← Chapters

သက်ဆိုင်မှု

Vol. 84 Ch. 1162

သက်ဆိုင်မှု

Vol. 84 Ch. 1162

သူသည် သူ၏ ဂိုဏ်းတူအစ်ကိုကြီး ယခုလိုဖြစ်နေသည်ကို မနှစ်သက်ပေ။ သူ၏ မျက်ဝန်းများမှာ နွေးထွေးမှုရှိနေဆဲ ဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူ၏ နှလုံးသားထဲရှိ အေးစက်မှုများကို အာရုံခံမိနေသည်။

မိုးကောင်းကင်တာအိုမှာ အကြင်နာတရား ကင်းမဲ့၏။

ဝမ်ပေါင်လဲ့မှာ ထိုစကားကို ယခင်တုန်းကတည်းက ကြားဖူးပြီးသား ဖြစ်ပါသော်လည်း ၎င်းမှာ မှန်ကန်ကြောင်း ယခုမှ ယုံကြည်သွားသည်။

သူသည် အမှောင်ဂိုဏ်းထဲသို့ ယခုမှ ပြန်ရောက်လာသည့်တိုင်အောင် ထွက်ခွာသွားချင်စိတ်များ ပေါက်လာ၏။ သူသည် မီးတောက်ကြယ်စင်စုသို့ မဟုတ် သူ၏ မိတ်ဆွေများရှိရာ ပြည်ထောင်စုကြီးဆီသို့ ပြန်ချင်နေသည်။

သို့သော်လည်း သူသည် သူ့ဘက်မှ အပြီးတိုင် လက်လျှော့ရန် မဆုံးဖြတ်သရွေ့ ဤလမ်းစဉ်အား အဆုံးအထိ လျှောက်ရမည်ဖြစ်ကြောင်း နားလည်ထားသည်။ အဘယ်ကြောင့်ဆိုသော သူ့ဆီတွင် သံယောဇဉ် နှောင်ကြိုးများနှင့် ကာကွယ်စောင့်ရှောက် ရမည့်အရာများ ရှိနေသောကြောင့်ပင်။

သူသည် ဤကမ္ဘာကြီးမှာ ဆယ်စုနှစ်အနည်းငယ်အတွင်း အများကြီး ပြောင်းလဲသွားနိုင်ကြောင်း နားလည်ထား၏။ အရာအားလုံးမှာ ပြာမှုန့်ဘဝသို့ ရောက်သွားနိုင်သလို သူသည်လည်း ယခင်တုန်းကနှင့် တူတော့မည် မဟုတ်ပေ။

" ငါ... ဓားချက်တစ်ချက်တည်းနဲ့ ဒီကမ္ဘာကြီးကို ထက်ခြမ်းပိုင်းပစ်ချင်တယ်။ အဲတာဆိုရင် ပြဿနာတွေအကုန်လုံး ပြေလည်သွားမှာ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချလိုက်၏။ သူသည် ဧရာမ ပင့်ကူအိမ်ကြီးတစ်ခုထဲ၌ ပိတ်မိနေသကဲ့သို့ ခံစားနေရသည်။ သူသည် အရာအားလုံးကို တစ်စစီ စုတ်ဖြဲဖြစ်ချင်ပါသော်လည်း မစွမ်းနိုင်ဘဲဖြစ်နေရ၏။

ဝမ်ပေါင်လဲ့မှာ ထိုသို့ သက်ပြင်းချလိုက်ပြီးနောက် သူ့အား ရန်လိုနေသည့် မျက်ဝန်းများဖြင့် ကြည့်နေကြသော အမှောင်ဂိုဏ်းသားများကို လျစ်လျူရှုလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် အမှောင်ဂိုဏ်းထဲရှိ သူ၏ ဆရာနှင့် သူ အမှောင်အိပ်မက်ထဲ၌ ကြုံတွေ့ရသည့် အရာများအားလုံးကို ပြန်တွေးမိသွားသောကြောင့်ပင်။

