← Chapters

ယင်

Vol. 15 Ch. 203

ယင်

Vol. 15 Ch. 203

အဂ္ဂိရတ် တိုက်ပွဲ...

ထိုအရာမှာ အလွန့်အလွန် ရှားပါးလှသည့် အဂ္ဂိရတ် ပညာရှင်များ အကြားမှ စိန်ခေါ်ပွဲ တစ်ခု ဖြစ်သည်။ အမြင့်ဆုံးသော အဂ္ဂိရတ် ပညာရှင်များမှာ ပညာစမ်းသည့် ထိုတိုက်ပွဲကို ဝင်ရောက် ယှဥ်ပြိုင်လေ့ ရှိကြသည်။ သမိုင်းတွင် မှတ်ကျောက်တင်ခံရလောက်သည် အထိ ကျော်ကြားသည့် အဂ္ဂိရတ် ပညာရှင်များစွာမှာ ထိုကဲ့သို့ အဂ္ဂိရတ် တိုက်ပွဲများမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဝေ့ဝူယင်သည် ပထမ၌ ငြင်းဆိုရန် စဥ်းစားလိုက်သေး၏။ သူ သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးသို့ လာရောက်ရသည့် အဓိက အကြောင်းရင်းမှာ အာဏာရှင်များ အဖွဲ့အတွက် လူသစ်နှစ်ယောက်ကို သိမ်းသွင်းရန် ဖြစ်သည်။ မူယင်း ရည်ရွယ်ချက်နှင့် ဖီဆန်သည့် မိသားစုငယ်များ၏ ပဋိပက္ခများ အကြား ဝင်ရောက် စွက်ဖက်လိုခြင်း မရှိချေ။

သို့သော်လည်း တစ်ဖက်မှ ပြန်လည် စဥ်းစားရပါက သူသည် တစ်ခါမှ အဂ္ဂိရတ် တိုက်ပွဲများတွင် မပါဝင်ဖူးသေးချေ။ ထိုအတွေ့အကြုံမှာ စိတ်ဝင်စားဖို့ ကောင်းကောင်း ကောင်းနိုင်ပေသည်။ အနည်းငယ် ထပ်မံ တွေးတောပြီးနောက် သူ ခေါင်းညိတ်လိုက်၏။

“ကောင်းပြီလေ... ဒါပေမဲ့ ခု ငါ့မှာ လုပ်စရာတွေ ရှိသေးတယ်”

ဝေ့ဝူယင် လက်တစ်ဖက်ကို ခါယမ်းလိုက်ရာ ဆက်သွယ်ရေး သလင်းကျောက် တစ်ခု ထွက်ပေါ်လာ၏။

“စတော့မယ့် အချိန်ရောက်ရင် ငါ့ကို ဆက်သွယ်လိုက်ပါ”

ထို့နောက်တွင် ဝေ့ဝူယင်၏ ခြေလှမ်းများက သက်ငယ်တဲအိုလေး ရှိရာအရပ်သို့ တအိအိနှင့် ဦးတည် ရွေ့လျားသွားလေတော့သည်။

...

မိနစ် အနည်းငယ် ကြာပြီး နောက်ဆုံး၌ ဝေ့ဝူယင်သည် ရေကန်နံဘေးရှိ သက်ငယ်တဲအိုလေး ရှိရာဆီသို့ ရောက်ရှိလာခဲ့သည်။ တဲအိုလေးမှာ ရိုးရှင်းလှပြီး လူတစ်ယောက် နေထိုင်နိုင်ရုံ အတွက်မျှသာ လုံလောက်ပေသည်။ ၎င်းတွင် နံရံလေးခုနှင့် အမိုးတစ်ခုသာ ရှိ၏။

သို့သော်လည်း... တစ်ခါတစ်ရံ၌ ရိုးရိုးရှင်းရှင်း နေထိုင်မှုမှာ ပိုမို လေးနက်သည့် အဓိပ္ပာယ်များကို ဖော်ဆောင်နိုင်ကြောင်း ဝေ့ဝူယင် သိပေသည်။

