← Chapters

အဂ္ဂိရတ် တိုက်ပွဲ

Vol. 15 Ch. 209

အဂ္ဂိရတ် တိုက်ပွဲ

Vol. 15 Ch. 209

ထိုအရာက ကြီးမားသည့် စက်ဝိုင်း တစ်ခု ဖြစ်သည်။ ဝေ့ဝူယင် လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရာ သူ့ရှေ့တွင် စားပွဲတစ်လုံး ပေါ်လာခဲ့၏။ ထိုစားပွဲပေါ်တွင် သူ၏ ဒြပ်စင်ကိုးမျိုး မှော်ဆေးအိုး ရှိနေပေသည်။

ထိုမှော်ဆေးအိုးကို ကြည့်ရင်း အချို့က ချက်ချင်းပင် သတိထားမိ သွားကြ၏။ နာမည်အတိအကျကို မသိသည့်တိုင် မျက်နှာပြင်ထက်ရှိ သင်္ကေတများက အချက်တစ်ခုတည်းကိုသာ ညွှန်ပြနေသည်။ ထိုအရာကား ကြယ်တာရာ အဆင့် ရတနာ တစ်ခု ဖြစ်၏။ ထိုကဲ့သို့ ပစ္စည်းတစ်ခု၏ တန်ဖိုးက အန့်မျိုးနယ်နှင့် ချန်းမျိုးနွယ်များ၏ ပိုင်ဆိုင်မှု အားလုံးပေါင်းထားသည်ထက်ပင် ပိုမို များပြားလှသည်။

ချန်းရှောင်ဝေ့၊ ယွင်တောက်ထျန်း၊ အန့်ကဲနှင့် ပရိသတ်များမှာ ထို‌ဆေးအိုးကို ကြည့်ကာ တစ်စုံတစ်ရာကို သတိထားမိသွား၏။ ထိုပုဂ္ဂိုလ်မှာ ဘယ်လိုနည်းနှင့်မှ သာမန်လူ တစ်ယောက် မဖြစ်နိုင်ချေ။ သူကား အစစ်အမှန် ပညာရှင် တစ်ယောက် ဖြစ်ရပေမည်။

“စိန်ခေါ်မှုကို ချန်းမျိုးနွယ်ဘက်က စခဲ့တာ ဆိုတော့ ငါက ပထမဆုံး စရမယ် ဟုတ်တယ်မလား”

အဂ္ဂိရတ် တိုက်ပွဲ၏ ပထမဆုံး အဆင့်မှာ အဂ္ဂိရတ် ထုတ်ကုန်များ ‌ရွေးချယ်ရန် ဖြစ်သည်။ အဂ္ဂိရတ် ပညာရှင် တစ်ယောက်ချင်းစီက ထုတ်ကုန် အမျိုးအစား နှစ်ခုကို ရွေးချယ်ရသည်။ အကယ်၍ ပြိုင်ဘက်မှာ ထိုထုတ်ကုန်ကို မသိပါက ဆေးညွှန်းအား ပေးအပ်ရသည်။

ယွင်တောက်ထျန်း၏ အမူအရာက အနည်းငယ် ဆိုးရွားသွား၏။ ပထမဆုံး ရွေးချယ်သူမှာ သူတို့ အကျွမ်းကျင်ဆုံး ထုတ်ကုန်ကို စတင် ရွေးချယ်နိုင်ရာ ပိုမိုသော အားသာချက်များ ရှိသည်။ သို့သော်လည်း သန်းချီသည့် လူများ၏ ရှေ့တွင် ဖြစ်ရာ သူ မည်ကဲ့သို့ ငြင်းဆန်နိုင်မည်နည်း။

“ငါ ဆေးပြားကို ရွေးမယ်...”

ဆေးပြားများမှာ အများစု ရွေးချယ်လေ့ ရှိသည့် အမျိုးအစား ဖြစ်ပြီး လူတစ်ယောက်၏ ကျင့်ကြံခြင်း အဆင့် မြင့်မားလာအောင် အဓိက စွမ်းဆောင်ပေးနိုင်သည့် အဂ္ဂိရတ် ထုတ်ကုန်ဖြစ်သည်။ ဥပမာ အမတေ ဆေးပြားများမှာ ကောင်းကင်နှင့်‌ မြေကြီး၏ အမတေများကို ပေါင်းစပ်ထားကာ ကျင့်ကြံသူများ စုပ်ယူရ လွယ်ကူစေရန် ဖန်တီးပေးနိုင်သည်။

ယွင်တောက်ထျန်းမှာ စိတ်ထဲမှ ကြိတ်ကာ သက်ပြင်း လိုက်မိ၏။ လျှို့ဝှက် ဆန်းကြယ်ပုံရသည့် ထိုပညာရှင်သည် ဇာတ်ညွှန်းကို ပြောင်းပြန်လှန်ရန် မကြိုးစားပဲ ပုံမှန် ရွေးချယ်မှုများ အတိုင်းသာ လိုက်ပါသွားခဲ့သည်။

“ငါက ဆေးလုံးကို ရွေးမယ်...”

