်တွေ "
" သူတို့ပဲ ရှိတာတော့မဟုတ်ဘူး။ ရှေးဟောင်းအပျက်အစီးတွေလည်း ရှိသေးတယ်။ ပိုပြီးတော့ တိတိကျကျပြောရမယ်ဆိုရင် ဒီမြစ်ကြီးထဲမှာ ကမ္ဘာဦးအစကနေ အခုအထိ ကျောက်ပြားကမ္ဘာကြီးထဲမှာ ဖြစ်ပျက်ခဲ့တဲ့ သမိုင်းကြောင်းတွေအကုန် ရှိနေတာ "
" ပြီးတော့ အဆုံးမရှိလောက်အောင် များပြားနေတဲ့ သေမင်းအငွေ့အသက်တွေလည်း ရှိသေးတယ်။ အဲတာ မင်း လိုအပ်တဲ့အရာတွေပဲ။ ပြီးရင်.... ရှေးခေတ် လူမှုအဖွဲ့အစည်းတွေရဲ့ အကျိုးအပဲ့ အပိုင်းအစတွေလည်း ရှိနေသေးတယ်။ အဲဒီ အကျိုးအပဲ့တွေကို မင်းရဲ့ ပြည်ထောင်စုကြီးထဲက ထာဝရကြယ်နဲ့ ပေါင်းစည်းနိုင်မယ်ဆိုရင် အဲဒီ ထာဝရကြယ်ကြီး ပိုပြီးတော့ အစွမ်းထက်လာမယ့်အပြင် ပြည်ထောင်စုကြီးရဲ့ လူမှု့အဖွဲ့အစည်း အဆင့်အတန်းကလည်း တိုးတက်လာမှာ "
" မင်း ပိုပြီးတော့ အစွမ်းထက်လာအောင် လုပ်ချင်တယ်မလား .... ဒါ မင်းအတွက် အထူးအခွင့်အရေးတွေပဲ " ချန်ရှင်းမှာ တည်ကြည်မှုအပြည့်ဖြင့် ဆိုလိုက်၏။ ထိုအချိန်တွင် အမှောင်ကြယ်ထဲမှ ပျံထွက်လာကြသည့် လူများမှာ သူတို့၏အနီးသို့ ရောက်ရှိလာကြပြီ ဖြစ်သည်။ သူတို့၏ အရေအတွက်မှာ တစ်ထောင်ကျော်ရှိနေပြီး သူတို့ထဲတွင် ကြယ်နယ်မြေအဆင့် အငွေ့အသက်များ ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာ ရှိနေကြသည်။
အကယ်၍ အခြားအခြေအနေ တစ်ခုခုတွင်သာဆိုပါက ဝမ်ပေါင်လဲ့မှာ သူတို့အား သေသေချာချာ အကဲခတ်ကြည့်ရှုလိုက်မည်သာဖြစ်သည်။ သို့သော် ယခုတွင်မူ သူသည် သူတို့အား အာရုံမစိုက်နိုင်ပေ။ သူသည် အမှောင်မြစ်ကြီးကိုသာ စိုက်ကြည့်နေရင်း မျက်လုံးများမှေးသွား၏။
" ကျွန်တော် ဘာလုပ်ပေးရမှာလဲ ဂိုဏ်းတူအစ်ကိုကြီး "
" မင်း အမှောင်မြစ်ကြီးထဲ ဝင်ပြီး အစ်ကို့အတွက် ပစ္စည်းတစ်ခု ယူလာပေးဖို့လိုတယ် " ချန်ရှင်းမှာလည်း သွယ်ဝိုက်ပြောဆိုနေခြင်းမရှိဘဲ ဝမ်ပေါင်လဲ့အား စိုက်ကြည့်ကာ ပြန်ဖြေလိုက်သည်။
ထိုအခါ ဝမ်ပေါင်လဲ့မှာ သူ၏ ဂိုဏ်းတူအစ်ကိုကြီးအား ပြန်ကြည့်လိုက်၏။ သူတို့နှစ်ယောက် အကြည့်ချင်း ဆုံသွားသည့်အချိန်တွင် ဝမ်ပေါင်လဲ့မှာ မေးလိုက်သည်။
" ဘာလို့ ကျွန်တော်လဲ "