ဥပမာအားဖြင့် သူ၏ ကောင်းကင်နန်းတော်သည် အလွန် ကြီးမားကာ မြို့ငယ် တစ်ခုစာမျှပင် ရှိသည်။ ၎င်းတွင် လှပစွာ တန်ဆာဆင်ထားသည့် အခန်းကြီးငယ်များ၊ ဇိမ်ခံပစ္စည်းများ အပြင် ပန်းမာန်များနှင့် ပြည့်နှက်နေသည့် ဥယျာဥ်ခြံကျယ်ကြီး တစ်ခုပင် ပါရှိသည်။ သို့သော်လည်း အထီးကျန်ဆန်မှုမှ လွဲ၍ အခြားတစ်စုံတစ်ရာကိုမှ ပိုင်ဆိုင်သည် ဟု သူ မခံစားခဲ့ရ။

သူ တဲအိုလေး၏ တံခါးရှေ့နား၌ ရပ်လိုက်ချိန်တွင် အတွင်းပိုင်းမှ ထွက်ပေါ်လာသည့် လူအိုကြီး တစ်ယောက်၏ အသံကို ကြားလိုက်ရသည်။

“မင်း ငါ့အတွက် ရောက်လာခဲ့တာလား...”

၎င်းက အတော်လေး အားနည်းလှကာ ဘဝ၏ ချောက်ကမ်းပါးနားကိုပင် ရောက်ရှိနေဟန် ရသည်။ ဝေ့ဝူယင်က တည်ငြိမ်စွာ ပြုံးလိုက်၏။

“ခင်ဗျားက ကျုပ်ကို စောင့်နေတာလား”

ချက်...

တံခါးက ဖြည်းညင်းစွာပင် ပွင့်ဟသွားကာ မွဲခြောက်နေသည့် အနက်‌ရောင် တောင်ဝှေးတစ်လက် ထွက်ပေါ်လာသည်။ ၎င်း၏ အဆုံးသတ်၌ အိုမင်း ရင့်ရော်နေသည့် အဘိုးအို တစ်ဦး၏ လက်ဖမိုးကို ဝေ့ဝူယင် တွေ့မြင်ရ၏။

ဝေ့ဝူယင်၏ မျက်လုံးများက အရေတွန့်နေ‌သော လက်ဖမိုးဆီမှ တဖြည်းဖြည်း ရွေ့လျားသွားကာ အသံပိုင်ရှင်ကို ကြည့်လိုက်သည်။

အဘိုးအိုသည် ပိန်လှီကာ အရေးအကြောင်းများနှင့် ပြည့်နှက်နေရာ သဲရဲတိုက် တစ်ခုကဲ့သို့ ထင်မှတ်ရသည်။ အရိုးပေါ် အရေတင် ခန္ဓာထက်တွင်မူ အဖြူ ဆိုသည်ထက် သန့်ရှင်းစင်ကြယ်သည့် ပိတ်ဖြူ ဝတ်စုံလေးကို ဆင်မြန်းထားသည်။ ပြီးပြည့်စုံသည့် မီးခိုးရောင် ဆံပင်များကို နောက်တွင် စု၍ စည်းနှောင်ထားလေရာ မျက်နှာက ထူးထူးခြားခြား ပေါ်လွင်နေ၏။ ရှုံ့တွနေသော မျက်နှာထက်တွင် မျက်လုံးများက ကျဥ်းမြောင်းကာ ပိတ်လုနီးပါး ဖြစ်နေသော်လည်း ငယ်ရွယ်စဥ်က ထူးထူးခြားခြား ချောမောသူ တစ်ယောက် ဖြစ်ကြောင်း ပြောနိုင်ပေသည်။

ဆဋ္ဌမ အာရုံလော၊ သို့မဟုတ် လူသားတို့၏ အလိုလို သိစိတ်ကြောင့်လောတော့ မပြောတတ်။ လူတိုင်း ထိုကဲ့သို့ တွေးမိမည်ကတော့ သေချာလှသည်။

“မင်းငါ့ကို သတ်ဖို့လာတာမလား”

အဘိုးအို၏ လေသံနှင့် နှလုံးခုန်သံက တသမတ်တည်း တည်ငြိမ်နေသည်။ သူ၏ နှုတ်ခမ်းထောင့်စွန်းတွင်မူ ထူးခြားသော အပြုံးတစ်ခု တွဲလွဲခိုနေခဲ့၏။ ထိုအပြုံးက ဝေ့ဝူယင် သူ့အား သတ်ဖြတ်သွားရန် မျှော်လင့်နေသ‌ယောင်ပင်။

အဘိုးအို၏ စကားကြောင့် ဝေ့ဝူယင်၏ ငွေရောင်မျက်လုံးများက တဒင်္ဂမျှ ကျဥ်းမြောင်းသွားသည်။ ထို့နောက် သူက ပြုံးရင်း ခေါင်းခါယမ်းလိုက်၏။

“ငါ့အရိပ်ကို ငါက ဘာလို့ သတ်ချင်ရမှာလဲ”

...