လူများမှာ အနည်းငယ် လှုပ်ခါသွား၏။ ဆေးလုံးများမှာ အလွန် သန့်စင်သည့် အဂ္ဂိရတ် ထုတ်ကုန်များ ဖြစ်ပြီး ဝိညာဥ် စွမ်းအင်ဖြင့် ချိတ်ဆက်ကာ လက်နက်များ အဖြစ် အသုံးပြုနိုင်သည်။ ၎င်းတို့မှာ အဂ္ဂိရတ် ပညာရှင်များ တိုက်ပွဲတွင် အသုံးပြုသည့် အကာအကွယ်နှင့် ထိုးစစ်များပင် ဖြစ်သည်။ ကောလဟလများ အရဆိုပါက အဆင့်မြင့် ဆေးလုံးများများမှာ နေတစ်စင်း အသွင်ပြောင်းလဲကာ ကောင်းကင်တွင်ပင် ယာယီ ထွန်းလင်းနိုင်သည် ဟု ဆိုကြသည်။

ဝေ့ဝူယင် မျက်နှာဖုံးအောက်တွင် ပြုံးလိုက်၏။

“ဆေးရည်...”

သို့ဖြစ်ရာ ယွင်တောက်ထျန်းတွင် ‌ရွေးချယ်စရာ တစ်ခုသာ ရှိပေတော့သည်။

“ဆေးတောင့်...”

ရွေးချယ်မှုများ ပြီးဆုံးပြီးနေက် သူတို့ ဆေးညွှန်းများကို ‌ရွေးချယ်ရသည်။ စည်းမျဥ်းများ အရဆိုလျှင် အဂ္ဂိရတ် တိုက်ပွဲ၌ မည်သည့် အဆင့် ဆေးညွှန်းကို မဆို ရွေးချယ်နိုင်သည်။ များသောအားဖြင့် အဂ္ဂိရတ် ပညာရှင်များသည် သူတို့ ကျွမ်းကျင်သည့် အခက်ခဲဆုံး ဆေးညွှန်းများကိုသာ ‌ရွေးချယ်လေ့ ရှိကြသည်။

ပြိုင်ပွဲ၏ ရည်ရွယ်က ပွဲလေးခုတွင် ၃-၁ သို့မဟုတ် ၃-၀ ဖြင့် အနိုင်ရရန် ဖြစ်သည်။ အကယ်၍ ကိုယ်‌ရွေးချယ်သည့် ထုတ်ကုန်တွင်ပင် ရှုံးနိမ့်ပါက ပြိုင်ပွဲတစ်ခုလုံး ရှုံနိမ့်ရန် ကျိန်းသေ သွားပေလိမ့်မည်။

ယွင်တောက်ထျန်းက အသက်ကို ပြင်းပြင်းရှူရင်း ကြီးမြတ်သော အဂ္ဂိရတ် အရှင် တစ်ယောက်၏ အရှိန်အဝါကို ထုတ်ဖော်လိုက်သည်။ ခန္ဓာကိုယ်အား ဖြောင့်ဖြောင့်ရပ်ကာ မေးစေ့အား မော့ရင်း သူက ကြေညာလိုက်၏။

“အဆင့်ခြောက်... အဆင့်မြင့် ဘေးဥပဒ် အရိပ် မြွေအဆိပ် ဆေးလုံးကို အရင် ဖော်စပ်ကြမယ်”

ပရိသတ်များထံမှ ဆူဆူညံညံ အသံများ ထွက်ပေါ်လာ၏။ ဘေးဥပဒ် အရိပ် မြေအဆိပ် ဆေးလုံးမှာ မရဏ စပါးအုံးမြွေ၏ အဆိပ်နှင့် အရိပ်စွမ်းအားများ ပါဝင်နေသည့် အရိပ်ပန်းကို အသုံးပြုကာ ဖော်စပ်ရသည့် ဆေးလုံး တစ်မျိုး ဖြစ်သည်။

ထိုဆေးလုံးကို ဖော်စပ်ရန် ကြိုးပမ်းရင်း သေဆုံးသွားသည့် အဂ္ဂိရတ် ပညာရှင်များမှာ မနည်းမနောပင်။ သို့သော်လည်း ယွင်တောက်ထျန်းမှာ မရဏ စပါးအုံးမြွေ မျိုးဆက်မှ ဆင်းသက်လာသည့် ရှို့ရန် မျိုးနွယ်ဝင် တစ်ယောက် ဖြစ်သည်။ သူ့တွင် အသန့်စင်ဆုံး သွေးမျိုးဆက် မရှိသည့်တိုင် ထိုအဆိပ်ဒဏ်ကိုတော့ ကောင်းစွာ ခံနိုင်ပေသည်။

“ယွင်တောက်ထျန်းက ဘယ်လောက် ရက်စက်လိုက်လဲ...”

