← Chapters

ယင် (၂)

Vol. 15 Ch. 204

ယင် (၂)

Vol. 15 Ch. 204

မကြာခင်မှာပင် ဆယ်စုနှစ် အချို့ ဖြတ်ကျော်သွား၏။ သူ၏ လက်များမှာ မရေမတွက်နိုင်သော လူသားသွေးတို့ဖြင့် စွန်းထင်နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း လက်စားချေလိုသည့် သူ၏ ဆန္ဒက ဘယ်တော့မှ လျော့ကျ မသွားခဲ့။ သူ၏ စိတ်က ထိုရည်ရွယ်ချက် အပေါ်တွင် အာရုံစိုက်နေဆဲ ဖြစ်လေသည်။

တစ်နေ့တော့ သူ သူတို့ကို ပြန်တွေ့ခဲ့ပါသည်။ တစ်ယောက်မှာ အုတ်ဂူအတွင်း ငြိမ်းချမ်းစွာ လဲလျောင်းနေကာ အခြား လူများမှာမူ မျိုးနွယ်စု တိုက်ပွဲများ အကြား မြေစာပင် ဖြစ်သွားခဲ့ရသည်။ သူတို့အား သေဆုံသွားခဲ့ချေပြီ ဖြစ်၏။

ထိုအခိုက်၌ ယင်မှာ မည်ကဲ့သို့ ခံစားရမှန်း မသိတော့။

သူ ရက်စက်ခဲ့သမျှ၊ သတ်ဖြတ်ခဲ့သမျှ အားလုံးမှာ လက်စားချေလိုစိတ် တစ်ခုတည်း အတွက် ဖြစ်သည်။ သူတို့သည် သူ့မိသားစုကို မီးလောင်တိုက်သွင်းကာ သူ့ ဘဝတစ်ခုလုံးကို စုတ်ပြတ်သတ် စေခဲ့သည်။ ယခုတွင်မူ သူတို့မှာ လောကကြီးတွင် မရှိတော့လေပြီ။

ဆုံးရှုံးခြင်း…

သူ ထိုအရာကို နက်ရှိုင်းစွာ ခံစားလိုက်ရ၏။ သူ သတ်ဖြတ်ခဲ့သည့် ထောင်ပေါင်းများစွာသော အသက်များက အလကားလော။ အမှောင်ည တစ်ညတွင် သူ ဓားကို ဆွဲထုတ်ကာ နှလုံးသားဆီ ယူဆောင်ခဲ့သည်။ သူ လိုအပ်သမျှက အားအနည်းငယ် စိုက်ကာ ရှေ့သို့ တိုးလိုက်ရန်သာ ဖြစ်သည်။ ထိုအခါ သူ့ဘဝ တစ်ခုလုံး အဆုံးသတ် သွားပေလိမ့်မည်။ အားလုံး ပြီးဆုံးသွားပေလိမ့်မည်။

ချစ်စဖွယ် ကလေးငယ်လေးများ၏ အပြုံးများနှင့် ငိုယိုသံများက သူ့စိတ်ထဲတွင် တဖျပ်ဖျပ် ပြန်ပေါ် လာခဲ့သည်။ အဘယ်ကြောင့်နည်း။ သူ ထိုအရာ အားလုံးကို အဘယ်ကြောင့် လုပ်ခဲ့ပါသနည်း။ သူ ယူခဲ့သမျှ အသက်တိုင်းက အဘယ် အဓိပ္ပာယ် အတွက်နည်း။

အပြစ်တွေ အတွက်…၊ ဆိုးယုတ် ညစ်ညမ်းစွာလှသော သူ ကျူးလွန်ခဲ့သည့် အပြစ်တွေ အတွက်…

ဓားဦးထိပ်က နာကျင်စွာဖြင့် အရေပြားဆီ တိုးဝင်သွား၏။ သို့သော်လည်း…

ကလန့်…

ဓားက ကြမ်းပြက်ထက် ပြုတ်ကျသွား၏။ သူ ဘယ်လိုမှ မလုပ်နိုင်ခဲ့…

သူက လူကြောက် တစ်ယောက် ဖြစ်ကြောင်း ဝန်ခံပါသည်။ သူ့ကိုယ်သူ အဆုံးသတ်ရဲသည့် သတ္တိတစ်စုံတစ်ရာကို မပိုင်ဆိုင်ခဲ့သူ ဖြစ်သည်။

