← Chapters

သွေးတိုက်တန်မြို့

Vol. 15 Ch. 206

သွေးတိုက်တန်မြို့

Vol. 15 Ch. 206

ယင်သည် သူ၏ သက်ငယ်တဲအိုလေးထဲတွင် တိတ်တဆိတ် ကျင့်ကြံနေ၏။ ဝေ့ဝူယင်သည် ယင်၏ ပြဿနာကို အစောကတည်းကပင် သိရှိပြီး ဖြစ်သည်။ ထိုလူအိုကြီးသည် ချီပျစ်ခဲခြင်း အဆင့်ခုနစ်တွင်ကာ သက်တမ်း အဆုံးသတ်လုနီးပါး အချိန်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ကံကောင်းထောက်မစွာပင် လူတစ်ယောက်၏ သက်တမ်းကို ဆွဲဆန့်ပေးနိုင်သည့် အဂ္ဂိရတ် ထုတ်ကုန်များစွာ ရှိပေသည်။

ဝေ့ဝူယင်သည် အစောကတည်းကပင် အသက်ဆက်ဆေး ဟု ခေါ်သည့် အဆင့်ခုနစ် ဆေးတစ်မျိုးကို ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။ ရိုးရိုးစင်းစင်း ပေးထားသည့် နာမည် အတိုင်းပင် ထိုဆေးလုံးမှာ အမှန်တကယ် အစွမ်းထက်လှသည်။ ဆေးတစ်လုံးတည်ကပင်လျှင် လူတစ်ယောက်၏ အသက်ကို ဆယ်နှစ် ဆွဲဆန့်ပေးနိုင်စွမ်း ရှိသည်။

သို့သော်လည်း အမတေ စွမ်းအင် ပိုမို သိပ်သည်းလာသည်နှင့် အမျှ ဆေးလုံး၏ အကျိုးသက်ရောက်မှုက လျော့နည်းသွားသည်။ ကြယ်တာရာ အမြုတေ အဆင့်များ အတွက် အချိန်ပို တစ်လရလျှင် ကံကောင်းဟု ဆိုရပေမည်။ သို့သော်လည်း ချီပျစ်ခဲခြင်း အဆင့်များ အတွက်တော့ ၎င်းမှာ ထိရောက်ကာ နှစ်ပေါင်းများစွာကို ထောက်ပံ့ပေးနိုင်စွမ်း ရှိပေသည်။

ဝေ့ဝူယင်သည် ယင်ကို ထိုဆေးလုံး တစ်လုံးတည်း ပေးအပ်ခဲ့ခြင်း မဟုတ်ချေ။ သူ၏ ကျင့်ကြံခြင်းကို ခုန်ပျံ ကျော်လွှား တိုးတက်စေနိုင်မည့် များစွာသော ရင်းမြစ်များကိုပါ ထောက်ပံ့ပေးထားခဲ့သည်။ သူသာ ကြယ်တာရာ အမြုတေ အဆင့်ကို တက်လှမ်းနိုင်ပါက သက်တမ်းမှာ စိုးရိမ်စရာ ပြဿနာ တစ်ရပ် ဖြစ်လာတော့မည် မဟုတ်ပါချေ။

ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချရင်း သက်ငယ်တဲအိုအတွင်းကို လှမ်းကြည့်လိုက်သည်။ ပုံရိပ်ယောင် နတ်မျက်လုံး ကျင့်စဥ်နှင့် အတူ ယင်ခံစားခဲ့ရသမျှ အရာအားလုံးကို သူလည်း ခံစားခဲ့ရသည်။

တုန်လှုပ် ချောက်ချားမှု၊ မျှော်လင့်ချက် ကင်းမဲ့မှု၊ ဝမ်းနည်းမှု... မည်သည့် အရာ တစ်ခုတစ်လေကို မလွတ်ခဲ့။

“ငါသာ သူ့နေရာမှာ ဆိုရင် ဘယ်လိုလုပ်မှာလဲ... မိသားစု သွေးကြွေးကို ဆပ်ဖို့ တစ်ခုတည်း အတွက် အဲဒီလို ရက်စက် ယုတ်မာတဲ့ ကျင့်စဥ်ကို ကျင့်မှာလား...”

