အဂ္ဂိရတ် တိုက်ပွဲ (၂)
Vol. 15 Ch. 210
ဝေ့ဝူယင် အောင်မြင်သွားချိန်၌ ယွင်ထျန်းမှာ ပထမ အဆင့် ထုတ်ယူခြင်းတွင်သာ ရှိနေသေးဆဲ ဖြစ်သည်။ သူသည် ပါဝင်ပစ္စည်း တစ်ခုချင်းစီမှ အမတေ များကို ထုတ်ယူရန် ခက်ခက်ခဲခဲ ကြိုးပမ်းနေရသည်။
ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်၏။ ထို့နောက် ဖြည်းညင်းစွာပင် လက်ကို ဆန့်ထုတ်ကာ ဆေးအိုးထဲရှိ ဘေးဥပဒ် အရိပ် ဆေးလုံးကို လှမ်းထိ ကြည့်လိုက်သည်။ ၎င်းက အနက်ရောင် အလင်း ခပ်ဖျော့ဖျော့ဖြင့် တောက်ပနေကာ မီးခိုးငွေ့ တစ်ခုက ကွင်းတစ်ကွင်းအလား လှည့်ပတ်နေသည်။
“အရည်အသွေး အမြင့်ဆုံး ဆေးလုံး...”
အဂ္ဂိရတ် အင်အားဖြင့် ဆေလုံး ဖော်စပ်ရခြင်းမှာ အဂ္ဂိရတ် ချီဖြင့် ဖော်စပ်ရခြင်းထက် အဆပေါင်း ထောင်ချီ ပိုမို လွယ်ကူလှပေသည်။
ပရိသတ်များမှာ ဝေ့ဝူယင် အောင်မြင်သွားသည်ကို မသိကြသေးချေ။ ဝေ့ဝူယင် တိတ်တဆိတ်ပင် မျက်လုံးကို မှိတ်လိုက်ရင်း အဂ္ဂိရတ် အင်အားကို အသုံးပြုရင်း ဆေးဖော်စပ်ခဲ့သည့် အတွေ့အကြုံကို ပြန်လည် သုံးသပ် နေလိုက်သည်။ အမျိုးမျိုးသော ဆန်းစစ်မှုများကို ပြုလုပ်ရင်း အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်များ ဖော်စပ်ရန် သူ ယုံကြည်ချက်များ ရရှိလာခဲ့သည်။
သုံးနာရီ ကြာပြီးနောက်၌ ယွင်တောက်ထျန်း၏ ပထမအကြိမ် ဆေးဖော်စပ်မှုမှာ ထိန်းချုပ်မှု အဆင့်တွင် ကျဆင်း သွားခဲ့သည်။ သို့သော်လည်း သူသည် ထိုအရာကို မျှော်လင့်ထားပြီး ဖြစ်ဟန် ရသည်။ နဖူးထက်ရှိ ချွေးများကို သုတ်လိုက်ရင်း နောက်တစ်ကြိမ် ပြန်လည် စတင်ရန် ကြိုးပမ်းလိုက်၏။
ဝေ့ဝူယင်မှာ နောက်တစ်ကြိမ် ထပ်မံ စောင့်ဆိုင်းရန် ဆန္ဒမရှိတော့ချေ။ သူက မှော်ဆေးအိုးကို ထိရင်း တားမြစ်ထားည့် အကွယ်အကွယ်များကို ရုတ်သိမ်းလိုက်သည်။ ချက်ချင်းပင် အနက်ရောင် အလင်းများမှာ မျက်စိ ကျိန်းလောက်အောင် ထွက်ပေါ်လာကာ ဆေးနံ့များမှာ ရင်ပြင်တစ်ခုလုံး မွှန်ထူသွား၏။
အားလုံး၏ မျက်လုံးများက ဝေ့ဝူယင် အရှေ့ရှိ မှော်ဆေးအိုးရှိရာဆီသို့ စုပြုံ ကျရောက်သွားသည်။ ထိုအထဲ၌ ယွင်ထျန်းလည်း တစ်ယောက် အပါအဝင် ဖြစ်သည်။
“မ... မဖြစ်နိုင်တာ...”