ကျင့်ကြံခြင်း လောကသည် ရက်စက်သည်။ ထိုစကားစုလေးမှာ ရိုးရှင်း တိုတောင်းသည့်တိုင် ကြောက်မက်ဖွယ် ကောင်းသည့် ကံကြမ္မာနှင့် သေခြင်းတရားတို့က ပဲ့တင်ထပ်နေသည်။ ခြေလှမ်းတစ်လှမ်း၊ စကားတစ်ခွန်းနှင့် အတွေးမှား တစ်ချက်ကပင်လျှင် သင့်အား အသူရာ ချောက်ကမ်းပါး တစ်ခုဆီသို့ ဦးတည် သွားစေနိုင်သည်။

ထို့အပြင် ကျင့်ကြံခြင်းက ခက်ခဲသည်။ မြင့်မားလှသည့် ကျင့်ကြံခြင်း ပါရမီကို ပိုင်ဆိုင်ထားလျှင်ပင် ထိုအရာက မလုံလောက်သေး။ ရေခံမြေခံကောင်းသည့် ပတ်ဝန်းကျင်၊ အကြွင်းမဲ့သော အကာအကွယ်၊ ကောင်းမွန်သည့် ဆရာသခင်နှင့် လုံလောက်သည့် အရင်းအမြစ်တို့ကို လိုအပ်ဆဲ ဖြစ်သည်။

သို့တိုင်အောင် ထိုကဲ့သို့ မွေးဖွားလာသူများတွင် ဘယ်လောက် များများက အထွတ်အထိပ် နေရာများကို ရောက်ရှိခဲ့ကြ သနည်း။ တစ်ခါတစ်ရံ၌ အရာအားလုံး ရရှိထားခဲ့ပြီဟု ထင်ထားခဲ့သော်လည်း အဆုံးသတ်၌ မလုံလောက်ခဲ့ကြောင်း တွေ့မြင်ရတတ်သည်။

တစ်ခါက ကောင်လေး တစ်ယောက် ရှိခဲ့ဖူးသည်။ ထိုကောင်လေးကို ယင် ဟု ခေါ်ကြပါစို့။

ယင်သည် အရာအားလုံး ပိုင်ဆိုင်ခဲ့ပြီးပြီ ဟု ခံစားခဲ့ရသည်။ သူသည် ဂုဏ်သိက္ခာ ကြီးမားသော မိသားစု တစ်ခုတွင် မွေးဖွားလာကာ ချစ်ခြင်းမေတ္တာကို အပြည့်အဝ ရရှိခဲ့သည်။ ငွေကြေး၊ ပါရမီ၊ အာဏာ၊ နောက်ခံ အရာအားလုံးကို သူ ပိုင်ဆိုင်ခဲ့ပါသည်။ ရွှေနှင့် စက်ယူ၍ မရသည့် အချိန်မှ လွဲ၍ သူ ဘယ်အရာကိုမှ ထပ်မံ မလိုအပ်ခဲ့။

သို့သော်လည်း...

ကံဆိုးမိုးမှောင်ကျသော တစ်နေ့၌ သူ၏ ဘဝက ဖဲချပ်အိမ်လေး တစ်ခု အလား အစိတ်စိတ်အမွှာမွှာ လဲပြို သွားခဲ့သည်။ သူ၏ မိသားစုလေးအား သူ့ထံမှ ခွာထုတ်သွားကြသည်။ သူ့ပတ်ဝန်းကျင် တစ်ခုလုံး မီးရှို့ ဖျက်ဆီး ခံခဲ့ရသည်။ အရာအားလုံးက သူ့အပြစ်၊ သူ့အပြစ်များကြောင့်...

