← Chapters

နောက်ထပ် ကောင်းချီးခံ တစ်ယောက်လား

Vol. 16 Ch. 211

နောက်ထပ် ကောင်းချီးခံ တစ်ယောက်လား

Vol. 16 Ch. 211

“ဝေ့ဝူယင်... သေချာလား...”

ထူထဲသော မျက်ခုံးများကို ပိုင်ဆိုင်ထားသည့် လူငယ် ရွှယ်ဟန်က မယုံကြည်နိုင်စွာ မေးလိုက်၏။ ဝေ့ဝူယင်က မည်သူနည်း။ ကြီးမြတ်လှသည့် အနန္တဧကရာဇ်ဂိုဏ်းကြီး၏ ကောင်းကင် ဧကရာဇ် အဆင့် တပည့် ဖြစ်သည်။ ရွှယ်တိုင်းပြည်၏ ဧကရာဇ်အရှင်ပင် သူနှင့် နှိုင်းယှဥ်ရပါက များစွာ နိမ့်ကျလှသည်။ မျက်နှာဖုံးတပ် ပုဂ္ဂိုလ်က အမှန်တကယ် ဝေ့ဝူယင်လော။

ပိန်လှီသော လူငယ် ရွှယ်ယုမှာမူ ဆွံ့အနေ၏။ ခွန်အား ကင်းမဲ့ဟန်ရသည့် သူ၏ မျက်ဝန်းများက တဖျပ်ဖျပ် အလင်းများဖြင့် တောက်ပလာ၏။ ထိုအရာက သူ့အတွက် အခွင့်အရေး တစ်ခု ဖြစ်သည်။

ထိုသတင်းက တန်ဖိုး ကြီးမားကာ အလွန် အံ့အားသင့်စရာ ကောင်းလွန်းသည်။ ကောင်းကင် နတ်မြင်းပျံ ပိုင်ဆိုင်ထားသည့် အဂ္ဂိရတ် ပါရမီရှင် တစ်ပါး မဆိုထားနှင့် သာမန် အဂ္ဂိရတ် ဧကရာဇ် တစ်ယောက်ပင်လျှင် ကုန်းမြေတိုက်ကြီး တစ်ခုပေါ်သို့ သိပ်ရောက်လေ့ မရှိချေ။

အကယ်၍ ဝေ့ဝူယင်နှင့်သာ ဆက်ဆံရေး တစ်ခု ဖွဲ့စည်းနိုင်ပါက... သူ၏ အနာဂတ်က များစွာ ပြောင်းလဲသွားပေလိမ့်မည်။

ကျင့်ကြံခြင်းသည် များစွာသော အခက်အခဲများ၊ ခလုတ်ကန်သင်းများနှင့် ပြည့်နှက်နေသည့် လမ်းစဥ် တစ်ခု ဖြစ်သည်။ အဂ္ဂိရတ် တာအိုသည် ထိုအခက်အခဲများကို ပြေလည်စေကာ ကြယ်တာရာ အမြုတေ အဆင့်ကို ပို့ဆောင် ပေးနိုင်သည့် တစ်ခုတည်းသော လမ်းကြောင်း ဖြစ်သည်။

ကျယ်ပြောလှသော သုံးလွှာ ကြယ်တာရာ နယ်မြေကြီးတွင် ထရီလျံချီသော ကျင့်ကြံသူများ ကျင်လည် ကျက်စားကြသည့် အနက် ထိုအထဲမှ သန်းဂဏန်းမျှသာလျှင် ကြယ်တာရာ အမြုတေ အဆင့်ကို ရောက်ရှိ နိုင်ကြသည်။ ထိုအထဲမှ တစ်ယောက် ဖြစ်ခွင့်ရခြင်းက မည်မျှ ကြီးကျယ်ခမ်းနား လိုက်သနည်း။ တော်ဝင်မျိုးနွယ် မင်းသား၊ မင်းသမီးများ ပင်လျှင် ကြယ်တာရာ အမြုတေ အဆင့်ကို ရောက်ရှိရန် အခွင့်အရေး တစ်ရာပုံ တစ်ပုံမျှသာ ရှိပေသည်။