သူ၏ မျက်လုံးများက မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားကာ ကြီးမြတ်သည့် အဂ္ဂိရတ် အရှင် တစ်ယောက်၏ ဟန်ပန် ပျက်ရွင်းသွားသည်။ ထိုအရာက အမှန်တကယ်ကြီးကို ဘေးဥပဒ် အရိပ် မြွေအဆိပ် ဆေးလုံးပင် ဖြစ်သည်။ ထို့အပြင် ယင်းမှာ သူ တစ်ခါမှ မမြင်ဖူးသည့် အရည်အသွေးမျိုးကို ပိုင်ဆိုင်ထားသည်။ သူ၏ လက်များမှာ တဆတ်ဆတ် တုန်ရီလာ၏။
ပုံမှန်ဆိုပါက အရှုံးကို သူ ထိုမျှ ခံစားရလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ထိုအရာက အဂ္ဂိရတ် တိုက်ပွဲ ဖြစ်သည်။ ကိုယ်ရွေးချယ်လိုက်သည့် ထုတ်ကုန်တွင် ရှုံးနိမ့်သွားခြင်းမှာ ပြိုင်ပွဲတစ်ခုလုံးအား ရှုံးနိမ့်သွားခြင်းနှင့် အတူတူပင် ဖြစ်သည်။ ကိုယ်တိုင် ရွေးချယ်သည့် ကဏ္ဍတွင်ပင် မနိုင်ပါက ဝေ့ဝူယင် ရွေးချယ်သည်ကို သူ မည်ကဲ့သို့ နိုင်တော့မည်နည်း။
ချန်းရှောင်ဝေ့မှာ စင်မြင့်ထက်သို့ လှမ်းကြည့်ရင်း မျက်နှာတစ်ခုလုံး ပျက်ရွင်းနေ၏။ နာရီ အနည်းငယ် အတွင်း အဆင့်ခြောက် ဆေးလုံးတစ်ခုကို အောင်အောင်မြင်မြင် ဖော်စပ်နိုင်ခဲ့ခြင်းကို ကြည့်ပါက ထိုပုဂ္ဂိုလ်မှာ အဂ္ဂိရတ် အရှင် တစ်ယောက်ပင် မဖြစ်နိုင်တော့ချေ။ ကျိန်းသေ အဂ္ဂိရတ် ဧကရာဇ် ဖြစ်ရပေမည်။
ထိုညစ်ပတ်သည့် အန့်မျိုးနွယ် လူအိုကြီးမှာ မည်သည့် နည်းလမ်းကို သုံး၍ အဂ္ဂိရတ် ဧကရာဇ် တစ်ပါးကို စည်းရုံး နိုင်ခဲ့သနည်း။ သူက အန့်ကဲကို လှမ်းကြည့်လိုက်၏။ သို့သော်လည်း သူမကဲ့သို့ပင် အန့်ကဲ၏ မျက်လုံးများက မယုံကြည်နိုင်ခြင်းတို့ဖြင့် ပြည့်နှက်နေသည်။ သူသည်လည်း ထိုအဆုံးသတ်ကို ထင်မှတ်ထားခဲ့ဟန် မရချေ။
“လိပ်အိုကြီး... ရှင် ကံကောင်းသွားတယ်”
သူမက မခံချိမခံသာဖြင့် ဘအန့်ကဲအား ပြောလိုက်သည်။ အဂ္ဂိရတ် တိုက်ပွဲကား ရှုံးနိမ့်ရန် သေချာသွားပြီ ဖြစ်သည်။ ယွင်တောက်ထျန်း ပြန်လာနိုင်စရာ အကြောင်း မရှိတော့ချေ။