ဤသို့ဆိုလျှင် အဘယ်ကြောင့် သူ့အား သတ်ဖြတ်ရန် တစ်စုံတစ်ယောက်ကို မရှာဖွေခဲ့ သနည်းဟု မေးစရာ ရှိသည်။ သူ ရှာဖွေခဲ့ပါသည်။

ရက်စက်ကြမ်းကြုတ်မှုနှင့် အတူ ဓားတစ်စင်းသည် သူ၏ လည်ပင်းနား အထိ ရောက်ရှိလာခဲ့သည်။

ထို့နောက် ခေါင်းတစ်လုံး ကြမ်းပြင်ပေါ် ပြတ်ကျသွားခဲ့၏။ သို့သော်လည်း ထိုအရာက သူ့ခေါင်းတော့ မဟုတ်ခဲ့။

ယင် ရှူံးနိမ့်ခဲ့ပါသည်။ အသက်ရှင်လိုသည့် သူ၏ ဆန္ဒက သန်မာလွန်းသည်။ တစ်ချိန်တည်း၌ သေဆုံးလိုသည့် ဆန္ဒကလည်း ထိုထက် မလျော့။ သူ ဤကမ္ဘာမှ ထွက်သွားလိုသည်။ သို့သော်လည်း ကိုယ်တိုင် မလုပ်နိုင်ခဲ့။ အဘယ်မျှ ကံဆိုးလိုက်သနည်း။

သူ ကျူးလွန်ခဲ့သည့် အပြစ်များမှာ ဆေးကြော၍ မရနိုင်အောင် ပျစ်ခဲ လွန်းလှသည်။ သူ့လက်၌ သေဆုံးခဲ့သည့် အသက်များမှာလည်း ရေတွက်၍ မရနိုင်အောင် များပြားလှပါသည်။

သို့ဖြစ်ရာ သူ လုပ်နိုင်သော အရာ တစ်ခုသာ ရှိပေတော့သည်။ ပေးဆပ်မှုကို ရှာဖွေဖို့ပင်။

ရက်မှသည် လ၊ လမှသည် နှစ်များဆီသို့ပင် ကူးပြောင်း သွားခဲ့သည်။ ဆယ်စုနှစ် တစ်ခုဆိုသော အချိန်ကပင် ဘာမှ မကြာလိုက်။

သူ ဘဝတစ်ခုလုံးကို ကမ္ဘာအနှံ့ ခရီးသွားခြင်းဖြင့် မြှုပ်နှံ ထားခဲ့သည်။ သူ တတ်နိုင်သမျှ အသက်တစ်ခုကို ကယ်တင်ရန် ကြိုးစားခဲ့သည်။ သို့သော်လည်း အသက် တစ်ခုကို ကယ်တင်ရန် အတွက် အခြား အသက် တစ်ခု၊ သို့မဟုတ် အသက်များကို သူ သတ်မိနေဆဲ ဖြစ်၏။

သို့သော်လည်း ထိုမှတစ်ပါး ရွေးချယ်စရာ သူ့တွင်မရှိခဲ့။ ယင်သည် ခံစားချက်များအား သင်္ဂြိုဟ်ရင်း လူစိမ်းများကို ကူညီရန် ဆက်လက် ကြိုးစားနေခဲ့သည်။

ဤသို့ဖြင့် သူ မသိလိုက်ခင်မှာပင် နှစ်ရာပေါင်းများစွာ ကုန်လွန်သွား၏။ ယင်သည် လက်တွင် စွန်းထင်နေသည့် အပြစ်သွေးများ စင်ကြယ်သွားပြီဟု မယူဆသည့်တိုင် တစ်စုံတစ်ခုကိုတော့ ယုံကြည်နေဆဲ ဖြစ်သည်။

တစ်နေ့တွင် တစ်စုံတစ်ယောက် သူ့ထံ ရောက်လာလိမ့်မည်။ ထို့နောက်တွင် သူ အရှာဖွေရဆုံး အရာကို ပေးအပ်ပေလိမ့်မည်။

ဘဝ၏ အဆုံးသတ်နားသို့ ရောက်ရှိပြီး နောက်ဆုံး၌ ထိုပုဂ္ဂိုလ်နှင့် တွေ့ဆုံခဲ့ပြီဟု ယင် ထင်မှတ်ထားခဲ့သည်။

သို့သော်လည်း ကံဆိုးစွာပင် ထိုပုဂ္ဂိုလ်မှာ သူ့အသက် အစား၊ သူ့ကိုသာ အလိုရှိနေခဲ့ပေသည်။