လူများမှာ ကြက်သီးများ ထသည့် အထိ ကြောက်လန့်သွားကြ၏။ ဝေ့ဝူယင်မှာမူ သိပ်ဂရုစိုက်ခြင်း မရှိချေ။ သူ့တွင် အဆိပ်ကို ခုခံနိုင်သည့် စွမ်းရည် မရှိသည့်တိုင် ထိုဆေးလုံးကို အောင်အောင်မြင်မြင် ဖော်စပ်နိုင်မည် ဖြစ်ကြောင်းကိုတော့ အကြွင်းမဲ့ ယုံကြည်သည်။

ယွင်‌တောက်ထျန်းက ဝေ့ဝူယင်အား သိုလှောင် လက်စွပ်တစ်ကွင်း ကမ်းပေးလိုက်သည်။ ထိုအထဲတွင် ဘေးဥပဒ် အရိပ် မြွေအဆိပ်ကို ဖော်စပ်ရန် ဆေးညွှန်းနှင့် ပါဝင်ပစ္စည်းများ ပါဝင်နေ၏။ အဂ္ဂိရတ် တိုက်ပွဲတွင် ပြိုင်ဘက်မှာ ဖော်စပ်ရမည့် ဆေးညွှန်းကို မသိပါက ထောက်ပံ့ပေးရပေသည်။

ထို့နောက် ယွင်တောက်ထျန်းသည် သတ်မှတ်ပေးထားသော နေရာတွင် ရပ်ရင်း အနက်ရောင် ဆေးအိုးတစ်ခုကို ထုတ်ယူလိုက်သည်။ အိုးနှုတ်ခမ်း၌ စွဲထင်နေသည့် ခပ်မည်မည်း မြွေအဆိပ် အငွေ့အသက်များကို ကြည့်ခြင်းဖြင့် သူသည် ဘေးဥပဒ် အရိပ် အဆိပ်ဆေးလုံးကို ထိုဆေးအိုးဖြင့် မရေမတွက်နိုင်အောင် အကြိမ်ကြိမ် ဖော်စပ်ခဲ့ဖူးဟန် ရသည်။

သို့သော်လည်း သူ၏ ဆေးအိုးက ချီအဆင့်ကိုး တွင်သာ ရှိသည်။ ထိုအရာက သူ့နည်းသူ့ဟန်ဖြင့် အံ့အားသင့်ဖို့ ကောင်းနေဆဲ ဖြစ်သည့်တိုင် ဒြပ်စင်ကိုးမျိုး မှော်ဆေးအိုးနှင့် ယှဥ်ရန် အတွက်မူ များစွာ လိုအပ်နေဆဲ ဖြစ်သည်။

အန့်ကဲနှင့် ချန်းရှောင်ဝေ့တို့မှာ စိုးရိမ်စွာဖြင့် ကြည့်ရှု နေကြ၏။ အကြောင်းပြချက် အမျိုးမျိုး ရှိရာ ဘယ်သူနိုင်မည် ဘယ်သူ ရှုံးမည်ကို သူတို့ သေချာ မသိချေ။ သူတို့၏ နှလုံးသားများက မြင်းကဲ့သို့ ကဆုန်ဆိုင်း နေလေသည်။

ဝေ့ဝူယင်သည် တိတ်တဆိတ်ပင် ဆေးညွှန်းကို ဖတ်လိုက်၏။ ထိုအရာက အတော်လေး ရိုးရှင်းသည်ဟု သူ တွေးလိုက်မိသည်။ ထိုဆေးပြားအား ဖော်စပ်ရန် ပါဝင်ပစ္စည်း သုံးဆယ့် နှစ်ခုသာ လိုအပ်သည်။ ၎င်းတွင် ကွဲပြားသည့် အဆင့်များ ဖော်စပ်ရန်မှာမူ သိပ်မခက်ခဲလှချေ။ သူ ပုံမှန်ဖော်စပ်လေ့ ရှိသည့် အဆင့်ခုနစ် ဆေးများ ဆိုလျှင် အနည်းဆုံး ပါဝင်ပစ္စည်း ရာချီအောင် လိုအပ်သည်။