" အချိန်ပေးပြီး စောင့်ကြည့်ရတာပေါ့။ ချက်ချင်းကြီး ကောက်ချက်ချလို့မဖြစ်ဘူး။ ဒီနေရာမှာ ရှိနေတဲ့ အမှောင်ဂိုဏ်းသားတွေအတွက်တော့ ငါက အခုမှရောက်လာတဲ့ သူစိမ်းတစ်ယောက်လို ဖြစ်နေတာလေ။ သူတို့တွေ ငါ့ကို သဘောမကျဘဲ ရန်လိုနေတာ မထူးဆန်းပါဘူး " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် ထိုသို့ရေရွတ်လိုက်ပြီးနောက် ချန်ရှင်းနှင့် သူ့အား ကြိုဆိုရန်ရောက်လာကြသည့် အမှောင်ဂိုဏ်းသားများ၏ နောက်မှ လိုက်သွားလိုက်၏။

လမ်းတစ်လျှောက်တွင် အမှောင်ဂိုဏ်းသား အများစုမှာ ဝမ်ပေါင်လဲ့အား လှမ်း၍ အကဲခတ်ခဲ့ကြသည်သာဖြစ်သည်။ သူတို့မှာ ဝမ်ပေါင်လဲ့၏ နောက်ကြောင်းရာဇဝင်အား မသိထားကြပါသော်လည်း ယခုတွင်မူ သူ၏ ခန္ဓာကိုယ်ထဲရှိ အားကောင်းသော အမှောင်မီးတောက်အား အာရုံခံမိနေကြပြီ ဖြစ်သည်။ သူတို့မှာ ထို အမှောင်မီးတောက် ကိုယ်စားပြုသည့်အရာအား သိရှိထားကြပြီး ဖြစ်၏။

ထို့အပြင် အမှောင်မြစ်ထဲသို့ ဝင်သွားချိန်တွင် ထို အမှောင်မြစ် တစ်စင်းလုံးမှာ သူ့အား ကြိုဆိုနေသည့်သလား ရုတ်တရက်ဆိုသလို လှိုင်းလုံးကြီးများ ထလာ၏။ ထိုအချိန်တွင် သူ၏ နဖူးပေါ်တွင်လည်း အမှတ်အသားတစ်ခု ပေါ်ပေါက်လာသေးသည်။

၎င်းမှာ အမှောင်ကလေးငယ်၏ အမှတ်အသားဖြစ်ပေသည်။

ဝမ်ပေါင်လဲ့မှာ သူ၏ နဖူးအား လက်ဖြင့်ပွတ်လိုက်ပြီး စကားတစ်ခွန်းမှ မပြောပေ။ သူ၏ ဘေးနားတစ်ဝိုက်တွင် ရှိနေကြသည့် အမှောင်ဂိုဏ်းသားများမှာလည်း နှုတ်ဆိတ်နေကြဆဲပင်။ သူ့အား ရန်လိုသည့် အကြည့်ဖြင့် ကြည့်နေကြသည့် လူငယ်လေးများ၏ မျက်ဝန်းများမှာလည်း ပို၍ စူးရှတောက်ပလာကြ၏။

ချန်ရှင်းမှာလည်း စကားတစ်ခွန်းမှမပြောပေ။

ဝမ်ပေါင်လဲ့မှာ နှုတ်ဆိတ်ကာ သူတို့၏ နောက်မှလိုက်၍ အမှောင်မြစ်အား ဖြတ်ပြီး ရှေးဟောင်း အငွေ့အသက်တစ်မျိုး ထုတ်လွှတ်နေသည့် အမှောင်ကြယ်ဆီသို့ ဦးတည်သွား၏။

အမှောင်မြစ်ကြောင့်လား အမှောင်ကြယ်ကြောင့်လားတော့ မသိပေ။ ထိုနေရာတွင် ရှိနေသည့် သေမင်းအငွေ့အသက်များမှာ ပို၍ပင် အားကောင်းနေသည်။ တစ်ချိန်တည်းမှာပင် ၎င်း၏ ပတ်ပတ်လည်၌ အကာအရံတစ်ခု ရှိနေသေး၏။