…

ထိုအခိုက်၌ ယင်၏ မျက်နှာထက်ရှိ အရေး အကြောင်းများမှာ ပိုမို များပြားလာသလိုပင် ထင်လိုက်ရသည်။ စက္ကန့်ပိုင်း အတွင်းမှာပင် သူသည် ဆယ်နှစ်စာမျှ ပိုမို အိုမင်းသွား၏။

"ဒါဆို မင်း ထွက်သွားသင့်တယ်"

သူက ခေါင်းခါရင်း သက်ပြင်းတစ်ချက် လိုက်၏။ ထို့နောက် တုန်တုန်ရီရီဖြင့် ခန္ဓာကိုယ်ကို လှည့်ကာ သက်ငယ်တဲအို အတွင်း ပြန်လည် ဝင်ရောက်သွားတော့၏။ ဝေ့ဝူယင် သူ့အား မတားချေ။

ထို့အစား ခေါင်းကိုသာ လှည့်ရင်း နံဘေးရှိ ရေကန်ကြီးကို ကြည့်လိုက်သည်။ ၎င်းသည် ကြည်လင်ရှင်းလင်းနေကာ ရေမှော်ပင် ကင်းစင်နေ၏။

သူ ရေကန်နံဘေးသို့ လျှောက်သွားလိုက်ရင်း အောက်သို့ ငုံ့ကြည့်ကာ ရေအနက်ကို ခန့်မှန်းလိုက်သည်။ ထို့နောက် ကမ်းစပ်တွင်ပင် ထိုင်ချလိုက်၏။ သူ၏ ငွေရောင် မျက်လုံးများက တည်ငြိမ်စွာပင် ရေကန်ထဲ လွတ်လပ်စွာ ကူးခပ်နေသည့် ငါးကလေးများကို လေ့လာနေခဲ့သည်။

နာရီပေါင်း များစွာ ကြာအောင် ဝေ့ဝူယင် ထိုနေရာတွင် ထိုင်နေခဲ့သည်။ သူ စကားတစ်ခွန်းမှ မပြောသလို လူအိုကြီးကိုလည်း နှောက်ယှက်ခြင်း မပြုချေ။

ချက်…

သက်ငယ်တဲအိုလေး၏ တံခါးက နောက်တစ်ကြိမ် ပြန်လည် ပွင့်လာကာ အဘိုးအို ထွက်ပေါ်လာ၏။ သူသည် ငါးမျှားတံ တစ်ခုနှင့် ထိုင်ခုံ တစ်ခုကို ကိုင်ဆောင်ကာ ရေကန်နံဘေးသို့ လျှောက်လာခဲ့သည်။ ဝေ့ဝူယင်အား မြင်တွေ့ချိန်၌ သူ၏ မျက်ခုံးများက မဆိုသလောက်လေး တွန့်သွား၏။ သို့သော်လည်း ဘာမှ မပြောပဲ မီတာ အနည်းငယ် အကွာအဝေးတွင် ထိုင်ခုံကိုချကာ ထိုင်လိုက်သည်။

ဝေ့ဝူယင် ငြိမ်သက်စွာပင် ငါးကလေးများနှင့် ကြက်ခွပ်လှိုင်းများကို ငေးကြည့်နေခဲ့၏။ သူသည် ယင်ကို လျစ်လျူ ထားသကဲ့သို့ ယင်ကလည်း သူ့ကို လျစ်လျူထားသည်။

ယင်သည် ငါးမျှားတံကို ငါးစာတပ်ပြီးနောက် ရေထဲ ပစ်ချလိုက်သည်။ ကျင့်ကြံသူ တစ်ဦးအတွက် ရေကန်ထဲရှိ ငါးကလေးများ၏ ကူးခပ်မှု၊ လှုပ်ရှားမှု၊ တည်နေရာတို့ကို ခန့်မှန်းရန်မှာ သိပ်မခက်ခဲလှ။

သို့သော်လည်း ယင်သည် မျက်လုံးများကို မှိတ်ထားသည်။ သူသည် ချီကို အသုံးမပြုသလို အာရုံခံစားနိုင်သည့် စွမ်းရည်ကိုလည်း လျစ်လျူထားသည်။ နာရီ အနည်းငယ် ကြာပြီးသည့်တိုင်အောင်  ငါးတစ်ကောင်တစ်လေကမှ သူ့ငါးစာကို လာမဟပ်ခဲ့။