သို့ဖြစ်ရာ သူမ နိုင်ထားသည့် အန့်မျိုးနွယ် ပိုင်ဆိုင်မှု နှစ်ဆယ် ရာခိုင်နှုန်းကို ပြန်လည် ပေးအပ်ရတော့မည် ဖြစ်သည်။ ထိုမျှမကသေး... လောင်းကြေးအရ ချန်းမျိုးနွယ်၏ ပိုင်ဆိုင်မှု နှစ်ဆယ်ရာခိုင်နှုန်းနှင့် သူမ၏ ခန္ဓာကိုယ်ကိုပါ ထပ်မံ ဆက်သရပေဦးမည်။
အန့်ကဲမှာ ချန်းရှောင်ဝေ့၏ အသံကို ကြားမှသာ သတိပြန်ဝင်လာ၏။ သူ၏ ဝိညာဥ်နှင့် စိတ်နှစ်ခုစလုံးက ရိုင်းစိုင်းစွာ ခုန်ပေါက်နေသည်။ သူ တကယ်ကြီး နိုင်သွားခဲ့သည်လား။ အန့်ကဲမှာ အသားကို ဆွဲဆိတ်ကြည့်လိုက်မိ၏။
တစ်ချိန်တည်း၌ ယွင်တောက်ထျန်းမှာ ကိုယ့် အခြေအနေကိုယ် နားလည် နေခဲ့ပြီ ဖြစ်သည်။ သူက ခေါင်းကို ငုံ့ရင်း အရှုံးကို ဝန်ခံလိုက်၏။
ချန်းရှောင်ဝေ့မှာ ဘာစကားမှ ထပ်ပြောလိုစိတ် မရှိတော့ချေ။ သူ နှစ်ပေါင်းများစွာ အချိန်ယူ၍ ကြံစည်ခဲ့ရသော အစီအစဥ်ကြီးက ဆုံးရှုံးမှုများစွာနှင့် အဆုံးသတ်ခဲ့ရသည်။ ကံတရားကို အပြစ်ပုံချရုံမှ လွဲ၍ ဘာတတ်နိုင်တော့မည်နည်း။
အေးစက်စက် နှာခေါင်းတစ်ချက် ရှုံ့ရင်း သူ ကောင်းကင်ဆီ ခုန်တက်လိုက်၏။
ဝှစ်...
မီတာ ငါးဆယ်ခန့် ရှိမည့် လင်းယုန်ငှက်ကြီး တစ်ကောင် ပေါ်လာခဲ့သည်။ ချန်းရှောင်ဝေ့သည် ထိုငှက်ကြီးကို စီးနင်းရင်း အဝေးသို့ ပျံထွက်သွား၏။ သူမကား ချန်းမျိုးနွယ်ဝင်များကိုပင် ခေါ်ဆောင် မသွားခဲ့ပါချေ။ တစ်ခဏ အတွင်းမှာပင် သူမကား မိုးကုပ်စက်ဝိုင်းသို့ တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်တော့သည်။
လူအများ ချန်းရှောင်ဝေ့၏ ထွက်ခွာမှုကို အာရုံစိုက်နေကြချိန်တွင် စင်မြင့်ထက်ရှိ ဝေ့ဝူယင်မှာ အရိပ်တစ်ခုအလား တိတ်တဆိတ်ပင် ပျောက်ကွယ်သွားသည်။ အဆင့်မြင့် ကျင့်ကြံသူ အချို့သာလျှင် သူ ထွက်ခွာသွားသည်ကို သတိထားမိလိုက်မိကြပေသည်။
...
လင်းယုန်ငှက်ကြီး၏ ကျောပြင်ထက်၌ ချန်းရှောင်ဝေ့မှာ ဒေါသထွက်ကာ ကျိန်နည်း ပေါင်းစုံဖြင့် ဆဲရေး တိုင်းထွာနေ၏။
“သောက်အန့်မျိုးနွယ်... အန့်ကဲ ဆိုတဲ့ ခွေးမသားကြီးက အစ အကုန်လုံး တဏှာရူးတွေချည်းပဲ... ဒင်းတို့ တစ်မျိုးလုံး ပွေးပေါက်ပြီး သေပါစေ... နောက်ပြီး...”