အရာအားလုံး ပိုင်ဆိုင်ခဲ့သော လူငယ်လေးက ကုန်းကောက်စရာ မရှိသည့် ဘဝသို့ တစ်ခဏချင်း ရောက်ရှိသွားခဲ့သည်။ သူ၏ လမ်းစဥ်မှာလည်း ဖျက်ဆီးခံခဲ့ရရာ ထပ်မံ ကျင့်ကြံခြင်း မပြုနိုင်တော့။ မိသားစု အတွက် လက်စားချေရန်ပင် စိတ်ကူးမယဥ်နိုင်တော့။

သူ မရေမတွက်အောင် အကြိမ်ပေါင်းများစွာ နေနှင့် ကြယ်တာရာတို့ထံတွင် ဆုတောင်းခဲ့သည်။ ၎င်းတို့က သူ၏ ဆုတောင်းသံကို ကြားကာ ဖြည့်ဆည်းပေးရန် မျှော်လင့်ခဲ့သည်။

သို့သော်လည်း ဘဝက ထိုမျှ မရိုးရှင်းခဲ့။ သူ့ဆုတောင်းများက ဘယ်တော့မှ ပြည့်မလာခဲ့ချေ။

ဤသို့ဖြင့် တစ်နေ့တွင် မိစ္ဆာ ကျင့်ကြံသူ တစ်ယောက်သည် သူ့ကို တွေ့ရှိကာ ခေါ်ဆောင်သွားခဲ့သည်။ ထိုကျင့်ကြံသူသည် ၎င်း၏ လက်ကျန် အသက်အင်အားကို အသုံးပြုကာ သူ့အား ကျင့်ကြံခြင်း ရင်းမြစ် အဖြစ် အသုံးပြုခဲ့သည်။ ကြောက်မက်ဖွယ် ကောင်းလှသည့် ကံတရားကို ရင်ဆိုင်ရုံမှ လွဲ၍ သူ့တွင် ဘာအခွင့်အရေးမှ မရှိခဲ့။ ထိုကဲ့သို့ အဆုံးသတ်က သူနှင့် ထိုက်တန်တာ ဖြစ်ကောင်း ဖြစ်နိုင်သည်။ သူ့ကြောင့်သာ  မဟုတ်ပါက သူ၏ မိသားစုလေးမှာ ယနေ့တိုင် ဆက်လက် တည်တံ့ပေလိမ့်မည်။

ယင်သည် ကံကြမ္မာကို ရင်ဆိုင်ရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ကံကြမ္မာမှာ အပြောင်းအလဲ မြန်တတ်ကြောင်း သူ မည်ကဲ့သို့ ကြိုသိခဲ့မည်နည်း။

မမျှော်လင့်သော အပြောင်းအလဲ တစ်ခုနှင့် အတူ မိစ္ဆာ ကျင့်ကြံသူ၏ နည်းလမ်းက လမ်းခုလတ်တွင် ချွတ်ချော်သွားခဲ့သည်။ သူ၏ ကျင့်ကြံခြင်း၊ အမတေ၊ မူလယင်၊ မူလယန် အားလုံးမှာ ယင်ထံသို့ ကူးပြောင်းသွားခဲ့၏။ အဘယ်သို့ ဖြစ်သွားကြောင်းကိုမူ ယနေ့တိုင် အထိ ယင် မသိခဲ့။

ယင်၏ ကျင့်ကြံခြင်း အခြေခံက ပြန်လည် ပေါက်ဖွားလာကာ ကြီးမားစွာ ထိခိုက်ခဲ့သည့် စိတ်၊ ရုပ်၊ ဝိညာဥ်တို့မှာလည်း အကောင်းပကတိ ပြန်လည် ကျန်းမာလာခဲ့သည်။ ယင်၏ မျက်လုံးများက တဟုန်းဟုန်း တောက်လောင်လာ၏။ သူ လက်စားချေချင်သည်။

သို့သော်လည်း လောကကြီးမှာ ထင်မှတ် မထားလောက်အောင် ရက်စက်လှသည်။ အတိတ်၏ အရိပ်များတွင် နစ်မြုပ်ရင်း ယင်၏ စိတ်က ပိုမို နက်မှောင်လာသည်။ တိတ်ဆိတ်လာသည်။ ဂုဏ်သိက္ခာ ကင်းမဲ့လာသည်။ လူ့အသိုင်းအဝိုင်းနှင့် အံ့ဝင်ခြင်း မရှိတော့ပဲ တစ်သီးတစ်သန့် ဆန်လာသည်။ အခြေခံ လူ့ကျင့်ဝတ်များကို ဖောက်ဖျက် မိလာသည်။ ထိုအရာကပင်လျှင် သူ့ဘဝ ပျက်စီးကြောင်းကို ဒုတိယ အကြိမ်မြောက် ဖြစ်ပေါ်စေခဲ့လေသည်။