ထိုအကာအရံအား ဖြတ်ကျော်နိုင်ရန် ပညာရပ်တစ်မျိုး လိုအပ်ပေသည်။ အမှောင်ဂိုဏ်းသားများမှာ ထိုပညာရပ်အား တတ်မြောက်ထားပြီးသားဖြစ်ရာ ၎င်းအား အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့၏။ ချန်ရှင်းမှာလည်း မိုးကောင်းကင်တာအို ကျင့်ကြံသူတစ်ယောက်ဖြစ်ရာ ထိုပညာရပ်အားတတ်မြောက်ထားပြီး ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာမူ တတ်မြောက်ထားခြင်းမရှိပေ။

ထို့ကြောင့် အခြားသူများအားလုံး အကာအရံထဲသို့ ဝင်ရောက်သွားချိန်တွင် ဝမ်ပေါင်လဲ့မှာ အပြင်ဘက်၌ ကျန်ရစ်ခဲ့၏။

သူသည် အကာအရံကြီး၏ အခြားတစ်ဖက်ရှိ ကျင့်ကြံသူများအား လှမ်းကြည့်နေသည်။ သူတို့မှာ စကားတစ်ခွန်းမှ မပြောကြဘဲ ဝမ်ပေါင်လဲ့ကိုသာ စိုက်ကြည့်နေကြ၏။

ထို့နောက် ဝမ်ပေါင်လဲ့မှာ မျက်နှာအမူအရာ လုံးဝပြောင်းလဲသွားခြင်းမရှိသော ချန်ရှင်းအား လှမ်းကြည့်လိုက်သည်။ သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားသည့်အချိန်တွင် ဝမ်ပေါင်လဲ့မှာ တစ်စုံတစ်ခုအား နားလည်သွားသည့်အလား ရုတ်တရက်ဆိုသလို ပြုံးလိုက်၏။

သူ၏ ဂိုဏ်းတူအစ်ကိုကြီးမှာ မိုးကောင်းကင်တာအို ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည်မဟုတ်ပါလော။

မိုးကောင်းကင်တာအိုမှာ အကြင်နာတရားကင်းမဲ့ပေသည်။ တစ်ချိန်ထဲမှာပင် ၎င်းမှာ တရားမျှတမှုလည်းရှိ၏။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့ ဤ အမှောင်ဂိုဏ်းထဲ၌ ရပ်တည်နိုင်စွမ်း ရှိမရှိဆိုသည့်အချက်နှင့် သူ အမှောင်ကလေးငယ်တစ်ယောက် ဖြစ်လာနိုင်ခြေ ရှိမရှိဆိုသည့် အချက်မှာ သူ၏ အရည်အချင်းများပေါ်တွင်သာ မူတည်ပေသည်။

ဝမ်ပေါင်လဲ့မှာ တည်ကြည်မှု အပြည့်ရှိသောမျက်ဝန်းများဖြင့် သူ၏ ညာဘက်လက်ကို မြှောက်လိုက်၏။ ထိုအခါ သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ အမှောင်မီးတောက်မှာ တဟုန်းဟုန်း တောက်လောင်လာသည်။ ထို့နောက် သူ ထို အကာအရံထဲသို့ တိုးဝင်သွားလိုက်ချိန်တွင် သူ၏ နဖူးပေါ်ရှိ အမှတ်အသားမှာလည်း ဝင်းလက်တောက်ပလာ၏။