အနည်းငယ် တွက်ချက်လိုက်ပြီး နောက်၌ ဖော်စပ်ခြင်းကို သူ စတင်လိုက်တော့၏။ အဂ္ဂိရတ် တာအိုတွင် အပိုင်းခုနစ်ပိုင်း ပါဝင်နေသည်။ ၎င်းတို့မှာ ထုတ်ယူမှု၊ ကြီးထွားမှု၊ ချုပ်ကိုင်မှု၊ သန့်စင်မှု၊ ဖန်တီးမှု၊ အသွင်ပြောင်းမှုနှင့် ပေါင်းစပ်မှုတို့ပင် ဖြစ်သည်။ ထိုအပိုင်း တစ်ခုချင်းစီတွင် မရေမတွက်နိုင်သော အဆင့်များလည်း ထပ်မံ ပါဝင်နေသည်။

ဆေးလုံးဖြစ်စေ၊ ဆေးပြားဖြစ်စေ၊ ဆေးရည်ဖြစ်စေ၊ ဆေးတောင့် ဖြစ်စေ... အဆင့်တစ်မှ အဆင့်ကိုး အထိ အဂ္ဂိရတ် ထုတ်ကုန်တိုင်းမှာ ထိုအပိုင်း ကိုးခုကို ဖြတ်ကျော် ကြရသည်။

ထုတ်ယူခြင်း အဆင့်... ဝေ့ဝူယင်၏ လက်များက တည်ငြိမ်စွာပင် လှုပ်ရှားရင်း ပါဝင်ပစ္စည်း တစ်ခုချင်းစီကို အဂ္ဂိရတ် စွမ်းအားများ ထည့်သွင်းနေသည်။ သူ၏ လှုပ်ရှားမှုများက ညင်သာကာ စွမ်းအင် ထုတ်လွှတ်မှု ကင်းမဲ့နေရာ မည်သူမှ သူ၏ ကျင့်ကြံခြင်း အဆင့်ကို မခန့်မှန်း နိုင်ကြချေ။

ပါဝင်ပစ္စည်းတစ်ခုချင်းစီမှ အသန့်စင်ဆုံးသော အမတေနှင့် မူလ စွမ်းအင်များကို ယူဆောင်ကာ သူ ဒြပ်စင်ကိုးမျိုး မှော်ဆေးအိုး အတွင်း ထည့်လိုက်သည်။ ထိုအမတေများထဲတွင် အရိပ် ပန်းပွင့်၊ သစ်သား အမတေ၊ အဆိပ် အမတေ... စသည်ဖြင့် အျိုးမျိုး ကွဲပြားနေ၏။ အမတေ ဆိုသော စကားလုံးကို ကျယ်ကျယ်ပြန့်ပြန့် သုံးနေသော်လည်း အမတေ အမျိုးအစား တစ်ခုချင်းစီတွင် ၎င်း၏ သီးခြားထူးခြားချက်နှင့် လက္ခဏာများ ရှိကြသည်။

ပါဝင်ပစ္စည်း သုံးဆယ့်နှစ်ခုမှ လိုအပ်သည့် အမတေများကို ထုတ်ယူပြီး နောက်တစ်ဆင့်မှာ ဖွံ့ဖြိုးခြင်းပင် ဖြစ်သည်။ ထိုအရာက ချီကို အသုံးပြုကာ အမတေများကို ဖွံ့ဖြိုးစေသည့် အလွန် လွယ်ကူသော အဆင့်တစ်ခု ဖြစ်သည်။ ဝေ့ဝူယင် မကြာခင်မှာပင် တတိယ အဆင့် ဖြစ်သည့် ချုပ်ကိုင်ခြင်းဆီသို့ ရောက်ရှိသွားသည်။

အဂ္ဂိရတ် ထုတ်ကုန်များ ဖော်စပ်ရာတွင် မှော်ဆေးအိုးများ သုံးရသည့် အဓိက အကြောင်းရင်းမှာ အဂ္ဂိရတ် စွမ်းအင်များကို လွင့်စဥ်မသွားရန် ချုပ်ကိုင် ထိန်းချုပ်မှု အောက်၌ ရှိနေစေရန် ဖြစ်သည်။ ထိုအဆင့်မှာ ရိုးရှင်းသလို ခက်ခဲသည်။ လုံလောက်သည့် တည်ငြိမ်မှုနှင့် အတွေ့အကြုံ မရှိပါက ကျဆုံးရန်မှာ ကျိန်းသေ သလောက် ဖြစ်၏။