အားကောင်းသော ကျင့်ကြံသူများသည် သူ့အား ဖမ်းဆီးကာ ကျင့်ကြံခြင်း အခြေခံကို နောက်တစ်ကြိမ် ဖျက်ဆီး ပစ်ခဲ့သည်။

ယင်၏ စိတ်ဓာတ်တစ်ခုလုံး ဗုန်းဗုန်းလဲ သွားခဲ့၏။ လမ်းစဥ် ဖျက်ဆီးခံထားရသော ကျင့်ကြံသူများသည် သေခြင်းထက် ပိုမို ဆိုးရွားသော ဘဝ တစ်ခုတွင်သာ နေထိုင်ကြရသည်။ သူကိုယ်တိုင် ထိုဘဝကို တစ်ကြိမ် နေထိုင်ခဲ့ဖူးရာ မည်မျှ ခက်ခဲကာ မျှော်လင့်ချက် ကင်းမဲ့ကြောင်း သိသည်။

သူ၏ ဘဝက ယခုမှ ရောင်နီသမ်းမည် ကြံသေး...  နောက်တစ်ကြိမ် ထိုအဖြစ်ဆိုးနှင့် ပြန်လည် ကြုံတွေ့ရပြန်သည်။ ယင် အမှောင်ထုထဲတွင် နေ့ရက်ပေါင်းများစွာကြာအောင် ငေးငိုင် နေခဲ့မိ၏။ ကိုယ့်ကိုယ်ကို သတ်သေချင်သော ဆန္ဒက သူ၏ စိတ်တစ်ခုလုံးကို စိုးမိုးထား၏။

သူ သေသွားလျှင် ပိုမို ကောင်းမွန်ပေလိမ့်မည်။ ဆင်းရဲ ဒုက္ခတွေ မရှိတော့၊ နာကျင်မှုတွေ မကြုံတွေ့ရနိုင်တော့။ ဤရက်စက်သော ကမ္ဘာကြီးတွင်လည်း နေထိုင်စရာ မလိုတော့။၊

သို့သော်လည်း ယင်သည် လူကြောက်တစ်ယောက် ဖြစ်သည်။ ကိုယ့်ကို ရေနှစ်သတ်ခြင်း၊ ချောက်ကမ်းပါး တစ်ခုထက်မှ ခုန်ချခြင်း သို့မဟုတ် လက်ကောက်ဝတ်ကို လှီးဖြတ်ခြင်း... သူ ဘာကိုမှ မလုပ်ရဲခဲ့။

လူအားလုံးနှင့် ရှောင်လွှဲနိုင်ရာ အမှောင်ထုထဲသို့ ထာဝရ ခုန်ဆင်းရုံမှ လွဲ၍ သူ ဘာကိုမှ ထပ်မလိုချင်တော့ချေ။ ထိုအခိုက်အတန့်၊  ထိုဆန်းကြယ်သော အခိုက်အတန့်လေး၌ သူ ဉာဏ်အလင်း ရရှိခဲ့သည်။ လောကကြီး၏ အခြား တစ်ဖက်၌ ဖုန်းကွယ်နေသည့် သူ့ဝိညာဥ်ထဲမှ အမှန်တရား...

အရိပ် ရည်ရွယ်ချက်...

ယင်သည် အလွန်တရာ ရှားပါးလှသည့် ရည်ရွယ်ချက် တစ်ခုကို ပိုင်ဆိုင်လာခဲ့သည်။ ထိုရည်ရွယ်ချက်ဖြင့် လောကထဲတွင် အရိပ်တစ်ခု အဖြစ် သူ နေထိုင်နိုင်ပေလိမ့်မည်။ သို့သော်လည်း ကျင့်ကြံခြင်း အခြေခံ မရှိပါပဲ ရည်ရွယ်ချက်က အသုံးဝင်လိမ့်မည် မဟုတ်ပါချေ။

