← Chapters

နယ်စားကြီးကျိုး၏ တမန်တော်

Vol. 16 Ch. 212

နယ်စားကြီးကျိုး၏ တမန်တော်

Vol. 16 Ch. 212

နာရီ နှစ်ဆယ်ခန့် ကြာမြင့်ပြီးနောက် ဝေ့ဝူယင်သည် ကြယ်တာရာ ပင်လယ် ဆေးပြား သုံးထောင်ခန့်ကို ဖော်စပ်ခဲ့ပြီး ဖြစ်သည်။ ထို့အပြင် ‌ဆေးပြား တစ်ခုချင်းစီမှာ အမြင့်ဆုံးသော အရည်အသွေးကို ပိုင်ဆိုင်ထားသည်။ သို့သော်လည်း ထိုအထဲမှ အများစုမှာ ကြယ်တာရာ အမြုတေများ၏ စားသောက်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။

ထိုအခိုက်၌ အိုရီ၊ ခရာတိုနှင့် ဘုရင်တို့သည် မီလီမီတာဝက်မှ နေ၍ သုံးမီလီမီတာခန့် အရွယ်အစား အထိ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။  ကြယ်တာရာ ပင်လယ် ဆေးပြား သုံးထောင်နှင့် ယှဥ်ပါက ထိုတိုးတက်မှုမှာ နှေးကွေးလှသည်ဟု ထင်ရသော်လည်း အတွင်းပိုင်းရှိ ကြယ်တာရာ အင်အားမှာမူ ၆၀၀ ရာခိုင်နှုန်း (၆ ဆ) အထိ ပိုမို များပြားလာခဲ့သည်။ ထို့နည်းတူစွာပင် ကြယ်တာရာ အရည်အသွေး၏ အင်အားမှာလည်း ပိုမို မြင့်မား လာခဲ့သည်။

တစ်ချိန်တည်း၌ ဝေ့ဝူယင်သည် သူ၏ ခန္ဓာကိုယ် အတွင်းရှိ  စွမ်းအင် သွေးကြောများမှာ နွေးထွေးသော စွမ်းအား တစ်ခုဖြင့် ဖြည်းညင်းစွာပင် ပိုမို ခိုင်မာ သိပ်သည်း လာသလို ခံစားနေရသည်။ ထိုသွေးကြောများဖြင့် ဆိုပါက သူသည် ခန္ဓာကိုယ် ထိခိုက်မှုကို စိုးရိမ်စရာ မလိုပဲ ပမာဏ အလွန် များပြားလှသည့် စွမ်းအားများကို ထိန်းသိမ်းနိုင်လိမ့်မည် ဖြစ်သည်။

ထိုအခိုက်၌ ဝေ့ဝူယင်သည် ယခင်ကထက် ဒါဇင် ဂဏန်းမျှပင် ပိုမို သန်မာလာသည်ဟု ခံစားလိုက်ရသည်။ ထိုခုန်ပေါက် တိုးတက်မှုက သူ့ကိုပင် အေးခဲစေခဲ့၏။ ချီပျစ်ခဲခြင်း အဆင့်တွင် ချီအမတေနှင့် စွမ်းအင် သန့်စင်မှုတို့မှ လွဲ၍ တစ်ဦးနှင့် တစ်ဦး ကျင့်ကြံခြင်း အခြေခံ ကွာခြားချက်မှာ များများစားစား မရှိလှချေ။ သို့သော်လည်း ကြယ်တာရာ အမြုတေ အဆင့်တွင်မူ တစ်ဦးနှင့် တစ်ဦး အကြားရှိ ကွာခြားချက်က ပိုမို ရှင်းလင်းလာသည်။ ထိုအရာက ပထမဆုံး အကြိမ်အဖြစ် အဂ္ဂိရတ် ပညာရပ်၏ အရေးပါမှုကို ဝေ့ဝူယင် ခံစားလိုက်ရခြင်း ဖြစ်သည်။