ထို့အပြင် အဆင့်မြင့် အဂ္ဂိရတ် ပညာရှင်ကြီးများသည် လူတစ်‌ဦး၏ ပင်ကိုယ် ပါရမီကိုပင် ပြောင်းလဲ ပေးနိုင်စွမ်း ရှိသည်ဟု ဆိုကြသည်။ လွန်ခဲ့သည့် နှစ်ထောင်ချီ ကာလများ၌ ထာဝရ ဧကရာဇ်သည် မဟာဂိုဏ်းကြီး ငါးဂိုဏ်းအတွက် အဆင့်မြင့် ပညာရှင်များစွာ‌ မွေးထုတ်ပေးခဲ့ဖူးသည်။ သူ ရှင်သန် နေထိုင်ခဲ့သည့် နေ့များအား သမိုင်း၏ ရွှေခေတ်ဟု တင်စားကြကာ မရေမတွက်နိုင်အောင် များပြားသည့် ကြယ်တာရာ အမြုတေ အဆင့်များ ပေါ်ထွက်ခဲ့ပေသည်။

“ဖေးအာ... နင် ဘယ်လိုတွေးထားလဲ...”

ရွှယ်ယုက ညီမဖြစ်သူအား ကြည့်ရင်း မေးလိုက်၏။ သူ၏ လေသံက နူးညံ့ကာ သတိထားမှုများ ပြည့်နှက်နေသည်။

ဖေးအာ တစ်ဖြစ်လည်း ရွှယ်ရီဖေးမှာ တိတ်ဆိတ်နေ၏။ ဇာပုဝါနောက်ရှိ သူမ၏ ဟေဇယ်မျက်လုံးများက အတွေးများ၊ တွက်ချက်မှုများနှင့် အဆုံးမဲ့ ပြည့်နှက်နေသည်။ အခန်းတစ်ခုလုံးမှာ တိတ်ဆိတ် ငြိမ်သက်ကာ သူမ ပြောမည့် စကားကို စောင့်ဆိုင်းနေကြသည်။ တစ်ချိန်လုံး မျက်လွှာချထားသည့် အဘိုးအိုပင်လျှင် လေးစားမှု အပြည့်ဖြင့် သူမအား လှမ်းကြည့်၏။

ရွှယ်ရီဖေးသည် အလွန် လှပသည်။ သို့သော်လည်း လှပရုံမှ လွဲ၍ တော်ဝင်မျိုးနယ်တို့၏ စံချိန်စံနှုန်းများနှင့် နှိုင်းယှဥ်ပါက သူမ၏ ဖြစ်တည်မှုက သေးနုပ်လှသည်။ အရှင်မင်းမြတ်သည် အစေခံ တစ်ယောက်နှင့် တစ်ညတာ ပျော်ပါးခဲ့ပြီး သူမအား မွေးဖွားလာခဲ့သည်။ ရွှယ်ယု၊ ရွှယ်ဟန်တို့နှင့် နှိုင်းယှဥ်ပါကလည်း သူမ၏ ပါရမီက သာမန်မျှသာ ဖြစ်သည်။ ထို့အပြင် အဂ္ဂိရတ်၊ ဗိသုကာနှင့် တုပခြင်း ပညာရပ်တို့တွင်လည်း သူမမှာ သိပ်မထူးချွန်လှချေ။

သူမ ပိုင်ဆိုင်ထားသည့် တစ်ခုတည်းသော အရည်အချင်းမှာ ကျိုးကြောင်းဆီလျော်စွာ ဆက်စပ်စဥ်းစားနိုင်မှုနှင့် အံ့မခန်း ဉာဏ်ရည်တို့ပင် ဖြစ်သည်။ သို့သော်လည်း သူမ ပိုင်ဆိုင်ထားသည့် ရင်းမြစ်၊ အဆင့်အတန်းနှင့် ပါရမီတို့က နိမ့်ပါးလှရာ ထိုအရည်အချင်းကလည်း သိပ်ထင်ပေါ်ခြင်း မရှိလှချေ။ ရွှယ်ရီဖေး၏ ကံကြမ္မာနှင့် ဂုဏ်မျက်နှာစာ တစ်ခုလုံးသည် လူပုဂ္ဂိုလ် တစ်ယောက်တည်း အပေါ်တွင် လုံးလုံးလျားလျား အခြေခံနေ၏။