ခြောက်နာရီ ကြာပြီးနောက်တွင် သူ ငါးမျှားတံကို ပြန်သိမ်းကာ သက်ငယ်တဲအို အတွင်း ပြန်ဝင်သွားသည်။ နောက်တစ်နေ့ ထိုအချိန်တွင် သူ အပြင်သို့ ပြန်ထွက်လာကာ ထပ်မံ ငါးမျှားပြန်သည်။

သုံးရက်လုံးလုံး ယင်သည် ထိုသို့ပင် ပြုမူနေခဲ့သည်။ ထို့နည်းတူစွာပင် ဝေ့ဝူယင်မှာမူ နေရာတွင်ပင် ထိုင်ရင်း နေနှင့် ငါးများကို ငေးမောနေဆဲ ဖြစ်သည်။

လေးရက်မြောက် နံနက်တွင် ယင်သည် ထုံစံအတိုင်းပင် ကုထားထိုင်ကို ယူလာကာ ထိုင်လိုက်သည်။ သူ၏ မျက်လုံးများက ဝေ့ဝူယင်ထံ ရောက်ရှိသွား၏။ ထိုလူငယ်လေးသည် ရောက်လာပြီးသည့် အချိန်မှ စ၍ စကား နှစ်ခွန်းတည်းကိုသာ ဆိုခဲ့သည်။

သူက ဘာကို ကြံစည်နေသနည်း။ အသက်ဓာတ် ကုန်ဆုံးခါနီး အဘိုးကြီး တစ်ယောက်ကို အရိပ် အဖြစ် သိမ်းသွင်းရန် တကယ်ကြီး တွေးတော နေသည်လော။ ယင် ခေါင်းအား ခါယမ်းလိုက်၏။

"လူငယ်လေး မင်းက ဒီကို လာပြီး အချိန်ဖြုန်း နေတာပဲ… အဲဒီအစား ကျင့်ကြံတာ ဖြစ်ဖြစ်၊ အပျော်ရှာတာ ဖြစ်ဖြစ် သွားပြီး လုပ်နေသင့်တယ်"

သူ၏ လေသံက မျိုးဆက်သစ်လေးကို ဩဝါဒ ပေးနေသည့် အကြီးအကဲ တစ်ဦးလိုပင်။

ဝေ့ဝူယင်က ရေကန် အတွင်း လွတ်လပ်စွာ ကူးခပ်နေသည့် ငါးကလေးများကို ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။

"သူတို့ ကမ္ဘာက ကန့်သတ်ခံထားရတယ် ဆိုတာ  ငါးလေးတွေ သိလိမ့်မယ်လို့ ခင်ဗျား ထင်လား… လှောင်အိမ်ထဲမှာ ပိတ်လှောင်ရင်း ဘယ်တော့မှ မလွတ်နိုင်တဲ့ အချုပ်အနှောင်တွေထဲမှာ ပေါ့လေ"

"..."

ယင်က မျက်မှောင်ကြုတ်လိုက်သည်။ ဝေ့ဝူယင် ဘာကို ပြောချင်နေမှန်း သူ စဉ်းစား မရခဲ့။

ထိုလူငယ်လေးမှာ ငါးတွေကို လေ့လာရင်း ဉာဏ်အလင်း တစ်စုံတစ်ရာ ရရှိအောင် ကြိုးစား နေသည်လော။ ယင် ရေကန်ထဲရှိ ငါးလေးများကို ငုံ့ကြည့်လိုက်သည်။ သူတို့ အားလုံးက လွတ်လပ် ပျော်ရွှင်စွာပင် ကူးခပ် နေကြပေသည်။

"သူတို့ရဲ့ လှောင်အိမ်က ဘယ်မှာလဲ…"

ထိုမေးခွန်းက သူ့ပါးစပ်မှ ထွက်ခွာသွားသည်။ အဘယ်ကြောင့် မေးခဲ့မိသည်ကိုတော့ သူ ကိုယ်တိုင်လည်း မသိပါချေ။

"ရေကန်၊ ကုန်းမြေတိုက်ကြီး၊ ခန္ဓာကိုယ်၊ အတွေး၊ ဉာဏ်ရည်… အားလုံးပဲ"

ဝေ့ဝူယင်က ဖြေလိုက်၏။

လှောင်အိမ်ထဲမှာ ပိတ်လှောင်ရင်း ဘယ်တော့မှ မလွတ်နိုင်တဲ့ အချုပ်အနှောင်တွေ

ယင် ဝေ့ဝူယင်၏ စကားကို စိတ်ထဲမှ လိုက်ခံ ရေရွတ်လိုက်မိသည်။ သူ တစ်စုံတစ်ရာကို နားလည်သယောင် ထင်လိုက်ရသော်လည်း ရုပ်လုံးပေါ်ရန် အတွက်တော့ ဝေးကွာနေဆဲ ဖြစ်၏။

ဝေ့ဝူယင်က အနည်းငယ် ပြုံးလိုက်သည်။

“ခင်ဗျားက ပြီးပြည့်စုံတယ်...”