ကြယ်တာရာ ပင်လယ်ဆေးပြား တစ်ခုမှာ  ကြယ်တာရာ ကျောက်တုံး နှစ်ဆယ်ခန့် တန်ကြေး ရှိသည်။ အမတေ ကျောက်တုံးများနှင့် တွက်ပါက သန်းနှစ်ထောင် ဖြစ်သည်။ သို့သော်လည်း ထိုဆေးလုံး တစ်လုံး ဖော်စပ်ရန် အတွက် ကုန်ကျစရိတ်က အမတေ ကျောက်တုံး တစ်သောင်းပင် မရှိချေ။ အကယ်၍ သူသာ အဂ္ဂိရတ် ပညာရှင် တစ်ယောက်သာ မဟုတ်ပါက ကြယ်တာရာ ပင်လယ်ဆေးပြား သုံးထောင် မဆိုထားနှင့် တစ်ခု ရရှိရန် အတွက်ပင် များစွာ ပင်ပန်းရလိမ့်မည် ဖြစ်သည်။

ဝေ့ဝူယင် တုန့်ဆိုင်း မနေတော့ပဲ ကြယ်တာရာ အမြုတေ အစောပိုင်း အဆင့်များ အတွက် သင့်လျော်သည့် အဆင့်ရှစ် ဆေးညွှန်း တစ်ခုကို ထပ်မံ ရှာဖွေလိုက်သည်။ မကြာခင်မှာပင် လောကဝိညာဥ် သန့်စင်မှု ဆေးရည် ဟု ခေါ်သည့် ဆေးညွှန်း တစ်ခုအား သူ တွေ့လိုက်ရသည်။

ထိုအရာမှာ အထွတ်အထိပ် ဆေးရည်တစ်မျိုး ဖြစ်ပြီး ကြယ်တာရာ ဝိညာဥ်၏ ဝိညာဥ် အရောင်အဝါ၊ ခွန်အား၊ အာရုံ၊ စွမ်းအားနှင့် တည်မြဲမှုတို့ကို မြှင့်တင် ပေးနိုင်သည်။ ထိုထက် ပို၍ အရေးကြီးသည်က ကြယ်တာာ ဝိညာဥ်များကို ထိခိုက် ပျက်စီးမှု မဖြစ်အောင် ကာကွယ်ပေးနိုင်သေးခြင်းပင်။

ဝေ့ဝူယင် လက်စွပ်ကို စစ်ဆေးကြည့်လိုက်ရာ အထဲတွင် လောကဝိညာဥ် သန့်စင်မှု ဆေးရည် ဖော်စပ်ရန် လိုအပ်သည့် အရင်းအမြစ်များ အစုံအလင် ပါဝင်လာကြောင်း တွေ့လိုက်ရသည်။ သူ၏ သုံးလွှာ လပ်စွပ်ထဲတွင် အမတေများ၊ အမျိုးမျိုးသော ရတနာ ပစ္စည်းများ အပြင် ကောင်းကင်နန်းတော် ရတနာသိုက်နှင့် ချိတ်ဆက်ထားသည့် သိုလှောင် လက်စွပ် ရာချီ ရှိနေခဲ့သည်။

ဝေ့ဝူယင်သည် ကြိုတင် ပြင်ဆင်ရသည်ကို စွဲလမ်းသည့် လူတစ်ယောက် ဖြစ်ပြီး လောလောဆယ် မလိုအပ်သေးသည့် အရာများကိုပင် ကြိုတင် ပြင်ဆင်ထားလေ့ ရှိသည်။ လိုအပ်လာသည့် အခါမျိုးမှ ထ၍ ရှာဖွေခြင်းမှာ များစွာ စိတ်အနှောက်အယှက်ဖြစ်စရာ ကောင်းသည်။ ဝေ့ဝူယင် ဆက်လက် တုန့်ဆိုင်း မနေတော့ပဲ ဆေးရည်ကို စတင် ဖော်စပ်လိုက်လေတော့၏။

တစ်ရက်ကြာပြီးနောက်... ဝေ့ဝူယင်သည် ဧဒင်အတွက် ဆေးပြားနှင့် ဆေးရည် အချို့ကို ဖယ်ထားရင်း အခြား ကြယ်တာရာ ဝိညာဥ် သုံးခု၏ ဆေးရည် ချေဖျက်မှုကို လေ့လာ‌နေခဲ့သည်။ ၎င်းတို့၏ ထူးခြားသော အသွင်သဏ္ဌာန် များသည် ပိုမို ခိုင်မာလာကာ တစ်ခါတစ်ရံ လျှို့ဝှက် ဆန်းကြယ်သော အလင်းများဖြင့် တောက်ပနေသည်။