အစောပိုင်း နှစ်များ၌ ထိုပုဂ္ဂိုလ်သည် သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီး တစ်ခုလုံးကို ကစဥ့်ကလျား ဖြစ်စေခဲ့ကာ ချီပျစ်ခဲခြင်း အဆင့်ဖြင့်ပင် ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက်ကို သတ်ဖြတ်ခဲ့ဖူးသည်။ ထို့အပြင် သူသည် အလွန် ဒေါသကြီးကာ မိန်းမအတွက်နှင့် မျိုးနွယ်တစ်ခုလုံးကို မျိုးတုန်း ပစ်ခဲ့ဖူးသည်။ ယခုတွင် သူသည် ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ အနာဂတ်၌ သူသည် အနန္တဧကရာဇ် ကြယ်တာရာနယ်မြေကြီး၏ ထိပ်ဆုံးပိုင်း တစ်နေရာကို ရယူနိုင်မည်မှာ မလွဲမသွေပင် ဖြစ်သည်။

အတိုချုံးပြောရပါက ထိုပုဂ္ဂိုလ်နှင့် ရွှယ်ရီဖေးတို့ အကြားတွင် သာမန် မဟုတ်သော ဆက်ဆံရေး တစ်ခု ရှိသည်။ လူတိုင်း ရွှယ်ရီဖေးကို လေးစားပုံ ပေါ်နေသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ ထိုပုဂ္ဂိုလ်အား ဆန့်ကျင်မိမည် စိုးရိမ်သောကြောင့် ဖြစ်သည်။ အကယ်၍ ထိုပုဂ္ဂိုလ်ကြောင့်သာ မဟုတ်ပါက ရွှယ်ရီဖေးမှာ ချစ်ကြည်ရေးအတွက် အခြားတိုင်းပြည်မှ မင်းသား တစ်ပါးနှင့် လက်ဆက် နေရလောက်ပြီ ဖြစ်သည်။

အချိန်အတန်ကြာ တိတ်ဆိတ်ပြီးအဆုံး၌ ရွှယ်ရီဖေးက ထိုင်ရာမှ ထရပ်ကာ အဘိုးအိုကို လှမ်းကြည့် လိုက်သည်။

“ကျွန်မ လမ်းလျှောက်ထွက်ချင်တယ်...”

အဘိုးအိုက ပြုံးကာ ခေါင်းညိတ်လိုက်၏။ ထို့နောက် အလင်းတစ်ချက် တောက်ပသွားကာ သူတို့ နှစ်ယောက်စလုံး ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။

ရွှယ်ယုက အံကြိတ်ကာ လက်သီးကို တင်းတင်းဆုပ် လိုက်၏။

“ခွေးမက စလှုပ်ရှားဖို့ ကြိုးစားနေပြီ”

နှလုံးသားထဲမှ ကျိန်ဆဲလိုက်ရင်း သူကိုယ်တိုင်လည်း မတ်တပ်ထရပ်လိုက်သည်။ မကြာခင်မှာပင် နောက်လိုက် နှစ်‌ယောက်ကို ခြံရံကာ သူ ထိုနေရာမှ ထွက်ခွာသွားတော့သည်။ သူ၏ ဦးတည်ရာ အရပ်ကား ချန်းမိသားစု ခြံဝန်းပင် ဖြစ်လေသည်။

ရွှယ်ဟန်မှာလည်း ခေါင်းခါရင်း ထိုင်ရာမှ ထရပ်လိုက်၏။ သို့သော်လည်း သူသည် အခြားနှစ်ယောက်နောက်သို့ မလိုက်ချေ။ သားရဲအား ဆင့်ခေါ်ရင်း မြို့တော်ရှိရာဆီကိုသာ ဦးတည် ပြန်သွားလေတော့သည်။

...

သွေးတိုက်တန်မြို့တော်၊ ချန်းမိသားစု ခြံဝင်း...

ဝေ့ဝူယင်သည် အထူးဧည့်သည်များကို ဧည့်ခံရန် ဆောက်လုပ်ထားသည့် ဇိမ်ခံ စံအိမ်ကြီးတစ်လုံးထဲတွင် စံမြန်း နေခဲ့သည်။

သူသည် ချန်းရှောင်ဝေ့ကို အမှန်တကယ်ပင် သဘောကျနေခဲ့မိ၏။ သူမသည် ဉာဏ်ရည်ထက်မြက်သလို အခြေအနေကို လျှပ်တစ်ပြက် အကဲခတ်သည့် နေရာတွင်လည်း အလွန် တော်သည်။ ထိုအရာကပင်လျှင် ချန်းမျိုးနွယ်၌ အခိုက်အတန့် တစ်ခုမျှ တည်းခိုရန် ဝေ့ဝူယင် အတွက်အကြောင်းရင်းကို ဖြစ်စေခဲ့သည်။