ဝေ့ဝူယင် ကိုယ့်ကိုယ်ကို မေးလိုက်မိသည်။ များများစားစား စဥ်းစားစရာ မလိုပဲ အဖြေ ထွက်လာသည်။ သူ ကျိန်းသေ ထိုလမ်းစဥ်ကိုသာ လျှောက်လှမ်းပေလိမ့်မည်။ ကိုယ်တစ်ယောက်တည်း၏ ဆုံးဖြတ်ချက်ကြောင့် တစ်မိသားစုလုံး တဖြုတ်ဖြုတ် သေသွားသည့် ခံစားချက်မျိုးကို ကြုံဖူးသူများသာ နားလည်ပေလိမ့်မည်။ ထိုမေးခွန်းက ဘယ်တော့မှ ပြောင်းလဲလိမ့်မည် မဟုတ်ချေ။

ကံကောင်းထောက်မစွာပင် သူ့တွင် ပါရမီရှိခဲ့သည်။ အခွင့်အရေး တစ်ခု ရခဲ့သည်။ နေသွေးနီနီဂိုဏ်းသို့ ဝင်ရောက်ကာ ဂုဏ်ထူးဆောင် တပည့် တစ်ယောက် ဖြစ်လာခဲ့သည်။ အမြင့်ဆုံး အဆင့်အတန်း ရှိရာဆီသို့ တက်လှမ်းနိုင်ခဲ့သည်။ မေ့မေ့၊ ပိုင်လင်နှင့် ကျန်းညီအကိုတို့ကဲ့သို့သော မဟာမိတ်များ၏ အကူအညီနှင့် လက်စားပြန်ချေနိုင်ခဲ့သည်။

ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချကာ အတိတ်အရိပ်များဆီမှ ရုန်းထွက်လိုက်သည်။

“ငါနောက်တစ်ခါ ပုံရိပ်ယောင် နတ်မျက်လုံးကို အသုံးမိအောင် ကြိုးစားရမယ်... အခြားတစ်ယောက်ရဲ့ စိတ်ထဲကို ဝင်တဲ့အခါ တဖြည်းဖြည်းနဲ့ ငါ့ကိုယ်ငါ ဆုံးရှုံးသွားလိမ့်မယ်”

ပုံရိပ်ယောင် နတ်မျက်လုံး၏ သက်ရောက်မှုသည် ယင်ခံစားရသမျှ၊ ကြုံတွေ့ရသမျှ အရာအားလုံးကို သူကိုယ်တိုင် ဖြစ်ပျက်ခဲ့သကဲ့သို့ ထင်မြင်ခဲ့စေသည်။ အခပ်မသင့်ပါက သူ၏ အတွေ့အကြုံများထဲတွင် ယူကြုံးမရ ခံစားရင်း ကိုယ့်ကိုယ်ကို ပိတ်လှောင်မိ သွားပေလိမ့်မည်။

ပုံရိပ်ယောင် နတ်မျက်လုံးသည် ကောင်းကင်ဘုံ နတ်မျက်လုံး ကျင့်စဥ်၏ ဆန်ပြားသော စွမ်းရည် တစ်မျိုး ဖြစ်သည်။ ၎င်းကို အသုံးပြုကာ သူကိုယ်တိုင် အတွက်နှင့် အခြားလူများ အတွက် ကမ္ဘာတစ်ခု ဖန်ဆင်းနိုင်သည်။

သို့သော်လည်း ထိုကဲ့သို့ ပြုလုပ်ရန် အတွက် ထိုလူများ၏ အသိတ်စိတ် ပင်လယ် အတွင်း အရင်ဆုံး ထိုးဖောက် ဝင်ရောက်ရန် လိုအပ်သည်။ ၎င်းကား အလွန် အန္တရာယ်များသည့် ကျင့်စဥ် တစ်ခု ဖြစ်သည်။ အသိစိတ် ပင်လယ်မှာ သက်ရှိတိုင်း၏ ဆန္ဒ၊ မှတ်ဉာဏ်နှင့် ခံစားချက်တို့ ခိုအောင်းမှီတည်ရာ နေရာ ဖြစ်သည် မဟုတ်ပါလား။

“ပုံရိပ်ယောင် မျက်လုံးက ဒီဒုက္ခအိုး ဆိုရင် အခြားနှစ်ခုက‌ရော...”