ဝေ့ဝူယင် အနည်းငယ် အံ့အားသင့် နေခဲ့မိ၏။ ၎င်းတို့၏ ဆေးရည် ချေဖျက်မှုနှင့် အတူ သူ့ခန္ဓာကိုယ် အတွင်းရှိ ကြယ်တာရာ အင်အား၏ အရည်အသွေးက စဥ်ဆက်မပြတ် ပိုမို မြင့်တက်လာနေသလို သူ ခံစားနေခဲ့ရသည်။ သို့သော်လည်း ဝိညာဥ် စွမ်းအားမှာ ကြယ်တာရာ အင်အား၏ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း ဆက်စပ် စဥ်းစားလိုက်မိသော အခိုက်၌ ထိုအရာက အဓိပ္ပာယ် ရှိကြောင်း သူ ခံစားလိုက်ရသည်။

“ဝိညာဥ်ကို မြှင့်တင်သလိုမျိုး... စိတ်၊ ရုပ်နဲ့ ဒြပ်စင် စွမ်းအင်တွေကိုပါ မြှင့်တင်လိုက်မယ် ဆိုရင် ငါ့ရဲ့ ကြယ်တာရာ အင်အားက ထပ်ပြီး တိုးတက်လာဦးမှာပေါ့...”

နောက်ဆုံး၌ ကြယ်တာရာ အင်အားကို မြှင့်တင်ရန် နည်းလမ်းပေါင်းများစွာ ရှိကြောင်း ဝေ့ဝူယင် သဘောပေါက် သွားခဲ့၏။ ထိုအသစ် တွေ့ရှိမှုကြောင့် သူ၏ စိတ်အားထက်သန်မှုများက ပိုမို တက်ကြွလာကာ ဆေးပြား၊ ဆေးရည်နှင့် ဆေးတောင့် အမျိုးမျိုးကို ထပ်မံ ဖော်စပ်ရန် တိုက်တွန်းလေတော့သည်။

သုံးရက်ဆိုသော အချိန်က လျှင်မြန်စွာပင် ကုန်ဆုံးသွား၏။ ဧဒင်သည် အသိစိတ် ပင်လယ် အတွင်း ငြိမ်သက်စွာ နေထိုင်ရင်း ဆေးများကို စုပ်ယူနေသည်။ လွန်ခဲ့သည့် ရက်များ အတွင်း၌ သူသည် ဝေ့ဝူယင် ဆေးဖော်စပ်ရာ၌ ကူညီနေခဲ့ရရာ ယခုမှာသာ ကျင့်ကြံရန် အချိန်ရခဲ့ခြင်း ဖြစ်သည်။

ဝေ့ဝူယင်မှာ အိပ်မောကျနေ၏။ တစ်ခါတစ်ရံ ဦးတည်ချက် မဲ့သော အိပ်မက်များ အတွင်း နစ်မြုပ်နေရခြင်းကို သူ နှစ်သက်သည်။

ထိုအတောအတွင်း လူအများ၏ အာရုံစူးစိုက်မှု တစ်ခုသည် ချန်းမိသားစု ခြံဝန်း၏ အပြင်ဘက်တွင် တဖြည်းဖြည်း ဖွဲ့စည်း လာနေခဲ့လေသည်။ ထိုအရာမှာ ဝေ့ဝူယင်ကြောင့် မဟုတ်ပဲ ရွှယ်တိုင်းပြည်၏ မင်းသားနှင့် မင်းသမီး တို့ကြောင့် ဖြစ်ပေါ် လာခဲ့ခြင်းသာ ဖြစ်ပေသည်။ ပိုမို၍ အသေးစိတ် ဆိုရလျှင် မင်းသား ရွှယ်ယုနှင့် မင်းသမီး ရွှယ်ရီဖေးတို့ပင် ဖြစ်သည်။ တော်ဝင်မျိုးနွယ်များမှာ တိုင်းပြည် အနှံ့ မသိသူ မရှိအောင် ကျော်ကြားလှပြီး သူတို့ ရောက်ရှိရာ နေရာတိုင်း၌ လူအများ၏ အာရုံစူးစိုက်မှုကို ရှောင်လွှဲမရအောင် ရရှိကြသည်။