အနာဂတ်၌ ဝေ့ဝူယင်သည် သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးကို လက်အောက်ခံ ပိုင်နက် တစ်ခု အဖြစ် သိမ်းပိုက်နိုင်ရန် စီစဥ်ထားသည်။ လိုသလို ကြိုးဆွဲနိုင်မည့် သွေးပန်းပဲဖို ဧကရာဇ် တစ်ပါး ထားရှိရန်မှာ သူ့အစီအစဥ် တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး   ထိုနေရာ အတွက် ဒေသံတစ်ယောက်ကို ရွေးချယ်ပါက အကောင်းဆုံး ဖြစ်သည်။ ချန်းမျိုးနွယ်သည် ဆိုးပုံ မပေါ်သလို ချန်းရှောင်ဝေ့သည်လည်း ဆိုးပုံ မပေါ်ချေ။

ဝေ့ဝူယင် မျက်လုံးများကို မှတ်လိုက်ရာ အသက်ရှူမှားလောက်အောင် လှပသည့် မိန်းကလေး၏ ပုံရိပ်က သူ့စိတ်ထဲ ပေါ်လာခဲ့၏။ သူမအား သူ မတွေးပဲ မနေနနိုင်အောင် ဖြစ်နေခဲ့သည်။ ချန်းရှောင်ဝေ့၏ အဆိုအရ ဆိုလျှင် သူမ၏ နမည်က ချန်းရီဖေး ဖြစ်သည်။

ချန်းရီဖေးသည် ကိုယ်လုပ်တော်တစ်ပါးမှ မွေးဖွားလာသည့် အိမ်နိမ့်စံ မင်းသမီး တစ်ပါး ဖြစ်ပြီး အရာရာကို ခက်ခဲ ကြမ်းတမ်းစွာ ဖြတ်ကျော်ခဲ့ရသည်။ သို့သော်လည်း ထိုအရာ အားလုံးက သူမ အရွယ်မရောက်ခင် အထိမျှသာ...။ ပြစ်မျိုးမှဲ့မထင် ပြည်တန် ရတနာ တစ်ပါး ဖြစ်လာခြင်းနှင့် အတူ သူမ ပတ်ဝန်းကျင် အရာအားလုံးက စတင် ပြောင်းလဲ လာခဲ့လေသည်။

ဥပမာအားဖြင့် ကျင့်ကြံခြင်း ပါရမီတွင် အလွန် မြင့်မားလှသည့် လူငယ် တစ်ယောက် ရှိသည်။ သူသည် အလွန် ထူးချွန်ကာ ချန်းမျိုးနွယ်စုထက် အစပေါင်း များစွာ သာလွန်သော အင်အားစု တစ်ခုကိုပင် ရှင်းလင်း ပစ်ခဲ့ဖူးသည်။

ထိုအင်အားစုသည် ရွှယ်နိုင်ငံ ပြင်ပမှ ဖြစ်ကာ သူတို့၏ ခေါင်းဆောင်မှာ ကြယ်တာရာ အမြုတေ အဆင့်နှစ် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ အတိအကျ ဆိုရလျှင် လွန်ခဲ့သည့် တစ်နှစ်ခန့်တွင် ထိုခေါင်းဆောင်နှင့် နောက်လိုက်နောက်ပါ အားလုံးမှာ ထိုလူငယ်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

သူ၏ နာမည်က ယွမ်လုံရှီ ဖြစ်ပြီး သူနှင့် ရွှယ်ရီဖေးတို့ အကြားတွင် သာမန် မဟုတ်သော ဆက်ဆံရေး တစ်ခု ရှိသည်။ ထိုအရာကပင်လျှင် သူမ၏ အဆင့်အတန်းကို ပိုမို မြင့်မားလာစေခဲ့ကာ များစွာသော လူများ၏ အရေးပေးမှုကို ဖြစ်ပေါ်စေခဲ့သည်။