သို့သော်လည်း ဝေ့ဝူယင် ထိန်းချုပ်မှုက ပြည့်စုံသည်။ ဘာအမှာအယွင်းမှ မရှိ။ နောက်တစ်ဆင့်က ဆေးအိုးထဲရှိ အမတေများကို အဂ္ဂိရတ်ချီ သို့မဟုတ် အဂ္ဂိရတ် အင်အားများဖြင့် သန့်စင်ရသည့် အဆင့် ဖြစ်သည်။ ထိုနည်းဖြင့် မသန့်စင်မှုနှင့် ညစ်ညမ်းမှုများမှာ မီးခိုးများနှင့် အတူ ထွက်ပေါ်သွားကာ ပေါင်းစပ်မှု အရည်အသွေးကို ပိုမို တိုးတက် လာစေလိမ့်မည် ဖြစ်သည်။

အတွေးတစ်ချက်ဖြင့်ပင် ဝေ့ဝူယင် လက်သင်္ကေတများ ပြုလုပ်ကာ သန့်စင်ရေး နည်းလမ်း တစ်ခုကို ထုတ်ဖော် လိုက်သည်။ တရှဲရှဲ အသံများနှင့် အတူ ဆေးအိုးအတွင်းရှိ အမတေများမှာ စွမ်းအင်များ အဖြစ် ပြောင်းလဲသွားသည်။ မကြာခင်မှာပင် ဆေးအိုးထဲ၌ ကလေး လက်သီးဆုပ် အရွယ် အနက်ရောင် စွမ်းအား ထုထည် တစ်ခုသာ ကျန်ရစ်တော့၏။

အပြင်ဘက်၌ ဆေးအိုး၏ သင်္ကေတများနှင့် ဝင်္ကပါများသည် တလက်လက် တောက်ပနေကာ သန့်စင်မှု ဖြစ်စဥ်ကို အစွမ်းကုန် ပံ့ပိုးနေသည်။ သန့်စင်မှု အရည်အသွေးကို နောက်တစ်ဆင့်သို့ တွန်းပို့ပေးနိုင်ခြင်းကား ကြယ်အဆင့် ဆေးအိုး၏ အကျိုးအမြတ်များထဲမှ တစ်ခုသာ ဖြစ်ပေသည်။

နောက်တစ်ဆင့်က ဖန်တီးခြင်း အဆင့် ဖြစ်၏။ ထိုအရာက ဆေးလုံး ဖော်စပ်မည်လော၊ ဆေးပြား ဖော်စပ်မည်လော၊ ဆေးရည် ဖော်စပ်မည်လော သို့မဟုတ် ဆေးတောင့် ဖော်စပ်မည်လော ဆုံးဖြတ်ရသည့် အဆင့် ဖြစ်သည်။

ဝေ့ဝူယင် လက်သီးအား ခပ်ဖွဖွ ဆုပ်လိုက်ရာ အနက်ရောင် စွမ်းအင်ထုမှာ လုံးဝန်းသည့် စကျင်ကျောက် တစ်လုံး ပုံသဏ္ဌာန်သို့ ပြောင်းလဲသွား၏။ သို့သော်လည်း ၎င်းတွင် ပြီးပြည့်စုံသည့် ဆေးလုံးတစ်လုံးတွင် ရှိရမည့် အရည်အသွေးများ ကင်းမဲ့နေဆဲ ဖြစ်သည်။

နောက်ဆုံး နှစ်ဆင့် ဖြစ်သည့် အသွင်ပြောင်းခြင်းနှင့် ပေါင်းစပ်ခြင်း အဆင့်နှစ်ဆင့်ကို ဝေ့ဝူယင် ဆက်တိုက် ဆိုသလိုပင် ဆက်လက် လုပ်ဆောင်လိုက်သည်။ ပုံမှန်အားဖြင့် ထိုအဆင့် နှစ်ဆင့်မှာ အရေးအကြီးဆုံး အဆင့်များ ဖြစ်သော်လည်း  ဝေ့ဝူယင် အတွက်တော့ အဂ္ဂိရတ် အင်အားကို အသုံးပြုကာ သင်္ကေတ အချို့နှင့် စွမ်းအင် အချို့ ထည့်သွင်းလိုက်ရုံသာ ဖြစ်သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် စွမ်းအင်များမှာ စုစည်းသွားကာ လင်းလက်သွား၏။ ဘေးဥပဒ် အရိပ် အဆိပ်ဆေးလုံးကား အောင်မြင်သွားခဲ့ပြီ ဖြစ်လေတော့သည်။

***

All Chapters