သွေးတိုက်တန်မြို့တော် အတွင်းရှိ ကျော်ကြားသည့် ပုံရိပ်အချို့မှာ ရောက်ရှိလာကာ သူတို့ နှစ်ယောက်ကို ဧည့်သည်များ အဖြစ် ကြွရောက်ရန် ဖိတ်ခေါ်ကြသည်။  သို့သော်လည်း မင်းသားနှင့် မင်းသမီးတို့မှာ ချန်းမျိုးနွယ်၏ ပိုင်နက် အတွင်း နေထိုင်ရန်သာ စိတ်အား ထက်သန်နေဟန် ရသည်။ ထိုအရာက များစွာသော လူများကို သိချင်စိတ်ကို ပိုမို နှိုးဆွနေ၏။

မကြာ‌သေးခင် ရက်ပိုင်း အတွင်းကပင် ချန်းမျိုးနွယ်သည် အရှုံးနိမ့်ကြီး ရှုံးနိမ့်ခဲ့ကာ ပိုင်ဆိုင်မှု နှစ်ဆယ် ရာခိုင်နှုန်းခန့်ကို အန့်မျိုးနွယ်ထံ လွှဲပြောင်းပေးရသည့် အဖြစ်ဆိုးမျိုးနှင့် ရင်ဆိုင် နေရသည်။ ထိုအရာ အားလုံးက လျှို့ဝှက်ဆန်းကြယ်သည့် မျက်နှာဖုံးတပ် အဂ္ဂိရတ် အဂ္ဂိရတ် ပညာရှင်ကြောင့် ဖြစ်ပွား သွားခဲ့ခြင်း ဖြစ်သည်။ သူသည် သရဲတစ်ကောင် ကဲ့သို့ ရောက်ရှိလာကာ လေနှင့် အတူ ပြန်လည် ပျောက်ကွယ် သွားခဲ့သည်။

များစွာသော ထိပ်တန်း ပုဂ္ဂိုလ်များစွာသည် ထိုမျက်နှာဖုံးတပ် အဂ္ဂိရတ် ပညာရှင်နှင့် တွေ့ဆုံခွင့် ရလိုရငြား အန့်မျိုးနွယ်ထံသို့ သွားရောက်ခဲ့ကြသည်။ သို့သော်လည်း သူတို့အားလုံးမှာ အငြင်းခံခဲ့ရကာ လက်ဗလာနှင့်သာ ပြန်လည် ထွက်ခွာလာခဲ့ရသည်။ ထွက်ပေါ်နေသည့် ကောလဟလ အချို့အရ ဆိုလျှင် အန့်မျိုးနွယ် ပင်လျှင် ထိုပညာရှင်၏ ဇစ်မြစ်ကို မသိဟု ဆိုကြသည်။

ရွှယ်ယုသည် ကိုယ်ရံတော်များ ခြံရံလျှက် စားသောက်ဆိုင် တစ်ခုတွင် ထိုင်နေခဲ့သည်။ ဆိုင်၏ အပြင်ဘက်တွင်မူ လူအုပ်ကြီး တစ်အုပ် ရှိနေခဲ့၏။ မင်းသား တစ်ပါး အနေဖြင့် ရွှယ်ယုသည် အလွန် ကျော်ကြားပြီး မရေမတွက်နိုင်သော လူများမှာ သူနှင့် အဆက်အသွယ်ကောင်း တစ်ခု ရရှိရန်၊ သို့မဟုတ် သူ့ထံမှ အထင်ကြီးမှု တစ်ခုကို ရယူရန် မျှော်လင့်ချက် ရှိကြသည်။

သို့သော်လည်း ရွှယ်ယု အတွက်တော့ ထိုလူများမှာ အဖက်မတန်သည့် ပိုးကောင် မွှားကောင်များသာ ဖြစ်သည်။ ဝိုင်ကို တစ်ချက် စုပ်ယူလိုက်ရင်း သူ ချန်းမိသားစု ခြံဝင်းကို အဝေးမှ လှမ်းကြည့်လိုက်သည်။ သူသည် ရွှယ်ရီဖေး ကဲ့သို့ပင် ဤနေရာကို အကြောင်းပြချက် တစ်ခုတည်းကြောင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ဝေ့ဝူယင်ပင်...