" အမှောင်မြစ်ထဲမှာ အန္တရာယ်တွေ အများကြီးရှိတယ်။ မိုးကောင်းကင်တာအိုရဲ့ ဖိနှိပ်ချုပ်တည်းမှုကပဲ အဲဒီအန္တရာယ်တွေကို လျော့နည်းသွားအောင် လုပ်နိုင်မှာ။ ပြီးတော့ အမှောင်ကလေးငယ်တစ်ယောက်ကပဲ အမှောင်မြစ် အချုပ်အနှောင်ကို ဖွင့်ပြီး တခြားလူတွေကို ဝင်ခွင့်ပေးနိုင်တာ "
ဝမ်ပေါင်လဲ့မှာမူ စကားဆက်မပြောဘဲ ရပ်တန့်သွား၏။ အမှောင်ကြယ်ထဲမှ ပျံထွက်လာကြသည့် ကျင့်ကြံသူများမှာ သူတို့နှင့် မီတာသုံးထောင်ပင် မကွာတော့ပေ။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချလိုက်ပြီး လေသံတိုးတိုးဖြင့် မေးလိုက်၏။
" ဂိုဏ်းတူအစ်ကိုကြီး။ အစ်ကိုက ကျွန်တော့်ရဲ့ ဂိုဏ်းတူအစ်ကိုကြီးအနေနဲ့ ကျွန်တော့်ကို အကူအညီ တောင်းနေတာလား။ ဒါမှမဟုတ် မိုးကောင်းကင်တာအိုအနေနဲ့ ကျွန်တော့်ကို အမိန့်ပေးနေတာလား "
" အရေးကြီးလို့လား " ချန်ရှင်းမှာမူ သူ၏မေးခွန်းအား မဖြေဘဲ ပြန်မေးလိုက်သည်။
" အရမ်းအရေးကြီးတယ် " ထိုအခါ ဝမ်ပေါင်လဲ့မှာ ပြတ်ပြတ်သားသား ပြန်ဖြေလိုက်၏။
ထိုအချိန်တွင် အမှောင်ကြယ်ထဲမှ ပျံထွက်လာကြသည့် ကျင့်ကြံသူများမှာ ပေတစ်ထောင်အကွာသို့ ရောက်လာကြပြီ ဖြစ်သည်။ ရှေးဟောင်းအငွေ့အသက်များ ထုတ်လွှတ်နေသည့် အဘိုးကြီးဆယ်ယောက်ကျော်မှာ သူတို့အား ဦးဆောင်လာကြသည်။ သူတို့မှာ အနီးသို့ရောက်လာသည်နှင့် ဒူးထောက်ကာ ရှိခိုးဦးချ၍ ချန်ရှင်းအား အရိုသေပေးလိုက်ကြ၏။ သို့သော် သူတို့မှာ ဝမ်ပေါင်လဲ့ကိုမူ လျစ်လျူရှုထားကြသည်။
" မင်္ဂလာပါ ဂိုဏ်းချုပ် "
ထို အဘိုးကြီးများသာလျှင် ထိုသို့ ဒူးထောက်လိုက်ကြသည်မဟုတ်ပေ။ အခြား ကျင့်ကြံသူများမှာလည်း ဒူးထောက်ကာ အရိုအသေပေးလိုက်ကြသည်သာ ဖြစ်သည်။ သူတို့၏ စကားသံများမှာ လေထုထဲ၌ ပဲ့တင်ထပ်သွား၏။ ဝမ်ပေါင်လဲ့မှာ သူတို့၏ မျက်ဝန်းများထဲ၌ လေးစားကြည်ညိုမှု အရိပ်အယောင်များကို အထင်အရှား မြင်နေရသည်။ ထို့အပြင် လူငယ်မျိုးဆက်မှ ကျင့်ကြံသူအချို့မှာဆိုရင် သူ့အား ရန်လိုနေသည့် မျက်ဝန်းများဖြင့် ကြည့်နေကြသေးသည်။
ဝမ်ပေါင်လဲ့မှာ ထို မျက်ဝန်းများအား သတိထားမိလိုက်သဖြင့် အသာအယာ ခေါင်းယမ်းလိုက်၏။ သူသည် သူ၏ ဂိုဏ်းတူအစ်ကိုကြီးနှင့် အမှောင်ဂိုဏ်းမှ ကျင့်ကြံသူများအား လျစ်လျူရှုလိုက်ပြီးနောက် ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုရင်း အတွေးများ ဇဝေဇဝါဖြစ်လာရတော့သည်။
" ငါ ဒီနေရာနဲ့ သက်ဆိုင်မှု မရှိဘူးထင်တယ် “