ယွမ်လုံရှီသည် နဂါးနတ်ဆိုး အဖြစ် သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးတွင် အလွန် ကျော်ကြား၏။ အချို့ ကောလဟလများက ယွမ်လုံရှီမှာ အစစ်အမှန် နဂါး တစ်ကောင်၏ အမွေအနှစ်ကို ပိုင်ဆိုင်ထားသည်ဟုပင် ဆိုကြသည်။ ထိုအရာ မှန်သည် ဖြစ်စေ၊ မှားသည် ဖြစ်စေ... သူ၏ အောင်မြင်မှုများက လုံချန်နှင့် ဝေ့ဝူယင်တို့ထက်ပင် သာလွန်နေသည်ကတော့ အမှန် ဖြစ်သည်။ သူသည် ချီပျစ်ခဲခြင်း အဆင့်ခုနစ်ဖြင့်ပင် ကြယ်တာရာ အမြုတေ အဆင့်တစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့ပေသည်။

“ဆို‌တော့ကာ သူကလည်း လုံချန်လို အဆင့်မြင့် ကောင်းချီးခံ တစ်ယောက်ပဲပေါ့...”

ဝေ့ဝူယင် ကဲ့သို့သော အဆင့်နိမ့် ကောင်းချီးခံများမှာ ခဏတာသာ ထင်ပေါ်ပြီး အချိန်တန်သည်နှင့် ပြန်လည် နစ်မြုပ်သွားလေ့ ရှိသည်။ ကမ္မတန်ဖိုး ကုန်ဆုံးသည်နှင့် သူတို့၏ ဘဝများက အသတ်ခံရခြင်း သို့မဟုတ် နိမ့်ပါးသော နယ်မြေများတွင်သာ ကျင်လည် ကျက်စားရခြင်းနှင့် အဆုံးသတ်လေ့ ရှိသည်။ ဘယ်တော့မှ လောက၏ အထွတ်အထိပ် နေရာများကို မရောက်ရှိကြချေ။

သို့သော်လည်း အဆင့်မြင့် ကောင်းချီးခံများမှာမူ မရေမတွက်နိုင်သော ကပ်ဘေးများကို အောင်အောင်မြင်မြင် ဖြတ်ကျော်ကာ ရှင်သန်နိုင်ကြသည်။ လမ်း၌ တွေ့ရသည့် ဆူးငြောင့်ခလုတ်များနှင့် အန္တရာယ် အသွယ်သွယ်မှာ သူတို့၏ တိုးတက်လာမှု အတွက် အထောက်အပံ့များ ဖြစ်လာသည်။ သူတို့၏ ဘဝခရီး လျှောက်လှမ်းမှုက ထင်သာ မြင်သာ ရှိကာ သာမန်လူများနှင့် လုံးဝ ကွဲပြားလှသည်။ ယွမ်လုံရှီ မဆိုထားနှင့် လုံချန် ဖြတ်ကျော်ခဲ့သည့် အတိတ်လမ်းကြောင်း ပင်လျှင် စိတ်ကူးယဥ် ဝတ္ထုများထဲမှ ဇာတ်လမ်းတစ်ပုဒ်လို ခမ်းနားလှသည်။

“သူတို့တွေက တကယ့်ကို ကံကောင်းတာပဲ...”

ဝေ့ဝူယင် ခေါင်းခါရင်း လက်ရှိ အပြစ်သား တက်တူးကို ငုံ့ကြည့်လိုက်သည်။

ကမ္မတန်ဖိုး... ၅၆၃.၂

ပထမ ကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇

ဒုတိယ ကပ်ဘေး တားဆီးခြင်း... ၃၆ နှစ်

သူ၏ ကမ္မတန်ဖိုးက များပြားသည်ဟု ဆိုနိုင်သည့်တိုင် ဖြတ်တောက်ခြင်း မကြုံတွေ့ရသည်က အတော်လေး ကြာခဲ့ပြီ ဖြစ်သည်။ ထိုအရာက အတော်လေး ထူးဆန်းသည်ဟု သူ ခံစားလိုက်ရ၏။ ကောင်းကင်တာအိုက အစီအစဥ်များ မပြုလုပ်မီ မည်သည့် အခြေအနေများကို အရင် ချမှတ်သနည်း။

ဝေ့ဝူယင် ထိုအရာကို စဥ်းစားရင်း မျက်လုံးများကို ပင့်တင်ကာ အပြင်လောကဆီ လှမ်းကြည့်လိုက်သည်။ အမှတ်မထင်ပင် ကောင်းကင်ဘုံ နတ်မျက်လုံးများနှင့် အတူ ပြစ်မျိုး မှဲ့မထင်သည့် ထိုမိန်းမပျိုကို သူ ပြန်လည် မြင်တွေ့လိုက်ရ၏။ နေဦး... သူမ နာမည်က... ရွှယ်ရီဖေး...