ထိုအခါ ထိုအကာအရံမှာ ချက်ချင်းဆိုသလိုပင် တွန့်လိမ်ပုံပျက်သွားပြီး တဖြည်းဖြည်းနှင့် ပျော့ပျောင်းသွား၏။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ အထဲသို့ ချောချောမွေ့မွေ့ ဝင်ရောက်သွားတော့သည်။ အမှောင်ဂိုဏ်းသားများမှာ မျက်လုံးများ မှေးသွားကြပါသော်လည်း စကားတစ်ခွန်းမှမပြောကြပေ။ သူတို့မှာ ချန်ရှင်းအား ဦးညွှတ်အရိုအသေပေးလိုက်ပြီးနောက် ရှေ့သို့ ဆက်လက်လျှောက်လှမ်းသွားကြ၏။

ချန်ရှင်းမှာမူ ဝမ်ပေါင်လဲ့အား ခေါင်းညိတ်ပြလိုက်သည်။ ဝမ်ပေါင်လဲ့မှာ ခံစားချက်မပါသည့် မျက်နှာအမူအရာဖြင့် သူတို့၏ နောက်မှ ဆက်လိုက်သွား၏။ နောက်ဆုံးတွင် သူသည် အမှောင်ကြယ်ကြီးအား အနီးကပ်မြင်လိုက်ရသည်။ မြေပြင်ကြီးမှာ မီးခိုးရောင်သန်းနေပြီး ကောင်းကင်ကြီးမှာ အနက်ရောင်ဖြစ်နေ၏။ ထိုကမ္ဘာကြီးတစ်ခုလုံးထဲရှိ အရောင်များမှာ မွဲခြောက်ခြောက် ဖြစ်နေသည်။

ထိုကမ္ဘာကြီးထဲတွင် ခမ်းနားထည်ဝါသည့် ခန်းမကြီးများ ရှိနေ၏။ ၎င်းတို့အား ဧရာမ မန္တန်အစီအရင်ကြီးတစ်ခုပုံစံ နေရာတကျ စီစဉ်ထားသည်။

ထို မန္တန်အစီအရင်ကြီးမှာ အရပ်မျက်နှာအနှံ့သို့ ပြန့်ကားနေ၏။ ဝမ်ပေါင်လဲ့မှာ ဤနေရာရှိ အရာအားလုံးနှင့် စိမ်းနေခြင်းမရှိပေ။ ၎င်းမှာ သူ သူ၏ အမှောင်အိပ်မက်ထဲ၌ မြင်ခဲ့ရသည့် အမှောင်ဂိုဏ်း ဖြစ်ပေသည်။

သူသည် သူ အမှောင်အိပ်မက်ထဲ၌ နေထိုင်ခဲ့သည့် နန်းတော်ကြီးကိုသာမက အမှောင်ဂိုဏ်း၏ ပြည်သူ့ရင်ပြင်ထဲ၌ အမှောင်ဂိုဏ်းသားများဖြင့် ပြည့်နှက်နေသည်ကိုပါ မြင်လိုက်ရသည်။

သူတို့၏ အရေအတွက်မှာ အယောက် တစ်သန်းကျော်အထိ ရှိနေ၏။

တစ်ချိန်ထဲမှာပင် အမှောင်ဂိုဏ်း၏ မြေပြင်ပေါ်တွင် ဧရာမ ရုပ်တုကြီးကိုးခုအား တည်ဆောက်ထားသေးသည်။ ဝမ်ပေါင်လဲ့မှာ ထိုရုပ်တုများအား တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ၎င်းတို့ထဲမှ အာရုံဖမ်းစားနိုင်စွမ်း အရှိဆုံး ရုပ်တုတစ်ခုအား သတိထားမိသွားသည်။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါတင်ကာ တရိုတသေဦးညွှတ်လိုက်၏။

" ဆရာ "

ထို ရုပ်တုကြီးမှာ အမှောင်အိပ်မက်ထဲမှ သူ၏ ဆရာဖြစ်သည့် အမှောင်ဂိုဏ်း၏ နဝမမြောက်အကြီးအကဲကြီး မင်ခွန်းကျစ် ဖြစ်ပေသည်။