ဝေ့ဝူယင် မသေမျိုး နတ်မျက်လုံးနှင့် ချိတ်ဆက်ရန် ကြိုးစားဖူးသည်။ သို့သော်လည်း ၎င်းမှာ တိတ်ဆိတ်စွာသာ သက်ဝင်လှုပ်ရှားနေကာ သူ မမြင်နိုင်သော၊ မခံစားနိုင်သော အခြေအနေ တစ်ခု၌ တည်ရှိနေခဲ့ဟန် ရသည်။

အမှန်တရား မျက်လုံးမှာမူ လုံးဝ လျှို့ဝှက် ဆန်းကြယ်လှ၏။ ကြယ်တာရာ အမြုတေ အဆင့်တစ်ခုခုတွင် ၎င်းကို နှိုးဆွနိုင်လိမ့်မည် ဟု သူ ခံစားရသော်လည်း ထိုအချိန်က ယခုတော့ မဟုတ်သေးချေ။ မြင်နိုင်သော မြေပုံ လမ်းညွှန် တစ်ခုကဲ့သို့ ထိုခံစားချက်က လုံးဝ သေချာလှသည်

ဝေ့ဝူယင် စိတ်ပိုင်းဆိုင်ရာ ပင်ပန်း နွမ်းနယ်မှု တစ်ခုကို ခံစားလိုက်ရသည်။ သူ အနားယူရန် လိုအပ်နေခဲ့ပြီ ဖြစ်၏။

ထိုကဲ့သို့ ပြုလုပ်ရန် ဟန်ပြင်လိုက်စဥ်မှာပင် သူ ဆက်သွယ်ရေး သလင်းကျောက်က စာတစ်စောင်ကို လက်ခံ ရရှိလိုက်သည်။ ထိုအရာက အန့်ပိုင်ရု ထံမှ ဖြစ်၏။

“အကြီးအကဲ... အဂ္ဂိရတ် တိုက်ပွဲကို နောက်နှစ်ရက် နေ့လည်ချိန် သွေးတိုက်တန်မြို့မှာ ကျင်းပလိမ့်မယ်... အကြီးအကဲ အချိန်မှီလာနိုင်ဖို့ ကျွန်မ မျှော်လင့်မိပါတယ်”

ထိုအရာအား ဖတ်ပြီးနောက် ဝေ့ဝူယင် သူ ကတိကဝတ် ပြုခဲ့သည့် ညီအမ နှစ်ဦးအား ပြန်လည် သတိရလိုက်သည်။ ထိုကိစ္စကို သူ လုံးဝ မေ့နေခဲ့ခြင်း ဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာ ပင်ပန်း နွမ်းနယ်မှုက မေ့လျော့ခြင်းများကို ဖြစ်ပေါ်စေနိုင်စွမ်း ရှိသည်။

“ငါ ခု အနားယူသင့်တယ်... ပြီးမှပဲ စိတ်စွမ်းအားကို တိုးမြှင့်ဖို့ သင့်တော်တဲ့ မှော်ဆေးလုံး အချို့ကို ဖော်စပ်ရမယ်”

ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်ရင်း ရေကန်ဆီ လျှောက်သွား လိုက်၏။ လက်တစ်ဖက် ဝှေ့ယမ်းရုံဖြင့် အရပ် ရှစ်မျက်နှာရှိ ဒြပ်စင် စွမ်းအင်များက စုဝေးလာကာ ကောင်းကင်နန်းတော် တစ်ခုအသွင် ပြောင်းလဲ သွားသည်။ ထိုကောင်းကင် နန်းတော်သည် ရေကန်ကို အခြေပြုလျှက် ကောင်းကင်သို့ မီတာပေါင်းများစွာတိုင် မြင့်တက်သွား၏။

သေမျိုး မိုးကုပ်စက်ဝိုင်း ထာဝရ တည်မြဲခြင်း စွမ်းအင်ဖြင့် ဖန်ဆင်းခံထားရသည့် အရာအားလုံးမှာ ဖျက်ဆီးခြင်း မခံရမီ၊ သို့မဟုတ် အချိန်၏ တိုက်စားခြင်း မခံရမီ အချိန် အထိ တည်တံ့ပေလိမ့်မည်။ အသက်ပြင်းပြင်း ရှူသွင်းလိုက်ရင်း ဝေ့ဝူယင် နန်းတော်ထဲသို့ ဝင်လိုက်သည်။ ထို့နောက် သိုလှောင် လက်စွပ်အတွင်း ထည့်သွင်း သယ်ဆောင်လာသည့် သီးသန့် ခုတင်ကို ထုတ်ယူလိုက်တော့၏။

...

သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးသည် အမျိုးမျိုးသော အင်အားစုများ မှီတင်းနေထိုင်ကြသည့် ဖွံ့ဖြိုးပြီး လူမှုအဖွဲ့အစည်း တစ်ခု ဖြစ်သည်။ သွေးဆိုသော စကားလုံး အတိုင်းပင် နေ့စဥ်နေ့တိုင်း သွေးသံတရဲရဲ တိုက်ပွဲများ ဖြစ်ပေါ်နေကာ မရေမတွက်နိုင်သော လူများ သေဆုံး‌ နေကြသည်။

သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီး အတွင်း တည်ငြိမ်မှု အရှိဆုံးဟု ဆိုနိုင်သည့် တစ်ခုတည်းသော နေရာမှာ ရွှယ်တိုင်းပြည်ပင် ဖြစ်သည်။ ၎င်းသည် ကုန်းမြေတိုက်ကြီး တစ်ခုလုံး၏ နှစ်ဆယ် ရာခိုင်နှုန်း နီးပါးကို ထိန်းချုပ်ထားကာ ဥပဒေ စိုးမိုးမှု တင်းကြပ်လှသည်။

သို့သော် ရွှယ်တိုင်းပြည်မှာ ပြဿနာနှင့် ပဋိပက္ခများမှ လုံးလုံး ကင်းလွတ်နေသည့် နေရာတစ်ခုတော့ မဟုတ်ချေ။ လောဘ၊ ဒေါသ၊ မောဟ ထုံလွှမ်းသည့် လူသားတို့၏ ထုံးစံအတိုင်း မကောင်းကြံစည်မှု၊ ရက်စက်ယုတ်မာမှု၊ ပြိုင်ဆိုင်မှု ဖြစ်ရပ်များစွာမှာ သေးသေးနုပ်နုပ် တည်ရှိနေဆဲ ဖြစ်သည်။

ရွှယ်တိုင်းပြည် အတွင်း၌ မရေမတွက်နိုင်သော မြို့များ၊ ရွှာများ တည်ရှိသော်လည်း အဓိက အချက်အချာ အဖြစ် သတ်မှတ်ထားသော မြို့တော်မှာမူ သုံးခုသာ ရှိသည်။ ၎င်းတို့မှာ သွေးတိုက်တန်မြို့တော်၊ သွေးနှင်းဆီမြို့တော်နှင့် သွေးလှိုင်းမြို့တော်တို့ပင် ဖြစ်သည်။

သွေးတိုက်တန်မြို့တော်...

သွေးတိုက်တန်မြို့တော်သည် ကီလိုမီတာပေါင်း နှစ်ထောင်ကျော် ကျယ်ဝန်းကာ လူဦးရေ သန်းနှစ်ရာကျော် မှီတင်း နေထိုင်ကြသည့် မြို့တော်ကြီး ဖြစ်သည်။ ဗိသုကာ ပညာရှင်များ တည်ဆောက်ထားသည့် ရဲတိုက်ကြီးများနှင့် လမ်းမများက ခန့်ညား ထည်ဝါလှကာ မြို့တစ်မြို့၏ ဂုဏ်သရေကို အစွမ်းကုန် ပုံဖော် နေကြသည်။

မြို့တော်ထဲ၌ ကျင့်ကြံသူ များစွာမှာ ကိုယ်ပိုင် စွမ်းအား အတွက် အပတ်တကုပ် ကျင့်ကြံနေကြသည်။ အဂ္ဂိရတ် ပညာရှင်များက ဆေးများ ဖော်စပ်နေကာ စာသင်သားများမှာလည်း ဗဟုသုတများကို ဆည်းပူနေကြသည်။ ထို့နည်းတူစွာပင် စားဖိုမှူးများမှာ သူတို့၏ မီးဖိုများ နံဘေးတွင် အလုပ်များ နေကြကာ မိခင်များမှာလည်း သူတို့၏ ရင်သွေးများကို ချော့မြှူ နေကြသည်။