ဝှစ်...
ရုတ်တရက် နောက်မှ ထွက်ပေါ်လာသည့် လေတိုးသံ တစ်ခုကြောင့် ချန်းရှောင်ဝေ့မှာ လန့်ဖျန့်သွားကာ လှည့်ကြည့်လိုက်သည်။
သူမ၏ အစီအစဥ် အားလုံးကို မြေလှန်ဖျက်ဆီးသွားသည့် မျက်နှာဖုံးတပ် ပုဂ္ဂိုလ်ကား သူမ၏ နောက်ကျော၌ လက်နှစ်ကို နောက်ပစ်ကာ ရပ်နေခဲ့လေသည်။ ချန်းရှောင်ဝေ့က ကြယ်တာရာ အင်အားကို ထုတ်ဖော်ကာ အကာကွယ် တစ်ခု ဖန်တီးလိုက်သည်။ စိတ်ထဲတွင်မူ သူမမှာ အလွန် အံ့သြ ထိတ်လန့် နေခဲ့မိသည်။ ထိုလူက မည်ကဲ့သို့ ရောက်ရှိလာခဲ့သနည်း။
တစ်ချိန်တည်း၌ ရှက်ရွံ့နေမိ၏။ လူကွယ်ရာ၌ တစ်ယောက်တည်း အော်ကြီးဟစ်ကျယ် ဆဲဆိုနေခြင်းက ဂုဏ်သိက္ခာမြင့်မားသည့် မိသားစု ခေါင်းဆောင် တစ်ယောက်၏ လုပ်ရပ် မဟုတ်ချေ။ အကယ်၍ ထိုပုဂ္ဂိုလ်သာ သူမအကြောင်း လျှောက်ဖြန့်ပါက သိက္ခာလုံးလုံး ကျဆင်းရပေတော့မည်။
“ရှင်... ရှင်ဘာလိုချင်လို့လဲ...”
သူမက အထစ်ထစ်ငေါ့ငေါ့ မေးလိုက်၏။
ဝေ့ဝူယင်က ဘာမှ ပြန်မပြောပဲ မျက်နှာဖုံးကို ချွတ်လိုက်သည်။ သူ၏ ငွေရောင် မျက်လုံးများနှင့် ချောမောသည့် ပုံပန်းသဏ္ဌာန်က အပြည့်အဝပင် ပေါ်ထွက်လာ၏။ ဝေ့ဝူယင်အား ကြည့်ရင်း ချန်းရှောင်ဝေ့၏ မျက်လုံးများက ပြူးကျယ်သွားတော့သည်။
နာမည်ကျော် ထာဝရ မင်းသားလေး၏ ပုံပန်းသဏ္ဌာန်ကို သူမ မည်ကဲ့သို့ မကြားဖူးပဲ နေပါမည်နည်း။
“ရှင်... ရှင်က...”