သူတို့ နှစ်ယောက်တည်းသာလျှင် မဟုတ်ချေ...။ ထိုနေ့က ရွှယ်ရီဖေး၏ စကားကို ကြားခဲ့ရသည့် အခန်းထဲရှိ လူအချို့မှာလည်း ပုန်းအောင်းလျှက် ချန်းမိသားစု ခြံဝန်းကို စောင့်ကြည့်နေကြပေသည်။ သို့သော်လည်း သူတို့သည် ဖိတ်ခေါ်မှု တစ်စုံတစ်ရာ မရပဲ ချန်းခြံဝန်းကို မဝင်ရဲကြချေ။

အကယ်၍ ဝေ့ဝူယင်က ထိုအရာကို စိတ်အနှောက်အယှက် အဖြစ် မြင်ပါက စကားတစ်ခွန်းဖြင့်ပင် သူတို့၏ ဘဝများ အဆုံးသတ် သွားပေလိမ့်မည်။ ထာဝရ မင်းသားလေးနှင့် ပတ်သက်၍ ပျံ့နှံ့နေသည့် ကောလဟာလများတွင် ရက်စက် ကြမ်းကြုတ်သည် ဆိုသော ဝေါဟာရ တစ်ခုလည်း အပါအဝင် ဖြစ်သည်။ သို့ဖြစ်ရာ... သတိအပြည့်ဖြင့် ချဥ်းကပ်သည်ကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ချန်းခြံဝန်းထဲတွင်မူ ချန်းရှောင်ဝေ့မှာ ခေါင်းကိုက်နေခဲ့၏။ မင်းသားနှင့် မင်းသမီးများ အပါအဝင် တော်ဝင်မျိုးနွယ်သည် သူမထံ လက်ဆောင်များ၊ စာများ ပေးပို့ကာ ဝေ့ဝူယင်ကို ချဥ်းကပ်ရန် ကြိုးစားနေကြသည်။ သို့သော်လည်း သူမ မည်သည်ကိုမှ လက်မခံရဲချေ။ ဝေ့ဝူယင်သာ စိတ်အနှောက်အယှက် ဖြစ်သွားမည် ဆိုပါက ချန်းမျိုးနွယ်၏ ကံကြမ္မာကို မိုးနတ်မင်းပင် ဆင်း၍ ကယ်နိုင်တော့မည် မဟုတ်ချေ။

သူမ စိတ်ထဲမှ သက်ပြင်းချ လိုက်မိ၏။ သို့သော်လည်း ဝေ့ဝူယင် ပေးအပ်သည့် ‌လျော်ကြေးကို ပြန်လည် သတိရလိုက်သော အခါ၌ သူမ၏ နှလုံးသားက စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်သွားသည်။ ချန်းမိသားစု၏ ပိုင်ဆိုင်မှု နှစ်ဆယ် ရာခိုင်နှန်းကို ဆုံးရှုံးခဲ့သော်လည်း ကြယ်တာရာ တူးဖော်ခြင်း ဆေးပြား ဆယ်ခု၊ ကြယ်တာရာ ပင်လယ် ဆေးပြား သုံးခု၊ ‌ကောင်ကင်လောကဆေး တစ်လုံးတို့နှင့် နှိုင်းယှဥ်ပါက ဘာမှ မဟုတ်တော့ချေ။ ထိုအရာ အားလုံးမှာ အဆင့်ခုနစ် ဆေးများ ဖြစ်ပြီး အံမခန်း အကျိုးသက်ရောက်မှုကို ဆွဲကိုင်ထားသည်။