“ပြီးပြည့်စုံတယ်...”

ယင်မှာ နောက်တစ်ကြိမ် နားမလည်နိုင်စွာ ‌ရေရွတ်လိုက်မိပြန်သည်။ ထိုလူငယ်လေး၏ စကားလုံးနှင့် အပြုအမူတိုင်းက နားလည်ရန် ခက်ခဲလွန်းလှသည်။

ဝေ့ဝူယင် မတ်တပ်ရပ်ကာ ခြေနှင့် လက်များကို အနည်းငယ် အကြောဆန့်လိုက်သည်။ ထို့နောက် ဝတ်စုံကို သပ်သပ်ရပ်ရပ် ဖြစ်ရန် အနည်းငယ် ခါလိုက်၏။

“ခင်ဗျားကို ကျုပ်နဲ့ ပူးပေါင်းစေချင်တယ်... ခင်ဗျားကို ကျုပ်ရဲ့ အရိပ် ဖြစ်လာစေချင်တယ်”

ယင်သည် အသက်ရှင်ရသည်ကို ငြီးငွေ့ကာ အပြစ်တရားအား ဆေးကြောရန် အတွက် သေခြင်းတရားကို လက်ချိုးရေတွက် စောင့်ဆိုင်းနေခဲ့သူ ဖြစ်သည်။ သူသည် အလွန်ရှားပါးသည့် အရိပ် ရည်ရွယ်ချက်ကို အောင်မြင်ခဲ့ပြီး ထိုအရာနှင့် အတူ ဆယ်စုနှစ် များစွာ တည်တံ့သည့် နာမည် ဂုဏ်သတင် တစ်ခု တည်ဆောက်နိုင်ခဲ့သည်။

ဝေ့ဝူယင်သည်လည်း အခြားလူများ ကဲ့သို့ပင် သူတို့၏ ကိုယ်ပိုင် ရည်ရွယ်ချက်များ အတွက် သူ့အား အသုံးချလိုသည့် လောဘသား တစ်ယောက်ဟု သူ ခံစားရသည်။

“ကျုပ် တိုက်ရိုက်ပဲ ပြောတော့မယ်... ခင်ဗျားက ပေးဆပ်မှုကို ရှာဖွေနေတယ်... အဲဒီ အတွက် အခွင့်အရေး တစ်ခုနဲ့ ကျုပ် ခင်ဗျားကို ကမ်းလှမ်းမယ်”

ယင်၏ အတိတ်ကြောင်းမှာ သိပ်မရှင်းလင်းလှသော်လည်း လုပ်ကြံသတ်ဖြတ်သူ တစ်ယောက် အနေဖြင့်တော့ အတော်လေး အထင်ကြီးစရာ ကောင်းလွန်းသည်။ သူ၏ ကျင့်ကြံခြင်း အခြေခံက သိပ်မမြင့်မားပဲ ချီပျစ်ခဲခြင်း အဆင့်ခုနစ် မြင့်မြတ်သောချီ အဆင့်တွင်သာ ရှိသည်။ သို့တိုင်အောင် သူသည် ကြယ်တာရာ အမြုတေ အဆင့် တစ်ယောက်ကိုပင် သတ်ဖြတ်ဖူးခဲ့သည်။

ထိုကျင့်ကြံသူမှာ ကြယ်တာရာ အမြုတေ အဆင့်တစ် တစ်ယောက်သာ ဖြစ်သော်လည်း မဖြစ်နိုင်လုနီးပါး အရာတစ်ခုကို လုပ်ပြနိုင်ခဲ့ခြင်း ဖြစ်သည်။ လုပ်ကြံ သတ်ဖြတ်သူများထဲတွင် အလွန့် အလွန် နည်းပါးသော လူများသာ ထိုကဲ့သို့ ပြုလုပ်နိုင်ကြသည်။

“ငါ မလုပ်ချင်ဘူး..”

ယင်က ငြင်းလိုက်၏။

“မှန်တယ်... ခင်ဗျား ဆန္ဒမရှိဘူ... ဒါပေမဲ့ ခင်ဗျား လိုအပ်တယ်”

***

All Chapters