သူမ၏ ပါးစပ်မှ နောက်ထပ် စကားလုံး တစ်လုံးတစ်လေပင် ထပ်ထွက်မလာခဲ့ချေ။ သူမ၏ စိတ်ကမူ မည်သူ့ကို ရှုံးနိမ့်သွားခဲ့ကြောင်း သိရှိလိုက်သည်။ ဝေ့ဝူယင်... အဂ္ဂိရတ် ဧကရာဇ်... သူသည်အဂ္ဂိရတ် အစည်းအရုံး၏ တရားဝင် အသိအမှတ် ပြုမှုကို ခံမထားရသည့်တိုင် ထာဝရ ဧကရာဇ်နောက် ပါရမီ အမြင့်ဆုံး အဂ္ဂိရတ် ပညာရှင် အဖြစ် ကျော်ကြားသူ ဖြစ်သည်။
“ငါ ဒီပြိုင်ပွဲကို တိုက်ဆိုင်မှု တစ်ခုကြောင့် အပျင်းပြေ ဝင်ပြိုင်ဖြစ်သွားတာပါ... ငါ့ကြောင့် မင်း ဆုံးရှုံးသွားခဲ့တာ တွေ အတွက် တောင်းပန်ပါတ်”
ဝေ့ဝူယင်က တည်ငြိမ်ကာ ရိုးသားသည့် လေသံဖြင့် ပြောလိုက်သည်။ သူသည် ချန်းရှောင်ဝေ့၏ ဉာဏ်ရည်ကို အမှန်တကယ်ပင် စိတ်ထဲမှ ချီးကျူးနေမိသည်။ အကယ်၍ သူသာ ဝင်မရှုပ်ပါက ချန်းမျိုးနွယ်မှာ အန့်မျိုးနွယ်ကိုပင် ဝါးမျိုနိုင်နေလောက်ပြီ ဖြစ်သည်။ ဝေ့ဝူယင်သည် အန့်ကဲထက် ချန်းရှောင်ဝေ့ကိုပင် ပိုမို သဘောကျနေမိသည်။
ဝေ့ဝူယင်၏ တောင်းပန်သံကြောင့် ချန်းရှောင်ဝေ့မှာ အသိပြန်ဝင်လာ၏။ သူမက ကပြာကယာပင် လက်အား ခါပြလိုက်သည်။
“မဟုတ်တာရှင်... ကျွန်မကို တောင်းပန်စရာ မလိုပါဘူး... ကောင်းကင်ဧကရာဇ်ဝေ့နဲ့ ဆုံတွေ့ခွင့် ရတာပဲ ကျွန်မအတွက် ကံကောင်းလှပါပြီ”
ဝေ့ဝူယင်က သူမအား ကြည့်ရင်း ပြုံးလိုက်သည်။
“မင်းရဲ့ ဆုံးရှုံးမှုတွေ အတွက် ငါ လျော်ကြေး တစ်ခုခု ပေးမှာပါ... ဒါပေမဲ့ လောလောဆယ်တော့ မင်းကို မေးစရာ ကိစ္စလေးတစ်ချို့ ရှိတယ်... အဆင်ပြေတယ် မလား”
...
ထိုအချိန် သွေးတိုက်တန် ရင်ပြင်၏ အထူးပွဲကြည့်ဆောင် တစ်ခု၌...
သွေးရောင် ဝတ်စုံကို ဆင်မြန်းထားသည့် လူများသည် ထိုင်ကာ ပြီးဆုံးသွားသည့် အဂ္ဂိရတ် တိုက်ပွဲ အကြောင်း ဆွေးနွေးနေကြသည်။ သူတို့ထဲမှ လူငယ်နှစ်ယောက်နှင့် မိန်းမပျို တစ်ယောက်မှာ “ရွှယ်” ဟူသော သင်္ကေတများကို သူတို့၏ ဝတ်စုံများထက်၌ ရေးထိုးထားသည်။
မိန်းမပျိုမှာ ဝေ့ဝူယင်ပင်လျှင် အသက်ရှူမှားသွားခဲ့သည့် အလှပဂေးလေး ဖြစ်သည်။ သူမသည် ခြေထောက်ကို ချိတ်လျှက် ထိုင်ခုံထက်တွင် ထိုင်နေကာ သူမ၏ ဟေဇယ်(ညိုနီဖျော့) ရောင် မျက်ဝန်းလေးများက အနည်းငယ် ကျဥ်းမြောင်းနေသည်။ သို့သော်လည်း မျက်နှာထက်တွင် ဇာပုဝါ တစ်ခုကို အုပ်မိုးထားရာ မည်သူမှ သူမ၏ အသွင်အပြင်ကို မမြင်တွေ့ရပါချေ။
ထူထဲသော မျက်ခုံးများနှင့်၊ လေးထောင့်သဏ္ဌာန် မေးစေ့ကို ပိုင်ဆိုင်ထားသည့် လူငယ်က ရုတ်တရက် မေးလိုက်၏။
“အဲဒီ အဂ္ဂိရတ် ပညာရှင်က ဘယ်လိုသွားတယ်လို့ ထင်လဲ...”