အထူးသဖြင့် အဆင့်ခုနစ် အထွတ်အထိပ် လောကပင်လယ်ဆေးသည် အသိစိတ် ပင်လယ်ကို မန်နာနှင့် ချိတ်ဆက်ပေးနိုင်စွမ်း ရှိသည်။ အကယ်၍ လုံလောက်သော ဉာဏ်အလင်းနှင့် ထိုဆေးလုံးကို ပေါင်းစပ်လိုက်ပါက ကြယ်တာရာ အမြုတေ အဆင့်နှစ်ကို တက်လှမ်းရန်မှာ ခက်ခဲတော့မည် မဟုတ်ချေ။ ချန်းမိသားစု ပိုင်ဆိုင်မှု နှစ်ဆယ် ရာခိုင်နှုန်း မဆိုထားနှင့်... သွေးတိုက်တန်မြို့ တစ်ခုလုံး၏ တန်ဖိုးပင်လျှင် လောကပင်လယ်ဆေး၏ တန်ဖိုးကို မယှဥ်နိုင်ချေ။

သို့သော်လည်း ထိုအရာများကို လက်ခံခြင်းဖြင့် လွတ်လပ်သည့် ခေါင်းဆောင်  ရာထူး ပျောက်ဆုံးသွားနိုင်ကြောင်း ချန်းရှောင်ဝေ့ သိရှိထားပါသည်။ သူမ၏ ဘဝက ဝေ့ဝူယင်၏ လက်ပါးစေ တစ်ဦးနှင့် ခြားနားတော့မည် မဟုတ်ချေ။

သို့သော်လည်း မည်သည့် အကြောင်းပြချက်ဖြင့် ငြင်းဆန်နိုင်မည်နည်း။ ဝေ့ဝူယင်၏ အစေခံ ဖြစ်ခွင့်ရမည် ဆိုလျှင်ပင် သူမသည် ပျော်ပျော်ကြီး ကကာ လုပ်လိုက်မည် ဖြစ်သည်။ ကြယ်တာရာ တူးဖော်ခြင်း ဆေးလုံးများကို ပါရမီ မြင့်မားသော လူငယ်မျိုးဆက်များ ခွဲဝေပေးရန် သူမ စဥ်းစားနေစဥ်မှာပင် အပြင်ဘက်မှ အသံတစ်ခုကို သူမ ကြားလိုက်ရသည်။

“သွေးပြာစီနယ်စုနယ်ရဲ့ နယ်စားကြီးကျိုးရဲ့ တမန်တော်က ချန်းမျိုးနွယ်စုဆီ အလည်အပတ် ရောက်လာပါတယ်”

ဂုဏ်သိက္ခာနှင့် ခမ်းနားမှုတို့ ရောစွက်နေသည့် ထိုအသံက မိုးခြိမ်းသံ ကဲ့သို့ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာသည်။ ၎င်းသည် တုန့်ပြန်မှုနှင့် လေးစားမှုတို့ကို တောင်းဆို နေသယောင် ရှိ၏။ အနီးအနားရှိ လူများ... အထူးသဖြင့် ရွှယ်ယုနှင့် ရွှယ်ရီဖေးတို့ကို ကြည့်ရှုခွင့်ရရန် သို့မဟုတ် တွေ့ဆုံခွင့်ရရန် ရောက်ရှိနေသည့် လူများမှာ အံ့အားသင့် သွားကြလေသည်။

နယ်စားကြီးကျိုး...

ရွှယ်တိုင်းပြည် တစ်ခုလုံးကို စီရင်စုနယ်ကြီး သုံးခုဖြင့် ခွဲခြားထားကာ သွေးပြာ စီရင်စုနယ်မှာ ထိုအထဲမှ တစ်ခု ဖြစ်သည်။ နယ်စားကြီး ကျိုးကျိဟန်သည် ကျယ်ပြောလှသည့် ထိုနယ်ကြီး တစ်ခုလုံးကို အစိုးရသည်။ သူသည် လက်ရှိ ‌သွေးပန်းပဲဖိုဧကရာဇ် ရွှယ်ထျန်း ဘုရင် မဖြစ်မီကတည်းက လက်အောက်ခံ တစ်ယောက် အဖြစ် အမှုထမ်းခဲ့သူ ဖြစ်သည်။ နယ်စားကြီးကျိုးသည် အရှင် ရွှယ်ထျန်း ကဲ့သို့ပင် ကြယ်တာရာ အမြုတေ အဆင့်နှစ် တစ်ယောက် ဖြစ်ကာ ရွှယ်တိုင်းပြည် တစ်ခုလုံးတွင် တတိယမြောက် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် အဖြစ် ထင်ရှား ကျော်ကြားသည်။