သွေးတိုက်တန် မြို့၏ တစ်နေရာတွင် နှစ်ပေါင်း နှစ်ထောင်နီးပါး တည်တံ့ခဲ့သည့် မျိုးနွယ်စု တစ်ခု ရှိ၏။ ထိုမျိုးနွယ်စု၏ နည်မည်က အန့် ဟူ၍ ဖြစ်သည်။ ယနေ့ အန့်မျိုးနွယ်စု၏ အစည်းအဝေး ခန်းမထဲတွင် အကြီးအကဲများ၊ ဘိုးဘေးများနှင့် ခေါင်းဆောင်များစွာ စုစည်း နေကြသည်။

အန်ပိုင်ရုနှင့် အန်ဖေးကျင်းတို့သည် အဓိက ထိုင်ခုံတွင် ထိုင်နေသည့် အကြီးအကဲတစ်ဦး၏ ဘယ်ဘက်တွင် ရပ်နေကြသည်။ ချောမောသည့် ထိုအကြီးအကဲသည် နားသယ်တွင် မီးခိုးရောင် ဆံပင်များ ပေါက်နေသည်။ သို့သော်လည်း သူ၏ အသားအရေတွင်မူ မည်သည့် အရေးအကြောင်း တစ်ခုမျှ မရှိခဲ့ချေ။ သူ၏ မျက်လုံးများမှာ ကြယ်စုံလင်သည့် ညတစ်ည အလား တဖျပ်ဖျပ် တောက်ပနေ၏။ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် အရှိန်အဝါက အင်အားကြီးလှသော်လည်း မတည်ငြိမ်သည့် အသက်ရှူသံများမှ တစ်ဆင့် သူ ခံစားနေရသည့် ဖိအားကို ခန့်မှန်းနိုင်ပေသည်။

သူ၏ နာမည်က အန့်ကဲ ဖြစ်ပြီး အန့်မျိုးနွယ်၏ ခေါင်းဆောင် ဘိုးဘေးလည်း ဖြစ်သည်။ သူသည် ကြယ်တာရာ အမြုတေ အဆင့် တစ်ယောက် ဖြစ်၏။ ထိုကျင့်ကြံခြင်း အဆင့်မှာ ကုန်းမြေတိုက်ကြီး တစ်ခု၏ အစိတ်အပိုင်း တစ်ခုကို လွှမ်းမိုးရန် လုံလောက်ပေသည်။

အန့်ကဲသည် သူ၏ အန့်ကဲသည် အန့်မျိုးနွယ်ကို နောက်ခံထားကာ သွေးတိုက်တန်မြို့၏ အစိတ်အပိုင်း တစ်ခုကို လွှမ်းမိုးထားသည်။ ချန်းမျိုးနွယ်၊ လုမျိုးနွယ်နှင့် ကျိုးမျိုးနွယ် ဟူသော အခြား မျိုးနွယ်စု သုံးခုနှင့် အတူ အန့်မျိုးနွယ်သည် သွေးတိုက်တန်မြို့တော်၏ လေးပုံတစ်ပုံကို အပိုင်စား ရထားသည်။ ထိုမျိုးနွယ်စု လေးခုအား တိုက်တန်မျိုးနွယ် လေးခုဟု ဆိုစမှတ် ပြုကြသည်။

အန့်ကဲ၏ အမူအရာက တည်ငြိမ်နေဟန် ရသော်လည်း မျက်လုံးများထဲတွင်မူ မချင့်မရဲ အရိပ်အယောင်တစ်ချို့ ရှိနေခဲ့သည်။ တစ်ချိန်တည်း၌ အန့်ပိုင်ရုမှာလည်း နဖူးတွင် ချွေးစေး အချို့ စီးထွက်နေ၏။ သူ လက်နှစ်ဖက်ကို အပြန်အလှန် ဖျစ်ညှစ်ရင်း ကြမ်းပြင်ကို စိုက်ကြည့်နေခဲ့သည်။ အန့်ဖေးကျင်းမှာမူ စိတ်လှုပ်ရှားစွာဖြင့် အခန်းထဲရှိ လူများကို ချာချာလည် လိုက်ကြည့်နေ၏။