သူသည် ချီပျစ်ခဲခြင်း အဆင့်ရှစ်တွင် ရှိနေကာ ချီအမတေ ခုနစ်ဆယ့် လေးခုကို ပိုင်ဆိုင်ထားသည်။ သေမျိုး အဆင့်များတွင် သူ့ကို ပါရမီရှင် တစ်ယောက်ဟု သတ်မှတ်နိုင်ပေသည်။
အခြား လူငယ်တစ်ယောက်မှာမူ အနည်းငယ် ပိန်ပါးကာ မျက်နှာ အမူအရာ ချိုသာလှသည်။ သို့သော်လည်း သေချာ ကြည့်မည်ဆိုပါက သူတို့ သုံးယောက်၏ ပုံပန်းသဏ္ဌာန်က အနည်းငယ် ဆင်တူကြောင်း တွေးရမည် ဖြစ်သည်။ ရှည်ရှည်ဝေးဝေး စဥ်းစားစရာ မလိုပဲ ထိုသုံးယောက်မှာ တူညီသည့် သွေးမျိုးဆက်မှ ဆင်းသက်လာကြောင်း သိရှိနိုင်ပေသည်။
“သူက ချန်းမျိုးနွယ် ခေါင်းဆောင်နောက်ကို လိုက်သွားတာ”
မျက်လုံးကို မှိတ်လျှက် တရားထိုင်နေပုံ ရသည့် သူတို့ ဘေးနားရှိ အဘိုးအိုက ဖြေလိုက်သည်။ သူ၏ အဝတ်အစားများက သိပ်မတောက်ပြောင်သော်လည်း ထိုနေရာရှိ မည်သူကမှ သူ့အား အထင်သေးသည့်ပုံ မပေါ်ချေ။
“သူက ဘယ်သူလဲ...”
ပိန်ပါးသော လူငယ်က မေးလိုက်သည်။ ထိုအရာမှာ လူတိုင်း၏ စိတ်ထဲတွင် သိချင်နေကြသော မေးခွန်းလည်း ဖြစ်၏။ အဆင့်ခြောက် ဆေးလုံးကို သုံးနာရီတည်းနှင့် ဖော်စပ်နိုင်သူ ဟူ၍ သူတို့ တစ်ခါမှ မမြင်တွေ့ခဲ့ဖူးချေ။ အဂ္ဂိရတ် အရှင်များပင်လျှင် ထိုကဲ့သို့ ဆေးလုံးတစ်လုံး ဖော်စပ်ရန် အတွက် ရက်သတ္တပတ်ပေါင်း များစွာ အချိန်ယူရသည်။
“ .... “
အဘိုးအိုမှာ တိတ်ဆိတ်နေ၏။ လူတိုင်းမှာ သက်ပြင်းချလိုက်ကြသည်။ အဘိုးအိုပင်လျှင် မသိရာ မည်သူက သိနိုင်ပါတော့မည်နည်း။
ထိုစဥ်တွင်ပင် တိတ်ဆိတ်မှုကို ဖြိုခွင်း၍ သာယာသော အသံလေး တစ်ခု ထွက်ပေါ်လာသည်။
“သူက အနန္တဧကရာဇ်ဂိုဏ်းရဲ့ ကောင်းကင်ဧကရာဇ် ဝေ့ဝူယင်လို့ ငါထင်တယ်...”
လူတိုင်းမှာ ဟေဇယ်ရောင် မျက်လုံးများ ပိုင်ရှင် မိန်းမပျိုလေးဘက်သို့ ပြိုင်တူ လှည့်ကြည့် လိုက်မိကြတော့သည်။
***