သွေးတိုက်တန်မြို့တော်သည် သွေးပြာ စီရင်စုနယ်ထဲတွင် ပါဝင်သော မြို့တော်တစ်ခု ဖြစ်၏။ ထို့ကြောင့်ပင် မြို့စားကြီးကျိုးသည် ထိုဒေသအတွင်းရှိ မိသားစု၊ မျိုးနွယ် အားလုံးပေါ်တွင် ကြီးစွာသော သြဇာ သက်ရောက်မှု ရှိသည်။ ချန်းရှောင်ဝေ့၏ မျိုးနွယ် အပါအဝင် သွေးတိုက်တန် မျိုးနွယ်စု လေးခုမှာလည်း ချွင်းချက် မရှိပဲ နယ်စားကြီးကျိုးထံ နှစ်စဥ်နှစ်တိုင်း အခွန်များ ဆက်သ၍ သစ္စာ စောင့်သိမှုကို ပြကြရသည်။

ချန်းမျိုးနွယ်စု၏ ခြံဝန်း ဂိတ်တံခါးရှေ့နား၌ တောင်ပြောင်သည့် စာသင်သား ဝတ်စုံကို ဝတ်ဆင်ထားသော အသက်လတ် လူတစ်ယောက် မတ်တပ်ရပ်နေခဲ့သည်။ သူ့တွင် ဉာဏ်ရည်ထက်မြက်ဟန် ရကာ စူးရှသည့် မျက်ဝန်း တစ်စုံ ရှိ၏။ သူသည် ခန္ဓာကိုယ်အား တစ်ဖြောင့်တည်း ရပ်နေကာ မေးစေ့ကို အနည်းငယ် မော့ထားသည်။ မောက်မာ ထောင်လွှားမှုနှင့် မိမိကိုယ်ကို ယုံကြည်မှုက မွေးကင်းစ ကတည်းကပင် သူ့အရိုးများထဲ၌ စွဲကာ ပါလာခဲ့ဟန် ရသည်။

သူကား နယ်စားကြီးကျိုး၏ တမန်တော်ပင် ဖြစ်လေတော့သည်။

ချန်းရှောင်ဝေ့နှင့် ချန်းမျိုးနွယ်၏ အမြင့်ဆင့် အကြီးအကဲ အချို့မှာ ဂိတ်တံခါးမှ ထွက်ပေါ်လာခဲ့သည်။ သူတို့ အားလုံ၏ မျက်နှာများက နက်မှောင်ကာ အခက်တွေ့နေဟန် ရ၏။ နယ်စားကြီးကျိုးကဲ့သို့သော ပုဂ္ဂိုလ်မှာ မည်သို့မှ လျစ်လျူ၍ မရသည့် ဖြစ်တည်မှုမျိုး ဖြစ်သည်။ သူ့အား ငြင်းဆိုလိုက်ပါက မည်သို့သော အကျိုးဆက်များ ဖြစ်ပေါ်လာမည်ကို မပြောနိုင်ချေ။

သို့သော်လည်း ချန်းရှောင်ဝေ့၏ မျက်လုံးများတွင်မူ မထေမဲ့မြင်ပြုသည့် အရိပ်အယောင် အချို့က လင်းလက် နေခဲ့သည်။ အကယ်၍ နယ်စား ဟူသော အဆင့်အတန်းကို သုံးကာ အဂ္ဂိရတ် ပညာရှင် တစ်ယောက်ကို ဖိအားပေးရန် ကြိုးစားမည် ဆိုပါက သူတို့မှာ အရူးများသာ ဖြစ်ပေလိမ့်မည်။ ထိုနည်းလမ်းက အခြား အဂ္ဂိရတ် အရှင်များ အပေါ် အသုံးဝင်ကောင်း ဝင်နိုင်သော်လည်း ဝေ့ဝူယင်မှာမူ လုံးဝ ခြားနားသော လူတစ်ယောက် ဖြစ်ပေသည်။

***

All Chapters