ဝမ်ပေါင်လဲ့မှာ အမှောင်အိပ်မက်၏ အဆုံး၌ သူ၏ဆရာဖြစ်သူ ပြောခဲ့သည့်စကားကို စကားကိုမှတ်မိနေဆဲပင်။

" မင်းရဲ့ နှလုံးသား စေခိုင်းတဲ့အတိုင်းသာ လိုက်လုပ် "

ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ပြန်တွေးရင်း မျက်လုံးများမှိတ်သွား၏။ ထို့နောက် သူသည် မျက်လုံးများ ပြန်ပွင့်လာပြီး ခပ်လှမ်းလှမ်းတွင် ရှိနေသည့် ချန်ရှင်း သူ့အား လှမ်းကြည့်နေသည််ကို မြင်လိုက်ရသည်။ သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားချိန်တွင် ချန်ရှင်းမှာ အကြည့်လွှဲကာ ဆိုလိုက်၏။

" ပေါင်လဲ့။ မင်းလိုချင်တဲ့အဖြေကို ငါ မပေးနိုင်ခင် အရင်ဆုံး သေသေချာချာ စဉ်းစားဖို့လိုတယ် "

" ဂိုဏ်းတူအစ်ကိုကြီးအတွက်ပဲဖြစ်ဖြစ် ကျွန်တော်ကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ် ကျွန်တော်က အမှောင်မြစ်ထဲကို ဝင်ဖို့ အဆင်သင့်ပါပဲ။ အဲတာမလို့ ဂိုဏ်းတူအစ်ကိုကြီး လောနေစရာမလိုပါဘူး။ ကျွန်တော် မြစ်ထဲကို မဝင်ခင်သာ အဖြေပြန်ပေးပါ " ဝမ်ပေါင်လဲ့မှာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ လေသံတိုးတိုးဖြင့်ဆိုလိုက်၏။ သူသည် သူ့အား လက်မခံလိုသည့် အမူအရာများဖြင့် ကြည့်နေကြသည့် အမှောင်ဂိုဏ်းသားများအား ဂရုစိုက်နေခြင်းမရှိဘဲ လှစ်ခနဲ လှုပ်ရှားလိုက်ပြီးနောက် အမှောင်ဂိုဏ်း၏ ပင်မဝင်ပေါက်ဆီသို့ ဦးတည်သွားလိုက်၏။

ထိုအခါ အမှောင်ဂိုဏ်းသား အချို့မှာ သူ၏ ကျူးကျော်ဝင်ရောက်မှုအား မနှစ်မြို့သည့်အလား မျက်မှောင်ကြုတ်သွားကြ၏။ သို့သော် သူတို့မှာ ချန်ရှင်းအား တစ်ချက်လှမ်းကြည့်လိုက်ကြပြီးနောက် စကားတစ်ခွန်းမှ မပြောကြဘဲ နှုတ်ဆိတ်နေလိုက်ကြသည်။ အချို့သော အမှောင်ဂိုဏ်းသားများမှာဆိုလျှင် စိတ်ထဲတွင်ကျိတ်၍ အေးစက်စွာ ရယ်မောနေကြသေးသည်။

အဘယ်ကြောင့်ဆိုသော အမှောင်ဂိုဏ်း၏ အကာအရံ မန္တန်အစီအရင်များမှာ သူစိမ်းများပေါ်တွင်သာ အကျိုးသက်ရောက်မှုရှိနေခြင်း မဟုတ်သောကြောင့်ပင်။ ပင်မဝင်ပေါက်ထဲတွင် မန္တန်အစီအရင် အမျိုးအစားတစ်ထောင်ကျော် ရှိနေကြသည်ဖြစ်ရာ အမှောင်ကလေးငယ်တစ်ယောက်ပင်လျှင် ၎င်းတို့အား ရင်ဆိုင်နိုင်မည့် နည်းလမ်းများကို သိရှိထားခြင်းမရှိပါက အခက်အခဲများနှင့် ကြုံတွေ့ရမည်သာ ဖြစ်သည်။