ထိုညစ်ပတ်သော ဦးဦးနှင့် ဒေါ်ဒေါ်များသည် တစ်‌ယောက်နှင့် တစ်ယောက် စိတ်ပျက်စရာ ကောင်းလောက်အောင်ပင် ငြင်းခုန်နေကြသည်။ သူတို့သည် ကိုယ်ပိုင်အတွေးနှင့် ခံယူချက်တို့ကို စိတ်ခံစားချက် အမျိုးမျိုးဖြင့် ဖော်ထုတ် ပြသနေကြသည်။ သို့သော်လည်း သူတို့ အားလုံး ပြောနေကြသည့် အကြောင်းအရာ၏ ခေါင်းစဥ်ကတော့ တစ်ခုတည်း ဖြစ်သည်။ အဂ္ဂိရတ် တိုက်ပွဲ ဟူ၍ပင်။

ထိုအဖြစ်အပျက်က ချန်းမျိုးနွယ်နှင့် ချစ်ကြည်ရေး တွေ့ဆုံပွဲ တစ်ခုမှ စတင်ခဲ့သည်။ အရက်သောက်ရင်း သွေးပူလာသော အခိုက်၌ သူတို့၏ အသွေးအသားများက ပိုမို တက်ကြွလာသည်။ ထိုအရာကပင် ပြင်းထန်သော ငြင်းခုန်ပွဲ တစ်ခု အသွင် ပြောင်းလဲသွားခဲ့ကာ အကြီးအကျယ် အချင်းများခြင်း ဖြစ်စေခဲ့သည်။ ထိုကိစ္စက ထိုညတွင်ပင် ပြီးပြတ်သွားခဲ့သော်လည်း အတွင်းပိုင်းတွင်မူ ဖွဲမီးသဖွယ် တငွေ့ငွေ့ လောင်နေခဲ့သည်။

လွန်ခဲ့သည့် ရက်သတ္တပတ် အနည်းငယ်၌... မျိုးနွယ်စုလေးခုသည် နှစ်ပတ်လည် တွေ့ဆုံပွဲ တစ်ခုကျင်းပကာ လူငယ်များကို ပွဲထုတ် ခဲ့သည်။ ပုံမှန်အားဖြင့် ဆိုပါက ထိုတိုက်ပွဲများတွင် အပျော်သဘောဖြင့် လောင်းကြေး အနည်းငယ် ထပ်လေ့ ရှိသည်။ သို့သော်လည်း ထိုနေ့၌ ချန်းမျိုးနွယ်၏ လက်ရှိ ဘိုးဘေးသည် အန့်ကဲကို ရန်စ စကားများ ပြောဆိုခဲ့သည်။ အန့်ကဲသည် ဒေါသနောက်သို့ လိုက်ရင်း သူ့မျိုးနွယ် ပါရမီရှင် အချို့ဘက်မှ ပုံအော လောင်းခဲ့သည်။

တိုက်ပွဲ အနည်းငယ် အပြီးတွင်ပင် အန့်မျိုးနွယ်သည် ကြောက်မက်ဖွယ် နှုန်းထားဖြင့် ပိုင်ဆိုင်မှုများကို ဆုံးရှုံးလာခဲ့သည်။ သတ္တုတွင်း ငါးတွင်း၊ နှစ်စဥ် ဝင်ငွေ၏ ပါးရာခိုင်နှုန်း... ရှုံးနိမ့်လေလေ အန့်ကဲမှာ ရှုံးမဲမဲလေ ဖြစ်လာခဲ့၏။

နောက်ဆုံး မျိုးနွယ်စု တစ်ခုလုံး၏ ပိုင်ဆိုင်မှု ငါးဆယ် ရာခိုင်နှုန်းကို ရင်းနှီးကာ အဂ္ဂိရတ် တိုက်ပွဲ တစ်ခု စိန်ခေါ်ခဲ့သည် အထိ...။

***

All Chapters