ယင် ခန္ဓာကိုယ်အတွင်း ရှိသမျှ ခွန်အား အလုံးစုံကို စုစည်းကာ မိစ္ဆာ ကျင့်ကြံသူ နေထိုင်ခဲ့သည့် ဂူရှိရာဆီသို့ သွားခဲ့သည်။ သူသည် ထိုနေရာတွင် မိစ္ဆာ ကျင့်ကြံသူ သူ့အပေါ်တွင် အသုံးပြုခဲ့သည့် ကျင့်စဥ်ကို တွေ့ရှိခဲ့သည်။ ၎င်း၏ ရည်ရွယ်ချက်က လူသားများ၏ မူလ စွမ်းအင်များကို စုပ်ယူကာ ကျင့်ကြံရန် ဖြစ်သည်။ ၎င်းကား အခြေခံ အကျဆုံးသော မိစ္ဆာ ကျင့်စဥ် တစ်ခုပင် ဖြစ်၏။

ယင် ရွေးချယ်ခဲ့သည်။ ရှာဖွေကာ အစီအစဥ်များ ချမှတ်ခဲ့သည်။ ကျင့်ကြံသူများမှာ သူ့အား အလွယ်တကူ သတ်ဖြတ်နိုင်ကြောင်း သူ သိသည်။ သာမန်လူသားများ ထဲတွင်ပင် အများစုမှာ သူ့ထက် ပိုမို အားကောင်းသည်။

ယင်၏ ပထမဆုံး ပစ်မှတ်က အားနည်းပြီး ခုခံနိုင်စွမ်း ကင်းမဲ့သည့် ကလေးငယ်များ...

မှန်ပေသည်။ သူသည် ဘယ်တုန်းကမှ စိတ်ကူး မယဥ်ခဲ့ဖူးသည့် ရက်စက် ယုတ်မာသော အမှုများကို စတင်ကာ ကျူးလွန်ခဲ့သည်။ သူ ကလေးငယ်များကို သတ်ဖြတ်ခဲ့ပါသည်။

သူတို့လေး၏ အခြေတည် စွမ်းအင်များသည် စုပ်ယူရန် လွယ်ကူလှသည်။ ဤသို့ဖြင့် အပြစ်ကင်းမဲ့သော အသက်များ ရက်စက်စွာ စတေးရင်း သူ ကျင့်ကြံခြင်းကို ပြန်လည် ရရှိခဲ့သည်။

သူ နှလုံးသားထဲမှ နာကျင်ရပါသည်။ ကြောက်ရွံ့နေသည့် ငိုသံများကို လျစ်လျူရင်း မျက်ရည်များ ကျဆင်းခဲ့ဖူးပါသည်။ သို့သော်လည်း မမြင်နိုင်သည့် တစ်စုံတစ်ရာက သူ့အား ရှေ့ဆက်ရန် ယန္တယား တစ်ခုအလား တွန်အားပေးနေသည်။

“အားလုံးက သူတို့ အပြစ်... လောကကြီးရဲ့ အပြစ်...”

ယင် ရည်ရွယ်ချက် တစ်ခု ချမှတ်ခဲ့သည်။ သူ ခံစားချက် အားလုံးကို ပိတ်ဆို့ကာ ကျင့်ကြံခြင်းတွင် အမှောင်ချ ထားခဲ့သည်။ အရိပ် ရည်ရွယ်ချက်ကို တိုးတက်လာအောင်၊ ဖွံ့ဖြိုးလာအောင် ကြိုးပမ်းခဲ့သည်။ ငွေ အတွက် သူ သတ်ဖြတ် လုပ်ကြံသူ တစ်ယောက် ဖြစ်လာခဲ့သည်။

မိစ္ဆာ ကျင့်စဥ် တိုးတက်လာခြင်းနှင့် အတူ သူ မူလ စွမ်းအင်များကို ပိုမို စုပ်ယူလာနိုင်ခဲ့သည်။ သူ၏ ကျင့်ကြံခြင်းက ခုန်ပျံကျော်လွှားကာ တိုးတက်လာခဲ့သည်။ သူ အမျိုးမျိုးသော လုပ်ကြံခြင်း ကျင့်စဥ်များကို လက်ခံ ရရှိကာ ကျင့်ကြံခဲ့သည်။ သတ်ဖြတ်ခဲ့သည်။

***

All Chapters