သို့သော် ခဏအကြာတွင် လူတိုင်း၏ နှလုံးသားများကို တုန်ရီသွားစေသည့် မြင်ကွင်းကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။ ဝမ်ပေါင်လဲ့မှာ ရှေ့သို့ ဆက်၍ ပျံသန်းသွားပြီး ပင်မဝင်ပေါက်၏ အနီးသို့ရောက်လာအခါ လက်တစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်၏။ ထိုအခါ ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာရမည့် အကာအကွယ် မန္တန်အစီအရင်များမှာ အလိုလိုပျောက်ကွယ်သွားကြသည်။ သူသည် ထိုနေရာကြီးတစ်ခုလုံးနှင့် အရင်တနှီး အကျွမ်းတဝင် ဖြစ်နေပြီး သူ၏ နေအိမ်ထဲသို့ ရောက်လာသည့်အလား ထို မန္တန်အစီအရင်များ အားလုံးကို လျစ်လျူရှုလိုက်၏။ ထို့နောက် သူသည် ပင်မဝင်ပေါက်ကိုဖြတ်၍ အမှောင်ဂိုဏ်း၏ အမှောင်ကလေးငယ် ခန်းမဆီသို့ ဦးတည်သွားလိုက်တော့သည်။

၎င်းမှာ ပြန်လည်ဆောက်လုပ်ပြီးသည့် အချိန်မှစ၍ ယခုအချိန်အထိ မည်သူမှ မဝင်ရသေးသော ခန်းမကြီးတစ်ခုဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထိုခန်းမကြီးဆီသို့ ဦးတည်သွားနေသောကြောင့် အမှောင်ဂိုဏ်း၏ လူငယ်မျိုးဆက်ထဲမှ ကျင့်ကြံသူများမှာ သူ့အား ပို၍ပင် ရန်လိုလာကြတော့သည်။ တစ်ချိန်ထဲမှာပင် သူတို့မှာ ဇဝေဇဝါဖြစ်နေကြ၏။ ဝမ်ပေါင်လဲ့၏ အပြုအမူများမှာ သူသည် အမှောင်ဂိုဏ်းထဲ၌ အချိန်အကြာကြီး နေထိုင်ဖူးခဲ့သဖြင့် ဤနေရာကြီး တစ်ခုလုံးနှင့် အရင်းတနှီးအကျွမ်းတဝင် ဖြစ်နေသည့်ပုံ ပေါက်နေသည်မဟုတ်ပါလော။

" ဒီနေရာက အရင်တုန်းက သူ့ရဲ့အိမ်ပဲလေ " ချန်ရှင်းမှာ ဝမ်ပေါင်လဲ့၏ နောက်ကျောအား လှမ်းကြည့်နေရင်း ရေရွတ်လိုက်၏။ သူ၏ အေးစက်စက် မျက်ဝန်းများထဲတွင် နွေးထွေးမှု အရိပ်အယောင်များ ခပ်ရေးရေး ပေါ်ပေါက်လာသည်ကို မြင်နိုင်ပါသော်လည်း ၎င်းတို့မှာ ချက်ချင်း ပျောက်ကွယ်သွားသည်။ ထို့နောက် သူ၏ အမူအရာမှာ အေးတိအေးစက် ပြန်ဖြစ်သွား၏။

" နောက်တစ်လနေရင် အမှောင်မြစ်ကို ဖွင့်မယ်။ အဲဒီအချိန်ကျရင် မင်း အမှောင်ဧကရာဇ်ကြီးရဲ့ ရုပ်ကလာပ်ကို ပြန်ယူပေးရမယ် "

" အမှောင်မြစ်ကို ထိန်းချုပ်နိုင်မှ အမှောင်ဂိုဏ်းကလည်း ဒီကမ္ဘာကြီးကို ပြန်လည်ထိန်းချုပ်ပြီး အရာအားလုံးကို ချုပ်နှောင်နိုင်မှာ “

All Chapters