ရွှယ်ရီဖေးသည် စိတ်ရှည်စွာဖြင့် တစ်စုံတစ်ဦးကို စောင့်ဆိုင်းနေခဲ့ဟန် ရသည်။ ချန်းမိသားစု ခြံဝင်း အတွင်းရှိနေသည့် သူ၏ ဖြစ်တည်မှုကို အကဲခတ်နေခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ ကြည့်ရသည်က သူ၏ ပထမ ရည်ရွယ်ချက်မှာ အောင်မြင်တော့မည့်ဟန် ရ၏။ တောက်ပစွာ ပြုံးလိုက်ရင်း တစ်ခဏမျှ ကျင့်ကြံရန် ဝေ့ဝူယင် ဆုံးဖြတ် လိုက်လေသည်။

သူသည် ကြယ်တာရာ အမြုတေ အလွှာကို ခြေချခဲ့ပြီး ဖြစ်သော်လည်း သူ၏ ကြယ်တာရာ အမြုတေများက အလွန် သေးငယ်လွန်းလှသည်။ ၎င်းတို့၏ လက်ရှိ အရွယ်အစားက မီလီမီတာဝက်ခန့်မျှသာ ရှိ၏။ ၎င်းက သာမန် ကျင့်ကြံသူများ အတွက် အထင်ကြီးလောက်စရာ ဖြစ်သော်လည်း ဝေ့ဝူယင်ကမူ ကျေနပ်ခြင်း မရှိချေ။ ကြယ်တာရာ အမြုတေ၏ အရွယ်အစားသည် စိတ်၊ ရုပ်၊ အမတေ၊ ဝိညာဥ်စွမ်းအင်တို့ မြစ်ဖျားခံရာ ကြယ်တာရာ အင်အားကို သိုလှောင်ထားသည့် လောကပင်လယ်၏ အရည်အသွေး၊ ပမာဏတို့နှင့် တိုက်ရိုက် သက်ဆိုင်မှု ရှိသည်။

ဝေ့ဝူယင် ဒြပ်စင်ကိုးမျိုး မှော်‌ဆေးအိုးကို ထုတ်ယူလိုက်ရင်း ပြင်ဆင်မှု အချို့ ပြုလုပ်လိုက်၏။ ထို့နောက်တွင် သုံးဆယ့်သုံးမျိုးသော ကောင်းကင် အဂ္ဂိရတ် နည်းလမ်းကို သုံးကာ ကြယ်တာရာ ပင်လယ်ဆေးများအား စတင် ဖော်စပ်လေတော့သည်။ ကြယ်တာရာ ပင်လယ်ဆေးသည် အဆင့်ခုနစ် အထွတ်အထိပ် ဆေးပြား တစ်မျိုး ဖြစ်ပြီး ကြယ်တာရာ အမြုတေကို ချဲ့ထွင်ပေးနိုင်စွမ်း ရှိသည်။ ဒုတိယံပိ အကျိုးသက်ရောက်မှု အနေဖြင့်လည်း ၎င်းသည် စွမ်းအင် သွေးကြောများ၏ ခိုင်ခံ့မှုကို တိုးမြှင့်ပေးနိုင်သည်။

မှတ်တမ်းမှတ်ရာများ အရဆိုလျှင် ကြယ်တာရာ ပင်လယ်ဆေး တစ်လုံးသည် ကြယ်တာရာ အမြုတေ၏ အရွယ်အစားကို တစ်မီလီမီတာ၏ ဆယ်ပုံတစ်ပုံမျှ ချဲ့ထွင်ပေးနိုင်သည်။ သို့သော်လည်း မူယင်း ကြယ်တာရာ အမြုတေ၏ အရည်အသွေး ပိုမို မြင့်မားသည်နှင့် အမျှ ဆေးစွမ်းထက်မှုက လျော့ကျသွားလိမ့်မည် ဖြစ်သည်။ ထိုအရာက ဝေ့ဝူယင် အနေဖြင့် ဆေးလုံးများကို သကြားလုံး ကဲ့သို့ သဘောထား၍ စားသောက်ရတော့မည် ဟု ဆိုလိုပေသည်။

***

All Chapters